သိုလှောင်ခန်းကြီးတစ်ခုစာဆန့်တဲ့ အ၀တ်အစားများက တကယ်တော့ ဈေးမကြီးပါပေ။
သူတို့က စိတ်ဝိညာဉ်အ၀တ်အစားများမဟုတ်ရာ သာမန်သေမျိုးသုံးငွေအနည်းငယ်တည်းဖြင့် ဖြေရှင်းလိုက်နိုင်သည်။
သို့ပေမယ့် စုရှောင်ရှန်က သာမန်သေမျိုးသုံး ငွေမရှိရာ စိတ်ဝိညာဉ်ကျောက်တုံး (၁၀) လုံးထုတ်ပေးလိုက်၏။
ထို့နောက် အ၀တ်အစားကို ယွမ်နန်းတော်ထဲထည့်လိုက်သည်။
၎င်းက စုရှောင်ရှန်မနက်က တကယ်နောက်ကျရသည့် အရေးကြီးသည်ဆိုတဲ့ အကြောင်းအရင်းဖြစ်သည်။
အကြီးအကဲကျောက်နှင့် ရဲ့ရှောင်ထျန်းတို့က တကယ် ဆရာကြီးများဖြစ်ကြ၏။
မဟာအစီအရင်ဆရာသခင်တစ်ယောက်နှင့် ဗလာနယ်ဧကရာဇ်ကျင့်ကြံသူတို့အကြားက ပူးပေါင်းဆောင်ရွက်မှုက ပျက်ဆီးနေသော မူလဇစ်မြစ်ကျောက်တုံးကိုတောင် အကောင်းကကတိ ပြန်ပြင်နိုင်လိုက်လေသည်။ အသက်စွမ်းအင်တံဆိပ်ပြားဖြင့်ဆိုလျှင် ယခု သက်ရှိများတောင် ရှင်သန်နေထိုင်နိုင်ပြီဖြစ်သည်။
ကံမကောင်းတာက ယွမ်နန်းတော် ကမ္ဘာငယ်လေးတစ်ခုလုံးကို ထောက်ပံ့ဖို့ လုံလောက်တဲ့ အသက်စွမ်းအင်ကို အသက်စွမ်းအင်တံဆိပ်ပြားက မပေးနိုင်ခြင်းပေ။
သို့တောင် ယွမ်နန်းတော်ထဲမှာ စန်းလျှိုသစ်တော တစ်၀က်စာလောက်ကြီးသည့် အသက်စွမ်းအင်များဖြင့် ပြည့်နေသည့်နေရာ ရရှိပါသည်။
၎င်းက လုံလောက်လေပြီ။ ထိုနေရာမှ ကျော်၍ အခြားနေရာများတွင်တော့ ဗလာနယ်ပေါက်ပြဲမှုကိုတွေ့ရပေသည်။
ဧည့်ကြိုလေးက အ၀တ်အစားများကိုယူလာပေးပြီးသောအခါ ပြောလိုက်သည်။ “တခြားလိုအပ်တာမရှိတော့ဘူးဆိုရင် ကြွပါ”
လှေကားအဆင်းဘက်ကို လက်ပြပြီး ရှေ့က အပြုံးလေးဖြင့် ဦးဆောင်သွားလိုက်၏။
စုရှောင်ရှန် ခေါင်းခါရမ်းလိုက်သည်။
ဧည့်ကြိုလေးက သူ့ကိုနှင်ထုတ်ရန် စိတ်အားထက်သန်နေခြင်းက စီပွားရေးသမားကောင်းတစ်ယောက်မပီသကြောင်းကိုပြသနေသည်။
သို့ပေမယ့် သိမြင်ခြင်းနဂါးကို ဆယ်ဆ တစ်ဆ ဈေးနှိမ်ပြီး၀ယ်ယူခဲ့ခြင်း၊ ဈေးမကြီးသည့် အ၀တ်အစားများကို ၀ယ်ယူခြင်း စသဖြင့် သူလုပ်ခဲ့သည်များကို ကြည့်လျှင် ၎င်းက မထူးဆန်းပါပေ။ သူလည်း ဧည့်ကြိုလေးနေရာမှာဆိုရင် အလားတူ လုပ်ဆောင်မိပေလိမ့်မည်။ ဒါဖြင့် စုရှောင်ရှန် နားလည်ပေးလိုက်ပါသည်။
