စာစဥ် (၂၂) အပိုင်း (၃၀၄)

မူလနဂါးခြင်ဆီ

ဇူယွမ်တို့ လူစုလဲ တောင်ထိပ်ပေါ်တွင် မတ်တတ် ရပ်နေခဲ့ပြီး ကျောက်စိမ်း နဂါးကြီးများကဲ့သို့ မြစ်များက တောင်များကို တစ်ခုပြီးတစ်ခု ဖြတ်ပြီးစီးကာ အဆုံးတွင် ကြီးမားသော ရေအိုင်ကြီး ဖြစ်သွားသည်အထိ တောက်လျောက် လိုက်ကြည့်နေခဲ့ကြပေသည်။

သူတို့၏ မြင်ကွင်းအတွင်းတွင် အဆုံးမရှိသော ရေကန်ကြီးနှင့် ကောင်းကင် ထောက်တိုင်ကဲ့သို့ ရှိနေခဲ့သော တောင်ကြီးများလဲ ဝင်လာခဲ့သည်။ တောင်များက ရေကန်ကြီးအား အပိုင်းလိုက် ခွဲခြားကာ တည်ရှိနေပြီး မြူခိုးများ အုပ်ဆိုင်းနေသည်မှာ ဝင်္ကပါ တစ်ခုကဲ့သို့ပင် ဖြစ်သည်။

ဇူထိုက်က အဆုံးမဲ့သော မြူခိုးများနှင့် ဖုံးအုပ်နေသည့် ကန်ရေပြင်ကြီးအား ညွှန်ပြလိုက်ပြီး “ဒီမူလရေကန်ကြီးက မူလကောင်းချီး ခြင်ဆီတွေကို ထိန်းသိမ်း ထားတဲ့နေရာပဲ။ အဲနေရာကို ရေကန်လို့ ခေါ်ပေမယ့်လည်း သူ့ရဲ့ အလွန်အမင်း ကျယ်ပြောမှုကြောင့် ပင်လယ်လို့ ခေါ်ရင်တောင် မှားမယ်မထင်ဘူး”

ဇူယွမ်၏ အကြည့်က မူလရေကန်ဟုခေါ်သော ရေကန်ကြီးအား ကြည့်နေရင်းမှ သူ၏ အမူအရာမှာ တဖြည်းဖြည်း လေးနက်လာခဲ့သည်။ သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်စေသည့် ခံစားချက်များ ပါဝင်နေသည့် ဖိအားကို ခံစားလိုက်ရပြီး ရေကန်အတွင်းသို့ ပြန်မဆင်း ဝံ့တော့ချေ။

ထိုအရာက မူလနဂါးသွေးကြောများနှင့် အတူတူပင် ဖြစ်သည်ကို သိထားပေသည်။ ထိုအရာများက ကုန်းမြေမှ ပေါက်ဖွားလာခဲ့သော မူလချီများ၏ အစုအဝေးဟု ပြောနိုင်ပေသည်။ ထိုကြောင့် သူတွင် သဘာဝ ဖိအားများ ပါဝင်နေပေသည်။

သူကခေါင်းမော့လိုက်သည်နှင့် ကောင်းကင်မှ ကျဆင်းနေခဲ့သည့် အမိုးခုံး သဏ္ဌာန် မူလမှော်စာလုံး အစီအရင် တစ်ခုကို မြင်လိုက်ရပြီး ထိုမှော်စာလုံးက မူလရေကန် တစ်ခွင်လုံးကို ဖုံးအုပ်နေခဲ့ပေသည်။

သည်နေရာက ကန်ရွှမ်ကလန်၏ အရေးကြီးသော နေရာဖြစ်သည့် အားလျော်စွာပဲ တင်းကျပ်သော စောင့်ရှောက်မှုများ ထားရှိထားပေသည်။

မူလချီတိမ်တိုက်များက မူလရေကန်၏ အနီးပတ်ပတ်လည်တွင် ဆင်းသက် လာကြသည်။ သိသာစွာပင် ထိုသူများက အခြားသော တောင်ထွတ်မှ တပည့်များ ဖြစ်ပေသည်။

