Switch Mode

အခန်း (၂၃၅)

ကျောက်ကျစ်တုံ့၏ ခန့်မှန်းချက်

“မင်းလာပြီပဲ”

ရဲ့ရှောင်ထျန်း တဲစုတ်လေးရဲ့ တံခါးကို အားဖြင့်ဒုန်းဆိုင်းဖွင့်ဝင်လာပြီး ခြေထောက်နှင့်ချိတ်ပြီး ပြန်ပိတ်လိုက်သည်။

မသိလျှင် ငလျှင်ပဲလှုပ်သွားသလိုနှင့် တဲစုတ်လေး၏ အမိုးကနေ မြေမှုန်များကျလာခဲ့၏။

ရှောင်ချိစွေ အလျှင်အမြန် စားပွဲပေါ်က စားစရာများကို ဖုန်မပေအောင် စိတ်ဝိညာဉ်အနှစ်များဖြင့် ကာလိုက်ရသည်။

မီးဖို‌ချောင်သုံး ခါးစည်းတစ်ထည်ကို၀တ်ထားတဲ့ အကြီးအကဲကျောက်က ငန်းသားပြုတ်ကြီးတစ်ပွဲကိုယူလာကာ စားပွဲ၌ ထိုင်ချလိုက်သည်။ ထို့နောက်ဟက်ဟက်ပက်ပက်ရယ်မောကာ မှတ်ချက်ချလိုက်၏။ “မင်းကိုပြောပါတယ် အေးဆေးလုပ်ပါလို့။ ဒီတဲစုတ်လေးက မင်းရဲ့ ဒေါသကိုမခံနိုင်ဘူးကွ”

၀က်ပေါင်ခြောက်တစ်တုံးမှ အသားတစ်စကိုဖဲ့ယူလိုက်ရင်းလည်း “အဖိုးကြီးစန်း ဘယ်မှာလဲ”

“သူမအားဘူး”

ရဲ့ရှောင်ထျန်း ဒေါသထွက်လွန်းလို့ ‌သေရည်ချည်းသာ လှိမ့်သောက်နေသည်။

“ဘာများဖြစ်လို့လဲ”

ရှောင်ချိစွေနှင့်အကြီးအကဲကျောက်တို့ တစ်ဦးကိုတစ်ဦးကြည့်ပြီး ရဲ့ရှောင်ထျန်းကိုင်ထားသောခွက်ကို တိုက်လိုက်ကြသည်။ သူတို့က ရဲ့ရှောင်ထျန်းကို စိတ်လျော့စေနေခြင်းဖြစ်ပါသည်။

အကြီးအကဲစန်းမလာတော့ဘာဖြစ်သွားလဲ။ သူတို့သုံးယောက်တည်း လွတ်လွတ်လပ်လပ် စကားဖောင်ဖွဲ့လို့ရတာပဲ။ သူက စိတ်တိုနေရမည့်အစား ပျော်တောင်နေသင့်ပေသည်။

“စုရှောင်ရှန် ကျန်းရှင်းရှုံကို သတ်လိုက်ပြီ” ရဲ့ရှောင်ထျန်းက ဒေါကန်နေသော လေသံဖြင့်ဆို၏။

ဖွီး… ဖွီး…

အကြီးအကဲကျောက်နှင့် ရှောင်ချိစွေတို့ ရဲ့ရှောင်ထျန်းစကားပြောသည့်အချိန် သောက်နေကြပြီဖြစ်၏။ သူပြောတာကြားမှာ တစ်ယောက်ကိုတစ်ယောက် ခဏကြည့်လိုက်ပြီး သေရည်များထွေးထုတ်တော့သည်။

“မင်းတမင်လုပ်တာမလား” ရှောင်ချိစွေအသံနက်ကြီးဖြင့် အော်လိုက်ပါသည်။ သူ့မျက်နှာတစ်ခုလုံးမှာ သေရည်အနံ့ကိုရနေနိုင်ပြီး တစ်ချို့တောင် မျက်လုံးထဲ၀င်သွားသဖြင့် ကြိမ်းစက် ကြိမ်းစက်ကြီး ဖြစ်သွားစေပေသည်။

“မင်းလည်း ငါ့မျက်နှာပေါ်ကိုထွေးတာပဲလေ” အကြီးအကဲကျောက်က မျက်လုံးပြူး မျက်ဆံပြူး ပြန်အော်သည်။

