“စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်မှာက အပြင်စည်းနဲ့ အတွင်းစည်းလို မလုံခြုံဘူး။ ထွက်သွားမယ်ဆိုရင် သတိလေးတော့ထားပေါ့”
မုကျစ်ရှီကိုကြည့်ပြီး စာအိတ်တစ်အိတ်ကမ်းပေးကာ အကြီးအကဲစန်းက ဆက်လက်၍ “ဒီစာအိပ်ကို လုံလုံခြုံခြုံထား။ ထျန်းစန်းစီရင်စုက မှော်ဆေးပညာရှင်များ အစည်းအရုံးကိုရောက်ရင် အစည်းအရုံး ဌာနချုပ်ခေါင်းဆောင်ကိုပေးလိုက်”
“အို့ ဟုတ်ကဲ့…” သူမ၏ ဆရာတူအကိုကြီးအစား ဤသို့ တာ၀န်ပေးခံရသည့်အတွက် မုကျစ်ရှီ ပီတိဖြာသွားသည်။
‘သာမန်ဆို ပထမ တပြည့်ကြီးကသာ ဒီလို တာ၀န်ကိုထမ်းဆောင်ရတာမဟုတ်လား။ ဘာလို့ ဆရာက ငါ့ကိုပေးတာလဲမသိဘူး’ မုကျစ်ရှီ တွေးလိုက်မိ၏။
မုကျစ်ရှီမျက်နှာက အတွေးနက်နေသော အမူအရာကိုမြင်သောအခါ အကြီးအကဲစန်းက စုရှောင်ရှန်ဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ “မှော်ဆေးပညာရှင်များအစည်းအရုံးကိုမရောက်ချင်း ဒီစာအိပ်ကို ဘယ်သူမှ ဖွင့်မကြည့်နဲ့နော်။ အထူးသဖြင့် မင်းကိုပြောတာ”
အကြီးအကဲစန်းက မုကျစ်ရှီကိုပြောနေသလိုလိုနှင့် သူ့ကို လာပုတ်ခတ်တာကြောင့် စုရှောင်ရှန် မကျေနမနပ်ဖြစ်သွား၏။
စာအိတ်လေးတစ်စောင်ကို သူက ဘာလုပ်ရမှာလဲ။ ဒီလောက်ကြီးတော့ ပြောစရာမလိုပါဘူး။
အစက စုရှောင်ရှန်ထိုစာအိတ်ကို စိတ်မ၀င်စားပေမယ့် ယခုတော့ ရုပ်ချည်း ဘာများလဲဆိုတာကို သိချင်လာတော့သည်။
စိတ်အလိုမကျဟန်ဖမ်းကာ သူက “ကျုပ်အတွက်ရော။ ဘာတာ၀န်၊ ဘာညွှန်ကြားစရာမှမရှိဘူးလား”
“မင်းလား” အကြီးအကဲစန်း ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ “ထွက်သွားပြီးရင် ပြဿနာမရှာခဲ့နဲ့”
စုရှောင်ရှန် စွံ့အသွားရတော့၏။
မုကျစ်ရှီလည်း တခစ်ခစ် ထရယ်လိုက်သည်။ ယခုမှ အကြီးအကဲစန်း သူမကို စာအိတ်ပေးရတာက စုရှောင်ရှန် ခိုးဖတ်ကြည့်မှာစိုးလို့ဖြစ်ကြောင်း သဘောပေါက်သွားပေသည်။
“စကားမစပ် ပြောဖို့မေ့နေတာ”
အကြီးအကဲစန်းက တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် သူတို့နှစ်ဦးကို လေးနက်နေသော အမူအရာဖြင့် ပြောလိုက်သည်။ “အပြင်သွားရင်လည်း ဘာပဲဖြစ်လာ ဖြစ်လာ… သတ်သင့်တဲ့သူကိုသတ်၊ ကျူပင်ခုတ်ကျူငုတ်မချန် ညှာတာမှုမရှိ အမြစ်ဖြတ်ပစ်”
