ပလုံ…။
ဗွက် ဗွက်…။
စုရှောင်ရှန်၏ ဧရာမဆေးအိုးကြီးထဲက ဆေးစွပ်ပြုတ်က အဆက်မပြတ်ပလုံစီထနေပြီး ကပ်စေးစေးအဖြစ်ကိုပြောင်းသွားနေချိန်မှာ သူက မုကျစ်ရှီကိုလှမ်းကြည့်လိုက်ပါသည်။
၎င်းက သူမရွှေနီဆေးလုံးကို ပြုလုပ်တာ စတုတ္တအကြိမ်ဖြစ်ရကာ မုကျစ်ရှီ စိုးတထိတ်ထိတ်ဖြစ်နေပေသည်။ ယခုမှ ဆေးလုံးပုံသွင်းတာက သင်ယူရန်လွယ်ကူသောအရာတစ်ခုမဟုတ်မှန်း သိလိုက်ရပေသည်။
သူမက ဆေးဝါးဂုဏ်သတ္တိများကို ကောင်းမွန်စွာ နားလည်ထားပေမယ့် သုံးခါဆက်တိုက် မီးဖိုအိုးပေါက်ကွဲရ၏။
“စုရှောင်ရှန် နင်စွပ်ပြုတ်လုပ်နေတာလား” စုရှောင်ရှန်၏ ရေနွေးအိုးတည်သလို ပလုံစီထနေသော ဆေးမီးဖိုအိုးကြီးကိုကြည့်ပြီး မုကျစ်ရှီမေးလိုက်သည်။
သာမန်အခြေအနေ၌ဆိုပါက သူမက သုံးကြိမ်မဆိုထားဘိ အကြိမ် (၃၀)၊ (၃၀၀) ကျရှုံးတာတောင် လွယ်လွယ်နဲ့ စိတ်ပျက်အားလျော့လိမ့်မည်မဟုတ်ချေ။ ယခုတော့ စုရှောင်ရှန်က သူမနှင့် ယှဉ်ပြိုင်နေပြီးတော့ သူလုပ်သည့်ပုံစံကလည်း အသားကျနေသလို ထူးမခြားနားရှိလေသည်။
သူက မီးဖိုအိုးကိုတောင်မကြည့်ဘဲနှင့် အောက်မှ ငရဲမီးတောက် ကောင်းကင်မီးလျှံများကို လောင်ကျွမ်းထားခိုင်းလိုက်ပြီး သူမကို မေးပွတ်ပြီးကြည့်နေလေသည်။
ချီး ဒီမီးလျှံက အစွမ်းထက်လိုက်တာ။
မုကျစ်ရှီ မနာလိုဖြစ်သွားသည်။
သူမလည်း သူဆေးဖော်စပ်သလို ဖော်စပ်ချင်တာပေါ့။ ခုတော့ တစ်ကိုယ်လုံးပေတူးနေရုံမက ဘာမှလည်း ရွေးချယ်လို့မရဘဲ ဆက်လုပ်နေရလေသည်။
သူမ၏ အမေးကြောင့် စုရှောင်ရှန် ပြုံးလိုက်သည်။ သူ့မေးကိုပွတ်နေသော လက်ကို အောက်ပြန်ချလိုက်ပြီးတော့ “ဟုတ်တယ် ဒါငါထွင်ထားတဲ့ စွပ်ပြုတ်ဆေးဖော်စပ်နည်းပဲ မမြင်ဖူးရင်ကြည့်ထား။ အဖိုးကြီး ခင်ဗျားလည်း ကြည့်ချင်နေတယ်မလား”
အကြီးအကဲစန်းက တိဆ်ဆိတ်နေစမြဲဖြစ်ပြီး ဂရုတစိုက်ကြည့်နေလေသည်။
ပထမတော့ စုရှောင်ရှန် ဘာလုပ်ချင်နေမှန်းမသိ လျှောက်ဆော့တယ်ပဲမှတ်နေသည်။ သို့ပေမယ့် ခဏတဖြုတ်ကြည့်ပြီးသောအခါ ထိုအတွေးအမြင်များပြောင်းသွားပေသည်။