ပြီးနောက် ထို အရေးမပါသည့် ကိစ္စအပေါ်မှာ နောက်ထပ် အရေးထားမနေတော့ဘဲ ရဲ့ရှောင်ထျန်းကို တစ်ပြိုင်းတည်းကြည့်ကာ မေးလိုက်ကြသည်။ “မင်းတကယ်ပြောနေတာလား”

စုရှောင်ရှန်တကယ်ကြီး ကျန်းရှင်းရှုံကိုသတ်လိုက်တယ်တဲ့။ ရဲ့ရှောင်ထျန်းများ စကားမှားပြောမိသလားမသိ။ ကျန်းရှင်းရှုံက စုရှောင်ရှန်ကို သတ်ရမှာ မဟုတ်ဘူးလား။

“မင်းတို့ နားကြားမမှားဘူး” ရဲ့ရှောင်ထျန်းက အလေးအနက်ခေါင်းညိတ်ပြီး ဆက်လိုက်သည်။ ထို့နောက် ရှောင်ချိစွေနှင့် အကြီးအကဲကျောက်တို့၏ သေရည်ခွက်များကို ပြန်ငှဲ့ပေးလိုက်ပြီး သူကတော့ သေရည်အိုးကြီးဖြင့် မော့ချတော့သည်။

အကြီးအကဲကျောက် အလန့်တကြား လတ်လတ်ဆတ်ဆတ် ပြုတ်ထားသော ငန်းခြေထောက်ကို အလျင်အမြန်‌ဆွဲယူ၍ တစ်ကိုက်ခဲကာ မေးလိုက်၏။ “ဆိုတော့ မင်းသွားတော့ အဖိုးကြီးစန်းက မင်းရဲ့လမ်းကိုတားဆီးထားတာကြောင့် စုရှောင်ရှန်ကို မတားလိုက်နိုင်ဘူးပေါ့လေ”

အနက်၀တ်လူထံက သတင်းကိုကြားပြီးနောက်မှာ သူတို့ ကိုယ့်လမ်းကိုယ်သွားခဲ့ကြပေသည်။ ထိုသို့ ပမွှားကိစ္စလေးများနှင့် အကြီးအကဲကျောက်အချိန်မကုန်ချင်သဖြင့် ရဲ့ရှောင်ထျန်းသာ အပြေးလေးတစ်ယောက်တည်းသွားခဲ့၏။

ထင်မှတ်မထားစွာ အခြေအနေက ကြီးမားလာခဲ့ပေသည်။

စုရှောင်ရှန်… ဘယ်တုန်းက အဲ့လောက်သန်မာလာတာလဲ။

ထိုသတင်းကြောင့် ရှောင်ချိစွေ အံ့အားသင့်သွားရပေမယ့် ရလဒ်ကိုတော့ ခန့်မှန်းပြီးသားဖြစ်သည်။ ပြီးနောက် မျက်နှာဖုံးတပ်လူနှင့် စုရှောင်ရှန် တိုက်ခိုက်ခဲ့သောညကို ပြန်မြင်ယောင်မိသည်။

စုရှောင်ရှန်က သာမန် အတွေးအမြင်နှင့် ဆုံးဖြတ်၍မရကာ တိုးတက်တာလည်းမြန်ဆန်လှပေသည်။

သေရည်အိုးထဲက သေရည်များကို တစ်ကျိုက် မော့ပြီးနောက်မှာ ရဲ့ရှောင်ထျန်းလေချဉ်တက်သွားလေသည်။ ပြီးမှ ဆက်၍ သူက “ငါတားဆီးဖို့နောက်ကျသွားလို့ စိတ်တိုတာမဟုတ်သလို၊ ကျန်းရှင်းရှုံသေသွားလို့လည်းမဟုတ်ဘူး။ ငါစိတ်တိုနေရတာက အဖိုးကြီးစန်းကြောင့်ပဲ”

ရုတ်တရက် သူတို့နှစ်ယောက်ကို တည့်တည့်ကြည့်ကာ “သူပြောင်းလဲသွားပြီလို့ထင်လား”

ထိုအမေးခံရသည့်နှစ်ယောက်၏ ပါးစပ်များဟောင်းလောင်းဖြစ်သွားပြီး ထူးဆန်းသောအလင်းများလည်း မျက်လုံးထဲလက်သွားကြသည်။

