Switch Mode

အခန်း (၂၃၁)

စုရှောင်ရှန် ချဟေ့

ပုံရိပ်နှစ်ခုက ကောင်းကင်ယံမှာ ပျံသန်းနေသည်။ တစ်ခုက သေးငယ်ပြီး တစ်ခုက ကြီးထွားကာ အဖေနှင့်သားလို ဖြစ်နေ၏။

“ငါသည်းမခံနိုင်တော့ဘူးကွာ အရမ်းအသည်းပေါက်လာပြီ”

ရဲ့ရှောင်ထျန်း၏ ဆံနွယ်များက ‌လေအလာမှာ လူးလွင့်လှုပ်ရှားနေပြီး တစ်လမ်းလုံးလည်း ယိုင်တိယိုင်တိုင်ပျံသန်းလာခဲ့ပေသည်။

“မင်းကလည်း သူက သူလျှိုမှမဟုတ်တာ ဘာလို့ ဒေါကန်နေတာလဲ။ သူအဲ့လို ရတနာအများကြီးကို ယူနိုင်တာကိုက သူ့စွမ်းဆောင်ရည်က အထင်သေးလို့မရဘူးဆိုတာ ပြသနေပြီမဟုတ်ဘူးလား”

အကြီးအကဲကျောက်က ရဲ့ရှောင်ထျန်းများ ပျံသန်းနေရင်း မတည်မငြိမ်ဖြင့် ရုပ်ချည်းပြုတ်ကျသွားမလား စိုးရိမ်၍ ပုခုံးကို ကိုင်ထားပေးလိုက်သည်။ ထို့နောက် ရဲ့ရှောင်ထျန်းကို တည်ငြိမ်အောင်လုပ်ပေးပြီးနောက်မှာ လက်ဖြန့်ထုတ်၍‌ စောနက သူ့စကားကို ဆက်လိုက်၏။

“စဉ်းစားကြည့်စမ်းပါ။ စိတ်ဝိညာဉ်နန်းတော်ထဲမှာ ဒီလို ထူးချွန်တဲ့ ဂိုဏ်းသားတစ်ယောက်ရှိတာ စိတ်ဝိညာဉ်နန်းတော်ကြီးထွားလာဖို့ပဲ ပိုပြီး အကျိုးဖြစ်ထွန်းစေမယ်လေ မဟုတ်ဘူးလား။ ကမ္ဘာငယ်လေးကို တည်ငြိမ်အောင်လုပ်ထားတဲ့ ရတနာလေးပါး ပါသွားတာ အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးကွာ။ လှိုဏ်ဂူဖြူပြန်ဖွင့်တဲ့အခါ အခြားစိတ်ဝိညာဉ်နန်းတော်တွေနဲ့ တိုက်ခိုက်ပြီး ဆုံးရှုံးသွားတာတွေကို ပြန်ယူလို့ရပါတယ်ကွ”

“လေး ဆိုတဲ့ ဂဏာန်းကို ငါ့အရှေ့မှာ လာမရွတ်နဲ့” ရဲ့ရှောင်ထျန်းက ကလေးငယ်တစ်ယောက်လို တကယ်ကို လက်ပန်းချီမြောက်ပြီး ဒေါသတကြီး အော်ဟစ်နေပါသည်။

ခုပြောနေတာ ကမ္ဘာငယ်လေးကိုတည်ငြိမ်အောင်လုပ်တဲ့ ရတနာလေးပါးဟ လခွမ်း။

ဆိုလိုတာက ထျန်းရွှမ်တံခါးကိုတည်မြဲစေတဲ့ ရတနာသုံးပုံတစ်ပုံကို စုရှောင်ရှန်ယူသွားခဲ့တာ ကြောင့် ထျန်းရွှမ်တံခါးက မတည်မငြိမ်ဖြစ်လာတာပေါ့။ စုရှောင်ရှန်၏ လုပ်ရပ်နှင့်ပတ်သက်ပြီး လူအချို့သာ သည်းခံနိုင်စွမ်းရှိပေမည်။