ထိုလေးနက်ပြင်းထန်သော စကားလုံးများက သူတို့နှစ်ဦးကို အထိတ်တလန့်ဖြစ်သွားစေခဲ့၏။ အခန်းအတွင်းရှိ အခြေအနေက တင်းမာသွားခဲ့ပေသည်။
ဤခရီးစဉ်က ထင်သလောက်ရိုးရှင်းနေမှာ မဟုတ်တော့တာ စုရှောင်ရှန် သိလိုက်ရ၏။
“ခင်ဗျားပြောမှဘဲ ကျန်းရှင်းရှုံကို သတ်ထားမိတာ သတိရတယ်။ အပြင်ဘက်မှာ ကျုပ်ကိုသတ်ဖို့ စောင့်နေတဲ့ လုပ်ကြံသူဘာညာတွေရှိနေမှာလား” စိုးရိမ်နေသော မျက်နှာထားဖြင့် စုရှောင်ရှန်က မေးလိုက်သည်။
၀မ်ချောင်ကိုသတ်ပြီးနောက်မှာ နေ့ရက်တိုင်းကို မရေမတွက်နိုင်သော ဒုက္ခများရင်ဆိုင်ကာ ကြောက်လန့်မှုဖြင့် ရှင်သန်နေထိုင်ခဲ့ရ၏။ ယခု ထိုနောက်က ကြိုးကိုင်သူကိုထပ်သတ်ပြီးတော့ အေးဆေးဖြစ်ပြီမှတ်နေတာ စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်ကနေ ပိုဆိုးတဲ့ ပြဿနာကြီးက ချဉ်းကပ်လာနေခဲ့ပေသည်။
“ဘာကြီး” သူ၏ စကားကြောင့် မုကျစ်ရှီ ကြက်သေသေသွားခဲ့သည်။ ထို့နောက် မျက်လုံးအိမ်ထဲက မျက်လုံးများကျွတ်ထွက်မတတ် ပြူးကျယ်စွာ ဖွင့်လိုက်ပြီး အလန့်တကြားမေးသည်။ “နင် ကျန်းရှင်းရှုံကို သတ်လိုက်တယ်ပေါ့”
ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျန်းရှင်းရှုံက အတွင်းစည်းက ဝါအကြီးဆုံး အကိုကြီးမဟုတ်ဘူးလား။
သူမတောင် အတွင်းစည်းကို၀င်လာတာ မနေ့တစ်နေ့ကရှိသေးတယ် စုရှောင်ရှန်က အတွင်းစည်းတောင် မ၀င်ရသေးဘဲ ကျန်းရှင်းရှုံကို သတ်ပစ်လိုက်တယ်တဲ့။
ဖြစ်နိုင်လို့လား။
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
တိတ်ဆိတ်မှုက စိတ်ဝိညာဉ်စာကြည့်တိုက်လေးအထဲကြီးစိုးသွားတော့သည်။
စုရှောင်ရှန်လည်း ရယ်ချင်သလို ပြုချင်သလို မျက်နှာထားဖြင့် မေးလိုက်သည်။ “နင် စိတ်ဝိညာဉ်နန်းတော်ကို ရောက်ကတည်းက အပြင်ထွက်မကြည့်ဖူးသေးဘူးမလား”
“အင်းလေ” မုကျစ်ရှီ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ‘သူပဲ ငါ့ကို သူတော်စင်အစေအပါးရန်ရှောင်ဖို့ စိတ်ဝိညာဉ်စာကြည့်တိုက်က အလုံခြုံဆုံးလို့ပြောတာမဟုတ်ဘူးလား’ စိတ်ထဲက ပြောလိုက်၏။
နောက်ထပ် အိမ်တွင်းအောင်းတစ်ယောက်ကို တွေ့လိုက်ရတဲ့အတွက် စုရှောင်ရှန် သက်ပြင်းချလိုက်သည်။