သို့သော်လည်း ရောက်လာသူအများစုမှာ အဓိကအားဖြင့် ခရမ်းရောင် ခါးစည်းတပည့်များ မဟုတ်ကြသည့် အတွက် ဇူယွမ် အံ့အားသင့် သွားခဲ့သည်။

ဇူထိုက်က ရှင်းပြလိုက်သည် “မူလချီရေကန်အနီးက မူလချီတွေက ပိုမို သိပ်သည်းတယ်လေ။ အခြား တပည့်တွေက အထဲကို ဝင်ရောက်ဖို့ အရည်အချင်း မမီကြပေမယ့် သည်ရေကန်ရဲ့ အစွန်နားမှာ ကျင့်ကြံကြရင်ကို အကျိုးများစေတယ်”

ဇူယွမ်က ပြုံးလိုက်ပြီး မေးလိုက်သည် “အစ်ကိုတော် ဇူထိုက် ဒီအချိန်မှာ ကျွန်တော့်ကို မူလ ကောင်းချီးခြင်ဆီ အကြောင်း ပြောပြသင့်ပြီမလား”

ဇူထိုက် ခေါင်းညိတ်လိုက်ပြီး မူလရေကန်ကို ညွှန်ပြကာ ပြောလိုက်သည် “မူလကောင်းချီး ခြင်ဆီအတွက် အရေးကြီးဆုံးအနေနဲ့ မင်းမှတ်ထား ရမှာကတော့ မူလနဂါး အဆီအနှစ်ပဲ။ အဲ့အရာတွေက မူလနဂါးသွေးကြောရဲ့ နဂါးချီကနေ ဖြစ်တည်လာခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုပဲ”

“မူလနဂါး အဆီအနှစ် ဟုတ်လား။ အဲ့တာကို ကျွန်တော် ဘယ်လိုရအောင် လုပ်ရမလဲ” ဇူယွမ် အံ့အားသင့် သွားခဲ့သည်။

“ဟီးဟီး… မူလနဂါးကောင်းချီးတွေကို မူလရေကန်ထဲမှာ ရှာလို့ရတယ်။ ဒါပေမဲ့ ကလန်ရဲ့ စည်းမျဉ်းတွေအရ အဲ့အရာတွေကို တပည့်တွေက ကိုယ့်အစွမ်းအစကိုပဲ အသုံးပြုပြီးတော့ ရှာဖွေရမယ်”

“မူလရေကန်က မူလ နဂါးသွေးကြောကနေ ဖြစ်တည်လာတာမလို့ ဖိအားတွေနဲ့ ပြည့်နှက် နေတယ်။ သည်ဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင် လူတစ်ယောက်က သူရဲ့ မူလချီတွေကို အမြဲလည်ပတ် ထားနေဖို့ လိုအပ်တယ်။ တကယ်ကို ခက်ခဲ ပင်ပန်းတဲ့ ရှာဖွေမှုပဲ”

“ထပ်ပြီးတော့ မူလရေကန်က မျက်နှာပြင်မှာသာ တည်ညိမ်နေပေမယ့် အန္တရာယ်တွေနဲ့ ပြည့်နှက် နေခဲ့တာ။ မူလ နဂါးသွေးကြောကနေ စွမ်းအင်တွေ စီးဆင်းနေတဲ့အတွက် အဲ့ကန်ထဲမှာ မူလချီတွေကနေ ဖြစ်ပေါ်နေတဲ့ အမျိုးမျိုးသော ရေသတ္တဝါတွေက မင်းကို ပြန်လည် တိုက်ခိုက်တဲ့ အခါမှာ မင်းကို ခေါင်းကိုက်စေလိမ့်မယ်”

“သို့သော်လည်း သည်ရေသတ္တဝါတွေက နဂါးချီကနေ ဖြစ်ပေါ်လာတဲ့ အတွက် အဲ့တာတွေကို အမဲလိုက်တာက နေပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ မူလနဂါး အဆီအနှစ်တွေ မင်းရရှိလိမ့်မယ်။ သတ္တဝါရဲ့ ခန္ဓာကိုယ်က ကြီးမားလေ မူလနဂါး အဆီအနှစ်က သန့်စင်လေပဲ”

ဇူထိုက်ကာ ပြုံးကာ ပြောလိုက်သည် “ဘာလို့ မူလရေကန်ကို ဆယ်ရက် ဖွင့်ပေးတယ်လို့ မင်းထင်လဲ။ ဘာလို့လဲဆိုတော့ လူတိုင်းက ပထမကိုးရက်မှာ အဓိကအားဖြင့် ရှာဖွေခြင်းကို ပြုလုပ်ကြပြီး ဆယ်ရက်မြောက်နေမှာ မူလကောင်းချီး ခြင်ဆီကို ဖမ်းဆုပ်ဖို့ ကြိုးစားကြတယ်”

“သည်နေ့က ကန်ရွှမ်းကလန်မှာ နှစ်လတစ်ကြိမ်ရောက်ရှိတဲ့ ကြီးမြတ်တဲ့ အချိန်အခါပဲ။ ခရမ်းရောင် ခါးစည်းတပည့်တွေ အကုန်လုံးက သည်နေရာကို မူလနဂါး အဆီအနှစ်ကို ရှာဖွေဖို့နဲ့ မူလကောင်းချီး ခြင်ဆီမှာပါဝင်ဖို့ ရောက်ရှိလာခဲ့ကြတယ်။ သည်အရာက တစ်ခါတလေမှ ခရမ်းရောင် ခါးစည်းတပည့်တွေသာ ရတဲ့အတွက်ကြောင့် သည်အခွင့်အရေးကို ဘယ်သူကမှ မလွဲချင်ကြဘူး”

သူက မူလရေကန်ပေါ်ရှိ ကောင်းကင်ကို လက်ညှိုး ထိုးလိုက်သည်။ ထိုနေရာတွင် ယစ်ပုလ္လင်တစ်ခုနှင့် ဆင်သော ကျွန်းတစ်ခုရှိနေပြီး ထိုအပေါ်တွင် အိုဟောင်းပြီး ရိုးရှင်းသော တိုင်လုံးများစွာ ရှိနေခဲ့သည်။

“အဲ့တာကို ကောင်းချီးယစ်ပုလ္လင်လို့ခေါ်ပြီး ကျောက်တိုင်လုံးတွေကို ကောင်းချီး တိုင်လုံးတွေလို့ ခေါ်တယ်။ ဆယ်ရက်မြောက်နေ့မှာ တပည့်တွေက မူလနဂါး အဆီအနှစ်နဲ့ ကောင်းချီးတိုင်လုံးတွေက စွမ်းအားတွေကို ရယူဖို့ အသက်သွင်းပြီးတော့ နောက်ဆုံးမှာ ကောင်းချီး ပေးမှုကို ပြီးမြောက်စေတယ်”

ဇူယွမ်က စိတ်ဝင်စားစွာဖြင့် ကောင်းကင်အထက်ရှိ ကြီးမားသော ယစ်ပုလ္လင်ကြီးအား လှမ်းကြည့် လိုက်သည်။

“ထပ်ပြီးတော့ မူလကောင်းချီးခြင်ဆီတွေက အဆင့်အမျိုးမျိုး ကွဲသေးတယ်။ မူလနဂါး အဆီအနှစ်တွေက ကောင်းချီးတွေကို အသက်သွင်းနေတုန်းမှာ နဂါးအရိပ်တွေ ပေါ်လာခဲ့ပြီးတော့ ခန္ဓာကိုယ်တစ်လျှောက် ရစ်ပတ်နေလိမ့်မယ်။ ထိုကြောင့် ကောင်းချီး အဆင့်အတန်းကို ခန္ဓာကိုယ်မှာ နဂါးအရိပ် ဘယ်လောက်များများ ပေါ်တာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ကြတယ်”

“ဥပမာ အားဖြင့် နဂါးအရိပ်တစ်ခုပဲ ပေါ်ရင် နဂါးတစ်ကောင်ကပဲ ကောင်းချီးပေးမယ်လို့ ယူဆနိုင်ပြီး အဆင့်အနိမ့်ဆုံး ကောင်းချီးပဲ။

“အမြင့်ဆုံးကတော့ နဂါးကိုးကောင် အရိပ်ပေါ်လာတဲ့ နဂါးကိုးကောင် ကောင်းချီးပဲ”

“ပုံမှန်အတိုင်းပဲ အဆင့်မြင့်မားလေလေ ကောင်းချီးက ကြီးမားလေလေပဲ”

“ဒါကြောင့် ကောင်းချီး အဆင့်မြင့်မြင့်ရရှိဖို့ မင်းကြိုးစားပြီး မူလနဂါး အဆီအနှစ်တွေကို ရှာဖွေဖို့ လိုအပ်တယ်။ မင်းရရှိမယ့် ကောင်းချီးအဆင့်က မင်းစုဆောင်းလာတဲ့ ပမာဏနဲ့ သက်ဆိုင်တယ်” ဇူထိုက်က ရှင်းပြလိုက်သည်။

“နဂါးကိုးကောင် ကောင်းချီး…” ဇူယွမ်၏ မျက်လုံးအစုံမှာ စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။ “အစ်ကိုတော် ဇူထိုက်က ဘယ်အဆင့်ထိ ပုံမှန်ရောက်လဲ”

ဇူထိုက်က ကသိကအောက်ဖြစ်စွာ ခေါင်းခါယမ်းလိုက်သည် “ငါက ခရမ်းရောင် တပည့်တွေ ကြားထဲမှာ သိပ်လည်း မဟုတ်ပါဘူး။ မူလရေကန်ထဲမှာ အချိန်အတော်ကြာ နေဖူးခဲ့ပေမယ့် ငါ့ရဲ့ မူလနဂါး အဆီအနှစ် ရှာဖွေနိုင်မှုကတော့ အကန့်အသတ်နဲ့ ရှိတုန်းပဲ။ အရင်တုန်းကတော့ ငါက နဂါးလေးကောင် အဆင့်ပဲ ရောက်ခဲ့တယ်”

“အခြား သန်မာတဲ့ ခရမ်းရောင်ခါးစည်း တပည့်တွေကတော့ နဂါးငါးကောင် ရောက်လာအောင် စွမ်းဆောင်နိုင်ကြတယ်။ ငါကြားခဲ့တာတော့ အကြီးအကဲ လုဟုန်းရဲ့ တပည့် ယွမ်ဟုန်းကတော့ ကောင်းချီးပေးမှုတိုင်းမှာ နဂါးငါးကောင် အသက်ဝင်လာတယ်တဲ့”

“ငါတို့ နဂါးခြောက်ကောင် ကောင်းချီးအဆင့်ကြောင်း ပြောရရင် ငါစိုးရိမ်မိတာက အခြားတောင်ထွတ်ခြောက်ခုက တပည့်တွေ အဲအဆင့်ကို ရောက်သွားမှာကိုပဲ”

ဇူယွမ်၏ မျက်လုံးအစုံမှာ လင်းလက်သွားပြီး “အရွေးချယ်ခံ ဆယ်ယောက်ကရော ဘယ်လိုလဲ။ ”

ဇူထိုက်က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီး “ညီတော်ဇူယွမ်ရဲ့ ရည်မှန်းချက်နဲ့ စိတ်ဆန္ဒကတော့ မသေးငယ်ဘူးပဲ… ဒါပေမဲ့ အရွေးချယ်ခံ ဆယ်ယောက်က မူလနဂါး အဆီအနှစ်ကို အပင်ပန်းခံပြီး ရှာဖွေနေစရာ မလိုကြဘူး။ ကလန်က မူလရေကန်မှာ သူတို့သီးသန့် အသုံးပြုနိုင်အောင် သေးငယ်တဲ့ အပိုင်းအကန့်လေးကို ပေးအပ် ထားခဲ့တယ်။ အဲ့နေရာက သူတို့ကြိုက်တဲ့ အချိန် ဝင်ထွက် သွားလာနိုင်ပြီး အခြားနေရာထက်လည်း မူလနဂါး အဆီအနှစ်က ပိုများတယ်”

“အရွေးချယ်ခံ ဆယ်ယောက်ဆိုတဲ့ အတိုင်းပဲ သည်လို ပြုမှု ဆက်ဆံခံရတယ်…”

ဇူယွမ်က ခဏချင်ပဲ အံ့အားသင့် သွားခဲ့ပြီး ခဏအကြာထိ ပြန်လည် မထိန်းချုပ်နိုင်သေးပေ။ အရွေးချယ်ခံ ဆယ်ယောက်၏ အကျိုးကျေးဇူးများက တကယ်ကို မနာလိုစရာ ကောင်းပေသည်။ သူတို့အတွက် မူလရေကန်တွင် သီးသန့်နေရာပါ ရသည်တဲ့လား။ အခြားသော တပည့်များနှင့် နှိုင်းယှဉ်ပါက ကလန်၏ ထောက်ပံ့မှုကို အပြည့်အ၀ ရရှိသူများ ဖြစ်သည်။

သို့သော်လည်း ထိုသူများက များစွာ တပည့်များကြားတွင် ထင်ရှား ကျော်ကြားသူများ ဖြစ်သည့်အတွက် သူတို့ရရှိသော အရေးပေးမှုများမှာ သူတို့နှင့် ထိုက်တန်ပေသည်။

ဇူထိုက်ကာ သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည် “သူတို့က မူလနဂါး အဆီအနှစ်များကို ပင်ပင်ပန်းပန်း ရှာစရာမလိုတဲ့ အတွက် သူတို့က နဂါးခုနစ်ကောင် အဆင့်ကို လွယ်လွယ်လေးနဲ့ ရောက်ရှိခဲ့တယ်။ ဒါပေမဲ့လည်း သူတို့က သည်လောက် အဆင့်မြင့်နေတာတောင် အဆင့်မြှင့်တင်ဖို့ ဆန္ဒရှိနေတုန်းပဲ။ သူတို့ရဲ့ ကိုယ်တိုင် မူလကန်ရဲ့ အနက်ရှိုင်းဆုံး နေရာမထိ ဝင်ရောက်ကြပြီးတော့ ပေထောင်ကျော်ရှည့်တဲ့ သားရဲကို အမဲလိုက်ဖို့ ကြိုးစားနေခဲ့တယ်။ ထိုကဲ့သို့ သားရဲများ၏ ခန္ဓာကိုယ်မှ မူလနဂါး အဆီအနှစ်များကို ထုတ်ယူနိုင်ပါက သူတို့၏ ကောင်းချီများ နဂါး ရှစ်ကောင် အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

မူလရေကန်ထဲက ရေသတ္တဝါအများစုက ပေတစ်ရာလောက်ပဲ ရှိကြတာ။ ပြောကြတာတော့ သားရဲရဲ့ ခန္ဓာကိုယ်က ကြီးမားလေ နဂါးအဆီအနှစ်က သန့်စင်လေပဲ။ နဂါးခုနစ်ကောင် အဆင့်ပြီး နောက်တစ်ဆင့် တက်ချင်ရင် ပေထောင်ကျော် ရှည်လားသည့် ရေသတ္တဝါကို ရရှိခြင်းက ကြီးမားသော အဆင့်တက်မှုကို ဖြစ်ပေါ်စေပေမည်။

ဇူယွမ်က တခဏမျှ တွေးတော နေခဲ့ပြီးနောက် မေးမြန်းလိုက်သည် “ထောင်ချီရှည်တဲ့ သားရဲတွေရဲ့ သန်မာမှုက ဘယ်လိုရှိလဲ”

ထိုစကားကို ကြားချိန်မှာ နံဘေးရှိ ကျန့်ယန်က ညင်သာစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ညီတော်ဇူယွမ် အတွက်တော့ ဒီကိစ္စက တွေးတောစရာ မလိုပါဘူး။ ပေတစ်ထောင် ရှည်တဲ့ သားရဲကို ငါတို့ တွေ့လို့ကတော့ ပြေးဖို့ပဲရှိတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တာတောင် ပေတစ်ထောင် ရှည်တဲ့ ရေသတ္တဝါ သားရဲကို အမဲလိုက်နိုင်ခဲ့ပြီး နဂါးရှစ်ကောင် ကောင်းချီးကို ရခဲ့တာ တစ်ယောက်ပဲ ရှိတယ်”

“အို..ဘယ်သူလဲ…” ဇူယွမ်က ပြုံးကာ မေးလိုက်သည်။ သို့သော်လည်း သူ၏ လေသံထဲတွင် ကျန့်ယန်၏ စကားလုံးများကို စိတ်ဝင်စားဟန် မပြပေ။

ကျန့်ယန်က ဖြည်းညင်းစွာ မေးလိုက်သည် “ရွေးချယ်ခံ ဆယ်ယောက်ရဲ့ ခေါင်းဆောင်က လွဲလို့ ဘယ်သူရှိမှာလဲ”

“ချူးချင်း…”

ဇူယွမ်၏ မျက်ဝန်းအိမ်များက တုန်ခါလျက် ရှိသည်။ သူလိုမျိုး တပည့်အသစ် တစ်ယောက် အတွက်ကတော့ ထိုအမည်နာမက မိုးကြိုးတစ်စင်းနှင့် စင်တူပေသည်။

အစ်ကိုတော် ချူးချင်းမှာ ကန်ရွှမ်းကလန်တွင် များစွာသော ဒဏ္ဍာရီများကို ချန်ခဲ့သူ တစ်ယောက် ဖြစ်သည်။

မူလကောင်းချီးခြင်ဆီတွင် နဂါးရှစ်ကောင် အဆင့်သို့ ရောက်နိုင်သော ချူးချင်းက အလွန်အစွမ်းအစ ရှိပေသည်။ ဇူယွမ်မှာ ရေသတ္တဝါများနှင့် မဆုံတွေ့ ဖူးသော်လည်းပဲ အခြားသော ရွေးချယ်ခံ တပည့်များက ပေတစ်ထောင်ရှိသည့် ရေသတ္တဝါသားရဲကို မည်သည်မှ မလုပ်နိုင် သေးသည်က ထိုအရာကို ရင်ဆိုင်ရန် မလွယ်ကူကြောင်း အဓိပ္ပာယ်ရနေပေသည်။

“ညီတော် ဇူယွမ် သည်တစ်ခါက မင်ရဲ့ ပထမဆုံး အခွင့်အရေး ဖြစ်ပေမယ့် မင်းဒါကို သေချာပေါက် ဖမ်းဆုပ်နိုင်ရင် မင်းက နဂါးငါးကောင်ရဲ့ ကောင်းချီးကို ခံရလိမ့်မယ်” ဇူထိုက်က အားပေးလိုက်သည်။

ဇူယွမ်က ပြုံးပြလိုက်ကာ ခေါင်းညိတ် လိုက်သည်။

သူတို့ စကားပြောနေစဉ်အတွင်း ရုတ်တရက် ဧရိယာတစ်ခွင်လုံး ဆူညံလာခဲ့သည်။ များစွာသော အမျိုးသား တပည့်များသည် စိတ်လှုပ်ရှားစွာဖြင့် တစ်နေရာသို့ ဝိုင်းပြီး ကြည့်နေခဲ့ကြသည်။

ဇူယွမ်တို့ လူစုကလည်း တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို သိရှိသွားခဲ့ပြီးနောက် သူတို့၏ ခေါင်းများကို မော့ကာ အပေါ်သို့ လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးက ကောင်းကင်ပေါ်မှ မူလတိမ်တိုက် တစ်ခု အဝေးတစ်နေရာမှ တောင်ပေါ်သို့ ဆင်းသက် လာသည်ကို မြင်လိုက်ရသည်။

