Switch Mode

အခန်း (၂၃၇)

မင်းဒီနေ့ ဘာမှ မတွေ့လိုက်ဘူး

“သွေးသောက်တော့ နည်းနည်းပျော်သွားသလိုပါပဲ”

အချိန်အတော်ကြာအောင် စဉ်းစားခန်း၀င်နေပြီးနောက်မှာ ဤအဖြေဖြင့်သာ စုရှောင်ရှန် လက်မှိုင်ချလိုက်ရသည်။

ကျဲကို သတ်ဖြတ်ခြင်းကွင်းပြင်မှာတွေ့ခဲ့ရတယ်ဆိုတော့ သူကလည်း အဲ့ဒီ ပတ်၀န်းကျင်ကြောင့် သွေး‌ဆာလောင်တာ ဖြစ်ရပေမည်။ သူသာ နဂါး သွေးစည်ပိုင်းကြီးတစ်ပိုင်းဖြင့် ကျဲခေါင်းအပေါ်သွန်ချလိုက်ရင် နတ်ပြည်ရောက်သွားမလားဘဲ။

သို့ဖြင့် ယခုကစပြီး အရည်အသွေးမြင့်သွေးတွေ စုဆောင်းဖို့ကို စိတ်ထဲမှာ မှတ်ထားလိုက်တော့သည်။ အရေးကြုံလိုလာလျှင် ပြင်ဆင်ထားတာက ကောင်းသည်။

ကျန်းရှင်းရှုံနှင့် ယွမ်တုတို့၏ သွေးက သူမြင်ဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်မည်။

“ဟုတ်တယ် ဒီလိုလုပ်ရမယ်” ရေရွတ်လိုက်ပေပြီး ခေါင်းဆတ်ဆတ်ညိတ်လိုက်၏။

ကျဲ စိတ်လွတ်တတ်သွားသည့်အခြေအနေကို ဘေးဖယ်ထားရင် ‌ယခုလို တိုက်ခိုက်မှုစွမ်းဆောင်ရည်များနှင့် ကျဲက သူ့အတွက် ဝှက်ဖဲတစ်ခုဖြစ်လာပေလိမ့်မည်။

“ဒါမှမဟုတ်ရင် သူ့စွမ်းအားတွေက စကားတစ်ခုခုပြောပြီး နှိုးဆော်ရတာများဖြစ်နေမလားမသိဘူး”

ကျန်းရှင်းရှုံနှင့် တိုက်ခိုက်တုန်းက ကျဲကို ခုတ်ထစ်လိုက်ဖို့ အော်ပြောတာပြန်မြင်ယောင်မိသွားပြီး ရွှေဉာဏ်တော်ကွန့်မြူးသွားတော့သည်။

“ပီကာ ကျဲ၊ ဓားအသွင်ပြောင်းစမ်း” လေသံမာမာဖြင့် အော်လိုက်သည်။

“မေမေ” ကျဲက သူ့ကို ကြောက်ရွံ့သလိုလိုဖြေလိုက်၏။

မျက်လုံးနှစ်စုံ အကြည့်ချင်းဆုံလေကာ လေထုထဲတွင် တိတ်ဆိတ်မှုတို့ကြီးစိုးသွားတော့သည်။ ထိုစဉ်မှာ စုရှောင်ရှန်၏ ပုခုံးအထက်ရှိ ကျိုးထျန်းရှန်၏ ဘယ်ညာ ယိမ်းနေသော ခြေထောက်များကသာ ထင်ပေါ်နေသည်။

“…”

“ဒါလည်း အလုပ်မဖြစ်ဘူးဟ” စုရှောင်ရှန် ခေါင်းခြောက်သွားရသည်။

စုရှောင်ရှန် အလျော့ပေးတော့မည့်စဲစဲမှာ ကျန်းရှင်းရှုံနှင့် တိုက်ပွဲအပြီးက စကားလုံးကို ပြန်မြင်ယောင်မိပြီး ဆတ်ကတည်းထပြောလိုက်ပေသည်။

“သေးစမ်း”

ရွှစ်ဟူသည့်အသံဖြင့် ကျဲက သံလုံးလေးအသွင်ချက်ခြင်းပြောင်းသွားခဲ့၏။

ဤအမိန့်တစ်ခုတည်းကိုနားလည်သည့်အလားရှိ‌နေပြီး ကျဲက ယခုတိုက်ခိုက်သည့် အနေအထားမှာမဟုတ်တော့ပေ။