အကြီးအကဲစန်းက သူ့စိုးရိမ်မှုကို အပမထားသည့်အလား လက်ဝှေ့ရမ်းပြကာ “ဘာပြဿနာမှ မရှိပါဘူး။ မင်းရဲ့ အဓိက ရည်ရွယ်ချက်ကနေသာ သွေဖယ်မသွားစေနဲ့။ ပြီးတော့ တံဆိပ်ပြားကိုရပြီးတာနဲ့ တစ်လအတွင်းအမြန်ပြန်လာခဲ့။ ပိုပြီးအရေးကြီးတဲ့ ကိစ္စလုပ်စရာရှိသေးတယ်”
“အို” စုရှောင်ရှန် စိတ်၀င်တစားရှိသွားပြီးမေးသည်။ “ဘာအရေးကြီးကိစ္စလဲ”
အကြီးအကဲစန်းက မသိမသာလေးပြုံးကာ “အရမ်းအရေးကြီးတဲ့ အရာ လွဲသွားလို့မဖြစ်ဘူး။ မဟုတ်ရင် မင်းတစ်ဘ၀လုံးနောင်တရသွားလိမ့်မယ်”
စုရှောင်ရှန်တို့နှစ်ယောက်စလုံး ကျောနောက်ဘက်ကတောင် စိမ့်တက်နေအောင် ချမ်းသွားကြသည်။ အကြီးအကဲစန်း ဤသို့ပြုံးတိုင်းမှာ တစ်ခုခု မကောင်းတာတော့ အမြဲဖြစ်တတ်ပေသည်။
“ကောင်းပါပြီ ကြိုးစားပါ့မယ်”
စိတ်မပါတပါ စုရှောင်ရှန် သဘောတူလိုက်သည်။ သူသာ ဆက်နေနေရင် အကြီးအကဲစန်းက ပိုပြီး ထူးဆန်းတဲ့ တာ၀န်တွေပေးနေမှာကြောင့် ထွက်သွားချင်တာ ခြေတောင်ယားနေပြီဖြစ်၏။
ကံကောင်းစွာဖြင့် အကြီးအကဲစန်းက ဘာမှ ထူးထူးဆန်းဆန်း ဆက်မပြောပေလို့ပေါ့။ မဟုတ်ရင် သူတို့၏ ဆရာဆိုတာထက် ပါးစိပါးစပ်များတဲ့ သူတို့၏ အဖေလိုတောင်ဖြစ်လာတော့မည်။
သူက ဘက်လိုက်တယ်ဆိုပြီး မုကျစ်ရှီမထင်စေရန် အကြီးအကဲစန်း သူမကိုလည်း လက်စွပ်တစ်ကွင်းလက်ဆောင်ပေးလိုက်ပါသည်။ ထို့နောက် လက်ဝေ့ရမ်းပြကာ “ကဲ သွားတော့ ပြန်ကြတော့။ ဒီအချိန်အတွင်းမှာ စာကြည့်တိုက်ကိုမလာခဲ့နဲ့။ ငါလည်း အပြင်ခဏသွားစရာရှိသေးတယ်။ တစ်ပါတ်၊ (၁၀) ရက်လောက်ကြာမယ်”
ထိုစကားကိုကြားမှ စုရှောင်ရှန် စိတ်သက်သာရာရစွာ လှည့်ထွက်သွားရန် ပြင်လိုက်ချိန်မှာ အကြီးအကဲစန်းက သူ့ကို အော်ပြီးတားလိုက်သည်။ “နေဦး”
“ဘာဖြစ်ရပြန်ပြီတုန်း” စုရှောင်ရှန်က ပြုံးရယ်ချင်သလိုလို ငိုချင်သလိုလို မေးလိုက်၏။
ရွှစ်…။
မုကျစ်ရှီ၏ အားကျနေသော မျက်၀န်းများအောက်မှာပဲ အကြီးအကဲစန်းက စာလိပ်တစ်ခု ထပ်ပစ်ပေးလိုက်ပြန်လေသည်။ “ဒါက ငါမင်းကို ကတိပေးထားတဲ့ နည်းစနစ်ပဲ”
နည်းစနစ်ဆိုတာကြီးကြောင့် စုရှောင်ရှန်ပြန်ပေးရန်လုပ်ပြီးမှ အကြီးအကဲစန်းက နည်းစနစ်နှင့်ပတ်သက်လာရင်သူ၏ ပါရမီကိုမသိတာလဲမဟုတ်တာကြောင့် မဟုတ်တရုတ် နားလည်နိုင်စွမ်းမြင့်မြင့်မားမာ လိုတဲ့ နည်းစနစ်ကိုတော့မပေးလောက်ဟု စဉ်းစားမိသွား၏။