“စုရှောင်ရှန်” ရဲ့ရှောင်ထျန်းရေရွတ်နေရင်းက အေးစက်စက်လေသံဖြင့် ထပြောလိုက်သည်။ “မဖြစ်တော့ဘူး။ သူ့ကို အနီးကပ်ကြည့်ဖို့ လူလွှတ်ထားမှ ဖြစ်တော့မယ်”

“ဟုတ်တယ် လွှတ်ထားရမယ်”

သူ့နံဘေးက ဒေါသထွက်နေသော ဆံပင်ဖြူကလေးငယ်ကို အကြီးအကဲကျောက် ကျောကုံးပုတ်ပေးလိုက်ရာ ထို “ကလေးငယ်” က စိတ်ပြေလျော့သွားခဲ့သည်။

ထို့နောက် ‌ငန်းရေကန်အထက်ကိုရောက်သောအခါ သူတို့အနားက ဖြတ်၍ ပျံသန်းသွားသော ဆူးဖြိုးဖြိုးငန်းကြီးတစ်ကောင်ကို ဖမ်းလိုက်၏။

“လာပါ ငန်းသားစားရအောင်”

ရဲ့ရှောင်ထျန်းက အစာစားဖို့ စိတ်ရှိမနေပါဘဲ ငူငူငိုင်ငိုင်ကြီး အတွေးနက်နေပေသေးသည်။

“မဖြစ်တော့ဘူး။ ဒီကောင့်ကို စိတ်ဝိညာဉ်နန်းတော်ထဲကနေ ထွက်သွားအောင် ငါတစ်ခုခုကြံမှ ဖြစ်တော့မယ်။ အကြီးအကဲစန်းတောင် ငါ့ကို တားလို့မရစေရဘူး”

“အဲ့လောက်ကြီးလည်း မလိုပါဘူးကွာ”

အကြီးအကဲကျောက် မမှုသလိုဖြင့် လက်ခါရမ်းကာ ပြောလိုက်သည်။ ထိုစဉ် သူဆက်လက်၍ စကားပြောမည်အလုပ်မှာ အနက်၀တ်လူတစ်ဦး ‌နောက်က ကျားလိုက်နေသည့် အလားပြေးလာတာကို မြင်ရသည်။

“ခေါင်းဆောင်ရဲ့၊ အကြီးအကဲကျောက်”

ရဲ့ရှောင်ထျန်း သူ့စိတ်အခြေအနေကို ချက်ခြင်း ပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး အေးတိအေးစက် မျက်နှာသေကြီးဖြင့် မေးလိုက်သည်။ “ဘာကိစ္စရှိလို့လဲ”

“စုရှောင်ရှန် သူ-သူ…” သူတို့ထံအပြေးလေးလာခဲ့သော အနက်၀တ်လူက ဟောဟဲဆိုက်နေသဖြင့် စကားပြောတာ ထစ်ငေါ့နေသည်။

“စုရှောင်ရှန်ဘာဖြစ်လဲ”

ရဲ့ရှောင်ထျန်း ရင်ဖိုသွားရ၏။

မဟုတ်သေးပါဘူး။ ညီလာခံခန်းမကနေ ထွက်သွားတာမှ မကြာသေးဘူး ဒီကောင်ဘာပြဿနာရှာပြန်တာလဲ။

“စုရှောင်ရှန်… သူ-သူ ကျန်းရှင်းရှုံနဲ့ သေခြင်းရှင်ခြင်းကွင်းပြင်မှာ ချနေပြီ”

ထိုစကားက ရဲ့ရှောင်ထျန်းတို့နှစ်ယောက်ကို မိုးကြိုးပစ်လိုက်သည့်အလား တုန်လှုပ်သွားစေပေလေသည်။

ရဲ့ရှောင်ထျန်း တဒင်္ဂခန့် ကြက်သေသေသွားပြီးတော့မှ နားကြားများမှားသလား ထင်ယောင်ထင်မှားဖြစ်သွားသည်။ တစ်အောင့်ကြာသော် သူ၏ ဆံနွယ်များလေထဲမှာ ပြန်၍ လှုပ်ရှားလာကြပြီး သူလည်း ဒေါသထွက်လာတော့၏။

“မင်းဘာပြောလိုက်တယ် ပြန်ပြောစမ်း”