စုရှောင်ရှန် ခပ်သဲသဲ့ရယ်ပြီး သူ့အတွေးအခေါ်ယူဆချက်ကို အကောင်အထည် ဖော်ရန် သံ‌လုံးလေးကို ကောက်ယူကာ လေထဲကိုပစ်ထည့်လိုက်လေသည်။

“သွားစမ်း ပီကာကျဲ ငါ့အတွက် ခုတ်ထစ်ပေး”

ရွှစ်ဟူသည့် အသံကြီးနှင့် သံလုံးကလေးက ကျောက်တုံတစ်တုံးရှိရာ ကိုဦးတည်ရာကို ဝင်သွား၏။ အသံသဲ့သဲ့ကလေးဖြင့်လည်း တုန်ခါလာပြီး ရုတ်ချည်း ဆယ်ပေလောက်ကြီးမားသည့် ဆေဘာဓားကြီးအသွင်ကိုပြောင်းသွားတော့သည်။

ဘုန်းးး…။

ကျောက်တုံးကြီးက ကျယ်လောင်သောအသံကြီးနှင့်အတူ အပိုင်းပိုင်းအစအစ မရေမတွက်နိုင်အောင် ဖြစ်သွားကာ အရပ်လေးမျက်နှာကို လွင့်ပျံသွားသည်။ ထိုမှ ဆေဘာဓားကြီး၏ အရှိန်က မရပ်သေးဘဲ မြေပြင်မှာ တရွတ်တိုက် အကြောင်းကြီးတစ်ခုကိုဆွဲသွားသည်။

ဤအပျက်အဆီးမြင်ကွင်းကြီးကြောင့် စုရှောင်ရှန် စိတ်လှုပ်ရှားသွား၏။

“တကယ် အလုပ်ဖြစ်တယ်ကွ။ နောက်တစ်ချက် နောက်တစ်ချက် ထပ်ခုတ်”

ဘေးတစ်ဘက်က သစ်ပင်များရှိရာကို စုရှောင်ရှန် လက်ညိုးထိုးပြရာ ဆေဘာအသွင်ကျဲက အနက်ရောင်အလင်းတန်းတစ်ခုဖြစ်သွားပြီး သွားဖြတ်ပိုင်းသည်။

ဇွက် ဇွက် ဇွက်

အနက်ရောင်အလင်းတန်းနှင့် ထိသည့်အရာမှန်သမျှ နှစ်ပိုင်းပြတ်ထွက်သွားရသည်သာ။ သို့ဖြင့် အပင်ရာနှင့်ချီ၍ ဝုန်းကတည်းအသံများဖြင့် ပြိုလဲကျသွားကြပြီး ဖုန်မှုန်များ တထောင်းထောင်းထသွားစေတော့သည်။

သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် စုရှောင်ရှန်မှင်တက်သွား၏။

“ကြမ်း- ကြမ်းတယ်ဟ”

ထိုမှ ‌အဝေးသာလျှင် အမိန့်ပေး၍ တိုက်ခိုက်နိုင်သည်မက အနီးကပ်တိုက်ပွဲများမှာလည်း ရန်သူများကို အငိုက်ဖမ်း အရေးနိမ့်သွားအောင် တိုက်လိုက်နိုင်တာ စိတ်ကူးပေါက်သွားပေသည်။

“အံ့မခန်းပဲ”

စုရှောင်ရှန် သူ့ပေါင်သူ ဖြတ်ကတည်း စိတ်လှုပ်တရှား ရိုက်လိုက်သည်။ ကျဲက ပုံစံအမျိုးမျိုးဖြင့်လည်း သုံးလို့ရနေသေးရာ ဘယ်အခြေအနေမှာမဆို အလိုက်သင့်လေး ပြောင်းလဲ အသုံးပြုနိုင်ပေမည်။ ဥပမာ နောက်ကရန်သူကလိုက်လို့ ထွက်ပြေးနေရသည့်အခိုက်မှာ သံလုံးလေးကိုပစ်လိုက်တာ ဧရာမ ဆေဘာဓားကြီးအသွင်ပြောင်းသွားတယ် ဆိုပါစို့။

“ဒီဘက်ကိုချ”

စုရှောင်ရှန် ခြုံနွယ်များထူထပ်စွာပေါက်ရောက်နေသော နေရာတစ်ခုကို လက်ညိုးထိုးပြပြီး “သွား ပီကာကျဲ ထိုးကွ”

သူက “ခုတ်ထစ်”လို့ပြောတော့ ဆေဘာဓားအသွင်ကိုပြောင်းပြီး “ထိုး” လို့ပြောရင် ဓားအသွင်များပြောင်းမလားမသိ စမ်းကြည့်လိုက်သည်။