ဆေးစွပ်ပြုတ်ရည်က အထက်အောက်ကို တစ်လှည့်စီ ဆင်းလိုက်လိုက်ဖြစ်နေပေမယ့် ဆေးအာနိသင်ဆုံးရှုံးမှုက အလွန်နည်းပါသည်။
ဤဆေးဖော်စပ်သည့်နည်းလမ်းသာ အောင်မြင်ခဲ့မယ်ဆိုရင် ဆေးဖော်စပ်ခြင်းသမိုင်းမှာ ဒဏ္ဌာရီမှတ်ကျောက်တစ်ခုအဖြစ်တွင်သွားစေလောက်၏။
“စွပ်ပြုတ်…”
ထိုသို့သော ဆေးဖော်စပ်ခြင်းနည်းလမ်းအသစ်ကို စုရှောင်ရှန်ပေးထားသောနာမည်ကို စဉ်းစားရင်း မျက်နှာမဲ့ရွဲ့သွားသည်။
ရေချိုးအိုးငယ် ရေချိုးအိုးကြီး အပါအ၀င် စုရှောင်ရှန်ပေးတဲ့နာမည်များက ရယ်စရာကောင်းနေရင်တောင်မှ ရိုးရှင်းပြီး သင့်လျော်လျောက်ပတ်ပေသည်။
သူနှင့် သဘောမတူလို့ကလည်းမဖြစ်။
အကြီးအကဲစန်းလည်း ဘာမှ မပြောဘူးဆိုတော့ စုရှောင်ရှန် သူ့ကိုအမှုမထားတော့ချေ။ ဆေးကိုဖော်စပ်ပြီးစီးအောင်လုပ်ဖို့ကသာ အရေးကြီးပေသည်။
သူပြုလုပ်ဖူးသည့်ဆေးရည်တိုင်းက အရည်အသွေးမြင့်မားပြီး ဆုံးရှုံးမှု နည်းပါးပေသည်။ ဆေးဖော်စပ်တဲ့နေရာမှာ ဆေးအာနိသင်တွေဆုံးရှုံးတာက သာမန်ပဲဖြစ်၏။
ဆေးဖော်စပ်ပြီးရင်လည်း သူ့ဆေးရည်ကို ကြာရှည်ထိန်းသိမ်းထားနိုင် မနိုင်ဆိုတာ အကြီးအကဲစန်းကို မေးပြီးမှပဲ သိတော့မည်။
သူတို့သုံးဦးစလုံးတိတ်ဆိတ်နေကြပြီး မုကျစ်ရှီ ပို၍ စတင်ကာ အားစိုက်ထုတ်ပေသည်။ စုရှောင်ရှန် ထိုဆေးမီးဖိုအိုးမှာ ဆေးပင်တစ်သုတ်တည်းကို သန့်စင်နေတာ ကြာပြီဖြစ်တာကြောင့် သူမ အသာစီးရတယ်လို့ ခံစားလိုက်ရ၏။
သူဆေးဖော်စပ်သည့်နည်းလမ်းက သက်တောင့်သက်သာရှိတယ်ဆိုပေမယ့် အချိန်လည်း အတော်စားပုံရပေသည်။
စုရှောင်ရှန်သူ့ဖော်စပ်နည်းနဲ့ အောင်အောင်မြင်မြင် ဆေးဖော်စပ်နိုင်ရင်တောင်မှ အချိန်ကြာအောင် ပေါင်းနှပ်မှုကြောင့် သူ့ဆေးအာနိသင်တွေက ဆုံးရှုံးရမည်သာ။
“ငါ့အနိုင် ရနိုင်ချေရှိတယ်”
ကိုယ့်ကိုယ်ကိုယ် စိတ်လျော့အားပေးလိုက်ပြီးနောက်မှာ ပါရမီရှင်ဆိုတဲ့အတိုင်း အရင်နှစ်ခေါက်ကျရှုံးမှုများက သင်ခန်းစာယူပြီး ယခုတစ်ခေါက်ကို ဂရုတစိုက်သန့်စင်နေသဖြင့် ပို၍ တိုးတက်လာတာတွေ့ရသည်။