သူ့နဖူးနားကပ်ပြီး အထဲက အချက်အလက်များကို ဖတ်ကြည့်လိုက်ရာ စုရှောင်ရှန် တောင့်တောင့်ကြီး အေးခဲသွားတော့သည်။
“ငရဲမီးတောက်ကောင်းကင်မီးလျှံ – အဖြူရောင်မီးလျှံ”
အဖြူရောင်မီးလျှံဆိုမှ အကြီးအကဲစန်း မျက်နှာဖုံးတပ်လူနှင့် စန်ကျောက်ဖုတို့ကို နဂါးလောင်မြိုက်ခြင်းနယ်ပယ်ထဲမှာ ပြန်ထွက်လို့တောင်မရအောင် လှောင်ပိတ်လိုက်သည့် ညကို ပြန်မြင်ယောင်မိသွား၏။
ထိုစဉ်က အဖြူရောင်မီးလျှံတို့က ကြည့်လိုက်သည့်သူ၏ ဝိညာဉ်ကိုတောင် လောက်ကျွမ်းသွားစေနိုင်သလိုလိုနှင့် ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့လို ဆရာကြီးတွေတောင် အထဲမှာဘာဖြစ်နေသလဲသိဖို့ ထူးခြားသည့် နည်းလမ်းတို့ကို သုံးခဲ့ရလေသည်။
သူလည်း ထိုသို့ စိတ်ဝိညာဉ်နည်းစနစ်ကို လေ့ကျင့်နိုင်လေမလား။
“ကျုပ် တတ်ကျွမ်းပါ့မလား” နားလည်နိုင်စွမ်းပါလာရင် သူ့ စွမ်းရည်ကို သူကိုယ်တိုင်တောင် မယုံကြည်သော စုရှောင်ရှန်က မေးလိုက်သည်။
“ဒါပေါ့ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိရင် လုံလောက်ပြီ” အကြီးအကဲစန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ဟင်…”
စုရှောင်ရှန်ပျော်တယ်ဆိုတာထက် ပို၍ တုန်လှုပ်သွားရသည်။
ထိုပြုံးနေသော အဖိုးကြီးကိုကြည့်၍ “ငရဲမီးတောက်ကောင်းကင်တောင် စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ကို ဆယ်ကြိမ်မှာ ကိုးကြိမ်လောက် လောင်ကျွမ်းသေစေနိုင်တာ… ဒီနည်းစနစ်ကလည်း အတူတူပဲလား”
“ဘယ်ဟုတ်ပါ့မလဲ”
အကြီးအကဲစန်းက ကောက်ရိုးခမောက်ကို ပြန်ဆွဲချလိုက်ပြီး “အဖြူရောင်မီးလျှံနဲ့ ဆယ်ကြိမ်မှာ ကိုးကြိမ်လောက် မသေပါဘူး…။ ဆယ်ကြိမ်စလုံးသေမှာ။ မင်းသေမလား ရှင်မလားဆိုတာ ကံတရားအပေါ်ပဲမူတည်တယ်”
စုရှောင်ရှန် လန့်ဖျပ်သွား၏။
စကားပထမပိုင်းကိုကြားစဉ်က သူစိတ်သက်သာရာရသွားပေမယ့် ဒုတိယအပိုင်းက သူ့ကို ကင်ဆာရသွားစေသည်။
ဒီအဖြူရောင်မီးလျှံက ကြောက်စရာကောင်လှ၏။
“နာမှာလား”
“ဘယ်လိုထင်လဲ”
စုရှောင်ရှန် တစ်ချက်ကလေးတောင် တွေဝေမနေဘဲ အကြီးအကဲစန်းကို စာလိပ်ပြန်ပစ်ပေးလိုက်သည်။
