“လခွမ်း”
လူတိုင်းကောင်းကင်ပေါ်မှ သွေးမြူခိုးများနှင့် ကြမ်းပြင်ကိုပြုတ်ကျလာသည့် အသားအဆိုင်တုံးကြီးများကို မှင်သေသေစိုက်ကြည့်နေကြသည်။ လူထွားကြီး ကျန်းရှင်းရှုံက စုရှောင်ရှန်၏ ငရဲမီးတောက်ကောင်းကင်အောက်မှာ အပြစ်ပေးခြင်းကိုခံလိုက်ရ၏။
ထိုစဉ်လူတိုင်း ကျောက်ရှူသေတဲ့ ညကို တွေးမြင်ယောင်မိသွားကြသည်။ ၎င်းကို ယခုမြင်ကွင်းနှင့်ယှဉ်လျှင် ထူးမခြားနားဘဲ အရွယ်အစားကြီးလာခြင်းနှင့် လူပြောင်းလဲသွားခြင်းသာရှိပေမည်။
ကွင်းပြင်ပေါ်က စုရှောင်ရှန် အသာလေးပြုံးနေတာကို မြင်သောအခါ လူတိုင်း၏ စိတ်နှလုံးများ ကျဉ်းကြပ်သွားရသည်။ စုရှောင်ရှန်က မကောင်းဆိုးတစ်ကောင်ပေ။
ဘာမဟုတ်တာလေးနဲ့ အမြဲလိုလို ယခုကဲ့သို့ မီးပန်းဖောက်နေမယ်ဆိုရင် သူတို့ ညကောင်းကင်ပေါ်က လထိန်ထိန်သာနေတာကိုတောင် အေးအေးဆေးဆေးကြည့်လို့်ရပါ့မလားလေ။
“ဟင်…”
ညည်းသံသဲ့သဲ့လေးကြားလိုက်ရတာကြောင့် ကွင်းပြင်ပေါ်က စုရှောင်ရှန်၏ နားရွက်များလှုပ်သွားခဲ့၏။
ထို့နောက် ကွင်းပြင်ပေါ်မှာ တစ်ချက်တုန်ခါ၍ ပျောက်သွားပြီး ထိုပုံရိပ်ရှိနေသော နေရာအထက်မှာ ပေါ်လာတော့သည်။
သူရွေ့လျားသွားသောအလျင်က ကျန်းရှင်းရှုံထက် တစ်စက်ကလေးမှတောင် နိမ့်ကျမနေခဲ့ပါချေ။ ကွင်းအောက်က လူတွေလည်း အခြေအနေက ထူးဆန်းလာတာကို ရိပ်မိကြသည်။ သူတို့၏ စိတ်ဝိညာဉ်အာရုံများဖြင့် အာရုံခံကြည့်လိုက်ပြီးနောက်မှာ ကျန်းရှင်းရှုံကျသွားသောနေရာ၌ အမွှေးထူ သတ္တဝါကြီးတစ်ကောင်ရပ်နေတာကိုတွေ့ရ၏။
ကျန်းရှင်းရှုံ၏ လူထွားကြီးသဏ္ဌာန်ကတောင်ကြောက်ဖို့ကောင်းနေတာ ယခုတော့ သူ့ခန္ဓာကိုယ်က ထပ်မံ ပုံပြောင်းသွားခဲ့ပေသည်။
ပို၍ ကြီးထွားလာရုံသာမက အနက်ရောင်အမွှေးများလည်း ထူထူထပ်ထပ်ကြီး ပေါက်လာကြသည်။ သူ့အင်္ကျီများလည်း လုံး၀ပြဲသွားခဲ့ရကာ အနက်ရောင်၀က်ဝံကြီးတစ်ကောင်၏ ရုပ်လုံးပေါ်လာခဲ့၏။
“ကြည့်ရတာ သူလည်း အဲ့ဒီ သွေးစက်ကို စားလိုက်တယ်ထင်တယ်”
ယွမ်တုစားသုံးလိုက်တဲ့ ပုလ္လင်ခံ သွေးစက်ဆိုလား ဘာဆိုလားကို ပြန်မြင်ယောင်မိသွားလေသည်။ ကျန်းရှင်းရှုံယခုလို ခန္ဓာကိုယ်ထပ်ပြောင်းသွားရတာကလည်း ထိုသွေးစက်ကြောင့်များလား။
အကြားအမြင်မှ ကျန်းရှင်းရှုံ အပိုင်းပိုင်းပေါက်ကွဲသွားတာကို သူတွေ့ရပေသည်။ ယခုတော့ သူက အသက်ပဲပြန်ရှင်သန်လာသလို ဘာအနာတရမှ မတွေ့ရအောင် ပြန်ကောင်းလာခဲ့၏။ ထိုနတ်ဘုရားသဖွယ်သွေးစက်ကြောင့်သာမဟုတ်ရင် ဘယ်အရာကြောင့်ဖြစ်ရဦးမလဲ။
ထိုအနီရောင်မျက်၀န်းများဖြင့် သတ္တဝါကြီးရဲ့ အနောက်ကနေပြီး စုရှောင်ရှန် လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။
အရွယ်အစားအရဆိုရင် စုရှောင်ရှန်က ထိုသတ္တဝါကြီး၏ လက်မောင်းတစ်ဖက်လောက်သာရှိ၏။ သို့ပေမယ့် သူ့အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကလည်း ပေါ့သေးသေးတွက်ယူလို့ရသည်မဟုတ်ပေ။
ဘုန်း…။
သူ့နောက်က လှုပ်ရှားမှုကို အာရုံခံလိုက်ရတာကြောင့် သတ္တဝါကြီး လည်ပြန်ကြည့်ပြီး စုရှောင်ရှန်ကို ဖမ်းဆုပ်လိုက်သည်။ သူ့လက်ဖဝါးပေါ်က အပန်းရောင်လိုလို အသားနုကြီးက စုရှောင်ရှန်၏ လက်သီးချက်က ခွန်အားကို ဖျက်ပယ်ပစ်လိုက်၏။
စုရှောင်ရှန် ၎င်း၏ ပုံပန်းသွင်ပြင်ကြောင့်ရော၊ ရလဒ်ကြောင့်ပါ အံ့အားသင့်သွားရကာ “ဟင်… ၀က်-၀က်ဝံလက်ကြီး”
ထိုအခိုက်မှာ မသင့်လျော်ဘူးဆိုတာ သိပေမယ့် လူတော်တော်များများ တဟားဟား ထရယ်လိုက်ကြသည်။
ကျန်းရှင်းရှုံက လူသားအသွင်အပြင် ပျောက်သွားကာ လက်ဖဝါးကတောင် ဝက်ဝံလက်ဖဝါးလို အပန်းရောင် နုနုဖက်ဖက်ကလေးရှိနေသည်။
ကျန်းရှင်းရှုံ အားအပြည့်ဖြင့် ရိုက်လိုက်သော ထိုလက်ဝါးကို လက်သီးချက်ဖြင့်တုန့်ပြန်လိုက်သည့် စုရှောင်ရှန်လွင့်ထွက်သွားကိုမြင်မှ အရယ်ရပ်သွားကြ၏။
ဘုန်းးးး…။
စုရှောင်ရှန် လွင့်ထွက်နေရင်းနှင့်တောင် သွေးတစ်လုတ်အန်ထုတ်လိုက်ရတာကြောင့် ထိုလက်ဖဝါးချက်နောက်က ခွန်အားက ဘယ်လောက်ကြောက်စရာကောင်းသလဲ သိနိုင်ပေသည်။
“ထင်တဲ့အတိုင်း ကျန်းမျိုးနွယ်စုရဲ့ သွေးမျိုးဆက်စွမ်းအင်က ကြမ်းတာပဲ”
သူ့အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်တောင် ဖိနှိပ်ခံလိုက်ရတာကြောင့် စုရှောင်ရှန်၏ နှလုံးမြင်းဒုန်းဆိုင်းသွားလေသည်။ ဒီ၀က်၀ံလိုလို သတ္တဝါကြီးရဲ့ ခွန်အားက ကြောက်မက်ဖွယ်ရာ ကောင်းလှပေစွ။
ဒါပေမယ့် သူ့ကိုယ်က ဒဏ်ရာများကတော့ မပြင်းထန်ပါပေ။ မကြာခင်မှာ ပင်ကိုယ်စွမ်းရည်များ၏ ထောက်ပံ့ပေးမှုနှင့်အတူ ပြန်လည်ပျောက်ကင်းသွားကြသည်။
ကျန်းရှင်းရှုံအစက စုရှောင်ရှန်ကို သဲကြီးမဲကြီးလိုက်ရိုက်ချင်ပေမယ့် ထိုလက်သီးချက်ပြီးနောက်မှာ အခွင့်မရလိုက်ပါပေ။ သူလည်း စုရှောင်ရှန်နှင့် ဆန့်ကျင်ဘက် နောက်ပြန် လွင့်သွားခဲ့ပေသည်။
“ဒါဘယ်လို စိတ်ဝိညာဉ်နည်းစနစ်လဲဟ” ကျန်းရှင်းရှုံ အသံနက်ကြီးဖြင့် အော်လိုက်၏။ သူက မျက်လုံးနီအခြေအနေမှာရှိနေသေးတယ်ဆိုရင်တောင် လူသားလို စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပါသေးသည်။
ယခု အခြေအနေက အဆိုးဆုံးသည့်အထဲမှ အဆိုးဆုံးဖြစ်သည်။ စုရှောင်ရှန်သူ့ကိုရိုက်တော့ သူလွင့်ထွက်သည်။ သူက စုရှောင်ရှန်ကို ရိုက်ပြန်တော့လည်း သူပဲထပ်၍ လွင့်ထွက်ပေသည်။ ဘယ်လိုတောင် စိတ်ရှုပ်စရာကောင်းလိုက်လဲ။
သူ့ခန္ဓာကိုယ်မှ ကြော့ကွင်း၏ အကျိုးသက်ရောက်မှုများ နောက်ဆုံးတော့ ရပ်တန့်သွားခဲ့ပြီး စုရှောင်ရှန်ကို ဖိသတ်ရန်အလို့ငှာ ခုန်၀င်သွားလိုက်သည်။
သို့ပေမယ့် သူလှုပ်ရှားပြီး မကြာပါဘူး အနီရောင်အလင်းတန်းငါးခု သူ့ကိုလာထိရိုက်တာတွေ့ရ၏။
ကျန်ရှင်းရှုံ တုံ့ခနဲရပ်သွားပေသည်။
စုရှောင်ရှန်က ထူးထူးဆန်းဆန်းတည်းစနစ်တွေနဲ့ ဒါကကော ဘာနည်းစနစ်ကြီးဖြစ်ဦးမလဲ။ ဦးစွာ စုရှောင်ရှန်ကို တိုက်ခိုက်ခိုက်ရင်တောင် သူကပဲ လွင့်ထွက်သွားပေသည်။
ပြီးတော့အခုလည်း မူလနန်းတော်အစောပိုင်းနယ်ပယ်လေးနှင့် မီးတောက်အစေ့လို ကြောက်မက်ဖွယ်ရာ အစေ့များကို ဆက်တိုက် ပစ်လွှတ်နေ၏။
သူ့စိတ်ဝိညာဉ်စွမ်းအင်တွေက မကုန်မခမ်းနိုင်တော့ဘူးလား။
မမျှတဘူး။
ဘုန်း ဘုန်ုး ဘုန်း ဘုန်း ဘုန်း
ထိုမှ နားစည်ကွဲမတတ် ပေါက်ကဲမှာကြီးကြောင့် အသိပြန်လည်လာခဲ့သည်။ မီးတောက်အစေ့များ၏ အဖျက်စွမ်းအားက ဘယ်နှစ်ခါ ပြန်ကြည့်ကြည့် ကြောက်ဖို့ကိုကောင်းနေတော့သည်။
မြေငလျှင်လှုပ်နေသလိုမျိုး မြေပြင်ကတုန်ခါလာကာ အက်ကြောင်းမြောက်များစွာလည်း ပေါ်လာခဲ့သည်။ သေခြင်းရှင်ခြင်းကွင်းပြင်လည်းမခံနိုင်တော့ဘဲ နှစ်ခြမ်းကွဲသွားခဲ့၏။
ပွဲကြည့်သူများက ပိုဆိုးပြီး တစ်ယောက်ပြီးတစ်ယောက် လေထဲကို လွင့်ထွက်ကုန်ကြသည်။ မြေငလျှင်၏ သက်ရောက်မှုကလည်း တဖြည်းဖြည်း လျော့ဆင်းလာခြင်းနှင့်အတူ အပြင်စည်းမကျန် စိတ်ဝိညာဉ်နန်းတော်တစ်ခုလုံးကတောင် ထိုအဖြစ်အပျက်ကို သတိထားမိလိုက်၏။
မြေပြင်၌ ရပ်နေသော စုရှောင်ရှန် မျက်မှောင်ကြီးကြုတ်ထားသည်။
အကြားအမြင်ကနေပြီးတော့ ၀က်ဝ့သတ္တဝါကြီးရဲ့ ပြတ်ထွက်သွားသော အသားစများက အလျင်အမြန် ပြန်ကောင်းလာနေတာကိုတွေ့ရလေသည်။ ၎င်းက ထာ၀ရအသက်စွမ်းအင်ထက် နည်းနည်းလေးတောင်မလျော့ကျပါချေ။
“ဒါမျိုးကြကွာ…”
ထိုမှ သူ့ကိုယ်သူ လာတိုက်ခိုက်ရသည့် ဒုက္ခကို စုရှောင်ရှန်သိနားလည်ပေတော့သည်။ ကျန်းရှင်းရှုံ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းက ကောင်းလှတာကြောင့် သူ့အဆင့်နိမ့်မီးဘောလုံးလေး အလုပ်မဖြစ်တော့တာကို သိရ၏။
“သူက ယွမ်တုထက် ပိုစွမ်းတယ်”
ယွမ်တုကို စုရှောင်ရှန် မြင်ယောင်သွားပြီး ကျန်းရှင်းရှုံနှင့်ယှဉ်လျှင်တော့ တူညီသော နယ်ပယ်မှာတောင် ရှိမနေပါချေ။
ကျန်းရှင်းရှုံက ဒဏ်ရာပြန်ကောင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကလိုက်လျော ဆင့်ကဲပြောင်းလဲသလို ပို၍ သန်မာလာပေသည်။
သူ့ကို ငရဲမီးတောက်ကောင်းကင်များနှင့် လောင်ကျွမ်းသည်တောင် ထိုပြန်လည်သက်သာလာနှုန်းကြောင့် အခက်တွေ့နေ၏။
“ဒီတိုက်ပွဲကို ကြာကြာ ဆက်ဆွဲထားလို့မဖြစ်တော့ဘူး”
တိုက်ပွဲကို အမြန်အဆုံးသတ်ရန် စုရှောင်ရှန် ဆုံးဖြတ်လိုက်၏။ သို့ပေမယ့် ထိုမီးတောက်ငါးစေ့ကသာ သူ့တွင်ရှိ အထိခိုက်အများစေဆုံးနည်းစနစ်ဖြစ်ကာ တခြားမယ်မယ်ရရမရှိပါချေ။
ရှိတဲ့ဟာများကလည်း အသုံးပြုရန် အချိန်လိုသေးသည်။
ကျန်းရှင်းရှုံ မုန်းတီးမှုများဖြင့် ထလာတာကိုမြင်သောအခါ စုရှောင်ရှန် သူ့ရင်ဘက်ကို ထိလိုက်သည်။
“ကျန်းရှင်းရှုံ သေဖို့ အဆင်သင့်ဖြစ်ပြီလား”
ကျန်းရှင်းရှုံစိတ်တောင်လွတ်သွားမကဲ့သို့ ရှိနေသည်။ စုရှောင်ရှန်ကို ဂရုထားမနေတော့ဘဲ အသက်ပြင်းပြင်းရှိုက်လိုက်သောအခါ အရှင်သခင်နယ်ပယ်အရှိန်အဝါတို့ မြင့်တက်လာခဲ့၏။
ထိုတိုက်ခိုက်မှုမှာ သူ့ဘက်က တုန့်ပြန်သည့် နည်းစနစ်များက တစ်ခုမှလည်း အသုံးမ၀င်ခဲ့ပါပေ။ ဒီလောက်နှစ်တွေအကြားထဲမှာ အရှက်ကွဲလိမ့်မည်ဟု မထင်ထားပါချေ။
လေထဲကို မြောက်တက်သွားသည့် လူများကိုတောင် ဆွဲချပြီး မြေပြင်ဖြင့်ဆောင့်ရိုက်ပစ်ချင်နေသည်။
သူ့ကျင့်ကြံခြင်းကို ပိတ်ထားသည့် ချိတ်စည်းကလည်း နောက်ဆုံးမခံနိုင်တော့လို့ ကျိုးပျက်သွားရတာ အရှင်သခင်နယ်ပယ်ကိုရောက်သွားခဲ့ခြင်းဖြစ်သည်။
သူ့ကိုယ်မှ ဖြာထွက်နေသော အနက်ရောင်စွမ်းအင်များက တဖြည်းဖြည်းကျဆင်းလာပြီး ပွဲကြည့်နေသည့်သူများကိုတောင် ဖိနှိပ်လိုက်လေသည်။
“အရှင်သခင်နယ်ပယ်ပါလား”
စုရှောင်ရှန့် ကျောတစ်လျှောက်လုံးချမ်းစိမ့်စိမ့်ဖြစ်သွားပေသည်။
သူက စစ်မှန်ခြင်းနယ်ပယ်၌ ပြိုက်ဘက်ကင်းပါသည်ဟု ဆိုနိုင်သော်ငြား အရှင်သခင်နယ်ပယ်နှင့် တိုက်ခိုက်လာရသောအခါ မသေချာတော့ပါချေ။
“မေမေ”
ကျဲစိတ်မရှည်ဖြစ်လာတာကိုခံစားမိသောအခါ စုရှောင်ရှန် အင်္ကျီထဲကနေ ထုတ်ယူပြီး ချက်ခြင်းပစ်လိုက်လေသည်။
“သွားစမ်း။ ပီကာ ကျဲ၊ သူ့ကို ခုတ်ထစ်ပစ်လိုက်”
“အဲ့တာဘာကြီးလဲ” စုရှောင်ရှန် ဘာဝှက်ဖဲများရှိသေးသလဲ လူအုပ်ကြီး မျှော်လင့်တကြီး ထကြည့်လိုက်ကြ၏။
ပြီးမှ အရှင်သခင်နယ်ပယ်သို့ရောက်သွားသော ကျန်းရှင်းရှုံကို စုရှောင်ရှန်က သံလုံးလေးတစ်လုံးနှင့် ပစ်ပေါက်လိုက်တာ သိရသည်။
ဒီကောင်ရူးနေပြီလား။ ၀က်ဝံကို ကျောက်တုံးနဲ့ ပစ်ပေါက်နေသလိုပဲ။
သူ့ရန်ဘက်က သံလုံးလေးတစ်လုံးသာ ပစ်လိုက်တာကြောင့် ကျန်းရှင်းရှုံ၏ မျက်၀န်းများက ကဲ့ရဲ့မှုတို့ဖြင့်ပြည့်နေသည်။
အရှင်သခင်နယ်ကယ်သို့ရောက်သွားတာနဲ့ သူ့တစ်ကိုယ်လုံးက အညောင်းအညာပြေသွားပြီးတော့ သာယာမှုကို ခံစားလိုက်ရ၏။ ထို့နောက် ကောင်းကင်တာအို (မဟာလမ်းစဉ်) ကို ဒေါသတကြီးအော်ဟစ်နေသံကြီးက ကောင်းကင်ယံတစ်လျှောက်မှာပဲ့တင်ထပ်သွားသည်။ (နာမည်က ခဏခဏပြောင်းနေတော့တာပဲ)
ဝေါင်းးးးး…။
ပွဲကြည့်သူများ ထိုအသံကြီးကြောင့် နောက်သို့ ဒရောသောပါးဆုတ်သွားလိုက်ကြသည်။ သို့ပေမယ့် သံလုံးလေးကတော့ ထိခိုက်မှုမရှိတဲ့အလား ပုံမှန်အတိုင်းလေး ဆက်လက်၀င်လာခဲ့၏။
ကျန်းရှင်းရှုံက ထိုသံလုံးလေးကို ဂရုတောင်မပြုဘဲ စုရှောင်ရှန်ကိုသာ စူးစူးဝါးဝါးစိုက်ကြည့်နေလေသည်။
သုံးနှစ်သာမျှ သူချိတ်ပိတ်ထားရသော ကျင့်ကြံခြင်းက စုရှောင်ရှန်ကြောင့် ပြေလျော့သွားလေပြီ။ တုံ့ထျန်း၀မ်မြို့(အရှေ့အရပ် ကောင်းကင်မြို့)က ပြိုင်ပွဲနှင့် သူနှင့် ရေစက်မပါတော့ချေ။
ကျန်းရှင်းရှုံ အံကိုတင်းတင်းကြိတ်ပြီး မြေပြင်ကို လက်ဖဝါးဖြင့်ရိုက်ချလိုက်ရာ တစ်ကိုယ်လုံး လေပေါ်ကိုတက်သွားခဲ့သည်။
“စုရှောင်ရှန် သေဖို့ပြင်ထားတော့”
ဒှီ…။
ကျန်းရှင်းရှုံနှင့် စုရှောင်ရှန်အကြားက သံလုံးလေးက ရုတ်ချည်းတုန်ခါလာခဲ့ပြီး လင်းလက်လာတော့၏။ ထို့နောက် ဆယ်ပေလောက်ရှိသည့် ဧရာမ ဓားပြားကြီးအဖြစ်ကို ပြောင်းသွားခဲ့သည်။
ကျန်းရှင်းရှုံ ထိုသံလုံးလေးကနေ ဓားပြားကြီး အသွင်ပြောင်းသွားတာကြောင့် လန့်ဖျပ်သွားပေသည်။ ၎င်းကိုခုခံနိုင်ခြင်းမရှိလိုက်ပါချေ။
ဧရာမဓားပြားကြီးက လေကိုခွင်း၍ ဖြတ်သွားပြီးနောက်မှာ ကျန်းရှင်းရှုံ၏ လည်မျိုကိုဖြတ်သွားပြီး လေထဲမှာ ရင်သပ်ရှူမောဖွယ်ရာ သွေးပန်းကြီး ပြန့်ကျဲသွားစေလိုက်သည်။ ကျန်းရှင်းရှုံ၏ ခေါင်းကြီး ကောင်းကင်အထက်ကနေ လှုပ်ရှားခြင်းမရှိ ပြုတ်ကျလာခဲ့၏။
“မေမေ”