စိတ်ဝိညာဉ်စာကြည့်တိုက် တတိယအလွှာကို စုရှောင်ရှန် ငရဲမီးတောက်ကောင်းကင်ဖြင့်သန့်ရှင်းရေးပြုလိုက်သည်။ သို့ပေမယ့် လေထဲက ရစ်ကျန်နေတဲ့ အနံ့များကိုတော့ရနေစဲဖြစ်၏။
ပြူတင်းပေါက်ကိုဖွင့်ပြီး အပြင်က လတ်ဆတ်သော လေကို ရှိုက်ပြီးမှသာ စိတ်သက်သာရာရသွားခဲ့သည်။
ပြန်လည်သက်သာလာနေသော လူနှစ်ယောက်ကိုကြည့်ပြီးတော့ စုရှောင်ရှန် ပျားရည်အိုးကမ်းပေးလိုက်ကာ စိုမ်းရိမ်စွာမေးလိုက်သည်။ “အဆင်ပြေရဲ့လား။ ခုလောက်အန်ထားတာ အားပြန်ဖြည့်လိုက်ပါဦး”
သူတို့မျက်နှာများပြန်ဖြူလျော့လာပြီး ပျို့မတက်လာခင်ဆက်ကြားလေးမှာ စုရှောင်ရှန်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်ကြသည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
“တော်တော့”
အကြီးအကဲစန်းက အားအင်ချိနဲ့စွာ “ဒီအကြောင်းကိုထပ်မပြောနဲ့တော့”
စုရှောင်ရှန်ကိုများဘာလို့ သွားရန်စမိလည်း နောင်တရပြီး မုကျစ်ရှီလည်း စိတ်ပျက်အားလျော့နေ၏။ အကြီးအကဲစန်း၏ စကားကိုကြားသောအခါ ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
၀ဠ်ဆိုတာ နောင်ဘ၀မကူးဘဲ လည်တတ်သည်။ မုကျစ်ရှီကိုကြည့်ပြီး စုရှောင်ရှန် တဟားဟား တရယ်ချင်သွားပေသည်။
“ကောင်းပါပြီ” ပျားရည်ကို စုရှောင်ရှန်ပြန်သိမ်းလိုက်ကာ “အဖိုးကြီး ရွှေနီဆေးရည်ကို စားကြည့်ပြီးတော့ ဘယ်လိုသဘောရလဲ။ ဆေးအာနိသင်ဘာညာ ကောင်းလား”
အကြီးအကဲစန်းတိတ်ဆိတ်နေပြီး မျက်နှာတစ်ခုလုံးတဖြည်းဖြည်း အစိမ်းရောင်သန်းလာကာ ပြန်အန်တော့မတတ်ဖြစ်သွား၏။
‘ဘာလဲဟ။ ဒါက ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုကြီးပါ ငါတို့က ဘာလို့ဒီလိုဖြစ်လာတာလဲ’
သူ့ဘေးနားက မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ် ပုတ်ခတ် လုပ်နေသော မုကျစ်ရှီကို အကြီးအကဲစန်းကြည့်လိုက်တဲ့အခါ သူမက နားနှစ်ဖက်ကို အစို့များ ပိတ်ထားပြီး ဘာမှ ပြောစကားနားထောင်တော့မည့်ဟန်မရပေ။
“ဆေးအာနိသင်ကကောင်းတယ်။ နဂိုမူလ အဆင့်(၁၀) ဆိုတာထက်ကိုကျော်လွန်ပြီးတော့ အဆင့်(၉) ရောက်သွားတယ်လို့တောင် ပြောလို့ရတယ်”
