“ကျန်းရှင်းရှုံပါလား”
၀တ်ရုံရှည်ဖြင့် လူထွားကြီးပေါ်လာသောအခါ လူတိုင်း ပင့်သက်ရှိုက်လိုက်ကြသည်။
“ကြမ်းတော့ကြမ်းပြီ။ အတွင်းစည်းရဲ့ စီနီယာအကိုကြီးပေါ်လာတော့ စုရှောင်ရှန်ထပ်ပြီး ပေါတောတောလုပ်နိုင်ဦးမလား”
“ဟုတ်တယ် ကျန်းသခင်လေး… တိုက်ခိုက်တာမတွ့ရတာတောင် အတော်ကြာပြီ။ ငါကြားရသလောက်တော့ သူက ဟိုးအရင်နှစ်တွေကတည်းက အရှင်သခင်နယ်ပယ် တစ်ပိုင်းကို ရောက်နှင့်ပြီးသားတဲ့။ ဒီတစ်ချိန်လုံး သူ့ကျင့်ကြံမှုနယ်ပယ်ကိုဖိနှိပ်ခဲ့တာဖြစ်ရမယ်”
“ဟုတ်တယ်။ အတွင်းစည်းမှာတောင် ကျန်းရှင်းရှုံက ဝါအကြီးဆုံးထဲကပါတယ်။ သူ့ထက်ကြီးတာဆိုလို့ ဘွဲ့မလွန်ခင်က စည်းကမ်းကြီးကြပ်သူတစ်ယောက်ပဲရှိတယ်”
“ကြီးကြပ်သူကျောက်က… ကျောက်ကျစ်တုံ့ကိုပြောတာလား”
“အေးပေါ့”
ဟူးးး…။
အခြားလူများလည်း ရုတ်ရုတ်သဲသဲဆိုတော့ မကြာခင်မှာ အလုံးအရင်းနှင့်ရောက်လာကြသည်။ သူတို့ဘာဖြစ်နေကြလဲသိဖို့မလိုပါပဲ လူတိုင်း စိတ်လှုပ်တရှား စကားပြောနေကြ၏။
အတွင်းစည်းက အကိုကြီးက သူဘာစွမ်းသလဲဆိုတာ မပြဖူးသဖြင့် သူ့အကြောင်းသိသူ အနည်းငယ်သာရှိပေသည်။ သူနှင့်လန်ရှင်းရှီတို့က ရင်နှီးတယ်ဆိုတာ ငြင်းပယ်လို့မရပါလေ။
အပြင်လူတွေ တားမြစ်ပစ္စည်းလိုသာမြင်ရတဲ့ ထိုမိန်းမက ယခုတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာခံစားနေရသည်။ ကျန်းရှင်းရှုံဘယ်နည်းနဲ့မှ ၎င်းကို လစ်လျူရှူနိုင်မည်မဟုတ်ချေ။
ယခင်နှစ်များကတည်းက အတွင်းစည်းထိပ်သီးခေါင်းဆောင်တစ်ဖြစ်လဲ စည်းကမ်းကြီးကြပ်သူ ကျောက်ကျစ်တုံ့ ဒီမှာရှိနေတယ်ဆိုရင်တောင်မှ သူက ထိုကိစ္စကို အရေးပေးကိုပေးရ ပေမည်။
သူ့ရှေ့က လူသန်ကြီးကိုကြည့်ပြီး စုရှောင်ရှန် မှင်တက်သွားသည်။ ဒီလူက ကျိုးထျန်းရှန်ထက်တောင်မှ ပိုလို့ထွားကျိုင်းနေ၏။
သူ၏ ပခုံးတွေ၊ ကြွက်သားအဖုအထစ်တွေကိုကြည့်ပါဦး…။
သူ့လက်ကို ခင်မင်ရင်းနှီးစွာဆန့်ထုတ်ထားတာတောင် ဘာတုန့်ပြန်မှုမှ မရသဖြင့် ကျန်းရှင်းရှံ၏ လက်မောင်းကြွက်သားများကိုသာ ကိုင်ညှစ်လိုက်ပြီးတော့ မေးသည်။ “ဒါတကယ် ကြွက်သားတွေလား ကြွက်သားကြီးဆေး စားထားတာဘာညာတော့မဟုတ်ပါဘူးနော်”
ဘုန်းးးး…။
လူအုပ်ကြီးသူတို့မြင်တွေ့လိုက်ရတဲ့အရာကြောင့် တစ်ယောက်မကျန်အကုန် ကြက်သေသေသွားကြသည်။ သူတို့ပါးစပ်များက အဟောင်းသားဖြင့် ဖြစ်ပျက်သွားသည်ကို မယုံကြည်နိုင်ကြပါပေ။
“လခွမ်း…”
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၃၂]
[အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၇]
စုရှောင်ရှန်၏ ရဲတင်းသော လုပ်ရပ်က ကျန်းရှင်းရှုံကိုတောင် မယုံကြည်နိုင်ဖြစ်သွားစေသည်။
စုရှောင်ရှန်သူ့ကို ထိလိုက်တာလား…။
သူ့ကို အရူးလန်ရှင်းရှီတောင်မှ မထိရဲပါချေ။
“မင်းက သတ္တိရှိသားပဲ”
[ချီးမွမ်းခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ကျန်းရှင်းရှုံ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အန္တရာယ်ရှိသော အပြုံးတစ်ခုဆင်မြန်းထားသောမျက်နှာဖြင့် စုရှောင်ရှန်ကို ကော်လံကနေ မလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်မှာ ကျန်းမိသားစုရဲ့ သွေးနံ့ရတယ်” စုရှောင်ရှန်၏ နားအနားကိုကပ်သွားပြီး “မင်းယွမ်တုကို သတ်လိုက်တာမလား”
စုရှောင်ရှန်ကို ကြက်ကလေး၊ ငှက်ကလေးတစ်ကောင်လို မြေပြင်ကနေ ကျန်းရှင်းရှုံမလိုက်တဲ့ ဖြစ်ရပ်ကြောင့် လူတိုင်း သူ့ကို သနားသွားကြ၏။
“ခုတောင် မခုခံနိုင်ဘူးလားနော်…”
“အေးဆို။ မြောက်ကြွေမြောက်ကြွဖြစ်နေတဲ့ စုရှောင်ရှန်တော့ ဒီနေ့ သူ့ပြိုင်ဘက်ကိုတွေ့ပြီ”
“ဟုတ်သားပဲ။ မေ့နေလိုက်တာ။ စုရှောင်ရှန်က ခုမှ အပြင်စည်းဂိုဏ်းသားပဲရှိသေးတာလေ။ ဒါတောင် ဒီလိုလျှောက်လုပ်နေတာကို အသက်ရှင်နေနိုင်သေးတယ်”
“လန်ရှင်းရှီနဲ့မတည့်ရင်တောင်ဘာဖြစ်မလဲမသိပါဘူး။ ကျန်းရှင်းရှုံအသာထားဦး သူမကိုတောင်အနိုင်ယူဖို့်ခက်ဦးမှာ”
“ဟ သူက အငိုက်မှာ တိုက်ခိုက်တာလေ ငါဆိုလည်း သူ့နေရာမှာ အဲ့လိုလုပ်နိုင်မှာပဲ”
“သွားလုပ်လေ ဒါဆို”
“သူ့နေရာမှာလို့ ငါပြောတယ်လေ”
“အေးလေ ဟုတ်တယ်လေ သွားလုပ်ကြည့်လေ…”
“ပါးစပ်ပိတ်ထားစမ်း”
“…”
[အသနားခံရပါသည်။ ပင်ကိုယ်မှတ် +၁၂]
[အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁၁]
“…”
ကျန်းရှင်းရှုံက သူ့ကို ကော်လံက မြှောက်မထားပေမယ့် စုရှောင်ရှန်က မမှုပေ။ ထိုအစားကျောက်ကျစ်တုံ့ကို တစ်ချက်စောင်းငဲ့ကြည့်ပြီးဖြေလိုက်သည်။ “ယွမ်တု… သူ့ဟာသူဖြစ်ပျက်သွားတာ ငါနဲ့ဘာဆိုင်လဲ”
ဟမ့်…။
ကျန်းရှင်းရှုံ၏ မျက်နှာ၌ အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ဘေးတစ်ဘက်က ပုံပျက်ဆင်းပျက် လန်ရှင်းရှီ၏ ကြည့်လိုက်သောအခါ ထိုအပြုံးအေးခဲသွား၏။
ယွမ်တုကို ဘာဖြစ်သလဲ သူဂရုမစိုက်ပါလေ။ သို့ပေမယ့် သူ့အပိုင်လို့သတ်မှတ်ထားတာကိုထိလာရင်တော့ လန်ရှင်းရှီကို သူဂရုမစိုက်ဘူးဆိုရင်တောင်မှ အခြားသူများကိုလည်း ထိခွင့်ပေးမည်မဟုတ်ချေ။
“မင်းဘယ်လို သေချင်လဲ ပြော”
စုရှောင်ရှန်က လည်ပင်းအစ်လာသလိုဖြင့် မျက်နှာကြီးနီလာပြီး ကျောက်ကျစ်တုံ့ကို မျက်ရည်များရွှန်းလဲ့နေသော မျက်၀န်းများဖြင့်ကြည့်၍ “ကြီးကြပ်သူကျောက်။ ဒီမှာ ကျုပ်ကို ခြိမ်းခြောက်နေတယ်”
ကျန်းရှင်းရှုံ၏ နှုတ်ခမ်းထောင့်လှုပ်သွားသည်။
သူ့ရှေ့က အကောင်က သူစိတ်ကူးယဉ်ထားသော အထဲက အကောင်နှင့် လုံး၀ကိုမတူ ကွဲပြားလေသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်က တကယ် ရူးသွပ်ပါလားဟု ကျောက်ကျစ်တုံ့ ခေါင်းခြောက်နေ၏။
စုရှောင်ရှန်ကို သူဖမ်းဖို့လာတာ ယခုတော့ ပြန်ကာကွယ်ပေးရမလိုဖြစ်နေသည်။
သို့ပေမယ့် စည်းကမ်းကြီးကြပ်သူတစ်ယောက်အနေဖြင့် အတွင်းစည်းထိပ်သီး (၃၃)၀င် လူဟောင်းတစ်ယောက်က အပြင်စည်းဂိုဏ်းသားတစ်ယောက်ကို ဤသို့ လူမြင်ကွင်းမှာ အနိုင်ကျင့်နေတာ လက်ပိုက်ကြည့်မနေနိုင်ပါချေ။
“မင်းတို့ နှစ်ယောက်တိုက်ခိုက်ချင်တယ်ပေါ့လေ ဟုတ်လား။ ရတယ်လေ သေခြင်းရှင်ခြင်း ကွင်းပြင်ကိုသွားချကြ။ ငါခေါ်သွားပေးမယ်” ကျောက်ကျစ်တုံ့ ဆက်လက်ငြင်းခုန်နေဖို့ အားမရှိရတော့ပါ။
ကျောက်ကျစ်တုံ့ အလုပ်လုပ်တဲ့နေရာမှာ ဤသို့ ပေါ့ပေါ့လျော့လျော့ ပထမဆုံးအကြိမ်အဖြစ်မြင်လိုက်ရသောကြောင့် လူတိုင်း အံ့အားသင့်သွားကြ၏။
သူက “မင်းဘယ်သူဘာညာ၊ နစ်နာသူလား၊ ပြုလုပ်သူလား ငါဂရုမစိုက်ဘူး။ ငါနဲ့ ပြစ်ဒဏ်စီရင်ရေးခုံရုံးကို တရားခံဖို့လိုက်လာခဲ့” လို့ပြောရမှာမဟုတ်ဘူးလား။
သူဘာဖြစ်သွားတာလဲ။
“ငါလည်း သူ့နေရာမှာဆို တော်တော်ကြီးကို လက်ပမ်းကျသွားမှာပဲ…”
လူအုပ်ကြီးသက်ပြင်းချလိုက်ကြသည်။ ဖြစ်ပျက်ခဲ့သည်များအားလုံးကို ခြုံငုံကြည့်လျှင် သူတို့လည်း ကျောက်ကျစ်တုံ့နေရာမှာသာဆို လက်မှိုင်ချကြမည်သာ။
စုရှောင်ရှန်လို ပြဿနာကောင်ဖြင့် ရင်ဆိုင်ရလျှင် ကျောက်ကျစ်တုံ့ထက်တောင်သူတို့က ပိုအခြေအနေဆိုးနေလောက်ချေပြီ။
ယခု ကိုင်မ ထားခံရသည့် စုရှောင်ရှန်ကို သနားနေကြသည့်လူများနှင့် ဆန့်ကျင်ဘက် သူကိုယ်တိုင်ကတော့ စိတ်လှုပ်ရှားနေလေသည်။
“သေခြင်းရှင်ခြင်းကွင်းပြင်ဆိုတော့ အဲ့နေရာက တစ်ယောက်မဟုတ် တစ်ယောက်သေမယ့် နေရာမလား”
ထိုအမေးကြောင့် ကျောက်ကျစ်တုံ့ မကောင်းတာကြီး ခံစားလိုက်ရ၏။
စုရှောင်ရှန် ဘာပြောလိုက်တာလဲ။ သူတို့ နှစ်ယောက်ကို ခြောက်လှန့်ဖို့ သူက ထိုသေခြင်းရှင်ခြင်းကွင်းပြင်ကို စကားထဲထည့်ပြောလိုက်တာပါ။ သူကဘာလို စိတ်လှုပ်ရှားနေရတာလဲ။
စုရှောင်ရှန်နှင့် ကျန်းရှင်းရှုံအကြားက စားရင်းကိုပြန်ကြည့်ရလျှင် သူလည်း အခြားတစ်ယောက်ကို သတ်ချင်နေမှန်း သဘောပေါက်လိုက်သည်။
ဒါပေမယ့် နိုင်မှာမလို့လား…။
မဟုတ်သေးဘူး။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သူမသာ၊ ကိုယ်မသာ တွေပဲ။
ချန်ရှင်းချုနှင့် လန်ရှင်းရှီတို့၏ အဖြစ်ကိုင်ပြန်မြင်ယောင်မိလိုက်သောအခါ ကျောက်ကျစ်တုံ့ ပို၍ ခေါင်းစားသွားရသည်။
ဒီကောင်ကဘာလဲဟ။ အရင်နှစ်ယောက် သုံးရက်လောက်တုန်းကတောင် စတင်ခြင်းအဆင့်မှာပါ။ အခု စစ်မှန်ခြင်းနယ်ပယ်ကိုရောက်ခါစလေး ဖင်တောင်မပူသေးဘူး ကျန်းရှင်းရှုံကို စစ်သွားထိုးနေပြီတဲ့လေ။
ဟူးးးး…။
သက်ပြင်းရှည်ကြီးချလိုက်ကာ လေးနက်သော လေသံဖြင့် “မင်းတို့ နားကြားမမှားဘူး။ အတွင်းစည်းက ကိုယ်ရေးကိုယ်တာအရ တိုက်ခိုက်ခွင့်ပြုပေမယ့် သေသည်အထိတိုက်ခိုက်တာကိုတော့ တားမြစ်ထားတယ်”
စုရှောင်ရှန်ထိုစကားကြောင့် သူ့ထက်ခေါင်းတစ်လုံးပိုသာသော လူထွားကြီးကိုကြည့်လိုက်သည်။
ကျန်းရှင်းရှုံ၏ နှုတ်ခမ်းထောင့် တွန့်သွားပြီး စုရှောင်ရှန်ကို အန္တရာယ်များဖြတ်ပြေးသွားသော မျက်လုံးဖြင့် ကြည့်၍ မေးလိုက်သည်။ “ဆိုတော့ မင်းစိန်ခေါ်ချင်လား”
အတွင်းစည်းမှာ သူ့လောက် စည်းမျဉ်းစည်းကမ်းတွေနှင့် ရင်းနှီးသည့်သူမရှိချေ။ သူကတိုက်ခိုက်ခြင်းဖြင့် တစ်ဆင့်ပြီး တစ်ဆင့် အထက်ကို တက်လာခဲ့သည့်လူဖြစ်သည်။
ကိုယ်ရေးကိုယ်အရ တိုက်ခိုက်ခြင်းကိုခွင့်ပြုပေမယ့် စည်းကမ်းကြီးကြပ်သူတစ်ယောက် လက်ပူးလက်ကြပ်မိတာကိုခံရရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရနိုင်၏။
သို့ဖြင့် အသက်သေသည်အထိ တိုက်ခိုက်တာကိုတားမြစ်ထားပေမယ့် အငြိုးရန်အာကာသ ကြီးများသည့် သူများကတော့ သေခြင်းရှင်ခြင်းကွင်းပြင်မှာ သေသည်အထိ တိုက်ခိုက်ဖို့ တောင်းဆိုနိုင်သည်။
ကျန်းရှင်းရှုံစတင်၍ အထက်ကိုမြင့်တက်သွားပြီးနောက်မှာ ထိုကွင်းပြင်လေးတွင် လူရှားသွားခဲ့သည်။ သူ့ခေတ်သူ့အခါတုန်းကသာ ထိုပြိုင်ကွင်းလေး စည်းကားခဲ့ပါသည်။
“စိန်ခေါ်ရင်ဘာတွေလိုအပ်လဲ ငါသိပ်မသိဘူး…”
ကျန်းရှင်းရှုံကို စုရှောင်ရှန် ပဟေဠိဖြစ်စွာကြည့်လိုက်ကာ ခဏရပ်တန့်လိုက်ပြီးမှ ဆက်လက်၍ “ဒါပေမယ့် မင်းသေတာကိုမြင်ရမယ်ဆိုရင်တော့ ပါမယ်”
လူအုပ်ကြီး ပေါက်ကွဲထွက်သွားသည်။
ဖြစ်ရပ်ကို ထိုင်ကြည့်နေကြသည့် လူများတောင် အလန့်တကြား ထခုန်လိုက်ကြ၏။ သူတို့မျက်နှာများတွင် မယုံကြည်နိုင်မှုတို့က အထင်းသား ထင်ဟပ်လာပေသည်။
ထိုကြက်ကလေးငှက်ကလေးလို ကြေမွသွားတော့မလို အမြှောက်ခံနေရသည့် စုရှောင်ရှန်က ဘယ်က သတ္တိနဲ့ ဤသို့ ပြောရဲပါသနည်း။
“လခွမ်း စုစုရှောင်ရှန်ကွာ။ ဘာပြောရမလဲတောင်မသိတော့ဘူး”
“ဒီသူပြောလိုက်တာကြောင့် နောက်နှစ် နှစ်ပတ်လည်နေ့က သူ့သေနေ့ဖြစ်သွားနိုင်တယ်”
ကျန်းရှင်းရှုံ စပ်ဖြဲဖြဲဖြစ်သွားသည်။
စုရှောင်ရှန်က “လူငယ်တွေဟာ အကြောက်တရားမရှိ” ဆိုတဲ့ သက်ရှိ သာဒကကြီးဖြစ်သည်။
စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံသူနည်းနည်းလေးကို သတ်လိုက်နိုင်တာနဲ့ ကြယ်တွေကို ခူးစွပ်လို့ရမယ်ထင်နေတာလား။
မင်းအဲ့လောက်တောင် နှံအရလား သူမေးလိုက်ချင်ပါသည်။
ကျန်းရှင်းရှုံ၏ ခန္ဓာကိုယ်က သတ်ဖြတ်ချင်စိတ်များပေါက်ကွဲထွက်လာပြီး မြေပြင်ကိုတောင် အက်ကွဲသွားစေခဲ့သည်။ အနီးပတ်၀န်းကျင်က အပင်များလည်း လေအလာမှာ ယိမ်းနွဲ့ကုန်ကြ၏။
လူအုပ်ကြီးထဲက အချို့တောင် သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ ဖင်ထိုင်ကျသွားကြသည်။
ချက်ခြင်းပဲ သူတို့မျက်နှာပေါ်က ပွဲကြည့်နေကြသည့် အမူအရာများ ပျောက်သွားပြီး ထိတ်ထိတ်ပျာပျာ နောက်ဆုတ်လိုက်ကြ၏။ သာမန်ဆို ထိုသို့ လဲကျသွားသူများကို အခြားသူများက စနောက်ကျီစယ်ကြမည်ဆိုပေမယ့် ယခုတော့ တိတ်ဆိတ်လို့နေကြသည်။
ကျန်းရှင်းရှုံ… အတည်ပြောနေတာလား။
“မင်းက လုပ်ထုံးလုပ်နည်းတွေကိုမသိဘူးလား။ ရတယ်လေ”
ကျန်းရှင်းရှုံက တောက်တောက်ပပ အပြုံးတစ်ခုကိုဆင်မြန်းပြီး “ငါမင်းကို စိန်ခေါ်မယ်။ ဒါပေမယ့် အဲ့တာကြောင့် အားနည်းသူကို ငါအနိုင်ကျင့်တယ်လို့ ပြီးမှ မဆိုနဲ့…။ မင်းမှာ ပြင်ဆင်ဖို့ တစ်လချိန်ရမယ်။ ပြီးရင်တော့ သေဖို့သာ ပြင်ထားပေတော့”
စုရှောင်ရှန် သူ့နှာခေါင်းနှင့် ပါးစပ်များကို လက်ဖြင့်ကာ၍ ခြေထောက်များကို လှုပ်လိုက်ရာမှာ မြေပြင်နဲ့ထိမနေတာကြောင့် မောပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်မိသည်။
“စိတ်တော့မကောင်းဘူး။ တစ်လက ကြာလွန်းတယ်။ မင်းကို အဲ့လောက်အချိန်မပေးချင်ဘူး”