Switch Mode

အခန်း (၂၃၆)

အသိဉာဏ်မဲ့သော ရတနာ

ရှောင်ချိစွေအသိမပေးဘာမပေးနှင့် ကျောက်ကျစ်တုံ့၏ နာရင်းကိုဆော်ထည့်ပစ်လိုက်သဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

မတရားခံရသလို မျက်ရည်ရွန်းလဲ့နေသော မျက်၀န်းများဖြင့် အရိုက်ခံလိုက်ရသည့် နေရာကိုပွတ်ကာ “ကြိုပြောထားတယ်လေ ခန့်မှန်းတာလို့”

“ဟက်” ရှောင်ချိစွေက နှာခေါင်းတစ်ချက်ရှုံ့ကာ ဆက်လက်၍ “မင်းရဲ့ ပဲစိလောက်လေးရှိတဲ့ ဦးနှောက်ကိုသေချာမေးဦး အကြီးအကဲစန်းက ဘယ်သူလဲလို့။ သူက ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ရဲ့ ဒုခေါင်းဆောင်ကွ ဘယ်ကသာ သူတော်စင်အစေအပါးဖြစ်ရမှာလဲ။ ဒီလို အတွေးမှားတာက အကြောင်းဖန်ရင် စိတ်ဝိညာဉ်နန်းတော်ကိုတောင် ထိခိုက်စေနိုင်တယ်။ ငါတို့စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက သက်သေမရှိရင် မလုပ်ပါဘူးဆိုတာ ငါဘယ်နှစ်ခါပြောရမလဲ”

ထို့နောက် ကျောက်ကျစ်တုံ့ကို ငှဲ့ကြည့်ကာ မေးလိုက်သည်။ “မင်းကော ပြစ်ဒဏ်စီရင်ရေးခုံရုံးကိုသွားချင်နေတာလား”

ကျောက်ကျစ်တုံ့ နောက်သို့ တရွတ်တိုက်ဆုတ်သွားပြီး ပါးစပ်ကို တင်းတင်းကြပ်ကြပ်လက်ဖြင့် ပိတ်လိုက်ပါသည်။

“စား” ရှောင်ချိစွေက ‌စားပွဲကို ‌စိတ်ဆိုးမာန်ဆိုးရိုက်ကာ ထပ်လောင်း၍ “မြန်မြန်စားပြီးမြန်မြန်ပြန်တော့”

ကျောက်ကျစ်တုံ့ သံသယ၀င်စရာရှားလို့ အကြီးအကဲစန်းကိုမှ သံသယသွား၀င်တာကြောင့် ရှောင်ချိစွေဒေါပွသွားသည်။ အကြီးအကဲစန်းက မြင့်မြတ်နတ်ဘုရားနန်းတော်က သူလျှိုဆိုရင်တောင် သူတို့ယုံနိုင်သေးသည်။

သူတော်စင်အစေအပါးဆိုတာကြီးကတော့ တော်တော့်ကိုလွန်သွားချေပြီ။

အကြီးအကဲစန်းလို သူတော်စင်အစေအပါးအဖွဲ့အစည်းကို နှစ်ပေါင်းများစွာကြာအောင် သဲကြီးမည်းကြီး လိုက်လံတိုက်ခိုက်လာနေသည့်သူက သူတော်စင်အစေအပါးဖြစ်ရမတဲ့လား။

“ဘာမှ ကမသိဘူး။ အရည်မရအဖက်မရတွေက လာပြောသေးတယ်…” ရှောင်ချိစွေ ပွစိပွစိရေရွတ်ရင်းက သေရည်အိုးယူကာ ခွက်ရှာမရသဖြင့် စားပွဲပေါ်ကို ပြန်ဆောင့်ချလိုက်သည်။

သူလူရွေးမှားခဲ့လေပြီ။

ကျောက်ကျစ်တုံ့ အလျင်အမြန်ပဲ ‌ခွက်တစ်ခုကိုကမ်းပေးလိုက်ပြီး ဖြောင့်ဖြလိုက်သည်။ “စိတ်လျော့ပါ… စိတ်လျော့”

ပြီးနောက် ငန်းခြေထောက်တစ်ဖက်ကို ဆွဲဖြုတ်၍ ပြောင်းသလင်းခါသွားအောင် စားသုံးပြီးလျှင်ပြီးချင်း ချက်ခြင်းထရပ်လိုက်၏။