စိတ်ကိုလျော့လိုက်ပြီးနောက်မှာ အကြီးအကဲစန်း ရွှေနီဆေးရည်များရှိသော ဆေးပေါင်းဖိုကြီးဘက်ကိုပြန်ရောက်လာပြီးတော့ “ဒီဟာကလွဲရင် မင်းတခြားဆေးတွေရော အရည်ပြောင်းနိုင်သေးလား”
အကြီးအကဲစန်း၏ စကားများကိုကြားသောအခါ စုရှောင်ရှန်ပီတိဖြစ်သွားသည်။
သူဖော်စပ်ထားသည့် ဆေးရည်များက နဂိုမူလထက် အဆင့်တက်နေမယ်လို့ သူလည်း ခန့်မှန်းပြီးသားဖြစ်ပေမယ့် အကြီးအကဲစန်း၏ ပါးစပ်မှကိုယ်တိုင်ကြားရသောအခါ ပို၍ ပီတိဖြစ်သွားရသည်။
“ရှိသေးတယ်”
လေသံကို သိသိသာသာမြှင့်ကာ “စွပ်ပြုတ်နည်းလမ်းက အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုကြီးပဲ။ ဒီကနေ ရွှေနီဆေးရည်ပဲမဟုတ်ဘူး စိတ်ဝိညာဉ်ဆေးရည်ကိုပါ ဖော်စပ်နိုင်ထားတယ်”
ထိုသို့ ပြောပြီးနောက်မှာ သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဉ်ဆေးရည်ကို ထုတ်ယူလိုက်သည်။
သူ့ရှေ့က အကြီးအကဲစန်းနှင့် မုကျစ်ရှီတို့ ထိုဆေးရည်၏ ရနံ့ကို ရှိူက်မိသောအခါ အလန့်တကြား ချက်ခြင်းလက်ငင်းပဲ နှာခေါင်း၊ ပါးစပ်များကို ပိတ်လိုက်ကြ၏။
“ဝေါ့…”
ရွှေနီဆေးရည်က ရွှေရောင်လိုလို အနီရောက်လိုလို ရှိပြီး ကပ်စေးကပ်စေးဖြစ်တာကို သူတို့လက်ခံနိုင်သေးသည်။
ဒါပေမယ့် စုရှောင်ရှန်ယခုထုတ်ယူလိုက်တဲ့ စိတ်ဝိညာဉ်ဆေးရည်ဆိုတာက ဘာလို့ အစိမ်းရောင်ကြီးတုန်း…။
အကြီးအကဲစန်း ရွံရှာလွန်းလို့ ခေါင်းတောင် မူးနောက်နောက်ဖြစ်လာ၏။
နောက်တစ်ဖန် ပြန်ပျို့တက်လာပေမယ့် အလျှင်အမြန်ဘဲ အချိန်ကိုက် ၎င်းကို ထိန်းချုပ်နိုင်လိုက်ပါသည်။
“ဝေါ့…”
မုကျစ်ရှီကတော့ အကြီးအကဲစန်းလို မစွမ်းသာပဲ အန်မိသွားသည်။
ထိုအန်လိုက်သံကြီးကိုကြားပြီး မနည်းထိန်းချုပ်ထားရသော အကြီးအကဲစန်းလည်း ၀မ်းဗိုက်ထဲက တစ်ခုခု ဆောင့်တက်လာသလို အန်ထုတ်မိလိုက်တော့သည်။
“ဝေါ့…”
အဝါရောင်၊ အဖြူရောင် အဖက်တွေ သူ့ပါးစပ်ထဲက တစ်ဖန်ထပ်ထွက်လာတာကို မြင်လိုက်ရသော စုရှောင်ရှန် ဘာတွေဖြစ်နေသလဲ နားမလည်နိုင်ဖြစ်သွားခဲ့၏။