ဘာဖြစ်ဖြစ် ဆေးပညာရှင်စာမေးပွဲအောင်ပြီး တံဆိပ်ရပြီးနောက်မှာ အရာအားလုံးက ပြောင်းလဲသွားပေလိမ့်မည်။ သူ့လက်ထဲတွင်ရှိသော ခိုးပါရာပစ္စည်းများကို ရောင်းလိုက်လျှင် အချီကြီးမြတ်မှာကို ရှေးရှုလိုက်၏။
“ဒါဘာကြီးလဲ”
တတိယအလွှာကိုဖြတ်သန်းသွားသောအခါ ၀င်ပေါက်မှာ ကန်တော့ချွန် ကောက်ရိုးခမောက် တစ်လုံးရှိတာကို တွေ့လိုက်ရသည်။
သူ့အတွေးများကို မသိဘဲ ဧည့်ကြိုလေးက အပြုံးလေးဖြင့် “ခင်ဗျားလိုချင်တယ်ဆိုရင် အလကားယူသွားပါ”
“မသင့်တော်ပါဘူးလေ”
၎င်းကို ကောက်ယူပြီး ၀တ်ကြည့်ရာ သူ့ခေါင်းနှင့် ကွက်တိတော်တာကိုတွေ့ရသည်။
ငရဲမီးတောက်ကောင်းကင် ခမောက်…။
အဆောက်အဦးထဲမှ ထွက်လိုက်တာနှင့် လုပ်ကြံသူများဖြင့်တိုးနိုင်သည့် ဖြစ်နိုင်ခြေကိုတွေးမိပြီး စုရှောင်ရှန် မျက်လုံးများ ကျဉ်းမြောင်းလိုက်သည်။
“ဒါမျိုး ဆယ်ခုပေး”
ဧည့်ကြိုလေး ပြောစရာစကားများပျောက်ရှသွား၏။
သူက အလကားပေးမယ်ဆိုပေမယ့် အားမနာလျှာမကျိုး နောက်ထပ် အပိုဆယ်လုံးကို ထပ်တောင်းတာ ဒီကောင် မရှက်ဘူးလား၊ မျက်နှာမပူဘူးလား။
သို့ပေမယ့် စုရှောင်ရှန်ကို အမြန်ထွက်သွားခိုင်းစေချင်နေပြီဖြစ်သောကြောင့် မျက်နှာချိုသွေး၍ လုပ်ပေးရုံမှ တစ်ပါလည်းမရှိချေ။
“ရော့ယူလိုက်” စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို စုရှောင်ရှန် အသာအယာပစ်ပေးလိုက်သည်။
“ကျေးဇူးပါ”
ဧည့်ကြိုလေးက အပြုံးဖြဲကြီးဖြင့် ၎င်းကိုယူလိုက်ပြီးတော့ အခြားတစ်ဘက်က ကောက်ရိုးခမောက်ဆယ်လုံးကို အပြေးလေးထုပ်ပိုးပေးပြီး စုရှောင်ရှန်ကို ပေးလိုက်သည်။
“သွားစို့”
စုရှောင်ရှန် ၎င်းကို မမှုသလို သွားမည်လုပ်မှ အသိပေးချက်ဖန်သားပြင်ပေါ်က အသိပေးချက်များကြောင့် တုန့်ဆိုင်းသွား၏။
[စောင့်မျှော်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[စောင့်မျှော်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဟင်း… ဒီကောင်တွေ ဒီလောက်ဖြစ်နေပါလား”
စုရှောင်ရှန် နှာမှုတ်ကာ မေးလိုက်သည်။ “ဒီမှာ နောက်ဖေးပေါက်ရှိလား”
ဧည်ကြိုလေးက တုန့်ဆိုင်းသွားပြီးနောက် ဖြေလိုက်ပါသည်။ “အဲ့ဘက်မှာရှိတယ်”
“သွားမယ်”