“ကျုပ်ဗိုက်၀ပြီ”

ဖြစ်နိုင်လျှင် ဒီနေရာကနေ အလျင်အမြန်ထွက်သွားချင်နေပါသည်။

ရှောင်ချိစွေ ဒေါသထွက်တာလောက် သူကြောက်သည့်အရာမရှိချေ။ ဒါကလည်း နှစ်ပေါင်းများစွာကြာအောင် အော်ငေါက်ခံလာရပြီးတော့ ပေါ်ပေါက်လာသည့် အကြောက်တရားဟုပြောနိုင်သည်။

“ခဏ နေဦး”

ကျောက်ကျစ်တုံ့ ခြေနှစ်လှမ်းပဲ လှမ်းရသေးသည် ရဲ့ရှောင်ထျန်း၏ အသံပေါ်လာသောကြောင့် နောက်သို့ လေးလေးစားစား ပြန်လှည့်လိုက်၏။

ဆံဖြူကလေးငယ်က စားပွဲကိုလက်ဖြင့်တောက်၍ တစ်စုံတစ်ခုကို စဥ်းစား ချင့်ချိန် နေဟန်ဖြင့် ခေါင်းငိုက်စိုက်ကျနေပေသည်။

“မင်းဒီကောင်ရဲ့ အရည်မရ အဖက်မရစကားတွေကို ယုံတာလားဟ” ရှောင်ချိစွေ အထိတ်တလန့် ထအော်သည်။

အကြီးအကဲကျောက်လည်း ရဲ့ရှောင်ထျန်းကို အလားတူ မှင်သေနေသော အမူအရာဖြင့်ကြည့်လိုက်ပြီး ‌ခေါင်းကို အသာခါရမ်းလိုက်၏။

“ငါမယုံပါဘူး”

သူ့စကားက ကြည်လင်လေးနက်သည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် အကြီးအကဲစန်းနှင့် အတူပေါင်းသင်းရင်းနှီးလာပြီးသည့်နောက်မှာ ရှိသော ယုံကြည်မှုမျိုးကိုထင်ဟပ်ပြသနေပေသည်။

သို့ပေမယ့် ရဲ့ရှောင်ထျန်း၏ ထိုသို့အမူအရာက ချက်ခြင်း ပြောင်းလဲသွားရပြီး “ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်သာ ယုံဖို့ ငါ့ကို ပြောတာလဲ သူပဲ”

သက်ပြင်းချလိုက်ပြီးနောက်မှာ ရဲ့ရှောင်ထျန်း မျက်၀န်းများအတွင်း စိတ်ပိုင်းဖြတ်ထားသော အမူအရာတို့ပေါ်လာပြီး ကျောက်ကျစ်တုံ့ကို အလေးအနက်ပြောလိုက်သည်။

“အကြီးအကဲစန်းအရင်နှစ်တွေတုန်းက ဘာလုပ်တယ်၊ ဘယ်သွားတယ်၊ ဘယ်သူတွေကို သတ်ခဲ့လဲ ပတ်သက်တာတွေအကုန် မြေလှန်ရှာ။ အထူးသဖြင့် သူသူတော်စင်အစေအပါးနဲ့ ပတ်သက်တဲ့ဟာတွေစုံစမ်းလာခဲ့”

ထိုစကားကြောင့် ကြက်‌သေသေနေသော ကျောက်ကျစ်တုံ့ သတိပြန်လည်လာသောအခါ စိတ်လှုပ်ရှားမှုတို့ မျက်၀န်းထဲ ထင်ဟပ်သွားပေသည်။

အကြီးအကဲစန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရမယ်လို့ အိပ်မက်တောင်မမက်ဖူးပါချေ။

“အမိန့်အတိုင်းပါ ခေါင်းဆောင်”

ရဲ့ရှောင်ထျန်း ပြီးနောက် မယုံကြည်နိုင်ဖြစ်နေသော ရှောင်ချိစွေတို့ကို ပြန်ကြည့်လိုက်ပြီး ခေါင်းခါရမ်းကာသာ အစားစားဖို့ ပြင်လိုက်၏။

“ဖြစ်နိုင်ချေက မဖြစ်နိုင်သလောက်‌ရှိရင်တောင် ငါစစ်ဆေးကြည့်ချင်သေးတယ်။ တစ်ခုခုတော့ ရှိကိုရှိရမယ်” ရဲ့ရှောင်ထျန်းက ဆက်လိုက်ပါသည်။

