“စု-ရှောင်-ရှန်”
လက်နှစ်ဖက်စလုံးက မီးတောက်အစေ့တွေ မထုတ်လွှတ်နိုင်ခင်မှာ ဒေါသထွက်နေသော အသံကြီးတစ်သံပေါ်လာခဲ့သည်။
စုရှောင်ရှန်လည်ပြန်ကြည့်လိုက်သောအခါ ကျောက်ကျစ်တုံ့ကို တွေ့ရ၏။
“အို။ ခင်ဗျားက ဘယ်လိုရောက်လာတာလဲ” စုရှောင်ရှန် အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ငါဘာလို့ ရောက်နေတာလဲဟုတ်လ။း။ မင်းကြောင့်ပေါ့ကွ။ မဟုတ်ရင် နောက်ထပ် စည်းကမ်းကြီးကြပ်သူတွေကို မြေကြီးထဲ ထပ်စိုက်လိုက်ဦးမလားဘဲ”
ကျောက်ကျစ်တုံ့က ဒေါသတကြီး မြေပြင်မှာ စိုက်ထားတဲ့ မုန်လာဥနီနှစ်လုံးကို လက်ညိုးထိုးပြလိုက်သည်။ လက်ညိုးအထိုးခံလိုက်ရသည့် နှစ်ယောက်က ရှက်ရွံ့သွားကြပြီး သူတို့ခေါင်းကိုပါ မနစ်သွားအောင် စုရှောင်ရှန်မထိုးလိုက်တာလဲဟု ငိုချင်သွားကြ၏။
သူတို့လို စည်းကမ်းကြီးကြပ်သူတွေအတွက် မူလနန်းတော်အစောပိုင်းက ဂိုဏ်းသားတစ်ယောက်ထံမှာ ခံလိုက်ရတာ ရှက်ရွံ့ဖို့ကောင်းပေသည်။
စုရှောင်ရှန်သူ့လက်က စွမ်းအင်များကို ပယ်ဖျက်လိုက်သည်။ ကျောက်ကျစ်တုံ့ရောက်လာပြီဆိုမှတော့ လုပ်လက်စကို မရပ်ချင်လည်း ရပ်လိုက်ရ၏။
“အိုး…။ သူတို့လား။ သူတို့က မြေကြီးထဲ၀င်ချင်နေကြတာလေ အဲ့တာကြောင့် ကူညီပေးလိုက်တာပါ” ထိုမြေကြီးထဲက နှစ်ယောက်ကို စုရှောင်ရှန် ပြုံး၍ ကြည့်ပြီး မေးလိုက်သည်။ “ဟုတ်တယ်မလား”
ဘာလဲဟ။
ဘယ်သူက သူတို့ကို မြေကြီးထဲစိုက်ပေးပါလို့ပြောမှာမလို့လဲ။ ယခု ကျောက်ကျစ်တုံ့လည်း ရောက်လာပြီဆိုမှတော့ စုရှောင်ရှန်ကို ချွန်တွန်းလုပ်ဖို့ကြံနေကြသည်။ သို့ပေမယ့် ကျောက်ကျစ်တုံ့က သူတို့အနားမှာ နေ့တိုင်းရှိနေမှာတဲ့လား။ စုရှောင်ရှန်ကတော့ တကယ်ကို နေ့တိုင်းရှိနိုင်သည်။
သူတော်နှစ်ဦး ချီတုံချတုံဖြစ်သွားကြ၏။
ထိုနှစ်ယောက်ဘာမှ ပြောမလာသောကြောင့် ကျောက်ကျစ်တုံ့ ပိုလို့ စိတ်ဆိုးဒေါသထွက်သွားရသည်။ ထို့နောက် စုရှောင်ရှန် အနောက်ဘက်က လန်ရှင်းရှီကို လက်ညိုးထိုးပြကာ “သူ့ကိုကော ဘာအကြောင်းပြချက်ပေးဦးမလဲ”
ကျောက်ကျစ်တုံ့ဆိုလိုက်ပေမယ့် သူမကို ဒီလိုတွေ့ရမယ် ထင်မထားတာကြောင့် အံ့အားသင့်သွားခဲ့သည်။