သူမ၏ ဆေးမီးဖိုးအိုးလေးထဲမှ အနက်ရောင်ဆေးလုံးလေးများ ဆေးလုံးသိုမှီးရာ အကန့်ထဲကို လှိမ့်ဆင်းသွားသည်။ မုကျစ်ရှီ ၎င်းတို့အားလုံးကိုတောင် ရွေးချယ်မနေဘဲ အတောက်ပဆုံး၊ ကြည့်လို့အကောင်းဆုံး တစ်လုံးကို ရွေးချယ်လိုက်သည်။
၎င်းက အခြားဆေးလုံးများထင်သေးငယ်ပေမယ့် ဆေးရနံ့ အကြွယ်၀ဆုံးထုတ်လွှတ်နေပေသည်။ တကယ်ကို ရွှေနီဆေးလုံးဖြစ်ပါ၏။
“ဟေး အောင်မြင်ပြီ”
ကလေးမလေးက စိတ်လှုပ်တရှား လက်ထဲက ထိုဆေးလုံးလေးကို ပွတ်သပ်လိုက်ပေသည်။
စုရှောင်ရှန် အံ့အားသင့်သွားရကာ မေးလိုက်သည်။ “ဆေးပင် ဘယ်နှစ်သုတ်လဲ”
“ဆေးပင် ၉သုတ်တည်းနဲ့ အောင်မြင်စွားတာ” မုကျစ်ရှီက စိတ်လှုပ်တရှားပြောသည်။
“တကယ်လား တော်လိုက်တာ”
စုရှောင်ရှန်သူမကို စိတ်ရင်းထဲက တကယ်ချီးကျူးခြင်းဖြစ်ပါသည်။ သူ့တုန်းကဆိုရင် မအောင်မြင်ခင် ဆေးပင်အသုတ် တစ်ရာကျော်လောက်ဖြုန်းတီးမိသလိုဖြစ်ရသည်။
ထို့ပြင် ငရဲမီးတောက်ကောင်းကင်ဆေးလုံးပုံသွင်းနည်းကိုလုပ်ကြည့်သည့်အခါတိုင်းလည်း ကျရှုံးရသည်။ အတိတ်က အတိတ်ဖြစ်တာမို့ စိတ်ထဲက ထုတ်ပစ်လိုက်ပါသည်။
ဒါ့အပြင်ကို သာမန်ဆေးဖော်စပ်သူတစ်ယောက်ကဆေးစတင်ဖော်စပ်ဖူးရာမှာ ဆေးပင်အသုတ် ၁၀၀၀ ကျော်လောက် ဖြုန်းတီးမိတာက သာမန်ပဲဖြစ်၏။
သို့ဖြင့် မုကျစ်ရှီ ဆယ်ခါမြောက်မှာတင် အောင်မြင်သွားတာက တကယ်အထင်ကြီးဖို့ကောင်းပေသည်။
မုကျစ်ရှီ ပုံမကျပန်းမကျဖြစ်နေသေးသော ဆေးလုံးကို အကြီးအကဲစန်းစီ ကမ်းပေးလိုက်သည်။ စိတ်ထဲကလည်း ချီးကျူးမြှောက်ပင့်ခြင်းကို စောင့်နေလိုက်၏။ သူမဖော်စပ်လိုက်သော ဆေးလုံးကို အတန်ကြာ စီစဉ်ကြည့်ပြီးနောက်မှာ အကြီးအကဲစန်း၏ မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာပေသည်။
“မဆိုးဘူး”
၎င်းက အရွယ်အစားသေးငယ်ပေမယ့် ပထမတစ်ကြိမ်မှာ ဤသို့အောင်မြင်မှုရတာကိုက တော်တော်ကြီးကောင်းနေလေပြီ။