သေခြင်းရှင်ခြင်းကွင်းပြင်၌…။

ထိုကွင်းပြင်ကြီးက မဟားတရားကို ကြီးမားပေသည်။ ၎င်းက အပြင်စည်းမှာတုန်းက မိုးတိမ်လေပြိုင်ပွဲကျင်းပခဲ့သော ချုယွင်ကွင်းပြင်ကြီးထက်တောင် နှစ်ဆကြီးမားသည်။

အတွင်းစည်းမှာရှိသော တစ်ခုတည်းသော ကွင်းကြီးလည်းဖြစ်ပေကာ ၀င်သွားသူတိုင်းကလည်း အရှုံးပေး၍မရ တစ်ယောက်ယောက်တော့ သေသည်အထိ တိုက်ခိုက်ရပေမည်။

ထိုကွင်းပြင်နံဘေးမှာ လူတစ်စု စည်ကားသိုက်မြိုက်စွာ စုစည်းလာခဲ့သည်။ အတွင်းစည်းမှာ ဂိုဏ်းသားက တစ်ရာကျော်စွန်းစွန်းလေးလောက်သာရှိပေမယ့် ထိုသူများအားလုံး ယခုတော့ ဤနေရာတွင်‌ ရောက်လာခဲ့ကြ၏။

“ဒီပွဲက ဒီနှစ်ရဲ့ အကောင်းဆုံးဖြစ်ရပ်ပဲ။ အပြင်စည်းဝါရင့်အကိုကြီး နဲ့ အတွင်းစည်း ဝါရင့်အကိုကြီးတို့တိုက်ပွဲတဲ့။ ဒီထက်ကောင်းတာ ဘာရှိဦးမလဲ”

“ပြောလို့ပြောတာမဟုတ်ဘူး စုရှောင်ရှန်က တကယ့် အာဂသတ္တိပဲကွ။ ငါက သူစကားအဖြစ်ပဲပြောတယ်မှတ်နေတာ တကယ်ကြီးကွင်းပြင်ကိုရောက်ချလာတယ်။ ဒီလို စကားကိုပြီးစလွယ်မပြောတာတော့ ကြိုက်သဟေ့”

“ချီး။ သူခြေထောက်တွေတောင် ကောင်းကောင်းမရပ်တည်နိုင်ဘဲ တဆတ်ဆတ်လှုပ်နေလောက်ပြီ။ အလကား သက်သက် ဟန်ထုတ်နေတာပါကွာ”

“ဟမ့်။ မင်းကကော ဘာထူးလဲ။ သူ့နေရာမှာဆို မင်းလည်း ကျန်ူရှင်းရှုံကို စိန်ခေါ်ရဲမလား။ သူဒီလိုလုပ်ရဲတာကိုက ချီးကျူးဖို့ကောင်းနေပြီ”

“အဲ… မင်းက ကျိုးထျန်းရှန်မလား။ စုရှောင်ရှန်ရဲ့ သူငယ်ချင်းလေ။ ဘာလို့ သူ့ကို ဒီလိုမလုပ််ဖို့ သွားနားမချတာလဲ”

“…”

လက်တစ်ဖက် ကျိုးထျန်းရှန် သူ့ဆေဘာကိုကိုင်ထားရင်းက လေညှင်း‌ကလေး၏ ကျီစယ်မှုကြောင့် လောလောလတ်လတ်ပုံပြောင်းထားသော ဆံပင်တိုကလေးက လူးလွင့်နေသည်။

သူသတိပြန်ရလာပြီးနောက်မှာ စုရှောင်ရှန်၏ သေခြင်းရှင်ခြင်းတိုက်ပွဲအကြောင်းကိုကြား၍ အပြေးလေးလာခဲ့ပေသည်။

ထိုအခိုက်မှာ ကျိုးထျန်းရှန်၏ စိတ်နှလုံးကကြည်လင်နေခဲ့ပြီး ကွင်းထဲမှာ တိတ်ဆိတ်စွာ ရပ်နေသော ပုံရိပ်ကလေးကိုကြည့်လိုက်သည်။ သူ့နံဘေးက အမေးကိုကြားတာတောင်မှ သူက ခွန်းတုန့်ပြန်ခြင်းမရှိပါချေ။