သို့ပေမယ့် ဆေဘာဓားက သူ့အမိန့်ကို နားမလည်သလို သူ့ထံ ပြန်လာခဲ့၏။

“…”

“ငါအမိန့်ပေးတဲ့ ပုံစံက မှားနေလို့များလား။ ဒါဆိုရင် သံလုံးလေးအသွင်ပြောင်းပြီး ပြန်ပစ်ကြည့်ရမယ်ထင်တယ်”

တိတ်တခိုးနာကျင်ခြင်းကတောင် သူ့ကို ပြန်သတ်ဖို့ကြိုးစားတာကြုံဖူးရာ ထိုအခြေအနေကို ထူးဆန်းတယ်လို့ မခံစားရပါချေ။ ကျဲ၏ အခြေအနေကလည်း တိတ်တခိုးနာကျင်ခြင်းလို အဆက်မပြတ် လေ့ကျင့်ပို့ချမှုလိုလောက်ပေသည်။

“ဘာဖြစ်ဖြစ် စမ်းကြည့်တာမမှားဘူး”

စုရှောင်ရှန် စိတ်ဝိညာဉ်အာရုံဖြင့် ကျဲကို သံလုံးလေးအသွင်ပြန်ပြောင်းခိုင်းလိုက်ပြီး ကျောက်တုံးကြီးတစ်တုံးစီကို ပစ်လွှတ်လိုက်သည်။

“သွား၊ ပီကာကျဲ၊ ထိုးစမ်း”

ဒီလိုခဏခဏအမိန့်ပေးနေရတာ စိတ်လှုပ်ရှားစရာကောင်းသလို တစ်ချိန်တည်းမှာလည်း ရှက်စရာကောင်းနေပေသည်။ ဘာဖြစ်ဖြစ် ကျဲကို ဓားအသွင်ပြောင်းစေမယ်‌ဆိုရင်တော့ လုပ်ကိုလုပ်ရမည်ဖြစ်၏။

ကံကောင်းတာက အနီးအနားမှာ မည်သူမှ မရှိလို့ပေါ့။

သို့ပေမယ့် သံလုံးလေးက သူ့အမိန့်ကိုမနာခံဘဲ ဒီအတိုင်းသံလုံးအသွင်ဖြင့်ပဲ ကျောက်တုံးကြီးကိုခွဲဖောက်ထွက်သွားခဲ့သည်။

“လခွမ်း မင်းနဲ့ တိတ်တခိုးနာကျင်ခြင်းတို့ အတူတူနဲ့ အနူနူပဲ တစ်ကောင်မှ ငါ့ကို စိတ်ချမ်းသာအောင်မထားဘူး”

ကျဲကို လက်ညိုးထိုးပြီး စုရှောင်ရှန် ဒေါသတကြီး ပြောလိုက်သည်။ “လာလေ လာစမ်းပါ မင်းအကိုလို ငါ့ကို ပြန်လာသတ်လိုက်”

ရှီးးး…။

ထိုရင်းနှီးသောအသံလေးနှင့်အတူ သံလုံးလေး၏ မျက်နှာပြင်ပြောင်းလဲလာနေခဲ့ပြီး လေထဲကို ပျံတက်သွားတော့သည်။

စုရှောင်ရှန်၏ မျက်လုံးများ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားခဲ့၏။

“မဟုတ်တာ…”

သံလုံးလေးကို သူ့အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်နှင့် စုရှောင်ရှန် ဖမ်းဆုပ်ဖို့လုပ်တော့ စောနက ဆေဘာဓားထက် နှစ်ဆလောက်ကြီးသည့် နှင်တံကြီးအဖြစ်ကို ပြောင်းသွားခဲ့သည်။

ဘုန်းးး…။

ဒီတစ်ခါတော့ စုရှောင်ရှန်လည်း မခုခံနိုင်ပါချေ။

ကျဲ၏ လက်သီးတစ်ချက်ကတောင် သူ့ကို မြေပြင်မှာ အလွယ်တကူ ပြားပြား၀ပ်သွားစေနိုင်တာ ယခုလောက်ကြီးသည့် နှင်တံကြီးဆိုရင်တော့ သူ့ကို အရိုးတစ်ခြားအသားတစ်ခြားတောင်ဖြစ်သွားစေမလားဘဲ။ လေကိုခွင်း၍လာနေသော နှင်တံကြီး၏ အသံကို ကြားရပြီး လျှက်တပြက်အတွင်း ၎င်းနှင့်ထိရိုက်သွားသည်။

ဘုန်းကတည်းဟူသော မြည်သံကြီးဖြင့်အတူ စုရှောင်ရှန်၏ ခန္ဓာကိုယ်က ပုဇွန်တစ်ကောင်လိုကွေးကွေးလေးဖြစ်သွားပြီးလွင့်ထွက်သွားခဲ့သည်။ သစ်ပင်ပေါင်းရာနှင့်ချီ၍ ထိတိုက်ချိုးဖျက်သွားပြီးနောက်မှသာ အရှိန်ရပ်သွားပေ၏။

“လခွမ်းးး”

စုရှောင်ရှန် ဘာ‌ပြောရမှန်းမသိဖြစ်နေ၏။

တိတ်တခိုးနာကျင်ခြင်းနှင့်တောင် စာရင်းမရှင်းနိုင်သေးတာ ကျဲကပါ နောက်က အဆစ်တိုးပါလာခဲ့သည်။ ကံဆိုးမ မိုးလိုက်လို့ရွာ ဘာတစ်ခုမှကို ဟုတ်တိ ပတ်တိ မရှိပါချေ။

စုရှောင်ရှန်ထိုသို့တွေးမိပြီး မဆီမဆိုင် တိတ်တခိုးနာကျင်ခြင်းကို သိုလှောင်လက်စွပ်ထဲက ထုတ်ယူကာ ဓားအိမ်ထဲက ဆွဲထုတ်လိုက်သည်။ ထို့နောက် အားပြင်းပြင်း လက်ဖြင့်တောက်လိုက်၏။

“ဟမ့်။ ကျဲကို ငါအပြစ်မပေးနိုင်မှတော့ ပေးနိုင်တဲ့မင်းကို ပေးပစ်မယ်ကွ။ ငါ့ကို ပုန်ကန်တဲ့ကောင် မှတ်ပလား”

ရွှီ….

တိတ်တခိုးနာကျင်ခြင်း ပျော့ခွေသွားကာ မတ်မတ်မထောင်ရဲပါချေ။

ဤအချင်းအရာကြောင့် စုရှောင်ရှန် ထပ်မံ စွံ့အသွားရ၏။

စိတ်လျော့လိုက်ပြီးသည့်နောက်မှာ ဘာမှ မတတ်နိုင်တာကိုသိလိုက်ရသည်။ တိတ်တခိုးနာကျင်ခြင်းကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ကျဲကိုလည်း မာမာထန်ထန် သံလုံးလေးအသွင်ပြန်ပြောင်းဖို့ အမိန့်ပေးကာ ကောက်ယူလိုက်သည်။ ပြီးနောက် မျက်မှောင်ကြုတ်ထားပြီး နေရာမှာ ဖင်ထိုင်ချလိုက်၏။

“ကျဲက တိုက်ပွဲအကြားမှာ အမိန့်ပေးမှသာ စိတ်ပါလက်ပါ ပြောင်းလဲမှာများလား ။ တကယ်တိုက်ပွဲရောက်မှ အလုပ်မဖြစ်ရင်ရော”

“စုရှောင်ရှန်” သူ့နောက်က ဒေါသတကြီးအော်သံတစ်ခုကိုကြားလိုက်ရလို့ လည်ပြန်ကြည့်လိုက်ရာ တစ်ကိုယ်လုံးအနက်ရောင်၀တ်ထားသောလူတစ်ဦးကိုတွေ့ရသည်။ “ဒါမင်းလုပ်ထားတာလား”

ထိုသူက ကျောက်ကျစ်တုံ့မဟုတ်ပေမယ့် အရင်က မြင်ဖူးသလိုလိုနှင့် ရင်းရင်းနှီးနှီးခံစားနေရသည်။

“ဘာဖြစ်လို့လဲ” စုရှောင်ရှန်မေးသည်။

“ဘာဖြစ်ရမှာလဲဟုတ်လား…” အနက်၀တ်လူစွံ့အသွားပြီး ဘေးပတ်၀န်းကျင်တစ်ခုလုံးကို လက်ညိုးထိုးပြလိုက်၏။ “ဒီအပျက်အဆီးတွေကိုကြည့်ဦး။ မင်းကိုယ်မင်းဘာလုပ်နေတယ်ထင်နေတာလဲ”

သူညွှန်ပြသည့်အတိုင်း စုရှောင်ရှန် လိုက်ကြည့်လိုက်သည်။

‌ဘယ်ဘက်ခြမ်းမှ အပင်များက ကျဲကြောင့် နှစ်ပိုင်းဖြစ်သွားရာ နေပိုထိုးကျလာနိုင်သည့်အတွက် ပြောင်ပြောင် ပြောင်ပြောင်ဖြစ်နေသည်။

ညာဘက်က စုရှောင်ရှန်ထိတိုက်ချိုးဖျက် အမြစ်နှုတ်မိသွားသော ဘက်ကတော့ လမ်းကြောင်းအသစ်လေးတောင် ဖောက်ပြီးသားဖြစ်သွား၏။

“ဒါက…”

စုရှောင်ရှန် သူပြဿနာရှာမိသွားတာ သိလိုက်ပြီး လန့်ဖျပ်သွားတော့သည်။ သို့ဖြင့် စောနက နှင်တံနှင့်အရိုက်ခံလိုက်ရချိန် တစ်ဘက်သို့ လွင့်ထွက်သွားသော ကျိုးထျန်းရှန်ကို အလျင်အမြန်ကောက်မိပြီး စည်းကမ်းကြီးကြပ်သူ၏ လက်ထဲထည့်ပေးလိုက်သည်။

“အမြန် သူ့ကိုကယ်ဦး။ မဟုတ်ရင် အချိန်နှောင်းသွားလိမ့်မယ်။ စိတ်ဝိညာဉ်ဆေးဖက်ဆိုင်ရာ ဌာနကိုအမြန်သွားတော့” စုရှောင်ရှန်က စိုးရိမ်နေသော အမူအရာဖမ်းပြီးဆိုလိုက်သည်။

ကျိုးထျန်းရှန်ကို ဒီလိုဘာလို့ဖြစ်သွားရတာလဲ အနက်၀တ်လူတွေးမိပြီး စုရှောင်ရှန်ကို မသင်္ကာသလိုကြည့်လိုက်၏။

“မဟုတ်ဘူး။ ကျုပ်လုပ်တာမဟုတ်ဘူး”

သူဘာကိုဆိုလိုချင်သလဲဆိုတာ စုရှောင်ရှန် မပြောဘဲတောင်သိပါသည်။ “ခင်ဗျားဒီကိုလာတာ သိပ်မကြာသေးဘူးထင်တယ်။ ဘာမှ ထွေထွေထူးထူးလဲမပြောချင်တော့ဘူး။ ကျုပ်ဟာကျုပ် နည်းစနစ်တစ်ခုကိုစမ်းကြည့်နေတာ။ ဘာမှ အရေးမကြီးဘူး။ ပမွှားလေးပဲ…”

ဤသည်ကိုကြားသောအခါ အနက်၀တ်လူ အခက်တွေ့သွားပြီး ပြန်ချေပလိုက်သည်။ “ဒီကိစ္စက ဘာမှ အသေးအမွှားလေးမဟုတ်ဘူး။ ဒီမှာစောင့်နေဦး။ ခေါင်းဆောင်ကိုငါ အရင်သွားခေါ်လာခဲ့မယ်”

ကျန်ရှင်းရှုံကို စုရှောင်ရှန် ခေါင်းဖြတ်တာ မြင်လိုက်ရ၍ ယခု ကျိုးထျန်းရှန်ကို မထမ်းဘဲ လက်နှစ်ဖက်စလုံးသုံးနိုင်ရင်တောင် စုရှောင်ရှန်ကို အနိုင်မယူနိုင်တာသိသည်။

သို့ပေမယ့် သူမလုပ်နိုင်ရင် ခေါင်းဆောင်တော့လုပ်နိုင်တာပဲ။

“ရပ်လိုက်စမ်း” စုရှောင်ရှန် အော်လိုက်သည်။

အနက်၀တ်ကြီးကြပ်သူလည်ပြန်ကြည့်လိုက်သောအခါ အနီနက်ရောင်တံဆိပ်ပြားတစ်ခုကို စုရှောင်ရှန်ထုတ်ယူတာမြင်လိုက်ရ၏။ ရုပ်ချည်း စုရှောင်ရှန်က သူ့ရှေ့မှာပေါ်လာပြီး မျက်နှာနားကို တံဆိပ်ပြားကြီးကပ်ပြီးပြောလိုက်သည်။

“အကြီးအကဲစန်းရဲ့ အမိန်နဲ့ ခင်ဗျား စိတ်ဝိညာဉ်ဆေးဘက်ဆိုင်ရာ ဌာနကို သူ့ကိုကယ်ဖို့ချက်ခြင်းသွားရမယ်။ ဒီနေ့ ဘာမှမမြင်လိုက်ရဘူး မသိဘူးလို့မှတ်”

အနက်၀တ်လူ ကြောင်အသွား၏။

Comment

Leave a Reply

Options

not work with dark mode
Reset