လန်ရှင်းရှီက သာမန်ကာလျှံခွန်အားဖြင့် လူတစ်ယောက်မဟုတ်ပေ။ စိတ်ဝိညာဉ်နန်းတော်မှာ နေလာခဲ့တဲ့ တစ်လျှောက်လုံး သူမကို ယခုကဲ့သို့ ပုံပျက်ဆင်းပျက်မြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။
“သူမလား”
စုရှောင်ရှန်လှည့်ကြည့်လိုက်သောအခါ ခြေပစ်လက်ပစ် မြေပြင်ပေါ်မှာ လဲကျနေသော လန်ရှင်းရှီကိုတွေ့ရသည်။ “သူမက ကျုပ်ကိုသတ်ချင်နေတာလေ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံလိုက်တာပါ”
လန်ရှင်းရှီ ဟောဟဲစိုက်နေတာတောင် ရပ်တန့်သွားခဲ့၏။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ကျောက်ကျစ်တုံ့၏ ဒေါသကို ထိုစကားက ပိုလို့ မီးစာထည့်လိုက်သည်။
“ခုခံကာကွယ်တယ်ဟုတ်လား။ ဒါဆိုစည်းကမ်းကြီးကြပ်သူတွေကိုလည်း ခုခံကာကွယ်ပြီး ပြန်တိုက်ခိုက်လိုက်တာလား။ ဒီဆေးမီးဖိုအိုးကြီးက ဘာသဘောလဲကွ” စုရှောင်ရှန် နံဘေးက ရေချိုးအိုးကြီးကို လက်ညိုးထိုးပြလိုက်သည်။
“သိတယ်ပေါ့”
ကျောက်ကျစ်တုံ့က ဆေးမီးဖိုအိုးကြီးကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်နေတာကြောင့် စုရှောင်ရှန်အံ့အားသင့်သွားခဲ့သည်။ ကြည့်ရတာ သူလည်း အကြီးအကဲစန်း ဆေးဖော်စပ်တာမြင်ဖူးလောက်၏။
စုရှောင်ရှန် ရင်ဘက်ကိုထုကာ ခွန်းတုန့်ပြန်လိုက်သည်။ “ခင်ဗျားပြောသလိုပဲ ဆေးမီးဖိုအိုးဆိုတော့ ဆေးဖော်စပ်ဖို့ပေါ့။ ဒီဟာနဲ့ လူတွေကို လိုက်ရိုက်မယ်ထင်နေတာလား”
မြေပြင်မှာ စိုက်နေသည့် နှစ်ယောက် ကြောင်အသွားကြသည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
သူ့ရှင်းပြချက်က ဘာမှ အကျိုးမထူးတာကြောင့် လူအုပ်ကြီး ပွဲကျသွားသည်။
ကျောက်ကျစ်တုံ့ စိတ်ကို ဖြေလျော့လိုက်ပြီ စုရှောင်ရှန်နှင့် စကားမပြောတော့ဟု စိတ်ပိုင်းဖြတ်လိုက်၏။ သူသာ ဆက်ပြောနေရင် မကောင်းတာ တစ်ခုခု ဖြစ်တော့မည်။
ပြီးနောက် တိုတိုနှင့်လိုရင်းကိုသွားလိုက်တော့၏။ “ဘာမှပြောနဲ့တော့။ ငါနဲ့ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေး ဌာနကို လိုက်ခဲ့”
စုရှောင်ရှန်က ပြောတိုင်း လိုက်ရမတဲ့လား။
သူဘယ်သူ့ကိုမှလည်း မသတ်သေးဘဲနှင့် အဖမ်းခံရတာကို ငြိမ်ခံနေမည်မဟုတ်ပါချေ။
“အတွင်းစည်းက ကိုယ်ရေးကိုယ်တာ အကြောင်းတရားအရ တိုက်ခိုက်တာကို မတားမြစ်ထားဘူးလေ” စုရှောင်ရှန် အော်ပြောသည်။
“ဟက်။ မင်းကိုကြည့်ရတာ စည်းမျဉ်းတွေကို သေချာသိတဲ့ပုံပဲ။ ဒါဆို စည်းကမ်းကြီးကြပ်သူတွေကို တိုက်ခိုက်တာကလဲ ပြစ်မှုမြောက်တယ်ဆိုတာ သိမှာပေါ့” ကျောက်ကျစ်တုံ့က အပြုံးဖျော့ဖျော့တစ်ခုဖြင့် ခွန်းတုန့်ပြန်လိုက်သည်။
“ကျုပ်နဲ့မဆိုင်ဘူး။ ကျုပ်လုပ်တာမဟုတ်ဘူး။ အဲ့တာ လုပ်တာ”
သူ့နံဘေးက ရေချိုးအိုးကြီးကို စုရှောင်ရှန် လက်ညိုးထိုးပြပြီး ဆိုလိုက်ရာ ကျောက်ကျစ်တုံ့ မအောင့်အီးနိုင်တော့ဘဲ တဆတ်ဆတ်တုန်ရင်သွားသည်။
စုရှောင်ရှန်က သက်မဲ့ ဆေးမီးဖိုအိုးကြီးတစ်လုံးကို အပြစ်တင်နေတာလား။
“ဒါဆို အဲ့တာက တစ်ယောက်ယောက်ကို သူ့အလိုလိုတိုက်ခိုက်တယ်လို့ ပြောချင်နေတာလား”
“ကျုပ်ကလည်း ဒီမှာ ကိုယ့်ဟာကိုယ်ရပ်နေတာကို တစ်ယောက်ယောက်က ကျုပ်ကိုလာသတ်ချင်နေတယ်လေ” စုရှောင်ရှန် ချေပလိုက်သည်။
လူအုပ်ကြီး၏ မျက်နှာထက်က အပြုံးများအေးခဲသွား၏။
စုရှောင်ရှန်က အရည်မရ အဖက်မရတွေပြောပြီး ပေါတောတော ပြုမူတယ်ဆိုပေမယ့် တကယ် သနားစရာကောင်းတဲ့လူဆိုတာ ငြင်းမရချေ။
သူကိုယ်တိုင်တောင် ရေရေရာရာမသိရဘဲ အတွင်းစည်းက အကောင်ကြီးတစ်ကောင်ကို ထိပါးမိသွားပြီး နေ့ရက်တိုင်းကို ကျီးလန့်စာ စားပြီးရှင်သန်ခဲ့ရ၏။ သူတို့သာ သူ့နေရာမှာဆိုရင် ဒီလောက်အကြာကြီး တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။
၀မ်ချောင်နှင့်အဖြစ်ကို ပြန်တွေးမိပြီး ကျောက်ကျစ်တုံ့ ဘယ်လို ခွန်းတုန့်ပြန်ရမလဲမသိ ဖြစ်သွားသည်။
ယခုအဖြစ်အပျက်များအားလုံးက သူ၏ ပရောဂကင်းတယ်လို့ပြောလို့မရပေ။ ထိုနေ့က ကြီးကြပ်သူကောင်းတစ်ယောက်မဖြစ်ခဲ့ရပါ။
ဟမ်။
နေပါဦး။ မဟုတ်သေးပါဘူး။
စုရှောင်ရှန် စည်းကမ်းကြီးကြပ်သူတွေကို ရိုက်နှက်နေတာကနေ စကားလမ်းကြောင်းက ဘယ်ရောက်သွားတာလဲ။
စုရှောင်ရှန်၏ မျက်နှာထက်က မတရားခံနေရသော မျက်နှာကိုမြင်သောအခါ ကျောက်ကျစ်တုံ့ပိုလို့ ဒေါသထွက်သွားခဲ့သည်။ သူ့ရှ့ကကောင်လေး သူ့ကို ကစားနေသည်ဟု ခံစားနေရ၏။ ပြီးတော့ အောင်လည်းအောင်မြင်သွားပါသည်။
“ကောင်းပြီလေ။ မင်းကို အပြစ်မယူတော့ဘူး။ ဒါပေမယ့် လူတွေကို ရိုက်ခဲ့တဲ့ ပစ္စည်းကိုတော့ပေးရမယ်။ မင်းဒီလိုဆက်လုပ်ရဲရင် မင်းစီက နောက်ထပ်ပစ္စည်းတစ်ခုကို ငါယူမယ်” ကျောက်ကျစ်တုံ့က ခက်ထန်သောလေသံဖြင့်ပြောသည်။
ဒီစုရှောင်ရှန်ကို ကိုယ့်နေရာကိုယ်သိသွားအောင် မလုပ်နိုင်ဘူးလို့ မယုံကြည်ပါချေ။
“ခင်ဗျားက ဒီဆေးမီးဖိုအိုးလိုချင်တာလား”
စုရှောင်ရှန်၏ မျက်နှာအမူအရာက ထူးဆန်းသွားပြီး “တကယ်က ဒီဟာက ကျုပ်ရဲ့ဟာမဟုတ်ဘူး။ အကြီးအကဲစန်းရဲ့ဟာ။ ခင်ဗျား လိုချင်တယ်ဆိုတာ သေချာပြီလား”
အကြီးအကဲစန်း။
ဟိုနေရာမှာလည်း အကြီးအကဲစန်း၊ ဒီနေရာမှာလည်း အကြီးအကဲစန်း၊ ယခုလည်းအကြီးအကဲစန်း ပါလာရပြန်တာကြောင့် ကျောက်ကျစ်တုံ့ခေါင်းကိုက်သွားခဲ့သည်။
သို့ပေမယ့် ထိုဆေးမီးဖိုအိုးကို သေချာကြည့်သောအခါ အကြီးအကဲစန်းအသုံးပြုသည့်ဟာနှင့် လုံး၀ ဆင်တူကြောင်းကိုတွေ့ရသည်။ ၎င်းက ပိုသေးပေမယ့် ဇစ်မြစ်တစ်ခုတည်းက လာတာထင်ရှား၏။
ထိုမှ ဖြစ်ပျက်သမျှကို ကျောက်ကျစ်တုံ့ ပြန်မြင်ယောင်တော့သည်။ စုရှောင်ရှန်ကို သူအရေးယူမယ်ဆိုတိုင်း အနှောက်အယှက်တစ်ခုက အမြဲဝင်လာပေသည်။
ထိုကြား၀င်နှောက်မှုက တိုက်ဆိုင်မှုကြောင့်လား ကံတရားကြောင့်လားမသိ အထက်ပိုင်းကလူတွေ တစ်ယောက်မဟုတ် တစ်ယောက်တော့ အမြဲပါရသည်။
ထိုသူများအတွင်းမှာ ရဲ့ရှောင်ထျန်းကအစ အကြီးအကဲကျောက်အဆုံး ကြားထဲက မျက်နှာဖုံးတပ်လူတောင် အဆစ်ပါ၏။
ကျောက်ကျစ်တုံ့ တစ်ခုခုကိုဖော်ထုတ်နိုင်တော့မလို ခံစားရကာ အတွေးရေယဉ်ကြောထဲ ဆက်လက်၍ စီးနင်းလိုက်ပါလိုက်သည်။
စုရှောင်ရှန်က အကြီးအကဲစန်းနှင့် တစ်နည်းနည်းနဲ့ ပတ်သက်နေတာများလား။
သူတို့က ဆရာ၊ တပြည့်တွေများလား။
ထိုအတွေးအခေါ်မျိုး၀င်လာတာကြောင့် ကျောက်ကျစ်တုံ့အံ့အားသင့်သွားရသည်။ ၎င်းက ပထမဆုံးအကြိမ်လည်းမဟုတ်ပေ ယခင်ကလည်း ၀င်ဖူးသည်။ ဒါပေမယ့် အကြီးအကဲစန်းမှာ မုကျစ်ရှီဆိုတဲ့ တပြည့်တစ်ယောက်ရှိနေနှင့်ပြီးမဟုတ်လား။
နပေါဦး။
မုကျစ်ရှီဆိုမှ ကျောက်ကျစ်တုံ့၏ မျက်ဆံများကျုံ့သွားခဲ့၏။
သူ့ခန့်မှန်းချက်များ၏ အဓိက အကြောင်းအရာကိုရောက်သွားရတိုင်းမှာ အဖျက်တစ်ခုက အမြဲလိုလို၀င်နှောက်ယှက်တတ်သည်။ စုရှောင်ရှန်က ထိုအဖျက်များအကြား၌ ထိပ်ခေါင်ဖြစ်ပေသည်။
တကယ်က မုကျစ်ရှီက ကိုယ်ယောင်ပြပဲဖြစ်ပြီး စုရှောင်ရှန်ကမှ အကြီးအကဲစန်းရဲ့ တကယ့်တပြည့်များလား။ ထိုသို့ကောက်ချက်ကြောင့် သူ့နှလုံးတစ်ချက်ခုန်သွားရ၏။
“ဒါဆို ဘာလို့ ဖုန်းကွယ်ထားတာလဲ”
စုရှောင်ရှန်က အကြီးအကဲစန်း၏ တပြည့်ဆိုပါက သူက ဘာလို့ တစ်ခွန်းမှ မဟရတာလဲ။
စုရှောင်ရှန်က ရုးကြောင်ကြောင်နိုင်ပေမယ့် သူ့ထူးခြားသည့် တိုက်ခိုက်စွမ်းရည်ကို ငြင်းဆန်လို့မရပါချေ။ အတွင်းစည်းလိုနေရာမျိုးမှာတောင် ထိပ်ဆုံးပိုင်းကဖြစ်ပေသည်။ တိတိကျကျဆိုရလျှင် စိတ်ဝိညာဉ်နန်းတော်အတွင်း၌ သူက အဆင့်(၁) နေရာမှာ ချိတ်ဆွဲ၏။
သူခန့်မှန်းချက်များကမှန်ပေသည်။ ကျောက်ကျစ်တုံ့ ရည်းစားများလည်း ထည်လဲတွဲခဲ့ဖူးရာ သူ့ထူးခြားတဲ့ ၀မ်းတွင်းအသိကို ယုံကြည်ပါသည်။ ဤသို့ဖြင့် တစ်ခုခု မူမမှန်တာတော့ဖြစ်နေပြီဆိုတာ သိလိုက်ရတော့သည်။
မသိလျှင် စိတ်ဝိညာဉ်နန်းတော်၏ အပြင်ဘက်ကတောင် ပါ၀င်နေသည့် ဧရာမ ကစားပွဲကြီးလိုလိုနှင့်…။ စုရှောင်ရှန် တကယ်ဘာစွမ်းသလဲကို ဤသည်ကိုကြည့်ပြီးသိနိုင်၏။
ဒီကစားပွဲကြီးထဲမှာ သူ့ရှေ့က ကောင်လေးက ပြောင်မြောက်လွန်းလို့ အထွတ်အထိပ်ကိုမရောက်သေးခင်မှာ သူဘာကောင်လဲဆိုတာ ပေါကြောင်ကြောင်မျက်နှာဖုံးတပ် ဖုန်းကွယ်ထားတယ်ဆိုရင်ဘယ်လိုလုပ်မလဲ။
ဟူးးးး…။
ကျောက်ကျစ်တုံ့ သူ့မှင်တက်နေမှုကြီးကိုဖိနှိပ်ပြီး သူ့ရှေ့က မတရားခံနေရသလိုလို ပြုမူနေသော စုရှောင်ရှန်ကို အသေအချာပြန်ကြည့်လိုက်သည်။ ထိုကစားပွဲက အဖိုးကြီးတွေဘယ်လောက်အမျှော်အမြင်ရှိလဲသူသိပေသည်။ သူတို့ကြောင့်သာမဟုတ်ရင်သူလည်း စိတ်ဝိညာဉ်နန်းတော်က သာမန် စည်းကမ်းကြီးကြပ်သူအဖြစ်သာ ကျန်နေလောက်သေးပေသည်။
“ငါဒီလောက်တောင်တော်ရလား”
ရံဖန်ရံခါ သူဒီလောက် မတော်ပါနဲ့လားဟု ကျောက်ကျစ်တုံ့ဆုတောင်းလိုက်၏။ ဤအရာများကို လစ်လျူရှူပြီး စိတ်ထဲခဲမဆွဲထားအောင်လုပ် နေနိုင်တာကို ခုတော့ အရှုပ်အလျှက်တွေထဲ ရောက်သွား၏။
ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ရန် သူဆုံးဖြတ်ချက်ချလိုက်သည်။ သူဘာဆိုဘာမှ မလုပ်ချင်အောင် လက်မှိုင်ချနေရပေသည်။
“ရပြီ မင်းသွားတော့ စုရှောင်ရှန်” ကျောက်ကျစ်တုံ့ ပင်ပန်းနွမ်းနယ်နေသော လေသံဖြင့်ပြောလိုက်သည်။
အကြီးအကဲစန်း၏ တံဆိပ်ပြားကို ပြမယ်လုပ်နေသော စုရှောင်ရှန်တောင် ကျောက်ကျစ်တုံ့၏ လျော်ပေးလိုက်ခြင်းကြောင့် ကြက်သေသေသွားခဲ့၏။
သူ့အသိပေးချက်ဖန်သားပြင်မှာလည်း “သံသယ၀င်ခံရပါသည်” ဟူသော အသိပေးချက်များကျလာတော့သည်။ ကျောက်ကျစ်တုံ့ဘာကြောင့် စိတ်ပြောင်းသွားရလဲမသိ…။
ဘာဖြစ်ဖြစ် သူ့အကြောင်းမဟုတ်ပါချေ။
စုရှောင်ရှန် သူ့နောက်က လန်ရှင်းရှီကို လက်ညိုးထိုးပြပြီးတော့ “သူမကိုကြည့်ရတာ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသလိုပဲ။ ကျုပ်ဆေးကျွမ်းကျင်တယ်။ ကျုပ်ကယ်လိုက်မယ်”
လန်ရှင်းရှီ ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့သည်။
ကျောက်ကျစ်တုံ့၏ နဖူးပေါ်က အကြောများလည်း ပေါက်ကွဲမတတ်ထောင်ထလာခဲ့၏။
“စုရှောင်ရှန် မင်းလွန်မလာနဲ့နော် ငါလက်ပိုက်…”
“စုရှောင်ရှန်ဆိုတာ မင်းလား”
ညှင်သာသော အသံတစ်ခုက ကျောက်ကျစ်တုံ့ကို ကြား၀င်ဖြတ်လိုက်ပြီး လူတိုင်းလှည့်ကြည့်လိုက်ရာ ကျိုးထျန်းရှန်ထက်ပင် ပိုထွားသော လူသန်ကြီးကို ကောင်းကင်ယံမှာ တွေ့လိုက်ကြရသည်။
ဂလု…။
လူတိုင်း အံ့အားသင့်တုန်လှုပ်သွားကြ၏။
“သူရောက်လာပြီပေါ့လေ”
ထိုအသံကိုကြားသောအခါ စုရှောင်ရှန်လည်း နောက်လှည့်ကြည့်လိုက်ရာ သူ့အနီးနားမှာရပ်နေသည့် အရပ် နှစ်မီတာကျော်ရှည်သော လူထွားကြီးကိုမြင်ရသည်။
ထိုလူထွားကြီးက အနက်၀တ်ထားပြီး ထူထပ်သော ပါးသိုင်းမွှေးများရှိသည်။ သူ့အ၀တ်အစားများက သူနှင့်တော်သည်ဆိုရုံမျှလောက်လေး အောက်က ကြွက်သားအဖုအဖောင်းများကို ထင်ဟပ်ပြထားသည်။ သူ့ပုခုံးပေါ်၌ ချိတ်ဆွဲထားသော ၀တ်ရုံရှည်က လေအလာမှာ လူးလွင့်နေပေသည်။
ဒီလူဘယ်သူဆိုတာ တစ်ချက်တည်းကြည့်ရုံဖြင့် စုရှောင်ရှန်သိပေပြီး ချက်ခြင်းပဲ လက်ဆန့်ထုတ်ကာ ရင်းနှီးသောအမူအရာဖြင့် “တွေ့ရတာ၀မ်းသာပါတယ်”
ကျန်းရှင်းရှုံ သူ့အင်္ကျီထဲက စာရွက်တစ်ရွက်ကိုထုတ်ယူပြီး တစ်ချက်ကြည့်ကာ ခေါင်းတစ်လုံးပိုပုသော စုရှောင်ရှန်ကိုကြည့်လိုက်သည်။ ပြီးနောက် စုရှောင်ရှန်၏ ရင်ဘက်တည့်တည့်စီ ထိုစာရွက်ကို ပစ်ပေးလိုက်သည်။
မြေပြင်ပေါ်သို့ ယိမ်းနွဲ့ကာကျသွားပြီးနောက်မှာ စုရှောင်ရှန်၏ ပုံပါ စာရွက်တစ်ရွက်ဖြစ်နေကြောင်းကို တွေ့လိုက်ရပေသည်။
“ တွေ့ရတာ ၀မ်းသာပါတယ်”