ဒီအရာကိုဘာလို့ကျင့်ကြံနေရမလဲ။ ပင်ကိုယ်မှတ်တွေနဲ့ အေးဆေးပြိုင်ဘက်ကင်းနေနိုင်တာ ဘာလို့ ဒီနည်းစနစ်ကို လှည့်ကြည့်နေရဦးမှာ။
အကြီးအကဲစန်း ဘာမှ မပြောဘဲ ထိုနည်းစနစ်ကို ပြုံးပြုံးကြီး ပြန်ယူလိုက်ပါသည်။
“ရတယ်လေ။ ကဲကဲ နှစ်ယောက်လုံး သွားကြတော့”
လှည့်ထွက်သွားရန်ပြင်နေသော စုရှောင်ရှန် တစ်ခုခုကို တွေးမိပြီး တုံ့ခနဲရပ်သွား၏။ ‘ဒါ ဒီအဖိုးကြီးရဲ့ လုပ်ထုံးလုပ်နည်းမဟုတ်ဘူး။ သာမန်ဆို အတင်းအကြပ်လုပ်မှာ။ နေဦး တစ်ခုခုတော့ မှားနေပြီ။ ဒီအဖိုးကြီးအခြား အကြံဉာဏ်တစ်ခုခု ရှိလို့ပဲဖြစ်ရမယ်’
စုရှောင်ရှန် အလန့်တကြား အကြီးအကဲစန်းပေးသည့် ဆေးပင်များထည့်ထားသော သိုလှောင်လက်စွပ်ကို ထုတ်ယူကြည့်လိုက်သည်။ အမှန်ပင် ထိုအထဲက ဆေးပုံပေါ်မှာ ကျောက်စိမ်းစာလိပ်လေးတစ်ခု လှဲလျောင်းနေ၏။
“…”
“အိုးဟိုးဟိုး” အကြီးအကဲစန်း အူရွှင်သွားကာ “ဉာဏ်ပြေးသားပဲကွ။ ငါက မင်းပြန်သွားပြီးနောက်မှ သိမယ်မှတ်နေတာ”
စုရှောင်ရှန် စာလိပ်ကို ထုတ်ယူတော့မလိုပြင်နေတာကို အကြီးအကဲစန်းတားလိုက်ပြီးတော့ “ နေပါဦး မလောပါနဲ့ဟ။ ဒီဟာက အဖြူရောင်မီးလျှံမဟုတ်ဘူး နဂါးလောင်မြိုက်ခြင်းနယ်ပယ်ပါ”
ထိုကြောက်မက်ဖွယ်ရာကောင်းသည့် နည်းစနစ်ကိုမြင်ယောင်မိပြီး စာလိပ်ကို ပြန်ပစ်ပေးဖို့ ချီတုံချတုံဖြစ်သွားသည်။ သူကျင့်ကြံရမလား မကျင့်ကြံရဘူးလား တိတ်တဆိတ်လွန်ဆွဲနေတော့၏။
သူ့စိတ်ကို ဖတ်နိုင်သလိုမျိုး အဖိုးကြီးက “ငါမင်းကို အတင်းအကြပ်မစေခိုင်းပါဘူး။ နဂါးလောင်မြိုက်ခြင်းနယ်ပယ်ကိုလက်မလွှတ်ချင်ဘူးဆိုရင်လည်း ဒီအဖြူရောင်မီးလျှံကိုလည်း အဆစ်ယူသွားပေါ့။ ပြီးမှ ကျင့်ကြံချင်တဲ့ တစ်နေ့ ကျင့်ကြံလိုက်။ လိုရမယ်ရပေါ့”
ထိုသို့ပြောပြီးနောက် စုရှောင်ရှန်ထံ အဖြူရောင်မီးလျှံ ကျောက်စိမ်းစာလိပ်ကို ပြန်ပစ်ပေးလိုက်သည်။
ဒီဖြစ်ရပ်က ရင်းနှီးသလိုလိုခံစားနေရတာကြောင့် စုရှောင်ရှန် ပဟေဠိဖြစ်သွားခဲ့၏။
အကြီးအကဲစန်း၏ ဖြောင့်ဖြနေပုံက စောနက စုရှောင်ရှန် ရတနာတွေ ဓားပြတိုက်နေစဉ်ကနှင့် တစ်ထေရာတည်းဆင်တူနေတာကြောင့် မုကျစ်ရှီ ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိသည်။
“ဆရာတပြည့်ဆိုတဲ့အတိုင်း ဥတစ်လုံးထဲက အတူ ပေါက်လာကြတာပဲ”