မူလချီတိမ်တိုက်ပေါ်တွင် ရောင်စုံဂါဝန်စများက တဖျပ်ဖျပ် လွင့်နေခဲ့ပြီး ချိုလွင်သော တေးသံလေးများက ပျံ့လွင့်လျက် ရှိသည်။ ထိုအရာက မိန်းကလေးများကို သယ်ဆောင် လာခဲ့သည်မှာ ထင်ရှားပေသည်။

အားလုံး၏ ရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ဦးက တင့်တယ်စွာ ရပ်လျက်ရှိသည်။ လေပြည်ညင်းက တိုးဝေ့လိုက်တိုင်းတွင် သူမ၏ ဆံနွယ်စလေးများက လေထဲတွင် ကခုန်နေပြီး နေရောင်ခြည်က သူမ၏ ရင်သပ်ရှုမောဖွယ် ကောင်းသော မျက်နှာလေးပေါ်တွင် ဖျာကျနေခဲ့သည်။

ပဒုမ္မာ ပန်းပွင့်ပုံစံများကို သူမ၏ ဂါဝန်စတွင် ရေးထိုးထားခဲ့သည်။

သူမ၏ အလွန်းမင်း ပြည့်စုံသော သွင်ပြင်လက္ခဏာ အလှတရားနှင့် သိမ်မွေ့ နူးညံမှုတို့က လူမျိုးတုန်း စစ်ပွဲများကိုပင် ဖြစ်ပွားစေနိုင်ပေသည်။ သူမ၏ ကြည်လင်ပြီး သန့်စင်သော နဖူးပြင်တွင် ပဒုမ္မာပန်းသဏ္ဌာန် မှော်စာလုံးတစ်ခုကို ရေးဆွဲထားပြီး မြင့်မြတ် သန့်စင်သော အသွင်ကို ဆောင်နေသည်။

သို့သော်လည်း အဖြူရောင် ဂါဝန် ဝတ်ဆင်ထားသည့် မိန်းမပျိုလေးထံမှ အေးစက်မှုက မိုင်ပေါင်း တစ်ထောင်လောက် အထိကို ပျံ့နှံ့နေခဲ့ပြီး ချဉ်းကပ်ရန် ခက်ခဲသော ရေခဲနတ်ဘုရားမ တစ်ပါး အလား ထင်မှတ်စေသည်။

သို့သည်တိုင်အောင် သူမက တောက်ပနေဆဲဖြစ်သည်။ သူမ၏ အနားတွင် မိန်းမလှလေးများစွာ ဝိုင်းနေသော်လည်းပဲ သူမနှင့် နှိုင်းယှဉ်ပါက အရောင်အသွေးများ ထိုင်းမှိုင်း သွားသလိုပင်။

သူမကိုမြင်သော အချိန်တွင် ဇူယွမ်၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေး သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုဂါဝန်အဖြူနှင့် မိန်းမပျိုလေးမှာ ရုပ်ရည်သွင်ပြင်နှင့် တည်ရှိမှု အရှိန်အဝါပိုင်းတွင် ယောင်ယောင်နှင့် နှိုင်းယှဉ်ပါက ရှုံးနိမ့်ခြင်း မရှိသောကြောင့် ဖြစ်သည်။

ထိုအပြင် ထိုနှစ်ယောက်မှာ တော်တော်လေး ဆင်တူပေသည်။ နှစ်ယောက်လုံးမှာ အေးစက်မှု သာမက အခြားသူများအား မိုင်တစ်ထောင် ကွာဝေးနေသည် ဟူသော ခံစားချက်မျိုးပါ ပေးစွမ်းချင်း တူပေသည်။

ဇူယွမ်က သူမမှာ မည်သူဖြစ်ကြောင်း ခန့်မှန်းမိပြီ ဖြစ်သည်။ ထိုကဲ့သို့ ယောက်ျားသား တပည့်များကို ရူးသွပ် သွားနိုင်စေသူမှာ တစ်ယောက်သာရှိသည်…

သူမမှာ ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်ထဲမှ တတိယမြောက် တပည့်က လွဲပြီး မည်သူမှ မဖြစ်နိုင်ပေ။


Comment

Leave a Reply


Options

not work with dark mode
Reset