ကျောက်ကျစ်တုံ့ ဦးညွှတ်၍ ထွက်သွားရန်ပြင်လိုက်သည်။ ထိုမှ ရဲ့ရှောင်ထျန်း နောက်ထပ် ပြဿနာတစ်ထုကိုတွေးမိပြီး ခေါင်းခဲသွားတော့ပြီး တူကိုကိုင်ထားသောလက်ဖြင့်ပင် နားထင်ကို ပွတ်သပ်ကာ “ ပြီးတော့ စုရှောင်ရှန်ကိုလည်း သေချာကြည့်ထားဦး။ နောက်ထပ် ပြဿနာတွေထပ်မလုပ်မိခိုင်းစေနဲ့။ မဟုတ်ရင် ငါတစ်ခုခုလုပ်မိတော့မယ်”

“စုရှောင်ရှန် ငါ့ကိုစောင့်ဦး”

ထိုအော်သံကြီးက စုရှောင်ရှန်ရဲ့ အာရုံကိုဖမ်းစားသွားသည်။

: [‌တောင်းဆိုခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ခေါင်းခြောက်စရာပြဿနာတစ်ခုလာတော့မှာသိနေတာကြောင့် မှုန်သေသေမျက်နှာထားဖြင့် စုရှောင်ရှန် နောက်လှည့်ပြီး ကျိုးထျန်းရှန်ကို ပြောလိုက်သည်။ “မင်းကိုဘယ်နှစ်ခါပြောရမလဲ အဲ့တာ ဆေဘာဓားပြားကြီးမဟုတ်ပါဘူး။ သံတုံးကြီးပါဆို။ ပြီးတော့ အဲ့တာနဲ့ပတ်သက်တဲ့ ဘာနည်းစနစ်မှလည်းမရှိဘူးဟ”

စုရှောင်ရှန် ပါးစပ်ထွက်လာသမျှကို ကျိုးထျန်းရှန်အယုံအကြည်မရှိပါလေ။

၎င်းက ဆေဘာမဟုတ်သလို ဘာဆေဘာနည်းစနစ်မှလည်း မဟုတ်ဘူးဆိုရင် သူစောနက တွေ့လိုက်ရတာက ဘာလဲ။

လေထဲမှာ ရုတ်တရက် ဧရာမ ဆေဘာဓားပြားကြီး ထွက်ပေါ်လာပြီး ကျိုးထျန်းရှန်၏ ခေါင်းကို ဖြတ်လိုက်သည့် ဖြစ်ရပ်က သူ့မျက်လုံးထဲက မထွက်သေးပေ။ ဤသို့ ဓားကြီးက သူ့နောက်ကျောက ရွှေကြီးစိုးခြင်း ဆေဘာထက် အဆတစ်ရာလောက်သာပြီး ပိုပြီးလည်း အန္တရာယ်များ၏။

“ငါတစ်ချက်ပဲကိုင်ကြည့်ချင်တာပါဟ။ မင်းရဲ့ ဆေဘာကိုမလိုချင်ပါဘူး” ကျိုးထျန်းရှန် တောင်းဆိုပါသည်။

“လခွမ်း မပြောခင် သွားရေလေးဘာလေး အရင်သုတ်ပြီးမှပြော” စုရှောင်ရှန် စက်ဆုပ်ရွံ့ရှာသလိုပြောလိုက်၏။

ကျိုးထျန်းရှန်က တကယ်ကို ခါချရ ခက်လှပေသည်။ တဖြည်းဖြည်းနှင့် စိတ်ကျဉ်းကြပ်လာသော စုရှောင်ရှန် မအောင့်အီးနိုင်တော့ဘဲ ပြောလိုက်သည်။ “ငါတို့ထျန်းရွှမ်တံခါးထဲမှာတုန်းက မင်းနောက်ဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းကို မှတ်မိသေးတယ်မလား”

ကျိုးထျန်းရှန် ပဟေဠိဖြစ်သွားပြီး ဘာမြင်ခဲ့ရသလဲ စဉ်းစားလိုက်သည်။ ပြီးမှ ကလေးငယ်တစ်ဦးသူ့ကိုထိုးပြီးနောက်မှာ အမှောင်ဖုံးသွားခြင်းကို ပြန်အမှတ်ရလိုက်၏။