ကျန်းရှင်းရှုံက သူ့ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ဖြင့်တောင် အခြားသူများကို ကြောက်သွားစေဖို့လုံလောက်သည်။ ကျိုးထျန်းရှန် သူ၏ ဖိနှိပ်ခြင်းကြောင့် မြေကြီးထဲမှာ တုန်ုတုန်ရင်ရင်ဖြင့် စိုက်၀င်သွားခဲ့တာတောင် အလျော့မပေးခဲ့ပါချေ။ ထိုဖြစ်ရပ်ပြီးနောက်မှာလည်း ကတိသစ္စာတစ်ခု တည်လိုက်သည်။

ကျန်းရှင်းရှုံကို တစ်နှစ်အတွင်း သူခုတ်ထစ်နိုင်အောင် သန်မာလာရပေမည်။

ဒါကြောင့်လည်း ‌သူ့ခန္ဓာကိုယ်ကို အဆုံးစွန်ထိ မြှင့်တင်ဖို့ သတ်ဖြတ်ခြင်းပြိုင်ကွင်းကို အကျိုးဆက်များအား လစ်လျူရှူပြီး သွားခဲ့တာဖြစ်သည်။

ယခုတော့ သူ့ကိုယ်သူ တိုးတက်လာအောင်ပေးထားသည့်အချိန်၏ ဆယ်ပုံတစ်ပုံတောင်မရှိသေးခင်မှာ စုရှောင်ရှန်က ဆန့်ကျင်ဘက်မှ နေ၍ ကျိုးထျန်းရှန်ကို ရင်ဆိုင်နေပြီဖြစ်၏။

စုရှောင်ရှန် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူ၏ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကိုက ကျိူးထျန်းရှန်ကို နှစ်သက်သွားစေပါသည်။ ဒါကြောင့်လည်း ချစ်မြတ်နိုး- အဟွတ် အဟွတ် လူတစ်ယောက်ကို အထင်အမြင်ကြီး လေးစားခြင်းများ ပေါက်ဖွားလာရသည်။

‘စုရှောင်ရှန် တောင့်ထား’ ကျိုးထျန်းရှန် သူ့စိတ်ထဲကနေပြီးတော့ စုရှောင်ရှန်ကို အားပေးလိုက်၏။

“ဟေး မင်းဘာလို့ ဘာမှပြန်မပြောတာလဲ” သူ့နံဘေးကလူက တံတောင့်ဖြင့်တိုက်ပြီးတော့ “လုပ်ပါ သူ့ကို နားသွားချပါဦး။ ဒါမှ မဖြစ်သင့်တာတွေမဖြစ်ရမှာ”

ဟက်။

ကျိုးထျန်းရှန် နှာခေါင်းရှုံ့လိုက်သည်။ စုရှောင်ရှန်ကို တားရမတဲ့လား။

ဖြစ်နိုင်လို့လား အရင်မေးပါဦး။

ထို့နောက် စုရှောင်ရှန်နှင့် တိုက်ခိုက်ခဲ့စဉ်က ပုံရိပ်များကိုမြင်ယောင်မိပြီး စိတ်နှလုံး လှုပ်ရှားတက်ကြွလာခဲ့ပေသည်။ သို့ဖြင့် စိတ်ဉာဏ်ကွန့်မြူးလာသည့် တခိုက်မှာ ကျိုးထျန်းရှန် အဆုပ်တစ်ဆုံး သံကုန်ဟစ်တော့၏။

“ရန်သူကို မတိုက်ခိုက်ဘဲနဲ့ အရှုံးပေးတယ်ဆိုတာမဖြစ်ရဘူး။ ဒီလိုလုပ်တာက ကျင့်ကြံသူတစ်ယောက်ရဲ့ ဂုဏ်ကိုညှိုးနွမ်းစေတယ်။ ဘ၀မှာ အမဲစက်စွန်းထင်းစေတယ်။ စုရှောင်ရှန် သူ့ကို အပြီဆော်ပစ်ကွာ”