ချီးမွမ်းခံရပြီးနောက်မှာ မုကျစ်ရှီ အောင့်အီးမနိုင်တော့ဘဲ ကျစ်ဆံမြှီးကို လက်ဖြင့်ဆော့ကစားရင်းက စုရှောင်ရှန်ထံလျှောက်သွားလိုက်သည်။
“ရှောင်ရှန် နင့်ရဲ့ ဆေးဖော်စပ်တဲ့နှုန်းကလည်း နှေးလိုက်တာနော်။ အဆုံးမှာ ဆေးလုံးကို ဖော်ဆပ်နိုင်တယ်ဆိုရင်တောင် အဲ့အချိန်လေးက ဆေးဆယ်သုတ်စာလောက် ဖော်စပ်ဖို့လုံလောက်နေပြီ။ နင်ငါနဲ့ဘယ်လို ယှဉ်ပြိုင်နိုင်တော့မှာ”
‘ဒီကလေးမလေး ချက်ခြင်းကြီး မောက်မာလာပါလားဟ’ မျက်ခုံးများကိုပင့်ပြီး စုရှောင်ရှန် တွေးလိုက်၏။
“နင်ဖော်စပ်တဲ့ ပဲစေ့အရွယ်အစား ဆေးတွေကလည်း ပုံပန်းအသွင်အပြင်ကောင်းတာ ကြနေတာပဲ။ ဆေးလုံးဆယ်သုတ်စာမပြောနဲ့ အဲ့လို မသုတ်၁၀၀ စာဆိုရင်တောင် ငါက အထင်ကိုမကြီးဘူး။ ဗိုက်တောင်ပြည့်ပါ့မလားမသိဘူး” ချေပလိုက်သည်။
စုရှောင်ရှန်၏ စကားကြောင့် မုကျစ်ရှီဒေါသတို့ဖြင့် မွှန်ထူသွား လေသည်။ ဘာကို ပုံမကျပန်းမကျ ပဲ့စေ့ဆေးလုံးလဲ။ ဘာကိုဗိုက်တောင်မပြည့်တာလဲ။
“အားးး”
စုရှောင်ရှန်၏ နားအနားမှာ စူးစူးရှရှရုတ်တရက်သွားအော်ပစ်လိုက်တာကြောင့် အနီးနားက အကြီးအကဲစန်းတောင်လန့်ဖျပ်သွားသည်။
သို့ပေမယ့် စုရှောင်ရှန်က အကြားအမြင်ကြောင့် ဘာမှန်းအကုန်သိနေရာ မတုန့်ပြန်ပါပေ။ ဒါကြောင့် သူဆေးဖော်စပ်နေတာကို ကျရှုံးအောင် လာနှောက်ယှက်ခြင်းက အိပ်မက်သာဖြစ်သည်။
သူ့ဆေးမီးဖိုအိုးထဲ နောက်ဆုံး ဆေးစက်ကျသွားခြင်းနှင့်အတူ အနီနက်ရောင် အရည်များ စတင်၍ ပုံပေါ်လာတော့သည်။ စုရှောင်ရှန် စိတ်ဖြင့် ထိုရွှေနီရောင် ပျားရည်လို စေးစေးပျစ်ပျစ် လက်သည်းခွံစာလောက်အရည်ကို ထုတ်ယူလိုက်သည်။
ထိုအဖြစ်အပျက်ကြောင့် ကြည့်ရှူနေသူနှစ်ယောက် အံ့အားသင့်သွားကြသည်။
“အဲ့တာ ဘာကြီးလဲ”
မုကျစ်ရှီ တင်းခံထားရင်းက မနေနိုင်တော့ဘဲ ဗိုက်ကိုဖိက်ိုင်ကာ တဟားဟား ထရယ်လိုက်သည်။
“စုရှောင်ရှန် နင်ဟာသလာလုပ်နေတာလား။ နင်ပြောတဲ့စွပ်ပြုတ်ကို ပြုတ်နေတာကြာပြီ ဆေးလုံးတောင်ပေါ်မလာဘဲနဲ့ အဲ ဒါက ဘာကြီးတုန်း… နှပ်ချေးလား”
စုရှောင်ရှန် သူမကို စူးစူးဝါးဝါးစိုက်ကြည့်၍ “နှပ်ချေးက ဒါမျိုးလား”
“ဟားဟားဟား”
: [ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
အကြီးအကဲစန်းက ထိုနှပ်ချေးနဲ့တူသည့်အရာကို ယူပြီး လျက်ကြည့်လိုက်ရာ သူ့မျက်နှာအမူအရာချက်ခြင်းပြောင်းသွားခဲ့ပြီး စုရှောင်ရှန်က တကယ်ထူးခြားတဲ့လူဆိုတဲ့ သူ၏ အတွေးအမြင် ပို၍ ခိုင်မာသွားခဲ့၏။
“ဒါမင်းတီထွင်ထားတာလား”
“ဟုတ်တယ်”
စုရှောင်ရှန်၏ အတည်ပြုကိုချက်ကိုရသောအခါ အကြီးအကဲစန်း တည်ငြိမ်မနေနိုင်တော့ပါ။
အရှေ့အနောက် ခေါက်တွန့်ခေါက်ပြန်လျှောက်ရင်းက ထို နှပ်ချေးကို ထပ်လျှက်လိုက်သည်။ ထိုအရာက ရင်းနှီးတဲ့ အရသာရှိပေမယ့် ဘာလဲခန့်မှန်းရ ခက်နေတာကြောင့် ခမောက်ကို ကျောနောက်ချပြီး ခေါင်းကုတ်လိုက်၏။
စုရှောင်ရှန် အကြီးအကဲစန်းကို ပဟေဠိဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီအပြုအမူက ဘာသဘောလဲ။
ထိုမြင်ကွင်းကြောင့် မုကျစ်ရှီ၏ နှလုံးလည်းတစ်ချက်ခုန်သွားရကာ မေးလိုက်သည်။ “နင့်ရဲ့နှပ်ချေးက…”
“အဲ့တာ ရွှေနီ ဆေးရည်” သူမကို စူးစူးရှရှစိုက်ကြည့်ကာ “နာမည်ရှိတယ်”
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ နင့်ရဲ့ ရွှေနီဆေးရည်ပဲထားပါတော့။ အဲ့တာက တကယ် စားလို့ရလို့လား”
“ရတာပေါ့ ဘာတွေမေးနေတာလဲ” စုရှောင်ရှန် ဒေါသထွက်သွားပေသည်။
သူက နောက်ထပ် ပျားရည်တစ်ပုလင်းကို လက်စွပ်ထဲက ထပ်ထုတ်ယူလိုက်ကာ “ရော့ဒီမှာစားကြည့်”
မုကျစ်ရှီ စက်ဆုပ်ရွံရှာသွားပေမယ့် ဒီအရာက ရင်းနှီးနေတယ်လို့ခံစားလိုက်ရသည်။
ထိုမှ အလန့်တကြားဖြစ်သွားပြီး လက်စွပ်ထဲက ပုံစံတူ ပျားရည်အိုးတစ်ပုလင်းကိုထုတ်ယူကာ “ဒါကနင့်ဟာပဲလား”
ပုလင်းတစ်၀က်ခန့် ပျောက်နေသည့် ရွှေနီဆေးရည်ကိုမြင်ရသောအခါ သူမ မှာလည်း ဘာလို့ဒီအရာရှိနေရတာလဲဆိုပြီး စုရှောင်ရှန် အံ့အားသင့်သွား၏။
တစ်စုံတစ်ခုကို တွေးမိပြီး မုကျစ်ရှီ၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။
ထိုအရာက ထျန်းရွှမ်တံခါးအတွင်းမှာတုန်းက သူမကို စုရှောင်ရှန် အပန်းရောင်ခိုအကြောင်းပြောပြီး လှည့်စားတုန်းက ပေးသည့်လက်စွပ်ထဲပါရှိသောအရာဖြစ်သည်။
ဒီမှာ ပြဿနာက ထိုပုလင်းထဲမှ ပျားရည်လိုလို အရာတစ်၀က်ကို သူမ စားသုံးပြီးဖြစ်ပေသည်။
ဆိုလိုချင်တာက သူမစားလိုက်တာ ထိုနှပ်…
“ဝေါ့”
စုရှောင်ရှန်လည်း စပ်ဖြီးဖြီးဖြစ်သွားကာ “ကျန်တဲ့ပုလင်းတစ်၀က်ကဘာဖြစ်သွားတာလဲ။ ကြည့်ရတာ နင်လည်း ဒီနှပ်ချေးတွေကို စားလိုက်တဲ့ပုံပါ။ ဒါနဲ့များ ငါ့ကို လာလှောင်နေသေးတယ်”
“ပါးစပ်ပိတ်ထားစမ်း”
“နင်ဘဲ နှပ်ချေးဆို”
“ပါးစပ်ပိတ်ထား”
“မပိတ်ဘူး နှပ်ချေး နှပ်ချေး နှပ်ချေး…”
“ဝေါ့…”
တစ်ယောက်နဲ့တစ်ယောက် ကိုက်နေကြသည့်ကြားက ရုတ်တရက် အနောက်က အော့အန်သံကြားလိုက်ရတာကြောင့် သူတို့နှစ်ဦး ကြောင်အသွားပြီး ချက်ခြင်းလှည့်ကြည့်လိုက်ကြသည်။
အကြီးအကဲစန်း တကယ်ကြီးကို အဖြူနဲ့ အဝါရောင်အရာတွေ အန်ချလိုက်တာကြောင့် စုရှောင်ရှန် အံ့အားသင့်သွား၏။
သူမော့ကြည့်လိုက်တဲ့အခါမှာ အကြီးအကဲစန်း၏ ပါးစပ်ထောင့်နားမှာ လက်လက် လက်လက်နဲ့ ဆေးရည်တွေ စီးကျနေတာတွေ့ရသေးသည်။ သူ၏မျက်နှာကလည်း ဒေါသကြောင့် အစိမ်းရောင်တောင်ပြောင်းနေပေသည်။
“ဒါက…”
အကြီးအကဲစန်းသူ့လက်က ကပ်စေးစေးအရာတွေကိုတောင် မကြည်ရဲပါပေ။ ပါးစပ်ထောင့်က အရာများကိုသုတ်ပြီး သူမာန်မဲလိုက်သည်။ “မင်းတို့နှစ်ယောက်စလုံး…”
“ဝေါ့…”
အကြီးအကဲစန်းအရှေ့က အန်ဖက်များကိုမြင်လိုက်ရတာနဲ့ မုကျစ်ရှီ၏ ရင်ဘက်ထဲက ပျို့တက်လာကာ ထိန်းတောင်မထားနိုင်ဘဲ သူမလည်း အန်ထွက်တော့သည်။
အကြီးအကဲစန်း ကလေးနှစ်ယောက်ကို ရွံစရာစကားတွေမပြောဖို့ ဆုံးမ မလို့ရှိသေး မုကျစ်ရှီ၏ အဖြစ်ကြောင့် စကားများလည်မျိုမှာ တစ်သွားကာ သူလည်း ထပ်အန်တော့သည်။
စုရှောင်ရှန် အခြားတစ်ဘက်ကို ခုန်ထွက်လိုက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်ကာ အလှည့်ကျ အန် နေကြသော နှစ်ယောက်ကို ဘေးကကြည့်လိုက်တော့သည်။
“ဝေါ့”
“ဝေါ့”
“…”