ထိုနှစ်ယောက်၏ အမူအရာများကိုမြင်သောအခါ သူပြောတာကို အဓိပ္ပာယ်ကောက်မှားသွားမှန်းသိလိုက်ရသည်။ “မင်းတို့ ဘာတွေ တွေးနေတာလဲ။ ငါက အပြင်ဘက်ကမ္ဘာမှာ ခရီးသွားပြီးပြန်လာကတည်းက ပြောင်းလဲသွားတာကို ပြောနေတာ”

“မပြောင်းလဲပါဘူး။ ပုံမှန်ပါပဲ” အကြီးအကဲကျောက်ဖြေလိုက်ပြီး အသားလက်တစ်ဆုပ်စာလောက်ဖြဲယူကာ တစ်ကျွိကျွိ ဝါးစားရင်းက ရှောင်ချိစွေကို မေးလိုက်သည်။ “မင်းကောထင်လား”

“ငါတော့ ထူးဆန်းတာမတွေ့မိဘူး။ သူက မြင့်မြတ်နတ်ဘုရားနန်းတော်တုန်းကတည်းကအတိုင်း ‌ပေါ့ပေါ့ပါးပါး…”

“သူ့စိတ်နေသဘောထားက အတူတူပဲ။ ငါပြောတာ သူ့အပြု‌အမူတွေကိုပြောနေတာ” ရှောင်ချိစွေ၏ စကားမဆုံးသေးခင်မှာ ရဲ့ရှောင်ထျန်းက ကြား၀င်ဖြတ်လိုက်သည်။

ရဲ့ရှောင်ထျန်းပြောသည့်အတိုင်းလည်း စဉ်းစားကြည့်ပေမယ့် အကြီးအကဲစန်းဘာမူမမှန်ဖြစ်နေသလဲ မသိသဖြင့် ခေါင်းခါရမ်းလိုက်ကြသည်။

“ငါပဲ ‌အတွေးလွန်နေတာလား”

ရဲ့ရှောင်ထျန်း၏ မျှော်လင့်တောင့်တခြင်းအမူအရာက တဖြည်းဖြည်း ဒေါသအဖြစ်ကိုပြောင်းသွားခဲ့ပြီး သူ့ခေါင်းကို ငိုက်စိုက်ချကာသာ သေရည်‌ဆက်သောက်နေလိုက်၏။

ဒေါက်‌ ဒေါက်…။

တံခါးခေါက်သံကြားတာကြောင့် ရှောင်ချိစွေသွားဖွင့်လိုက်သည်။

“ကျောက်ကျစ်တုံ့ပါလား” အကြီးအကဲကျောက် အံ့အားသင့်သွားသည်။

“သူအခွင့်တောင်းထားလို့ ငါခွင့်ပြုလိုက်တာ” ရှောင်ချိစွေက ရှင်းပြ၏။

မဟုတ်ရင် အခြားဘယ်သူကမှ တဲစုတ်လေးကို အကြောင်းပြချက်မရှိဘဲ မလာနိုင်ပါချေ။ ဒီနေရာက စုတ်ချာပေမယ့် ထျန်းစန်းနန်းတော် တည်ထောင်ပေါက်ဖွားရာ၊ အစပျိုးရာ နေရာဖြစ်၏။

မြင့်မြတ်နတ်ဘုရားနန်းတော်က သူတို့လေးဦး ဤနေရာလေးမှာ တဲစုတ်လေးကို တည်ခဲ့ကြပြီး ကောင်းကင်တံခါးဖွင့်ရန် ကတိက၀တ်ပြုခဲ့ကြလေသည်။ ၎င်းက ထျန်းစန်း စိတ်ဝိညာဉ်နန်းတော်၏ အစဖြစ်၏။

သူတို့က တဲစုတ်ကလေးကို ပြန်လည်ပြင်ဆင်နိုင်ပေမယ့် အမှတ်တရလေးကိုတော့ မပျောက်ပျက်စေလိုပါပေ။

အခြားနှစ်ယောက်၏ မျက်နှာထားများကလည်း ရှောင်ချိစွေ ဘာကြောင့် အခွင့်ပေးသလဲဆိုတာကို သိသလိုရှိနေကြသည်။။ ဒါပေမယ့် တကယ်က သူတို့ ဘာမှ မသိဘဲ ဟန်ထုတ်နေခြင်းသာဖြစ်၏။

ကျောက်ကျစ်တုံ့ ရင်တဖိုဖိုနဲ့ ထိုင်လိုက်သည်။ ဤနေရာကိုဒုတိယတစ်ကြိမ်ရောက်လာခြင်းဖြစ်ပေမယ့် ဒဏ္ဌာရီလေးကို အသိအကျသိထားသဖြင့် ရင်တုန်ပန်းတုန်တော့ရှိနေသေးသည်။

ဒါ့အပြင်ကို ထိုနေ့ကလည်း တစ်စုံတစ်ခုဖြစ်ပျက်သွားပေသေးသည်။

“စိတ်ထဲရှိတဲ့အတိုင်းပြော။ ဒီမှာရှိတဲ့ငါတို့ကို စိတ်ထဲမထားနဲ့” သူ့အနားမှာ ထိုင်နေသည့် လူငယ်လေးကိုကြည့်ပြီး ရှောင်ချိစွေ ဆိုလိုက်သည်။

ကျောက်ကျစ်တုံ့က ကိုယ်ကို မတ်မတ်ထားကာထိုင်နေ၏။ ဤနေရာကိုရောက်လာကတည်းက သူအပီပြောချပစ်လိုက်မယ်ဆိုသော စကားလုံးများ ပျောက်သွားကာ သတ္တိကပါလည်း ခိုးရာပါလိုက်သွားခဲ့ပေသည်။

“ရတယ် အေးဆေးလုပ်”

ရဲ့ရှောင်ထျန်း အားပေးလိုက်သည်။ သူနှင့် အကြီးအကဲကျောက်တို့ ဘာဖြစ်နေမှန်းကို ခုထိ ရေရေလည်လည် မသိသေးပါချေ။

ရှောင်ချိစွေလည်း သူအခွင့်‌ပေးလိုက်ပေမယ့် ဘာဖြစ်နေသလဲမသိသဖြင့် သူတို့နှစ်ဦးလို မျက်နှာအမူအရာဆောင်ထားသည်။

ဟူးးး…။

ကျောက်ကျစ်တုံ့အသက်ကိုခပ်ပြင်းပြင်းရှိုက်ကာ “ကျုပ်လာရတဲ့ အကြောင်းအရင်းက စီနီယာ သုံးယောက်ကို မေးခွန်းလေးတွေမေးချင်လို့ပါ။ အကြီးအကဲစန်းနဲ့ စုရှောင်ရှန်အကြားက ဆက်နွယ်ချက်ကဘာလဲ”

ရဲ့ရှောင်ထျန်းတို့သုံးဦး ကျောက်ကျစ်တုံ့ဒီလောက်ရိုးရှင်းတဲ့အရာလေးသိချင်မယ်မထင်၍ အံ့အားသင့်သွားကြ၏။

“ဆရာနဲ့ တပြည့်” ရှောင်ချိစွေက မမှုသလိုဖြေလိုက်သည်။

“နားလည်ပါပြီ” ကျောက်ကျစ်တုံ့ ၎င်းကို ခန့်မှန်းထားသည့်အလား မျက်နှာထားဖြင့် ခွန်းတုန့်ပြန်လိုက်လေသည်။ ထို့နောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ဆက်လက်၍ “ကျုပ်မှာ တခြား‌ပြောစရာ ခန့်မှန်းချက်တစ်ခုရှိသေးတယ်။ ပြောလို့ရမလားမသိဘူး”

အကြီးအကဲသုံးဦး ‌ပဟေဠိဖြစ်သွားကြသည်။

“ပြောစရာရှိလည်း မြန်မြန်ပြော” ရဲ့ရှောင်ထျန်း မအောင့်နိုင်တော့ဘဲ သူ့ကိုလောလိုက်သည်။ ဒီအကောင်က သူဒေါသထွက်နေပါတယ်ဆို လာပြီး ဆန်းကြယ်သလိုလို ဘာလိုလိုနဲ့…။

ကျောက်ကျစ်တုံ့လည်း စိတ်ပြန်လျော့လိုက်ပြီး‌ အသေအချာ စကားစီပြီးနောက်မှာ “ဒါက ကျုပ်ရဲ့ ယူဆချက်ပဲနော်”

“မင်းမြန်မြန်ပြောမလား ခုထွက်သွားမလား ရွေး” ရှောင်ချိစွေ ခက်ထန်သောအမူအရာကြီးဖြင့် စိတ်မရှည်နိုင်တော့ကာ ပြောလိုက်သည်။

“အကြီးအကဲစန်းက သူတော်စင်အစေအပါးနဲ့ဆက်နွယ်နေတာလား” မျက်လုံးနှစ်ဖက်ကိုစုံပိတ်ပြီး အံကိုတင်းတင်းကြိတ်ကာ ကျောက်ကျစ်တုံ့မေးလိုက်၏။

တဲစုတ်လေးက အပ်ကျသံတောင်ကြားရလောက်အောင်တိတ်ဆိတ်သွားကြသည်။ ကျောက်ကျစ်တုံ့၏ အမေးကို ဘယ်သူမှ ပြန်မဖြေပါချေ။

ကျောက်ကျစ်တုံ့ မျက်လုံးတစ်ဖက်ကိုအသာလေးပြန်ဖွင့်လိုက်သောအခါ အကြီးအကဲသုံးဦး၏ မျက်နှာထက်ရှိ တုန်လှုပ်နေသော အမူအရာများကိုတွေ့ရသည်။ ထင်ထားသလို သူတို့က ဒေါသတပြင်း သူ့ကို ဆူပူမကြိမ်းမောင်းသလို ရိုက်လည်းမရိုက်နှက်ပါပေ။

သူတို့တကယ်ဆက်နွယ်နေတယ်ဆိုရင် သူဒီလိုမေးတာ ဖြစ်သင့်ပါ့မလား။

“ကျုပ်က ခန့်မှန်းကြည့်တာပါ” ‌ထိုမေးခွန်းကိုမေးလိုက်ပြီးနောက်မှာ ကျောက်ကျစ်တုံ့ ချက်ခြင်း နောင်တရသွားတော့၏။

‘ငါဘာလို့ ဒီမှာဖင်လာရှည်တာလဲဟ။ ခန့်မှန်းကြည့်တယ်ဆိုရင် ခန့်မှန်းကြည့်တယ်ပေါ့ဟ။ ခုကဘာလဲ အတည်ပြုချင်‌ နေသေးတယ်’ ကျောက်ကျစ်တုံ့ စိတ်ထဲက ပြောလိုက်ပါသည်။

သူက ထိုအကြောင်းအရာကို သူ အတည်ပြုတာကဘာမှ မဖြစ်ပေမယ့် ဤအကြီးအကဲများအတည်ပြုနိုင်သွားပြီဆိုရင် အကျိုးဆက်က ထင်မထားလောက်အောင်ဖြစ်ပေမည်။

ရဲ့ရှောင်ထျန်း ခေါင်းကိုမော့ကာ နောက်ထပ် ပါးစပ်နှင့်အပြည့် သေရည် တစ်ချက် ထပ်မော့လိုက်သည်။ သူက စိတ်မဆိုးသလို တည်ငြိမ်နေသော လေသံဖြင့် “ဘာလို့အဲ့လိုထင်တာလဲ”

သူတို့ တကယ် ဘာမှမဖြစ်ဘူးလား။

သူမသိတာက သူ့မေးခွန်းကိုမမေးခင်မှာ ရဲ့ရှောင်ထျန်းက ထိုအကြောင်းနှင့်တော့ အတိအကျမဟုတ်ဘဲ အဓိပ္ပာယ်တူညီသော မေးခွန်းကို မေးထားခြင်းဖြစ်ပေသည်။

ကျောက်ကျစ်တုံ့ဖြေတော့မယ်ဆိုတော့ အလေးအနက်တွေးတောဆင်ခြင်လိုက်ပါသည်။

ကြည့်ရတာ သူတစ်ယောက်တည်း အကြီးအကဲစန်းနှင့်ပတ်သက်ပြီး မူမမှန်တာ တွေ့ရသည်မဟုတ်နိုင်ပေ။

ဒါပေမယ့် ရှောင်ချိစွေနှင့် အကြီးအကဲကျောက်တို့က ဘာဖြစ်နေကြတာလဲ။ အကြီးအကဲစန်းနှင့် အတူတကွပေါင်းလာတာကြာတော့ သံသယမ၀င်ကြတာလား။

အကြီးအကဲကျောက်နှင့် ရှောင်ချိစွေတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပါသည်။

စောနက အကြီးအကဲစန်းမူမမှန်တာ ရဲ့ရှောင်ထျန်းက ပြောနေတုန်းရှိသေး ယခု ကျောက်ကျစ်တုံ့ကပါ မေးလာလေပြီ။ အကြီးအကဲအားလုံး ကျောက်ကျစ်တုံ့ကိုကြည့်လိုက်ကြသောအခါ ဖိအားက ထင်မထားလောက်အောင်ပင်ဖြစ်သည်။

သူလည်း စကားကျွံပြီးပြီဆိုမှတော့ မကြိုက်လဲ ဆက်ပြောရုံမှလွဲပြီး ဘာရှိတော့မလဲ။ “ခေါင်းဆောင်ရှောင်ပြောတာ ကျုပ်ကြားတာတော့ အရင် နှစ်ခေါက်လုံးက အစီအစဉ်တွေမှာ အကြီးအကဲစန်းက တစ်စိတ်တစ်နေရာပါတယ်‌ဆို”

ထိုနေ့က အကြီးအကဲစန်း နောက်ကျမှရောက်လာတာကို မြင်ယောင်မိပြီး ရှောင်ချိစွေ မျက်လုံးများမှေးလိုက်သည်။ “မင်းပြောတာဟုတ်တယ်”

“ကျုပ်ထင်တာမမှားရင်…” ကျောက်ကျစ်တုံ့၏ လေသံက တုန်တုန်ရင်ရင် ဖြစ်လာခဲ့ပြီး “အကြီးအကဲစန်းက နောက်ကျမှရောက်လာတာမဟုတ်ဘူး စုရှင်းရှင်းကိုတောင် မကယ်နိုင်လိုက်ဘူးမလား”

ကျောက်ကျစ်တုံ့ခန့်မှန်းတာမှန်နေသည့်အတွက် ရှောင်ချိစွေ၏ ကျဉ်းမြောင်းထားသော မျက်လုံးများ ပို၍ ကျဉ်းမြောင်းသွားခဲ့သည်။

သူမှတ်မိတာမမှားရင် ကျောက်ကျစ်တုံ့က အဲ့တုန်းကရှိမနေပါဘူး။ သူက ဘယ်လိုသိတာလဲ။

“အဲ့တော့ မင်းပြောချင်တာက”

ကျောက်ကျစ်တုံ့ပြန်မဖြေဘဲ ရဲ့ရှောင်ထျန်းကိုသာ ကြည့်၍ မေးလိုက်သည်။ “လျှိုလင်းလင်းနဲ့ သူမကို လာကယ်တဲ့သူနဲ့ သေသွားကြလား”

ရဲ့ရှောင်ထျန်း တုန်လှုပ်သွားသည်။ ထိုနှစ်ဦးလွတ်မြောက်သွားပေမယ့် ဗလာနယ် လမ်းကြောင်း ပျက်‌ဆီးသွားတာနဲ့ဆို … နေဦး နေဦး မဟုတ်သေးဘူး။ မဖြစ်နိုင်လောက်ပါဘူး။

ကျောက်ကျစ်တုံ့က အကြီးအကဲစန်း သူတို့ကို သွားကယ်နေသည်ဟု ဆိုလိုချင်ခြင်းဖြစ်ပေသည်။

“မဖြစ်နိုင်တာ” ရဲ့ရှောင်းထျန်း ပို၍ တုန်လှုပ်သွားပေသည်။ ၎င်းက အကြောင်းတရားတိုက်ဆိုင်နေလို့ဖြစ်နိုင်ပြီး ဘယ်မှာ အစစ်အမှန်‌ဆိုတာ သက်သေပြနိုင်လို့လဲ။

“မင်းမှာ သက်သေရှိလို့လား”

ကျောက်ကျစ်တုံ့ ခေါင်းကိုခါရမ်းလိုက်သည်။ တိကျသေချာတဲ့ သက်သေဆိုတာ သူ့လက်ထဲမှာမရှိပါလေ။ ဤသုံးယောက်ကိုလာတွေ့ရတာလဲ သတိထားဖို့ အသိပေးလိုခြင်းသာဖြစ်သည်။

“စိတ်က ခံစားမိတာ”

Comment

Leave a Reply

Options

not work with dark mode
Reset