သူတို့နှစ်ယောက်၏ လွန်လွန်ကျူးကျူး တုန့်ပြန်မှုကြီးတွေကြောင့် တမင်တကာများ ချဲ့ကားပြီးလုပ်နေကြသလား သံသယ၀င်သွားသည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ်…
…
အချိန်တစ်ခုကြာပြီးမှ သူတို့နှစ်ယောက် ပြန်သက်သာလာခဲ့သည်။
“စိတ်ဝိညာဉ်ဆေးရည်က ကောင်းပါတယ် ဒါပေမယ့်…”
အကြီးအကဲစန်းတစ်ယောက် အမျိုးအမည်မသိရသော ဆေးတစ်လုံးကို စားလိုက်ပြီးတော့ “… သိုလှောင်တဲ့ နည်းလမ်းက ပြဿနာဖြစ်နေတယ်”
“အင်း” အကြီးအကဲစန်း၏ အဆိုကို စုရှောင်ရှန် ခေါင်းညိတ် သဘောတူလိုက်သည်။ ထို့နောက် အကြီးအကဲစန်းပေးသော ဆေးလုံးကို ယူလိုက်သော မုကျစ်ရှီကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး “ဆိုတော့ ဒါကို ဖြေရှင်းတဲ့နည်းရှိမလား”
“မလွယ်ဘူး”
အကြီးအကဲစန်း ပါးစပ်ကို တစ်ချက်သုတ်လိုက်ပြီးမှ ဆက်လက်၍ “ဒီလိုအရာကို ဖော်စပ်ဖို့က မင်းရဲ့ ထူးဆန်းတဲ့ စွပ်ပြုတ်နည်းလမ်းလားဘာလားပဲရတာ။ မင်းရဲ့ နည်းလမ်းရဲ့ ဥပဒေသတွေကိုမှ ငါနားမလည်သေးတာ ပြောဖို့ခက်တယ်။ မီးလျှံ၊ မီးတောက်၊ ဆေးရည်… ဒီမှာ ပါ၀င်တဲ့ အမျိုးအစားက စုံလင်နေတယ်။ ငါနည်းနည်း သုသေသန ပြန်လည်ပြီးမှပဲ ပြောနိုင်မယ်”
“အဲ့တာတွေထားပါ။ မင်းကိုက ဖင်ရှည်ပြီး ဆေးလုံးပုံမသွင်းဘဲ ဒီနည်းလမ်းကြီးကို ဖန်တီးလိုက်တာ”
အကြီးအကဲစန်း ခေါင်းကိုက်သွားသလိုခံစားလိုက်ရပြီး သက်ပြင်းချလိုက်သည်။ “ဆေးဖော်စပ်ပါတယ်ဆို ဆေးလုံးပုံသွင်းရမှာပေါ့ ဘယ်နှယ့် ဦးနှောက်နဲ့ စဉ်းစားလိုက်လဲမသိဘူး။ ကြား မကြားဖူးပေါင်”
အကြီးအကဲစန်း၏ စကားများကို အဓိပ္ပာယ်ကောက်လိုက်ပြီးတော့ စုရှောင်ရှန်က “အတိုချုပ်ပြောရရင် ခင်ဗျားလည်း မသိဘူးပေါ့လေ”
အကြီးအကဲစန်း စုရှောင်ရှန်ကို ဒေါသတကြီးစိုက်ကြည့်လိုက်ပါသည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“အဟွတ်” မုကျစ်ရှီ သူမ၏ပါးစပ်ထဲ ထည့်လိုက်သော ဆေးလုံးကို ထွေးထုတ်မိလိုက်၏။
ထို့နောက် သူမတို့၏ ဆရာကိုတောင် ပြန်သရော်ရဲသော စုရှောင်ရှန်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ထိုသွားရေများဖြင့် ဖုံးလွှမ်နေသော သူ၏ အင်္ကျီကိုလာရောက် ထိကပ်သည့် ဆေးလုံးကို စက်ဆုပ်ရွံရှာဖွယ်အကြည့်ဖြင့် စုရှောင်ရှန်ယူပြီး မုကျစ်ရှီ၏ ပါးစပ်ထဲကို ပြန်ထိုးထည့်လိုက်သည်။
မုကျစ်ရှီ စွံ့အသွား၏။
: [မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်၏ စကားကိုမမှုကာ အကြီးအကဲစန်းက “ဒါပေါ့ ယာယီဖြေရှင်းတဲ့နည်းဆိုတာတော့ အမြဲရှိတာပဲလေ။ ဒီကောင်လေးတွေရဲ့ ဆေးအာနိသင်ကို ကြာရှည်ထိန်းသိမ်းထားဖို့ဆိုရင် ခရမ်းဖုံးကျောက်စိမ်းကို ယာယီအနေနဲ့သုံးလို့ရတယ်”
“ခရမ်းဖုံးကျောက်စိမ်းကဘာကြီးတုန်း” မုကျစ်ရှီ၏ သွားရေများပေနေသော သူ့လက်ကို သူမ၏ ဂါ၀န်စမှာသုတ်လိုက်ရင်း စုရှောင်ရှန်က မေးသည်။
အကြီးအကဲစန်းက အသာအယာ ခေါင်းညိတ်ပြကာ “မင်းရဲ့ ဆေးဖော်စပ်တဲ့နည်းလမ်းက သာမန်ဆေးဖော်စပ်နည်းတွေနဲ့မတူတော့ ဆေးအာနိသင်ကို ထိန်းသိမ်းရတာပိုခက်တယ်။ နှစ်ရှည်လများ သူတို့ကို ထိမ်းသိမ်းထားချင်တယ်ဆိုရင်တော့ အရည်အသွေးကောင်းတဲ့ ခရမ်းကျောက်စိမ်းလို အရာ၀တ္ထုနဲ့လုပ်ထားတဲ့ ပုလင်းလောက်ကို အသုံးပြုမှ တော်ကာကျလိမ့်မယ်”
“ဒီခရမ်းဖုန်းကျောက်စိမ်းက အရည်အသွေးမြင့် ကျောက်စိမ်းတွေထဲမှာတောင် ထိပ်ဆုံးပိုင်းကပါတော့ ဆေးအာနိသင်ဆုံးရှုံးမှုကိုလည်းတားဆီးနိုင်တာမလို့ ငါတို့တောင် အဆင့်မြင့် တန်ဖိုးကြီးတဲ့ ဆေးတွေကို သိုလှောင်ဖို့မှ ထုတ်သုံးကြတာ”
လက်သီးလက်ပန်း လွှဲရမ်း၍ ကန် ကျောက်နေသော မုကျစ်ရှီ၏ ခေါင်းကို လက်ဖြင့် တွန်းထားရင်းက စုရှောင်ရှန်အတွေးနက်သွားပြီး “ဈေးကြီးလား”
“ဒါပေါ့ကွ။ အဆင့်မြင့်ဆေးတွေကို ထိန်းသိမ်းထားဖို့သုံးမှတော့ ဈေးကတော့ ကြီးမှာပေါ့”
ထိုသို့ပြောပြီး အကြီးအကဲစန်း ခရမ်းရောက်ကျောက်စိမ်းဆေးပုလင်းအပုံလိုက်ကြီးကို ကြမ်းခင်းပေါ်မှာ ချလိုက်သည်။ ဒီတိုင်းကြည့်လျှင်တောင် ပုလင်းအရေအတွက်က တစ်ထောင်လောက်ရှိလောက်မည်။
စုရှောင်ရှန် ဘာပြောရမှန်းတောင်မသိ ၎င်းကို မှင်တက်စွာကြည့်မိ၏။
“ဈေးကြီးတယ်ဆို”
“အေးလေ ဈေးကြီးတယ်လေ။ ဒါပေမယ့် ဒီအဖိုးကြီးမှာ အများကြီးရှိနေတာ ဘာထူးဆန်းလို့လဲ”
အကြီးအကဲစန်း ချမ်းသာပုံကြီးက အမှန် ကြောက်ဖို့ကောင်းပေသည်။ စုရှောင်ရှန် ပုလင်းတစ်လုံးကို ယူကြည့်လိုက်ရာ ၎င်းက အရည်အသွေးအင်မတန်မြင့်မားတာသာမဟုတ်ဘဲ လှပစွာ ပုံထွင်းထားတာကိုလည်း တွေ့ရသည်။
ထိုပုလင်းလေးက ပင်ကိုယ်ကိုက ထိန်းသိမ်းစောင့်ရှောက်ဖို့ ပြုလုပ်ထားသလိုလို ကိုင်ကြည့်သည့်အခါ နွေးထွေးမှုနှင့်၊ စိတ်ဝိညာဉ်စွမ်းအင်ကြွယ်၀မှုတို့ကိုပါ ခံစားလိုက်ရ၏။
၎င်း၏ အရည်အသွေးမှတောင် ဆေးလုံးတွေ သိုလှောင်ဖို့ အကောင်းဆုံးရွေးချယ်ချက်ဖြစ်တယ်ဆိုတာကို သိနိုင်သည်။ ၎င်းက ဆေးအာနိသင်ကို နှစ်ရှည်လများ ထိန်းသိမ်းထားနိုင်သည်သာမဟုတ် ဆေးလုံးကိုတောင် ပို၍ ကောင်းလာအောင်လုပ်ပေးနိုင်သည့်ပုံရ၏။
“ပစ္စည်းကောင်းပဲ” စုရှောင်ရှန် မှတ်ချက်ပေးသည်။
“ယူသွားလိုက်” စုရှောင်ရှန်၏ ပြုမူပုံနှင့်ရင်းနှီးနေပြီဖြစ်သော အကြီးအကဲစန်းက လက်ဝှေ့ရမ်းကာပြောလိုက်သည်။
စုရှောင်ရှန် သာမန်ကာလျှံ ထိုပျားရည်တွေကိုထုတ်ယူနေပုံကိုကြည့်ရရင် သူ့စီမှာ ပမာဏ အတော်များများကျန်းသေးလောက်ပေ၏။ ဒါကြောင့်လဲ ပုလင်းတွေအများကြီးပေးလိုက်တာဖြစ်သည်။
စုရှောင်ရှန် တစ်ချက်ကလေးတောင် တုန့်ဆိုင်းမနေဘဲ အကုန်လုံးကို ယူလိုက်သည်။ ထို့နောက် ခဏတိတ်ဆိတ်သွားပြီးမှ “ရှိသေးလား”
အကြီးအကဲစန်း မှင်တက်သွားသည်။
စုရှောင်ရှန် အများကြီးလိုချင်မယ်ဆိုတာသိပေမယ့် ဒီလောက်ကြီးကြ…။
“ဟီးဟီး”
ခေါင်းကိုရှက်ကိုးရှက်ကန်းကုတ်ရင်းက “ကျုပ်က အခုစမ်းသပ်မှုတွေလုပ်မှာလေ။ အဲ့တော့ ပစ္စည်းပစ္စရာ လိုအပ်တယ်ဆိုတာ အကန့်အသတ်မှ မရှိနိုင်တာ။ မဟုတ်ရင် ပစ္စည်မလုံလောက်လို့ စွပ်ပြုတ်နည်းလမ်းကို လေ့လာမှု ထပ်မလုပ်နိုင်ဘူးဆိုရင် နှမျောစရာကြီး”
“ကုန်ပြီ” အကြီးအကဲစန်း စိတ်မကြည်မလင်ပြောလိုက်၏။
သူ့ရှေက အပုံက သူ့တွင်ရှိသမျှ ခရမ်းဖုန်းကျောက်စိမ်းပုလင်းများဖြစ်၏။ ၎င်းတို့ကို လမ်းဘေးဈေးဆိုင်တွေမှာ ၀ယ်လို့ရတယ်များထင်နေသလားမသိ။