ဧည့်ကြိုလေး ညွှန်ပြသည့်ဘက်ကို စုရှောင်ရှန် သွားလိုက်ပြီးမှ ခဏအကြာ ပြန်လှည့်လာကာ ပြောလိုက်သည်။
“ထားလိုက်တော့ ငါတို့ ရှေ့တံခါးကိုပဲသုံးရအောင်”
ဧည့်ကြိုလေးနှင့် မုကျစ်ရှီတို့ စုရှောင်ရှန်၏ ခေါင်းထဲမှာ ဘာတွေဖြစ်ပျက်နေသလဲမသိပေမယ့် တိတ်တိတ်ကလေးသာ နောက်က လိုက်သွားလိုက်ကြပါသည်။
မကြာခင် စုရှောင်ရှန်တို့နှစ်ယောက် တံခါးကြီးကနေ ပျောက်ကွယ်ပြီး ပိတ်သွားမှ ဧည့်ကြိုလေး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်သည်။
“နောက်ဆုံးတော့ ဂြိုလ်ကောင်သွားပြီ”
ရွှေအစည်းအရုံး၏ နောက်ဖေးတံခါးတွင်…
၎င်းက နေသာနေတယ်ဆိုပေမယ့် ဘာကြောင့်မှန်းမသိ ထိုနေရာမှာ မိုးကွက်ရွာနေသည်။ အလျင်လိုစွာ ပြေးလာနေကြသော လူအများစုလည်း ထိုနေရာကို သူတို့တောင်မသိဘဲ ကွေ့ဝိုက်ကာ ပတ်၍ ရှောင်ကွင်းသွားမိလိုက်ကြ၏။
သို့ပေမယ့် စိတ်ဝိညာဉ်ကျင့်ကြံသူများကတော့ ထိုအထဲကို ယောင်လည်လည်နှင့်၀င်သွားကြကာ ထူးထူးဆန်းဆန်းကြီး တစ်နေရာတည်းမှာ အဝိုင်းပုံစံ ကွေ့ပတ်လမ်းလျှောက်နေကြသည်။ မိုးများလည်းစိုရွဲလာကြကာ ထိုထဲက ထွက်မရဖြစ်နေတော့သည်။
ထိုအနီးနားကလေးတွင် စားသောက်ဆိုင်တစ်ဆိုင်ရှိပြီး ထိုထဲတွင် အနက်၀တ်လူနှစ်ဦးရှိနေ၏။
အစီအရင်ထဲမှာ လမ်းပျောက်နေသည့် လူများက သူတို့၏ ပစ်မှတ်များမဟုတ်ရာ လစ်လျူရှူထားလိုက်ကြလေသည်။
စားပွဲပေါ်တွင် အေးစက်နေပြီဖြစ်သော သေရည်နှစ်ခွက်ရှိပေသည်။ ၎င်းကို သူတို့မထိထားကြတာ သိသာ၏။
“အကိုလီခုနှစ် ကျန်းမျိုးနွယ်စုက ဆေးမှားစားထားတာလား ဘာလားမသိပါဘူး။ မူလနန်းတော်အစောပိုင်းက ချာတိတ်လေးကို လုပ်ကြံဖို့အတွက် ကျုပ်တို့လို ကောင်းကင်ဘုံနယ်ပယ် အရှင်သခင် လုပ်ကြံသူတွေကို လွှတ်လိုက်တယ်တဲ့”
ထိုစကားပြောလိုက်သောသူက အသက် သုံးဆယ်အရွယ်ခန့်ရှိ ထိပ်ပြောင်နေသော သက်လက်ပိုင်းလူကြီးဖြစ်သည်။ နေအလင်းအောက်မှာ သူ၏ ခေါင်းက တလက်လက် တောက်ပနေ၏။
သူ့လက်ထဲမှာလည်း အင်မတန်ရုပ်ကြွလှသော ချောမောခန့်ညားသည့် ကောင်လေးတစ်ယောက်၏ ရုပ်ပုံရှိနေသည်။
“စုရှောင်ရှန်တဲ့။ သူဘာတွေများလုပ်လိုက်တာလဲမသိပါဘူး”
အကိုလီခုနှစ်လို့ခေါ်ခံရတဲ့သူက သူ့ကို ကြည့်ပြီးတော့ ထူးမခြားနားပြောလိုက်သည်။ “ဆယ့်ခြောက်၊ သတိကပ်ထား။ ဒီစုရှောင်ရှန်က အားနည်းပေမယ့် သူ့ခေါင်းအတွက်ထုတ်ထားတဲ့ ဆုလဒ်က မြင့်လွန်းလို့ မွှေးရနံ့သုံးပါး အဆောင်ရဲ့ စိတ်ဝင်စားမှုကိုတောင်ခံရတယ်တဲ့။ ဒါပေမယ့် ခုထိ ဘယ်သူမှ ဒီအလုပ်ကို လက်မခံရဲကြသေးဘူး”
သူက ကျိုးကြောင်းကို ဆီလျော်စွာဆုံးဖြတ်နိုင်သည့်သူဖြစ်ပုံရသည်။ သူ့လက်ထဲမှာလည်း အစီအရင်တံဆိပ်ပြားနှစ်ခုကို ကိုင်ထားပေပြီး လေးနက်နေသော အမူအရာ ဆောင်ထားသည်။
“မွှေးရနံ့သုံးပါး အဆောင်” ဆယ့်ခြောက်ခေါ် ထိပ်ပြောင်က အံ့အားသင့်သွားပြီးတော့ “မွှေးရနံ့သုံးပါးရဲ့ အာရုံကိုတောင်ဆွဲဆောင်နိုင်တာ ဒီကျန်းမျိုးနွယ်စုက တုံးအတာလား၊ ချမ်းသာလွန်းတာလား”
“ကျန်းထိုက်ယင်က ကျန်းမျိုးနွယ်စု ခေါင်းဆောင်ဖြစ်လာနိုင်တယ်ဆိုမှတော့ တုံးမလားဟ။ ဒီစုရှောင်ရှန်က ထင်သလောက်မရိုးရှင်းဘူးဆိုတာ ပြသနေလို့ပဲ”
“လုပ်ကြံသူ သူတော်စင်လို့သိကြတဲ့ မွှေးရနံ့သုံးပါး အဆောင်ကတောင် လှုပ်ရှားဖို့ အကြောင်းဖန်လာပြီဆိုရင်တော့ သူတော့ သေမှာသေချာတယ်”
ဆယ့်ခြောက်ကရေရွတ်နေရင်းမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် ပြောလိုက်သည်။ “ဒီမွှေးရနံ့သုံးပါးအဆောင်ကို နတ်ဘုရားနန်းတော်က ထိန်းချုပ်နေတာလို့ပြောတယ်။ ဟုတ်လားမသိ…”
“ဟေ့ကောင် မပြောနဲ့စမ်း”
လီခုနှစ်က ဒေါသတကြီး ငေါက်ငမ်းလိုက်ကာ “စကားဆိုတာ ပြီးအောင်ပြောလို့ရမယ် ပြန်နှုတ်လို့မရဘူးကွ။ မင်းပါးစပ်ကြောင့် သေရလိမ့်မယ်”
ဆယ့်ခြောက်လည်း အလန့်တကြား တုန်တုန်ရင်ရင်ဖြစ်ပြီး ငြိမ်ကျသွားသည်။
သူတို့ နှစ်ဦးလုံး တိတ်ဆိတ်သွားကြပြီးနောက် အတန်ကြာ စားပွဲပေါ်ရှိ ဝိုင်အိုးလေးက ပူနွေးလာကာ ဆူတောင် ဆူလာခဲ့သည်။ သို့ပေမယ့် တစ်ယောက်မှ မီးကိုမငြိမ်းသတ်လိုက်ပါချေ။
အခြေအနေက မူမမှန်တာသိတာကြောင့် စားသောက်ဆိုင်လေး၏ ပိုင်ရှင်လည်း ကောင်တာနောက်မှာ ကုပ်ကုပ်ကလေးပုန်းနေလေရဲ့။ သေရည်လေးရောင်းပြီး ငွေလေးအနည်းငယ်ရတာက သူ့အသက်နှင့်တော့ မယှဉ်သာပေ။
ဆယ့်ခြောက် အစီအရင်ထဲမှာ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ပြေးနေကြသော လူများကိုကြည့်ပြီးတော့ မေးလိုက်သည်။ “သတ်ပစ်လိုက်ရမလား”
“ထားလိုက်။ သိပ်ရုတ်ရုတ်သဲသဲ မဖြစ်စေနဲ့။ မြို့အစောင့်တွေက ဟာသမဟုတ်ဘူး”
ဆယ့်ခြောက်က နောင်တ တရားများပြည့်နေသော မျက်အကြည့်ဖြင့် နှုတ်ခမ်းသပ်လိုက်သည်။
ထို့နောက် ရွှေအစည်းအရုံးကို မျက်မှောင်ကြုတ်၍ ကြည့်ကာ “ဘာလို့ စုရှောင်ရှန်မထွက်လာသေးတာလဲ။ ကျုပ်တို့ ချောင်းမြောက်းတိုက်ခိုက်မယ်ဆိုတာသိလို့ ပုန်းနေတာများလား”
“မဖြစ်နိုင်တာ။ ငါတို့နှစ်ယောက်ရှိတာတောင် သူမသိလောက်ဘူး” လီခုနှစ်က ချေပပြောဆိုသည်။
ဆယ့်ခြောက်က အလေးအနက် ဆက်လက်၍ စကားဆိုလိုက်သည်။ “ဒါပေမယ့် အကိုခုနှစ်၊ သူကကျုပ်တို့ တည်ရှိတာမသိဘူးဆိုရင်တောင် အရှေ့ပေါက်က မထွက်နိုင်ဘူးလား။ ဘာလို့ နောက်ဖေးတံခါးမှာလာပြီး ထောင်ချောက်ဆင်ထားရတာလဲ”
လီခုနှစ်လည်း ထိုစကားကြောင့် မှင်တက်သွားပြီး သူ့မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းဖြစ်သော အရိပ်အယောင်များပေါ်လာပေသည်။
ဆယ့်ခြောက်ပြောတာ သဘာ၀ကျ၏။
ဒါပေမယ့် ၎င်းကို ဘာလို့ စောစော မပြောတာလဲ။ အလကားကောင်။
“သူက မွှေးရနံ့သုံးပါးအဆောက်က လိုက်တာခံရတယ်ဆိုတော့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေရှိမလို့နေမှာပေါ့။ အထင်သေးလို့မရဘူး။ သိရင်လည်းသိနေမှာ”
အကိုခုနှစ်လည်း မသေချာမရေရာ ရှိနေတာကြောင့် ဆယ့်ခြောက် ထိုင်မရထမရဖြစ်လာခဲ့သည်။ သူတို့ ပစ်မှတ်က အရှေ့ပေါက်ကနေ ထွက်သွားလျှင် ပွဲသိမ်းချေပြီ။ တာ၀န်ကျရှုံးရုံမက မျက်နှာပါ အကြီးအကျယ်ပျက်ပေလိမ့်မည်။
“ကျုပ် အရှေ့ဘက်မှာ သွားစောင့်လိုက်မယ်” ဆတ်ကတည်း ဆယ့်ခြောက်ထလိုက်သည်။
“ကောင်းပြီ” ဟုပြောပြီး လီခုနှစ်က ထပ်လောင်း၍ “မင်းတွေ့ရင်လည်း ဘာမှ စိတ်လိုက်မာန်ပါမလုပ်နဲ့ဦး။ ငါ့ကို အရင်စောင့်ဦး”
ဆယ့်ခြောက်က ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ထွက်သွားလိုက်၏။
စိတ်ထဲမှလည်း –
“သူ့ကို စောင့်ရမတဲ့လား။ ဟာသပဲ။ မူလနန်းတော်အစောပိုင်းက လူတစ်ယောက်အတွက်ကို ငွေတွေအများပြီးပေးထားတာ သူနဲ့ခွဲဝေရမတဲ့လား။ အကိုခုနှစ်၊ အကိုခုနှစ်လို့ခေါ်တာ သူ့ကိုယ်သူ အဟုတ်ကြီးဖြစ်လှပြီ မှတ်နေတယ်။ ငတုံးအစီအရင်ဆရာသခင်”