“ဟုတ်တယ် အဲ့ကလေးပဲ”

စုရှောင်ရှန် အင်္ကျီရင်ဘက်ထဲကနေ သံလေးလုံးတစ်လုံးကို ထုတ်ယူလိုက်တာကိုမြင်သော ကျိုးထျန်းရှန်၏ မျက်၀န်းများ ၀င်းပသွားခဲ့သည်။

ကျန်းရှင်းရှုံအပါအ၀င် လူတိုင်းကျဲ၏ ပုံပန်းသွင်ပြင်ကို အထင်သေးမိတာကြောင့် အငိုက်မိသွားပေသည်။ ထိုမှ ရုတ်တရက် ပုံပြောင်းလိုက်ရာ ဘာကိုမှ မတုန့်ပြန်နိုင်အောင် အချိန်နှောင်းသွားခဲ့ရ၏။

“ပြောင်း၊ ပြောင်း ဆေဘာအဖြစ်ကိုပြောင်း” ကျိုးထျန်းရှန် စိတ်လှုပ်တရှား အော်လိုက်၏။

“မင်းတကယ် တွေ့ချင်တာလား” စုရှောင်ရှန် အလေးအနက်မေးလိုက်သည်။

စုရှောင်ရှန်၏ မျက်၀န်းများထဲက ယုတ်မာတော့မည့် အကြည့်များကို သတိမထားမိဘဲ သွားရေများကို သုတ်ရင်း ကျိုးထျန်းရှန် ကြက်အစာကောက်သလို ခေါင်းတဆတ်ဆတ်ညိတ်လိုက်လေသည်။

စုရှောင်ရှန် သက်ပြင်းချ၍ ဘောလုံးလေးကို လေထဲပစ်လိုက်ရာ ရုပ်သေးကလေးငယ်အသွင်ကို ချက်ခြင်းပြောင်းသွားသည်။

“ကျဲ အားနည်းနည်းပဲသုံးနော်”

ကျိုးထျန်းရှန် ထိုစကားကိုကြားသောအခါ တစ်ခုခုမူမမှန်တာကို ခံစားမိပြီး ထိုကလေးငယ်ကို အလျင်အမြန်ပြန်မော့ကြည့်လိုက်ရာ လက်သီးတစ်လုံးကိုသာ မြင်လိုက်ရ၏။

“ဟမ်”

ဘုန်းးးး…။

သို့ဖြင့် နောက်တစ်ခါ အမှောင်ဖုံးပြီး သတိလစ်သွားပြန်လေတော့သည်။

“ဟူးးး နောက်ဆုံးတော့ တည်ငြိမ်အေးဆေးမှုလေးရပြီပေါ့”

စုရှောင်ရှန် စိတ်သက်သာရာရစွာ နောက်တစ်ခေါက် သက်ပြင်းထပ်ချလိုက်ပြီး ကျိုးထျန်းရှန်မြေပြင်ပေါ်ကို လဲမကျခင် ဆက်ကြားလေးမှာ အလျင်အမြန်ဖမ်းကာ သူ့ပုခုံးပေါ်တွင် ထမ်းလိုက်‌သည်။

သူသာ ဒီအူတူတူ အတတ အကောင်ကို ရှင်းပြနေရရင် နေ့တစ်၀က်လောက် သွားချေတော့မည်။

ဒါဖြင့် အပူအကပ်မခံနိုင်သော စုရှောင်ရှန် ပြဿနာကိုတစ်ခါတည်း ပြီးစီးပြီးမြောက်စေရန် ဆော်ထည့်ပစ်ခိုင်းလိုက်လေ၏။

ကျိုးထျန်းရှန်ကို ဖြေရှင်းပြီးနောက်မှာ ကျဲကို သူလှည့်ကြည့်လိုက်သည်။

ကျဲက ယခုလည်း ကလေးသူငယ်တစ်ယောက် သွင်ပြင်သာရှိသေးပေမယ့် ယခင်တစ်ခေါက်ကထက် အနည်းငယ် ထူးခြားနေသည်။

“မင်းက ဆေဘာအဖြစ်တောင်ပြောင်း‌နိုင်ရင် သာမန် ဓားအဖြစ်ကော ပြောင်းနိုင်လား” စုရှောင်ရှန်မေးသည်။