ထိုစကားကြောင့် စုရှောင်ရှန် နောက်မတွန့်သွားပါချေ။ အကြီးအကဲစန်း ဒီလောက်တောင် ရက်ရက်ရောရောကြီးပေးတယ်ဆိုမှတော့ သူ့လက်ထဲမှာ ပိုကောင်းတာတစ်မျိုးမျိုးရှိလို့ဖြစ်ရပေမည်။
သူကိုယ်၌ကလည်း ယခု ဆေးဖော်စပ်သူတစ်ယောက်ဖြစ်နေပြီဆိုတော့ လိုရမယ်ရ အရည်အသွေးမြင့် ဆေးဝါးဆိုင်ရာ ပစ္စည်းများ စုဆောင်းသင့်သည်ဟု ခံစားလိုက်ရ၏။
ဒါဖြင့် အကြီးအကဲစန်းစီက ကောင်းကောင်းကြီး ဓားပြတိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
“ခင်ဗျားမှာ ဒီခရမ်းဖုန်းကျောက်စိမ်းထက်ပိုကောင်းတာရှိတယ်မလား” သေချာနေသောလေသံဖြင့် စုရှောင်ရှန်ကဆိုသည်။
အဖိုးကြီး၏ အမူအရာက ဒေါသထွက်နေသည့်ဘက်ကိုပြောင်းလာတာကို မြင်သောအခါ အလျှင်အမြန်ထပ်လောင်း၍ “စိတ်ဝိညာဉ်ဆေးရည်ကို ဖော်စပ်နိုင်ပြီဆိုတော့ မူလနန်းတော်ဆေးရည်ဖော်စပ်နိုင်ရင်ဘယ်လိုလုပ်မတုန်း”
အကြီးအကဲစန်း ဘာမှ ပြန်မပြောပါချေ။
မူလနန်းတော်ဆေးလုံးက နဂိုကတည်းက အဆင့်(၇)ဖြစ်ရာ ဆေးရည်ဆိုလျှင် အဆင့်(၆) ကိုရောက်ပေလောက်သည်။ ၎င်း၏ တန်ဖိုးကလည်း ထင်မထားနိုင်လောက်အောင်ကိုတက်သွားလိမ့် ပေမည်။
“ရော့ ရော့”
ရွေးချယ်စရာမရှိတော့သော အကြီးအကဲစန်းလည်း ပုံထွင်းထားရခြင်းမရှိသေးသော အနက်ရောင် ကျောက်စိမ်းတုံးကြီးတစ်တုံးကို ထုတ်ယူလိုက်ပြီး “ဒါက ဝေလငါးအနှစ်ကျောက်စိမ်းလို့ခေါ်တယ်။ အရည်အသွေးအမြင့်ဆုံးပဲ…”
“ကျေးဇူးတင်ပါတယ်…”
အကြီးအကဲစန်းတောင် မပေးရသေးခင်မှာ စုရှောင်ရှန် ဆတ်ကတည်း ဆွဲယူလိုက်သည်။ ၎င်း၏ ပုံပန်းသွင်ပြင်မှတောင် ပြောစရာမလိုအောင် အရည်အသွေးမြင့်မားတာသိသာ၏။
စုရှောင်ရှန် ဘယ်အချိန်ကတည်းက ကြံနေသလဲမသိ အကြီးအကဲစန်း တဆတ်ဆတ်တုန်လှုပ်သွား၏။
“စကားမစပ်” အကြီးအကဲစန်းစိတ်ပြောင်းသွားမည်စိုး၍ နောက်ခြေတစ်လှမ်းဆုတ်ကာ ထိုအနက်ရောင်ကျောက်စိမ်းတုံးကြီးကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်၏။ နောက်မှ တစ်စုံတစ်ခုကို ယခုမှ သတိရသွားဟန်ဖြင့် စုရှောင်ရှန် ပြောလိုက်သည်။
“ကျုပ်က မူလနန်းတော်ဆေးရည်ကို ဖော်စပ်မယ်သာပြောနေတာ အဆီအနှစ်ဖြစ်တဲ့ မူရင်း မူလနန်းတော်ဆေးလုံးဖော်စပ်နည်းမှတောင်မရှိဘဲကို”