ဒက်။
ဒက်။
ဒက်။
စုရှောင်ရှန် ကျဲအသွင်ပြောင်းလိုက်သော ဓားပြားကြီးကိုကိုင်လိုက်ပြီး ၎င်းမှ စီးကျနေသော သွေးစက်တို့ကို အံ့အားသင့်မှုများဖြင့် အထင်းသားကြည့်လိုက်သည်။
“ဟင်… ဓားပြားကြီး”
ကျဲက ကလေးတစ်ယောက်မဟုတ်ဘူးလား။ ဒါမှမဟုတ် အခြေအနေနဲ့ အချိန်ခါအလိုက်ကို ကျဲကပုံစံအမျိုးမျိုးပြောင်းနိုင်တာများလား။ ထိုအတွေးက စုရှောင်ရှန်ကို မှင်တက်သွားစေသည်။
တကယ် အဲ့လိုသာဆိုရင်တော့ သတ်ဖြတ်ခြင်းကွင်းပြင်ကနေ သူယူလာတဲ့ လက်နက်က တကယ်ကို ကြောက်မက်ဖွယ်ရာ လက်နက်ပဲဖြစ်ရပေမည်။
အကြီးအကဲကျောက်နှင့် ရဲ့ရှောင်ထျန်းတို့ အခြားရတနာသုံးခုကို တွေ့တုန်းက အံ့အားသင့်ရုံပဲဖြစ်ပြီး ကျဲကိုတွေ့မှ တုန်လှုပ်သွားကြတာ မဆန်းတော့ချေ။
သူ့စိတ်ဝိညာဉ်အာရုံကိုအသုံးပြု၍ လက်ထဲက ဧရာမ ဓားကြီးကို ပြန်သေးစေဖို့ စုရှောင်ရှန် အမိန့်ပေးလိုက်ပြီး ရင်ဘက်ကြားထဲ ပြန်ထည့်လိုက်၏။ ပြီးနောက် ကျန်းရှင်းရှုံ၏ ခေါင်းတခြား ကိုယ်တခြား အလောင်းကြီးကိုကြည့်လိုက်သည်။
သူ့မှာ လူမဆန်လှတဲ့ ပြန်ကောင်းနိုင်စွမ်းရှိတယ်ဆိုရင်တောင် ခေါင်းပြတ်ထွက်သွားတာကို အသစ်ပြန်ထုတ်လုပ်နိုင်မည်လို့ မထင်ပါချေ။
ထိုဧရာမ ဦးခေါင်းကြီးက ကြမ်းပြင်မှာ အနည်းငယ်လှိမ့်နေပြီးနောက်မှာ ရပ်တန့်သွားရာ အဲ့အားသင့်မှုကြောင့် မျက်လုံးများပြူးကျယ်နေသော အမူအရာကိုတွေ့ရသည်။ ၎င်းက မျက်စိတောင်မပိတ်နိုင်လိုက်ဘဲ သေသွားရခြင်းဖြစ်၏။
“လခွမ်း” ကျောက်ကျစ်တုံ့ နေရာမှာပဲ တောင့်တောင့်ကြီးရပ်နေပေသည်။
သေခြင်းရှင်ခြင်းပြိုင်ပွဲဖြစ်လျှင်တောင် ကြီးကြပ်သူတစ်ယောက်အနေနှင့် အခွင့်အရေးအနည်းငယ်ရတယ်ဆိုရုံကိုပဲ သတ်ဖြတ်မှုကို တားမည်ဟု ကြံထား၏။
သို့ပေမယ့် စုရှောင်ရှန်၏ ထိုဓားပြားကြီးက လူတိုင်း၏ အတွေးဉာဏ်ကွန့်မြူးနိုင်တာထက်ကို ကျော်လွန်နေသည်။ ဘာမှ မဟုတ်သည့်မီးစလောက်လေးဖြင့် နောက်ဆုံးရလဒ်ကို ဆုံးဖြတ်သွားပေ၏။ ကျောက်ကျစ်တုံ့၎င်းကို ဘယ်လို တားရမှာလဲ။
ကျန်းရှင်းရှုံကို ဤသို့ ဇီဝိန်ချုပ်သွားရမည်ဟု ထင်မထားပါချေ။
“အရှင်သခင်နယ်ပယ်။ စုရှောင်ရှန် အရှင်သခင်နယ်ပယ်ကို ရောက်သွားတယ်ဆိုရင်တောင် အဲ့ဒီဓားက ဘယ်ကလာတာလဲ။ နာမည်ကြီးဓား တစ်ချောင်းလား”
တိုက်ပွဲပြီးနောက်မှာ စုရှောင်ရှန်တိတ်ဆိတ်နေသောကြောင့် ကျောက်ကျစ်တုံ့လည်း အလွှမ်းမိုးခံလိုက်ရပြီး တိတ်ဆိတ်နေလိုက်ပါသည်။
တိတ်ဆိတ်ငြိမ်ကျမှုလေးတစ်အောင့်အကြာအပြီးမှာ နေရာတစ်ခုလုံး ဆွေးနွေးသံများဖြင့် ဆူညံပွက်လောရိုက်လာခဲ့တော့သည်။
“ဟာသပဲ ဒါဘယ်လို တိုက်ပွဲမျိုးလဲ။ ကျန်းရှင်းရှုံက ဘာလို့ လွယ်လွယ်နဲ့သေသွားရတာလဲ။ သူ့သွေးမျိုးဆက်က ရေရောထားတာကြီးလားဘာလား။ တိုက်ခိုက်မှုလေးတစ်ခုကိုတောင် မကာကွယ်နိုင်ဘူး”
“သူ့ကိုယ်သူမကာကွယ်နိုင်တာမဟုတ်ဘူး။ အဲ့ဒီဓားပြားကြီးကကို ကြောက်ဖို့ကောင်းနေတာကွ သိပြီလား”
“ဒါပေမယ့် ကျန်ရှင်းရှုံဒီလိုသေသွားတာ ငါလက်မခံနိုင်ဘူး။ စုရှောင်ရှန်က သူနဲ့ယှဉ်ရင် ပိုသန်မာလား ဘာလားတောင် မဆုံးဖြတ်နိုင်သေးတာကို”
လူတိုင်း ထိုစကားကြောင့် အတွေးနက်သွားကြ၏။
ဟုတ်သား စုရှောင်ရှန်မှာ ဘာအားသာချက်ရှိခဲ့လို့လဲ။
ကျင့်ကြံခြင်းအရရော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အရပါ ကျန်းရှင်းရှုံက စုရှောင်ရှန်ထက် နိမ့်ကျတာဘာတစ်ခုမှ မရှိပေ။
ဓားပြားကြီးက ထူးခြားတဲ့ ရတနာတစ်ပါးဖြစ်ဟန်ရပေမယ့် ကျန်းရှင်းရှုံ့မှာလည်း အလားတူ ရတနာတစ်ပါးရှိတာကိုသိကြပေသည်။ ဒီပြိုင်ပွဲမှာ ၎င်းကို ဆွဲထုတ်ဖို့တောင် အခွင့်အရေးမရလိုက်တာလေးသာ ခြားနားသည်။
ဘာဖြစ်ဖြစ် ကျန်းရှင်းရှုံ သေသွားသည်ဆိုသည့်အချက်က ငြင်းမရပါချေ။
လူတိုင်းမျှော်လင့်တကြီးကြည့်ရှူနေသည့် သေခြင်းရှင်ခြင်းတိုက်ပွဲက ဒီလိုလေး ပြီးသွားတယ်တဲ့။ သူတို့ထဲကတစ်ယောက်က ပွဲစကတည်းက အလွှမ်းမိုးခံနေရပြီး ဝှက်ဖဲကိုတောင် မသုံးရသေးခင်မှာ သေသွားခဲ့၏။
ထူးခြားတာဆိုလို့ သူတို့တွက်ထားသည့် နေရာကဏ္ဌနှစ်ခု ပြောင်းလဲကွဲပြားသွားတာပဲရှိပေသည်။
…
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၆၅]
: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၃၅]
: [ကြောက်ရွံ့ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂၁]
“…”
“ဝိုးးး”
စုရှောင်ရှန် ကွင်းပြင်ပေါ်ကနေ အသာအယာလေးလျှောက်ဆင်းသွားလိုက်သည်။ ဤကမ္ဘာကြီး၏ နိယာမများနှင့် ရင်းနှီးနေပြီးဖြစ်တဲ့ သူ့အတွက်က လူသတ်လိုက်တာကို ဘာကိုမှ ထူးထူးခြားခြားမခံစားရပါချေ။
ကျန်းရှင်းရှုံသေသွားရတာကလည်း သူလွန်သည်မဟုတ်။ ဒီလူက သူ့ကို အစကတည်းက သတ်ချင်နေသည်မဟုတ်ပါလား။ သူ့လက်မှာသေသွားတာကိုတော့ အပြစ်ပြောလို့မရဘူးလေ။
ဒက်…။
စုရှောင်ရှန် တုံ့ခနဲရပ်လိုက်သောအခါ လူတိုင်း အလန့်တကြားဖြစ်သွားကြသည်။ သူက နောက်ကို ရုတ်တရက်လှည့်လာပြီးတော “ဒီဟာက သေခြင်းရှင်ခြင်းတိုက်ဆိုတော့ တစ်ယောက်ယောက်ကို ငါသတ်တာမမှားဘူးနော်”
ကျောက်ကျစ်တုံ့လည်း ယခုမှ ဆိုင်းမဆင့်ဘုံမဆင့် သတိပြန်လည်လာပြီး ကြေငြာလိုက်သည်။ “စုရှောင်ရှန် အနိုင်”
“ဟဲဟဲ ဘာမှမဟုတ်ပါဘူး။ တစ်ခုခုကို ယူစရာရှိတာမေ့သွားလို့၊ ကျေးဇူး” စုရှောင်ရှန် ပြောလိုက်ပြီး ကွင်းပေါ်ကိုပြန်တက်သွားကာ သွေးတွေအကြားထဲက လက်စွပ်တစ်ကွင်းကို ကောက်ယူလိုက်သည်။
“ဒီဟာကို မေ့တော့မလို့ တော်သေးတယ်”
စုရှောင်ရှန်၏ လုပ်ရပ်ကို ကျောက်ကျစ်တုံ့မတားပါချေ။
သေခြင်းရှင်ခြင်းတိုက်ပွဲများမှာ အနိုင်ရရှိသူက အခြားသူ၏ အသက်ကိုယူနိုင်မှတော့ သူပိုင်ပစ္စည်းကိုယူနိုင်တာကလည်း စည်းမျဉ်းစည်းကမ်းတစ်ခုဖြစ်ချေသည်။
ထိုပိုင်ရှင်မဲ့သွားသော သိုလှောင်လက်စွပ်ကို ရသွားပြီးနောက်မှာ တုန့်ဆိုင်းခြင်းမရှိ စုရှောင်ရှန် ကွင်းပေါ်က ဆင်းလိုက်သည်။
ကျန်းရှင်းရှုံက သန်မာတယ်ဆိုပေမယ့် သူ့ပြိုင်ဘက်မဟုတ်တော့တာကို ထျန်းရွှမ်တံခါးအတွင်းမှာ အဆင့်တက်သွားကတည်းက စုရှောင်ရှန်သိပေသည်။ ထိုအစွမ်းထက် ပင်ကိုယ်စွမ်းရည်များကိုလည်း စုရှောင်ရှန် အတော်ကျေနပ်နေမိ၏။
သူတို့ကို တစ်ခုချင်းစီအသုံးပြုပါက သာမန် စစ်မှန်ခြင်း၊ အရှင်သခင်နယ်ပယ် စိတ်ဝိညာဉ်စွမ်းရည်များသာဖြစ်မယ်ဆိုပေမယ့် ၎င်းတို့ကို ပေါင်းစပ်အသုံးပြုလိုက်သောအခါမှာတော့ ထူးခြားသွားပေသည်။
စုရှောင်ရှန်က အဆင့်တူများအကြားမှာ ပြိုင်ဘက်ကင်းသည်ဟု ပြောနိုင်ပေ၏။
သူ့ထက် ကျင့်ကြံခြင်းနယ်ပယ်ကြီး ပိုမြင့်တဲ့ ပိုကြမ်းတဲ့ ရန်သူကတောင် ကျဲရဲ့လက်ထဲမှာ အနိစ္စရောက်သွားရသည်မဟုတ်ပါလား။
အနာဂါတ်မှာ စုရှောင်ရှန်က အရှင်သခင်နယ်ပယ်များနှင့် ရင်ဆိုင်ရာတွင်လည်း ပူစရာသိပ်လိုတော့မည်မဟုတ်ချေ။
စုရှောင်ရှန် လျှောက်သွားသော လမ်းရှိ လူတိုင်း ဘေးဖယ်ပေးလိုက်ကြသည်။ စုရှောင်ရှန်က ရုတ်တရက် လမ်းတစ်၀က်မှာရပ်လိုက်၏။
သူ့မျက်နှာထက်က အပြုံးကိုမြင်သောအခါ လန်ရှင်းရှီ၏ ခြေထောက်များပျော့ခွေသွားပြီး ပုံလျက်သားလဲကျသွားသည်။ လူအုပ်ကြီးလည်း လူစုခွဲပြီး သူတို့နှစ်ယောက်ကို ဝိုင်းလိုက်ကြ၏။
နောက်ထပ် ပြပွဲတစ်ခုကိုကြည့်ရတော့မှာလား။ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို မြင်တွေ့ရဦးမှာလား။
ကြောက်ရွံ့ထိတ်လန့်ခြင်း၊ မျှော်လင့်စောင့်စားခြင်း အစရှိသဖြင့် အသိပေးချက်များ ဖန်သားပြင်ပေါ်မှာ ပလုံစီကျလာခဲ့သည်။ ၎င်းတို့ကို ဖတ်ပြီး နေရာတိုင်းမှာ ပွဲကြိုက်သူတွေများပါလားဟု စုရှောင်ရှန် တဟားဟားထရယ်လိုက်၏။
လန်ရှင်းရှီက သွေးဆုတ်ဖြူဖျော့၍ စကားမပြောနိုင်ဖြစ်နေပေတာကြောင့် ထိုမိန်းက လုံး၀ လက်လျော့လိုက်ပြီဆိုတာ စုရှောင်ရှန်သိရလေသည်။
သူလည်း ကြာကြာဆက်နေလိုခြင်းငှာ မရှိရတော့ကာ သူမ၏ ခေါင်းကိုပုတ်ပြီး အပြုံးလေးဖြင့် ဆိုလိုက်၏။ “မကြောက်ပါနဲ့။ နောက်ကြရင် မီးပန်းဖောက်တာအတူတူသွားကြည့်ရအောင်ပါ”
ထိုစကားပြောပြီးနောက်မှာ ခေါင်းပြန်မေ့ကာ ထွက်သွားလိုက်၏။
“အားးးးးးး”
သူ့နောက်က နာကျဉ်းမြည်ကျွေးသံလိုလို စူးစူးရှရှ အော်သံကြီးထွက်လာခဲ့လေသည်။
သူ့အကြားအမြင်မှ လူအုပ်ကြီးက မြေပြင်ပေါ်မှာ အရူးတစ် ယောက်လိုထိုင်နေသည့် လန်ရှင်းရှီ လူထူးဆန်းသဖွယ် ဝိုင်းကြည့်နေကြတာမြင်ရ၏။ သူမကလုံး၀ကို စိတ်ပျက်အားလျော့ကာ စိတ်ဒဏ်ရာတောင်ရသွားသည့်ပုံပေါ်ပေသည်။
: [ကြောက်ရွံ့ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၇၁]
…
ကောင်းကင်အထက်တွင်…။
ရဲ့ရှောင်ထျန်းက ဒေါသတို့ဖြင့် ခရမ်းရောင်ပြောင်းနေသည့် မျက်နှာထားဖြင့် သူ့ရှေ့က ကန်တော့ချွန်ကောက်ရိုးခမောက်စောင်းအဖိုးကြီးကို ကြည့်နေသည်။
“ဘာလို့ ငါ့ကိုတားနေတာလဲ”
အကြီးအကဲစန်းက ပြုံးပြကာ “လူငယ်တွေကြားက ပြဿနာလေးကို လူငယ်တွေဖြေရှင်းပစေပေါ့ကွာ။ မင်းရဲ့ ဆံပင်တွေကလည်း ဖြူစွတ်နေပါပြီ။ ဒီလို ဆက်ပြီး စိုးတထိတ်ထိတ်ဖြစ်နေရင် မကြာခင် ထိပ်ပြောင်ရတော့မယ်”
“ကျန်းရှင်းရှုံသေလို့မဖြစ်ဘူး။ ကျန်းမျိုးနွယ်စုက ၀မ်နဲ့ ကျောက်မိသားစုလို အေးဆေးတည်ငြိမ်မှုကိုမလိုလားဘူး။ သူတို့က ထျန်းစန်းစီရင်စုကြီးကို သိမ်းပိုက်ချင်နေတဲ့ ရည်ရွယ်ချက်နဲ့လူတွေ…”
“ငါတို့ သူတို့ကို သွားရှုပ်လို့မရဘူးလို့ ပြောချင်တာလား” အကြီးအကဲစန်းက စနောက်လိုက်သည်။
ရဲ့ရှောင်ထျန်းစွံ့အသွားရပြီးမှ သက်ပြင်းချလိုက်၍ “ငါတို့သွားရှုပ်လို့မရတာမဟုတ်ဘူး။ မလိုအပ်လို့ပါ။ ဒီကိစ္စက စကားနဲ့ဖြေရှင်းနေရင် ရပြီမဟုတ်လား”
“မင်းရဲ့ အမြင်က တကယ် ကလေးဆန်တယ်” အကြီးအကဲစန်း ခေါင်းကိုခါရမ်းလိုက်၏။
“ဒီကိစ္စတွေက မင်းထင်သလောက်မရှုပ်ပါဘူး”
“မဟုတ်ဘူး ကလေးဆန်နေတာ ငါမဟုတ်ဘူး”
ရဲ့ရှောင်ထျန်း အခြားတစ်ဘက်ကို အကြည့်လွှဲလိုက်ပြီး ဆက်ငြင်းခုန်မနေတော့ပေ။ တိတ်ဆိတ်သွားကြပြီးခဏအကြာမှာ သူကပဲ “စုရှောင်ရှန်ကို မင်းသင်ပေးနေတဲ့ ပုံစံက သူ့ကို အန္တရာယ်ပဲဖြစ်စေလိမ့်မယ်”
အကြီးအကဲစန်း ခေါင်းခါရမ်းပြီးတော့ ကောက်ရိုးခမောက်ကို ပင့်လိုက်ပြီး အဝေးတစ်နေရာသို့ကြည့်ကာ “ဒါတောင်မလုံလောက်သေးဘူး။ သူ့ဓားက ထင်သလောက် လုံလောက်အောင်မချွန်ထက်သေးဘူး။ ဒါနဲ့ စုရှောင်ရှန်က သူတို့ကို ဘယ်လို သွားသတ်နိုင်မှာလဲ”
တစ်ယောက်ယောက်ကိုသတ်မယ်ဆိုတဲ့ စကားကြောင့် ရဲ့ရှောင်ထျန်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။ အကြီးအကဲစန်းက ဘယ်သူ့ကိုသတ်ချင်နေပြီး ဘာကြောင့်သတ်ချင်နေရတာလဲ။
အကြီးအကဲစန်း၏ စကားအရတော့ ၎င်းက သာမန် လုပ်ကြံခြင်းလေးမဖြစ်နိုင်ပါချေ။
“ခင်ဗျားဘာတွေကြံနေတာလဲ”
ရဲ့ရှောင်ထျန်းတိုက်ရိုက်မေးလိုက်သည်။ အကြီးအကဲစန်းကို ဟိုးယခင်ကတည်းက သိလာသူပီပီ တပြည့်တစ်ယောက် ကောက်တော်မှာ မဟုတ်တာကို သိပေသည်။
အဖိုးကြီးက စုရှောင်ရှန်ကို လမ်းမှန်ကို ပို့ချပေးဖို့ ရည်ရွယ်ချက်မရှိဘဲ ထိုအစားသူ့အတွက် မကောင်းတာတွေလုပ်ပေးနိုင်အောင်လို့ မိစ္ဆာလမ်းစဉ်ရောက်အောင် လမ်းပြပေးနေတာနဲ့တူသည်။
အကြီးအကဲစန်းက စုရှောင်ရှန်၏ စိတ်ကိုလည်း တစ်ဖြည်းဖြည်းပြုပြင်ပေးလာနေပြီး သွေးအေးလူသတ်သမားတစ်ယောက်ဖြစ်လာအောင်လုပ်နေသည်။
ယခင်တစ်ခေါက်တုန်းက ကျောက်ရှူ ယခုက ကျန်းရှင်းရှုံ…။
၎င်းက အပင် မြန်မြန်ကြီးထွားလာပါစေဆိုပြီး လက်နဲ့သွားဆွဲနှုတ်နေတာနဲ့တူသည်။ သို့ပေမယ့် အရှုံးနဲ့အမြတ်က တန်းတူရှိနေ၏။
ရဲ့ရှောင်ထျန်းက အကြီးစန်းကို ကြည့်နေပေမယ့် ဟိုက လှည့်၍တောင် မလာပါပေ။ သူ့မြင်ကွင်းက စုရှောင်ရှန် ပျောက်သွားသောအခါ အကြီးအကဲစန်း သူ့ကောက်ရိုးခမောက်ကို အောက်ပြန်ချလိုက်လေသည်။
“တစ်ယောက်ယောက်က ငါ့ကိုလာရှာနေလို့ သွားလိုက်ပါဦးမယ်”