“မေမေ” နီနီရဲရဲ ပန်းသီးလေးအလားမျက်လုံးများဖြင့် ကျဲက ဖြေလိုက်၏။

“…”

သူတို့က အခက်အခဲထဲမှာမဟုတ်၍များ ကျဲက စကားနားမထောင်နေတာလားဟု စုရှောင်ရှန် စိတ်ကူးပေါက်သွားသည်။ ဒါမှမဟုတ်လည်း သူ့ကို ထိန်းချုပ်လို့မရသေးတာက လုံလောက်အောင်ရင်းနှီးခြင်းမရှိသေးလို့များလား။

အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးနောက်မှာ ကျဲထံက မေမေဟူသည့် တုန့်ပြန်မှုကိုသာ ရလိုက်ပေသည်။

“ကျစ်… မဟုတ်သေးပါဘူး”

ကျဲ၏ ပါးနှစ်ဖက်ကို စုရှောင်ရှန် ညှစ်ရင်းက ကလေးငယ်၊ သံလုံးနှင့် ဆေဘာဓားအဖြစ် ပြောင်းနိုင်တာကို စဉ်းစားလိုက်သည်။

ကျဲက တကယ်ဘာကြီးလဲ။ ဒီသဏ္ဌာန်သုံးမျိုးကလွဲလို့ အခြား သဏ္ဌာန်ဘယ်လိုပြောင်းရမလဲ မသိတာများလား။

“မဟုတ်လောက်ပါဘူး။ ငါအသုံးမသိတာဖြစ်လောက်မယ်”

ဘာဆက်လုပ်ရမလဲ ‌အတွေးနက်နေရင်း စုရှောင်ရှန်၏ ခေါင်းမှာ အငွေ့များတောင်ထလာခဲ့သည်။

ကျန်းရှင်းရှုံလို အရှင်သခင်နယ်ပယ်ကျင့်ကြံသူကိုတောင် ကြက်က‌လေး ငှက်က‌‌လေးလို သတ်ဖြတ်နိုင်သည့် ရတနာတစ်ပါးကိုလက်ထဲကိုင်ထားရပြီး ဘယ်လိုထိန်းချုပ်ရမလဲ ရွာလည်နေတာကြောင့် စုရှောင်ရှန် ငိုချင်သွားသည်။

ဇွက်…။

ကြံရာမရတဲ့အဆုံး သူ့လက်ကို အသာလှီးဖြတ်ကာ ‌ကျဲရဲ့ခေါင်းကို သွေးတစ်စက်ချလိုက်သည်။

ထိုသွေးစက် ကျဲရဲ့ ခေါင်းမှတစ်ဆင့် မျက်လုံး၊ နှာခေါင်းနှင့် နောက်ဆုံး ပါးစပ်ထောင့်နားမှ ၀င်သွားသည်အထိ စီးကျသွားတာကို ဂရုတစိုက်စောင့်ကြည့်နေလိုက်၏။

ရွှင်းးးး…။

ကျဲ၏ အနီရောင်မျက်၀န်းများ၀င်းပလာခဲ့ပြီး စိတ်လှုပ်ရှားသောအမူအရာကို ပြသလိုက်ပေသည်။

“အလုပ်ဖြစ်တယ်လားဟ”

စုရှောင်ရှန် ပီတိဝေဖြာသွားပြီး အော်လိုက်သည်။ “ဓားအဖြစ်ပြောင်းစမ်း”

“မေမေ” ကျဲက တီးတိုးဆိုလိုက်ပြီး သူ့ရှေ့က စုရှောင်ရှန်ကို နားမလည်နိုင်စွာ ခေါင်းလေးအသာစောင်းကာ ကြည့်လိုက်သည်။

စုရှောင်ရှန်စွံ့အသွားရ၏။

ဘုရားရေ ဘယ်လောက်တောင် နှံဖျင်းနဲ့ ရတနာတစ်ပါးကို သူရလာတာလဲ။

သခင်ကိုပြန်သတ်ချင်နေသည့် တိတ်တခိုးနာကျင်ခြင်းကို ပိုင်ဆိုင်ထားသည်နှင့် မလုံလောက်သေး ယခုတော့ ခပ်တုံးတုံး အားကျဲပါ အဆစ်ပါလာ၏။

“လခွေးလိုပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset