စုရှောင်ရှန်ကို မယုံကြည်နိုင်စွာ မုကျစ်ရှီကြည့်လိုက်၏။ စုရှောင်ရှန်နောက်ကို ရေလိုက်ငါးလိုက်လေး လိုက်မယ်ဆိုရင် ထူးခြားတဲ့ နည်းစနစ်သာသာလေးရမယ်လို့ထင်ထားပေသည်။
သို့ပေမယ့်သူက နည်းစနစ်သာကြည့်တတ်တာမဟုတ်ဘူး ဓားပြတိုက်တဲ့နေရာမှာလည်း အရှက်မဲ့လွန်းလှ၏။ သူဘယ်လိုစိတ်နဲ့တောင် လုပ်သလဲမသိ။
စုရှောင်ရှန်က အဖိုးကြီးထံကနေ လိုချင်တာကို တစ်ခုပြီးတစ်ခုတောင်းနေပြီး နောက်ဆုံး ဝေလငါး အနှစ် ကျောက်စိမ်းရတာမှ မတော်သေး မူလနန်းတော်ဆေးလုံးဖော်စပ်နည်းကိုတောင်တောင်းလိုက်လေသည်။
သူ့တပြည့်နှစ်ယောက်လုံး၏ မျှော်လင့်နေသောမျက်၀န်းများအောက်မှာ အကြီးအကဲစန်း သက်ပြင်းချကာ ကျောက်စိမ်းစာလိပ်တစ်ခု ထုတ်ယူပေးလိုက်သည်။
“တကယ်ပေးတယ်ဟ”
မုကျစ်ရှီ သူမ၏ မျက်လုံးများတောင်ကို မယုံနိုင်ပါပေ။ သူမ၏ ဆရာ၊ အကြီးအကဲစန်းက သူတော်စင်အစေအပါးတို့နှင့် ထပ်တူ ကြောက်မက်ဖွယ်ရာကောင်းအောင် သန်မာသည့်သူဖြစ်သည်။
စိတ်ဝိညာဉ်စာကြည့်တိုက်မှာ နည်းစနစ်ရွေးတုန်းက အဖိုးကြီး၏ အကြည့်၊ ဆရာတပြည့် အခမ်းအနားလုပ်တုန်းက ခံစားရသည့် ခံစားချက်များက သူမစိတ်၏ အနက်ရှိုင်းဆုံးထဲမှာ ကြောက်စိတ်များကို ရစ်သွယ်နေစေပါသေးသည်။
ဤသို့သော လူတောင် စုရှောင်ရှန်၏ အမြတ်ထုတ်ခြင်းခံရတာကနေ မလွတ်နိုင်ပါလားနော်။
ထိုမှ ကျိုးထျန်းရှန်၏ “စုရှောင်ရှန်နောက်လိုက်ရင် ငါတို့လည်း တစ်ခုခုတော့ မြတ်မှာပဲ” ဆိုတဲ့ စကားကိုပြန်မြင်ယောင်မိသွားသည်။ ထိုလူထွားကြီးက တုံးမလိုလိုနဲ့ အမျှော်အမြင်ရှိလှပါလားဟု တွေးလိုက်၏။
စုရှောင်ရှန်ကို မုကျစ်ရှီ မလေးစားဘဲကို မနေနိုင်တော့တာပါ။ သူမသာဆိုရင် ဆေးဖော်စပ်နည်း၊ ဝေလငါး ဘာဆိုလားကို မဆိုထားဘိ ခရမ်းဖုန်းကျောက်စိမ်းပုလင်းများကိုတောင် ရအောင်ယူနိုင်လိမ့်မည်မဟုတ်ချေ။
: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် ထိုစာလိပ်ကို ပျော်ပျော်ကြီးလက်ခံလိုက်ပြီးနောက် အတွေးနက်သွားဟန်ဖြင့် ဆက်လက်၍ “မူလနန်းတော်ဆေးလုံးက အဆင့်(၇)တောင် မလား”
“ဟမ်”
အကြီးအကဲစန်း ရုတ်တရက်ဆိုတော့ အာမေဠိတ်ပြုမိသွားပြီး နောက်မှ ခေါင်းခါရမ်းကာရယ်လိုက်သည်။ စုရှောင်ရှန်၏ အမူအရာကိုကြည့်၍ ဘာလိုချင်နေသလဲဆိုတာ ပြေးမကြည့်ဘဲတောင်သိပါသည်။ ခွေးတစ်ကောင် အမြှီးမြှောက်လိုက်တာနဲ့ ချီးပါမလား၊ သေးပေါက်မလား သိနိုင်တယ်ဆိုတဲ့ ဆိုရိုးစကလည်းရှိသေးသည်မဟုတ်ပါလား။
“ဒီမှာရော့ စစ်မှန်ခြင်းဆေးလုံး၊ အဆင့်(၈) ရှိတယ်”
စုရှောင်ရှန် နောက်တစ်ဖန် စပ်ဖြဲဖြဲ မျက်နှာဖြင့် လက်ခံလိုက်ပြီး အလိုက်သိသော အကြီးအကဲစန်းကို လက်မထောင်ပြလိုက်၏။
ထိုပစ္စည်းများကို သိမ်းလိုက်ပြီးနောက်မှာလည်း လက်နှစ်ဖက်ကို ပွတ်သပ်၍ ဆက်လက်ဆိုလိုက်သည်။ “ရွှေနီဆေးလုံးက အဆင့်(၁၀) ဆေးလုံးဆိုတော့ ဒဏ်ရာပျောက်ကင်းစေတဲ့ အပိုင်းမှာ တိုးတက်မှု နှောင့်နှေးသလိုကြီးဖြစ်နေတယ်…”
မုကျစ်ရှီ မျက်လုံးပြူးမျက်ဆံပြူး သူ့ကိုကြည့်လိုက်၏။
ထိုမှ အကြီးအကဲစန်း နောက်ထပ် ကျောက်စိမ်းစာလိပ်တစ်ခုထုတ်ပေးလိုက်တာကိုမြင်သောအခါ ကုန်းမြေသစ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသည့်အလား ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
“ဒါက ဘာဆေးဖော်စပ်နည်းတုန်း” စုရှောင်ရှန်မေးသည်။
“ကြယ်တံခွန်ဆေး၊ အဆင့်(၇) ဒဏ်ရာပျောက်ကင်း ဆေးလုံးအမျိုးအစား၊ ဒါက မူလနန်းတော်ထက်တောင် ဖော်စပ်ရတာ ခက်တယ်”
အကြီးအကဲစန်းက ဆက်လက်ရှင်းပြပါသည်။ “အရင်ဆုံး စစ်မှန်ခြင်းဆေးလုံးကို လေ့ကျင့်ကြည့်ပေါ့။ ဒီဆေးလုံးက အဆင့်(၈) ပဲဆိုပေမယ့် ဖော်စပ်ရတဲ့ အခက်အခဲက သာမန် အဆင့်(၇) ဆေးလုံးနဲ့ ထူးမခြားနားဘဲ”
“ဟုတ်ပါပြီ။ လိုအပ်တဲ့ ဆေးပင်တွေကရော”
အကြီးအကဲစန်း သိုလှောင်လက်စွပ်တစ်ကွင်းကိုထုတ်ပေးသည်။
ဘေးက မုကျစ်ရှီတောင် မအောင့်အီးနိုင်တော့ဘဲ မေးလိုက်ပေသည်။ “စုရှောင်ရှန် နင်အဆင့်(၉) ဆေးလုံးကို တကယ် ဖော်စပ်နိုင်တာကောဟုတ်ရဲ့လား။ ဟုတ်တယ်ဆိုရင်တောင် ဒီ့ထက်ပိုမြင့်တဲ့ ဆေးလုံးတွေက ဖော်စပ်ဖို့ ခက်သွားရုံပဲရှိမယ်လေ။ နင်ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားနေတာနော်”
“ဘာလို့လဲ” အကြီးအကဲစန်းကို ပြီးနောက် လှည့်ကြည့်ကာမေးလိုက်သည်။ စုရှောင်ရှန်၏ ဆေးဖော်စပ်နည်းဖြင့် ဆေးဖော်စပ်သူဟုတောင် ပြောမရသေးသော သူ့ကို အကြီးအကဲစန်းက အဆင့်မြင့် ဆေးဖော်စပ်နည်းတွေပေးနေတာကို နားမလည်နိုင်ပါပေ။ ထိုထဲတွင် အဆင့် (၇) အထွတ်အထိပ်က ဆေးဖော်စပ်နည်းတောင်ပါသေးသည်။
တကယ်က စုရှောင်ရှန်လည်း သိချင်မိသည်။
‘ငါ့ကိုငါ ယုံကြည်မှုရှိတာ မထူးဆန်းပါဘူး။ ဒါပေမယ့် အဖိုးကြီးက ငါ့အပေါ်မှာ ယုံကြည်မှုလွန်ကဲနေတာတော့ ထူးဆန်းသွားပြီ။ သူဘာတွေ စဉ်းစားနေတာလဲ’ စုရှောင်ရှန် အတွေးနက်သွား၏။
အကြီးအကဲစန်းက ခေါင်းသာခါရမ်းပြီး ဘာမှ မပြောလိုက်ပေ။
သူ့ရှေ့က စုရှောင်ရှန်၏ အလားအလာကို ကာယကံရှင်ကိုယ်တိုင်ထက်တောင် သူက ပိုပြီးသိပေသည်။
အခြားသူများက စုရှောင်ရှန်၏ ပေါကြောင်ကြောင် အပြုအမူများကြောင့် ကျင့်ကြံခြင်းအရာတွင်လည်းကောင်း၊ ဆေးဖော်စပ်ခြင်းအရာတွင်လည်းကောင်း အထင်အမြင်သေးကောင်းသေးကြလိမ့်မည်။
သို့ပေမယ့် ရွှေနီဆေးလုံးနှင့် စိတ်ဝိညာဉ်ဆေးလုံးတို့ကို ရက်ပိုင်းလေးအတွင်းမှာ ကျွမ်းကျင်တတ်မြောက်စွာ ဖော်စပ်နိုင်တယ်ဆိုတာ နည်းတဲ့ အောင်မြင်မှုကြီးလား။
အကြီးအကဲစန်းတောင် စုရှောင်ရှန်က ကျင့်ကြံခြင်းအရာထက် ဆေးဖော်စပ်ခြင်းအရာမှာ ပိုလို့ ထက်မြက်သည်ဟု ထင်၏။
“အဆင့်(၇)က မင်းတို့ထင်သလောက်ဘာမှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာကလည်းမကောင်းဘူးပေါ့။ ဒါပေမယ့် မင်းတို့လို မျိုးဆက်သစ်တွေက ဆုံးရှုံးမှာ ဘာညာ အကြောက်တရားတွေ စိတ်ထဲမှာ ရှိနေလို့မဖြစ်ဘူး။ နောင်ကြရင်လည်း ကောင်းကင်နဲ့ တာအို အကြားမှာ ရုန်းကုန်ရဦးမယ်။ ဆေးဖော်စပ်တာဖြစ်ဖြစ် ကျင့်ကြံတာဖြစ်ဖြစ် ဘာမှ မထူးဘူ။ အဲ… အပြင်ဘက်မှာဆို အဆင့်(၇)ဆေးလုံးက စစ်မှန်ခြင်းနယ်ပယ် ဆေးလုံးသာသာပဲဆိုပေမယ့် သူတို့ရဲ့အဆင့်အတန်းက အရှင်သခင်နယ်ပယ်တွေနဲ့တောင် တန်းတူညီတယ်။ အေးဆေးပေါ့”
ထိုစကားလုံးများကြောင့် အလင်းပေါက်သွားသလို ကမ္ဘာသစ်ကို တံခါးပွင့်သွားသော မုကျစ်ရှီ မှင်တက်သွားပေသည်။ တကယ်ကို အတွေ့အကြုံကြွယ်၀သူတွေရဲ့ အတွေးအခေါ်က ဆန်းကြယ်လှ၏။
ယခု သူတို့ စိတ်ဝိညာဉ်နန်းတော်မှာ ရနိုင်တာတွေက အဆင့်နိမ့်ချင်တောင် နိမ့်နေဦးမည်။ ကောင်းကင်နှင့် မြေကမ္ဘာကြီးက ကျယ်ပြန့်ကြီးမားလှရာ သူတို့အပြင်ဘက်မှာ ရရှိနိုင်တဲ့အရာများကို မသိပါလေ။
ထို အသိအမြင်များကို စုရှောင်ရှန် စိတ်ထဲ ထင်ကျန်နေအောင် မှတ်ထားလိုက်သည်။ အကြောက်တရားဆိုတာ သူ့အဘိဓာန်မှာမရှိ။
စာဖိုမှူးကို ပင်ကိုယ်မှတ် (၅၀၀၀၀) နဲ့ အရှင်သခင်နယ်ပယ်သို့ရောက်အောင်မြှင့်ပြီးသွားရင် အဆင့် (၇) ဆေးလုံးဆိုတာက သူ့အတွက် ထမင်းစားရေသောက်လေးဖြစ်လာပေမည်။
“ဟက်” ထိုသို့ တွေးမိပြီး အဆင့်(၇) ဆေးလုံးက နိမ့်ကျတယ်လို့တောင် စုရှောင်ရှန် ရုတ်တရက် ခံစားလိုက်ရ၏။
ငှက်က ပျံရင်းသေပြီး လူဆိုတာ ကြံရင်းသေကြတာမလား။ ပြဿနာတွေပြီးသွားရင် ပင်ကိုယ်မှတ်များ လှိမ့်ပတ်ရှာပြီး သူ့ခွန်အားတိုးတက်လာအောင်လုပ်ဖို့ စုရှောင်ရှန် အားခဲထားလိုက်ပေသည်။
သူ့ပင်ကိုယ်စွမ်းရည်အများစုက စစ်မှန်ခြင်းနယ်ပယ်၌ သောင်တင်နေသေး၏။
သူ့တပြည့်နှစ်ယောက် သူသင်ပြတာကို နားလည်ဟန် ပေါက်သောအခါ အကြီးအကဲစန်း ကျေကျေနပ်နပ်ကြီးခေါင်းညိတ်လိုက်ပြီး မေးသည်။ “မင်းတို့ စိတ်ဝိညာဉ်နန်းတော်က တစ်ခါမှ မထွက်ဖူးသေးဘူးမလား”
မုကျစ်ရှီ၏ မျက်၀န်းများ၀င်းပသွား၏။ သူမ တကယ်ကို စိတ်ဝိညာဉ်နန်းတော်ကို ရောက်လာကတည်းက အပြင်မထွက်ဖူးခြင်းပေ။
သူမက အပြင်စည်းကနေတောင် တစ်နှစ်အတွင်း အတွင်းစည်းသို့ ၀င်နိုင်ပြီး ဒုခေါင်းဆောင် တစ်ဖြစ်လဲ အကြီးအကဲစန်း၏ တပြည့်ရင်းဖြစ်လာသော ကျော်ကြားသည့် ပါရမီရှင်တစ်ဦးဖြစ်သည်။
ထိုသို့တောင် အပြင်ဘက်ကမ္ဘာကြီးက ဖြစ်ပျက်နေသည့် အရာများကို မြင်တွေ့လိုစိတ်များ ထိန်းထားမရပါချေ။ အထူးသဖြင့် သူမ၏ အတိတ်က မှတ်ဉာဏ်များနှင့် ပတ်သက်၍ဖြစ်သည်။
ထျန်းရွှမ်တံခါးအတွင်းမှ မီးခိုးမြူပုံရိပ်၊ ထို့နောက် လျှိုလင်းလင်းကို လာကယ်သည့် မျက်ကန်း လျှိုရွှမ်ရှင်းတို့နှင့် တွေ့ပြီးမှသာ သူမ၏ အတိတ်က ထင်သလောက် မရိုးရှင်းတာကို သိလိုက်ရသည်။
‘ငါ့အတိတ်ကဘာလဲသိချင်ရင် စိတ်ဝိညာဉ်နန်းတော်ထဲကနေထွက်ပြီး ခရီးသွားမှပဲရမယ်’ မုကျစ်ရှီ တွေးလိုက်သည်။
စုရှောင်ရှန်လည်း အတန်ငယ် အံ့အားသင့်သွား၏။ အကြီးအကဲစန်းက တကယ်လည်း တော်ပါပေသည်။ သူတစ်ခုခုလုပ်တော့မယ် တွေးမိရင်ကို ရှေ့က အမြဲလမ်းဖောက်ပေးပေသည်။
ကျန်းရှင်းရှုံကိုသတ်ဖြတ်ပြီးနောက်မှာ စိတ်ဝိညာဉ်နန်းတော်က သူ့ကျင့်ကြံမှုအတွက် မသင့်တော်တော့တာ သိပေသည်။ ဒါကြောင့် ထွက်သွားဖို့ အခွင့်အရေးရှာနေစဲမှာ အကြီးအကဲစန်းက မိုးရွာတုန်း ရေလာခံပေးလိုက်၏။
“ကျုပ်မသွားချင်ဘူး” စုရှောင်ရှန်က ခိုင်ခိုင်မာမာပြောလိုက်သည်။
“ဘာလို့လဲ” ခေါင်းလေးအသာစောင်းပြီး မုကျစ်ရှီက မေး၏။ စုရှောင်ရှန်လည်း လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အပြင်ထွက်တာ သူမ မကြားဖူးပါပေ။
စုရှောင်ရှန် လည်း ထိုသို့ ရုတ်တရက် သူ့ပါးစပ်က သူတောင်မသိဘဲ အလိုလိုနေရင်းထွက်သွားရတာကြောင့် ရင်းနှီးတာတစ်ခုခုခံစားရပြီး မျက်မှောင်ကြုတ်လိုက်၏။
ဘယ်လိုလဲဆိုရင် ကံကြမ္မာက ထိန်းချုပ်နေသလို ခံစားချက်ကြီးပေါ့။
ဒီအဖိုးကြီးပေါ်လာသည့်အခါတိုင်းမှာ သူ့ဘ၀၏ ရွေးချယ်ချက်များနှင့် ပတ်သက်ပြီး လာချုပ်ခြယ်နေသည်ဟု စုရှောင်ရှန် ခံစားနေရသည်။
ငန်းရေကန်က ငရဲမီးတောက်အစေ့၊ စိတ်ဝိညာဉ်စာကြည့်တိုက်က ငရဲမီးတောက်ကောင်းကင်နည်းစနစ်၊ ဆရာတပြည့် လက်ခံပွဲညက အကြောင်းတရားနှင့် ယခုတော့ ဒီအပြင်ထွက်ဖို့ အခွင့်အရေး…။
၎င်းတို့ကို လျှပ်တပြက် မြင်ယောင်ဆင်ခြင်ကြည့်လိုက်ပြီးနောက်မှာ စုရှောင်ရှန်၏ နှလုံးခုန်သံ မြင်းဒုန်းဆိုင်းသွား၏။
သူ့ဘ၀လမ်းစဉ်ပေါ်က အပြောင်းအလဲတိုင်းက အကြီးအကဲစန်းနှင့် တစ်ခုမဟုတ် တစ်ခု ပတ်သက်နေချည်းဖြစ်သည်။
နဂိုမူလက သူ့အကြံအစည်အရတော့ အတွင်းစည်းကို ပင်ကိုယ်စနစ်အပေါ်မှီခို၍ ၀င်ပြီး ကျင့်ကြံပြီးနောက်မှာ စိတ်ဝိညာဉ်နန်းတော်ကထွက်မယ်ပေါ့။ ၎င်းက အလွန်နှေးကွေးသော ဖြစ်စဉ် ဖြစ်သည်။
ယခုတော့ ထိုအကြံအစည်မှ သွေဖယ်နေပေ၏။
သူ့စိတ်ခံစားချက်ကို ယုံကြည်သူလဲဖြစ်သည်။ ကမ္ဘာနှစ်ခြာခြားလာပြီးကတည်းက ဘာဖြစ်လို့လဲမသိ သူ့၀မ်းတွင်းအသိကြောင့် အဖြစ်အပျက်များကို ကြိုသိနေသလိုခံစားနေရသည်။
အကြီးအကဲစန်း၏ အကြံပြုချက်ကိုကြိုက်သလို၊ တစ်ချိန်တည်းမှာ ကြိုက်လဲ မကြိုက်ပါပေ။
“ဘာလို့ မင်းက မသွားချင်ရတာတုန်း” စုရှောင်ရှန်၏ ငြင်းဆိုသော တုန့်ပြန်မှုကြောင့် အကြီးအကဲစန်း အံ့အားသင့်သွားပေသည်။
“အကြောင်းမရှိဘူး” စုရှောင်ရှန်က ခေါင်းကိုငုံ့ကာ “စိတ်ဝိညာဉ်နန်းတော်ထဲက ထွက်သွားပြီး ဘာလုပ်ရမှာလဲ”
“ဘာရှိဦးမလဲ” အကြီးအကဲစန်းက အပြုံးတစ်ခုကိုဆင်မြန်းလိုက်ပြီး ပြူတင်းပေါက်အပြင်ဘက်က မိုးပြာရောင် ကောင်းကင်ကြီးကိုကြည့်လိုက်၏။
စိတ်ဝိညာဉ်စာကြည့်တိုက် ဘေးပတ်၀န်းကျင်တစ်ဝိုက်က စုရှောင်ရှန် မီးရှို့ထားသော ပေါက်ပင်များက အတွင်းစည်း၏ စိတ်ဝိညာဉ်သိပ်သည်းမှုကြောင့် အံ့ဩစရာကောင်းလောက်အောင် ပြန်လည် ကြီးထွားလာကြချေပြီ။
မြက်ပင်၊ သစ်ပင်များအပြင် ပိုးမွှားပေါင်းစုံ၊ တိရိစ္ဆာန်ပေါင်းစုံကလည်း လာရောက် ကျက်စားနေထိုင်ကြသည်။
အထက်ကြည့်လျှင် မြက်လျှောမြွေတစ်ကောင်က နေရောင်ကိုမထိရန် မြက်ပင်များအကြား ပုန်းလျှိုနေတာ တွေ့နိုင်၏။
သူ့ကန်တော့ချွန်ကောက်ရိုး ခမောက်ကို ပြန်ပင့်လိုက်ပြီးတော့ အကြီးအကဲစန်းက “မင်းက အဆင့်ကိုး ဆေးဖော်စပ်သူဖြစ်လာပြီ။ နောက်ရက်အနည်းငယ်အတွင်းမှာ မင်းရဲ့ ညီမလေးကလည်း ဆေးဖော်စပ်တာမှာ ကျွမ်းကျင်တည်ငြိမ်လာတော့မယ်။ ဒီတော့ မင်းတို့နှစ်ယောက် ထျန်းစန်းစီရင်စုက မှော်ဆေးပညာရှင် အစည်းအရုံးကိုသွားပေါ့။ အဲ့မှာ စာမေးပွဲ၀င်ဖြေပြီး ဆေးဖော်စပ်သူဆိုတာ ထောက်ခံတဲ့ တံဆိပ်ပြားတွေသွားယူကြ”
“တံဆိပ်ပြား” စုရှောင်ရှန်က အံ့အားသင့်သွားကာ “ဒါလေးပဲလား”
အကြီးအကဲစန်းနောက်ပြန်လှည့်လာကာ “အဲ့တာမဟုတ်လို့ ဘာဖြစ်ရမတုန်း”
စုရှောင်ရှန် ခေါင်းသာခါရမ်းပြလိုက်ပြီး ဘာမှ ပြန်မပြောချေ။
ကြည့်ရတာ သူပဲ အတွေးလွန်နေပုံရ၏။