ထိုမိုင်ကုန်အော်ဟစ်သံကြီးက ကွင်းပြင်နံဘေးက စကားသံများကို ချက်ခြင်းတိတ်ဆိတ်သွားစေခဲ့၏။ ကျန်းရှင်းရှုံကို ရင်ဆိုင်တော့မည့် စုရှောင်ရှန်တောင် လန့်ဖျပ်သွား‌သည်။

ရုတ်တရက် လည်ပြန်ကြည့်လိုက်ရာ လေထဲမှ ဆံပင်တိုတိုဖြင့် ကျိုးထျန်းရှန်ကို တွေ့ရ၏။

ထိုလူထွားကြီးက “မင်းနောက်မှာ ငါရှိတယ်ဆိုတဲ့” အဓိပ္ပာယ်နှင့် ရင်ဘက်ကို သူ့ကျန်ညာလက်ဖြင့် နှစ်ချက် ပုတ်ပြီး စုရှောင်ရှန်ကို လက်ညိုးထိုးပြလိုက်သည်။

ထိုအချင်းအရာကြောင့် စုရှောင်ရှန် မှင်တက်သွား၏။

“ချီး ကလေးဆန်လွန်းတယ်ကွာ”

စုရှောင်ရှန်တောင် ရှက်သွားပေသည်။

ကျိုးထျန်းရှန််ကို မကြည့်ရက်တော့ပဲ ချက်ခြင်း ရှေ့ကိုပြည်လှည့်လိုက်တော့သည်။ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရာမှာ စိတ်အနှောက်အယှက်ရှိနေ၍ မဖြစ်‌ပါချေ။

ကျိုးထျန်းရှန်ကလည်း သာမန် နေ့စဉ်‌တွေ့နေကြ ကျင့်ကြံသူမဟုတ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အရှင်သခင်နယ်ပယ်တက်လို့ရတာကို ဖိနှိပ်ထားတာကြောင့် သူ့ကို ကျင့်ကြံခြင်းအဆင့်လေးကြည့်၍ ဆုံးဖြတ်လို့မရပေ။

“အဆင်သင့်ဖြစ်ပြီလား”

ကျောက်ကျစ်တုံ့သူတို့နှစ်ဦးကိုကြည့်လိုက်သည်။ ထို့နောက် စုရှောင်ရှန်များ နောက်ပြန်ဆုတ်ချင်ဦးမလား မျှော်လင့်ချက်ကလေးဖြင့် တတောင့်တသ ကြည့်လိုက်၏။

သို့ပေမယ့် အထင်အမြင်နှင့်လွဲကာ စိတ်လှုပ်ရှားနေသော လေသံဖြင့်ပင် စုရှောင်ရှန်က “ကျန်းရှင်းရှုံ သေဖို့ပြင်ထားပေတော့”

ချီးပဲ။

ကျောက်ကျစ်တုံ့ ချီတုံချတုံဖြစ်သွားပြီး စုရှောင်ရှန်ကို အရေးမပေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။

ကျန်းရှင်းရှုံ လေပေါ်က ကျိုးထျန်းရှန်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးတော့ ဟန်လုပ်ပြုံးကာ တိုးတိုးကလေး ရေရွတ်လိုက်၏။ “အရူးနှစ်ကောင်”

“တိုက်ပွဲစ”

ကျောက်ကျစ်တုံ့ လက်ဝေ့ရမ်း၍ ကြေငြာပြီးသည်နှင့် ချက်ခြင်းနောက် ဆုတ်သွားလိုက်သည်။ ဒီလို ပြိုင်ပွဲအတွင်းမှာ ပြိုင်ပွဲကြီးကြပ်သူမလိုပါချေ။

ယားးးး…။

စုရှောင်ရှန်က ဘာစကားတစ်ခွန်းမှ မဆိုတော့ဘဲ ညာသံပေးကာ ကျန်းရှင်းရှုံထံ လက်သီးလက်ပန်းချီမြှောက်ကာ ကမူးရှူးထိုး၀င်သွားလိုက်သည်။

“သူ ကျန်းရှင်းရှုံကို ခန္ဓကိုယ်ခွန်အားနဲ့ သက်သက် တိုက်ခိုက်ချင်နေတယ်တဲ့။ ရူးနေတာများလား”

ကွင်းနံဘေးက ပွဲကြည့်သူများ မှင်တက်သွားကြသည်။ ကျန်းရှင်းရှုံအကြောင်းကို တစ်လုံးတစ်လေမှ သိရှိခြင်းမရှိပါဘဲ စုရှောင်ရှန် သေခြင်းရှင်ခြင်းတိုက်ပွဲကိုလာရောက်တိုက်ခိုက်ပေသည်လော။

ဘယ်လောက်ရူးရူး သူအဲ့လောက်တော့ မလုပ်လောက်ဘူးမလား။ ပွဲကြည့်သူများက စုရှောင်ရှန် ပြိုင်ကွင်းအတွင်းရောက်သွားတာကြောင့်သာ စိတ်နှလုံးလှုပ်ရှားနေခြင်းဖြစ်သည်ဟု ဖြေသိမ့်လိုက်တော့သည်။

“ပြောသာပြောနေတာ စုရှောင်ရှန်တကယ် သားရဲကြီးပဲ”

“သူ့မှာ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ရှိတယ်ဆိုရင်တောင် ရှားပါးတဲ့ ရှေးဦး၀က်၀ံ သွေးမျိုးဆက် ဆက်ခံထားတဲ့ ကျန်းရှင်းရှုံကိုလည်း အထင်သေးလို့မရဘူးလေ။ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားက စုရှောင်ရှန်‌ထက်တောင် သာနေဦးမှာ”

“ဟုတ်တယ် သွေးမျိုးဆက်စွမ်းအင်ကို အသက်သွင်းလိုက်တာနဲ့ တိုက်ပွဲက ချက်ခြင်းပြီးသွားလိမ့်မယ်”

သူ့ထံ ပြေး၀င်လာနေသော စုရှောင်ရှန်ကို ကျန်းရှင်းရှုံ စောင်းငဲ့ကြည့်သည်ဆိုရုံလောက်လေးပြုလိုက်သည်။

“အရူး”

စုရှောင်ရှန်ကို ကဲ့ရဲ့ပြီးနောက်မှာ ကျန်းရှင်းရှုံ လက်ကိုပင့်ပြီး သူ့၀တ်ရုံရှည်ကိုဖယ်လိုက်သောအခါ ပတ်၀န်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ ရောက်ရက်ခက်လာပြီး နက်ရောင်၀က်ဝံကြီးတစ်ကောင်၏ ပုံရိပ်ဖြစ်တည်လာတော့၏။

ထိုပုံရိပ်က ၁၂မီတာကျော်တောင် ကြီးမားပြီးတော့ ကောင်းကင်ကြီးကိုမော့ကြည့်၍လည်း ဟိန်းဟောက်လိုက်ပေသည်။

လူထွားကြီး ကျန်းရှင်းရှုံ၏ နောက်မှာ ထိုသို့ ဧရာမ ၀က်ဝံကြီးကိုတွေ့ရခြင်းက တကယ် ရင်သက်ရှူမောဖွယ်ရာကောင်းပေသည်။ ကြောက်မက်ဖွယ်ရာလည်းကောင်း၍ ပွဲကြည့်သူများတောင် နောက်သို့ ခြေတစ်လှမ်း ပြိုင်တူဆုတ်မိလိုက်ကြ၏။

စုရှောင်ရှန် ကွင်းတစ်၀က်ကိုရောက်လာသောအခါ ကျန်းရှင်းရှုံ လက်တစ်ဖက်ကို ဆုပ်ကျစ်လိုက်သည်။ သူ့နောက်က အနက်ရောင်ဧရာမ ၀က်ဝံကြီးက တဖန် ပြန်ဟိန်းဟောက်လိုက်၏။

ဝေါင်းးးးး…။

ကွင်းပြင်တစ်ခုလုံးတောင် တုန်ခါလာခဲ့ပြီး စတင်၍ အက်ကွဲ‌ကြောင်းကြီးများထလာကာ ကျောက်တုံးကြီးများ အရပ်လေးမျက်နှာကို ပျံလွင့်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset