စုရှောင်ရှန် ကြက်သေသေသွားခဲ့ပြီး မှင်တက်စွာမေးလိုက်သည်။ “ဘာလို့ ငါ့ကိုတည့်တိုးကြီး လာပြောပြတာလဲ”
“ဘာလို့လဲ ဟုတ်လား… ဘာလို့လဲ”
လန်ရှင်းရှီ၏ ပုခုံးသားများက လှုပ်ခါနေတာ မရပ်တော့ပေ။ သူမ၏ ရူးကြောင်ကြောင် ရယ်သံကိုတောင်မရပ်တန့်နိုင်ပါချေ။
ဘယ်လိုတောင် ကလေးဆန်လိုက်တဲ့ မေးခွန်းလဲ။
ဘာလို့လဲတဲ့။
ဒီကမ္ဘာကြီးမှာ “ဘာလို့လဲ” ဘယ်လောက်တောင်များလိုက်လဲ။ ဘာလို့ သူမက အစေခံအဖြစ်မွေးလာရတာလဲ။
ဘာလို့ အတွင်းစည်းထိပ်သီး(၃၃) ယောက်ထဲ သူမရောက်လာတာတောင်မမှုတဲ့ ကျောက်မျိုးနွယ်စုက ကောင်ကို မသတ်ရဲရတာလဲ။
သူမ အခုရှိနေတဲ့နေရာကို ရောက်လာပြီးမှ မျှော်လင့်တောင်းတလာခဲ့ရတဲ့ အိပ်မက်တွေပျက်ဆီးသွားရတာ ဘာကြောင့်လဲ။
စိတ်ဝိညာဉ်နန်းတော်…။ ကျောက်ချင်းထန်ပြောသလို ၎င်းက သူမအတွက် အကျဉ်းထောင်တစ်ခုဖြစ်လာခဲ့၏။
စုရှောင်ရှန်အနား ကပ်၍သွားကာ မေးစေ့ကို ပင့်လိုက်ပြီး အေးစက်စက်လေသံဖြင့် “ငါနင့်ကို ဘာလို့ပြောနေရသလဲ နင်ပြောကြည့်လေ”
သူမ၏ စိတ်အခြေအနေက ဆိုးသထက်ဆိုးလာနေပြီး မကျေမချမ်းဖြစ်နေသော လေသံဖြင့်ဆိုလိုက်သည်။ “ပိတ်လှောင်ထားခံရတဲ့သူက တိတ်ဆိတ်နေဖို့ကလွဲပြီး ‘ဘာလို့လဲ’ မေးနိုင်မှာလဲ”
မုန်တိုင်းက တစ်ဖြည်းဖြည်း ထန်လာနေခဲ့ပြီး လန်ရှင်းရှီလည်း ဘာကိုမှ ဖုန်းကွယ်မထားပါတော့ချေ။ သူမ၏ စိတ်ဝိညာဉ်အနှစ်များ စုရှောင်ရှန်၏ မေးစေ့ကိုကိုင်ထားသော လက်အပေါ် အလုံးအရင်းနှင့်စီးဆင်းလာကြသည်။
စုရှောင်ရှန်ကို စတွေ့လိုက်စဥ်ကတည်းက သူမ သတ်ပစ်ချင်ပေသည်။ သို့ပေမယ့် အတွင်းစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေက အခွင့်မပေးတာကြောင့် မလုပ်ခဲ့ရပေ။ ခုတော့ ၎င်းတို့ကို ဂရုမစိုက်ပါတော့ချေ။
ရွှစ်…။
လေထဲက ရောက်ရက်ခက်နေသော စိတ်ဝိညာဉ်စွမ်းအင်များ ရုပ်ချည်းရပ်တန့်သွားကြပြီး အရာအားလုံးလည်း တိတ်ဆိတ်ငြိမ်ကျသွားကြသည်။
သွေးစွန်းထင်းနေသော အနက်ရောင်ဓားတစ်ချောင်းက လန်ရှင်းရှီ၏ ရင်ဘက်ကို ထုတ်ချင်းဖောက်နေခဲ့၏။ ထို့နောက် လုံး၀ဖောက်ထွက်သွားကာ ပြန်လှည့်လာပြီး နောက်တစ်ခါ ထပ်စိုက်သည်။
ရွှစ်…။
သူမ၏ ရင်ဘက်ကို ဒုတိယတစ်ကြိမ်ထုတ်ချင်းဖောက်လာခြင်းနှင့်အတူ သွေးများ ပိုမိုများပြားစွာထွက်လာပေသည်။
စုရှောင်ရှန် အသာအယာပဲ သူ့မေးစေ့ကိုကိုင်ထားသောသူမ၏ လက်ကို ပုတ်ထုတ်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
“နင်ရူးနေပြီ”
၀န်းကျင်ကလူတိုင်းအတွက်တော့ ထိုတည်တည်ငြိမ်ငြိမ်ရှိသည့် မှတ်ချက်က သေမင်း၏ ခံတွင်း၀က ထွက်လာသည့်အလား…။
လန်ရှင်းရှီလည်း မယုံကြည်နိုင်စွာ အောက်ကို ငုံ့ကြည့်လိုက်သည်။
သူမ၏ ရင်ဘက်မှာ လက်သီး(၁)လုံးစာ အပေါက်ကြီးနှစ်ပေါက်ရှိနေသည်။ ၎င်းကြောင့်လည်း စုရှောင်ရှန်ကို တွေ့လိုက်တာနဲ့ သတ်ချင်နေတာက သူမတစ်ယောက်တည်းမဟုတ်ဘဲ စုရှောင်ရှန်ပါ ထို့အတူ ပြုလုပ်ချင်နေတယ်ဆိုတာ သိလိုက်ရသည်။
လူတိုင်း၏ အရှေ့မှာ ဘယ်အရာက သူ့ကို ဤသို့ပြုလုပ်ရဲသည့် သတ္တိပေးလိုက်တာလဲ။ ဘာလို့ သူမ၏ ခံစစ်ကို အသာလေး ချိုးဖျက်သွားခဲ့တာလဲ။
ဘယ်ခုခံကာကွယ်သည့် အရာတစ်ခုကိုမှ မသုံးခဲ့ဘူးဆိုရင်တောင် သူမက အဆင့်မြင့်စိတ်ဝိညာဉ်အထွတ်အထိပ်၌ ဖြစ်ပါသည်။
လူအုပ်ကြီးလည်း ဆူဆူပူပူဖြစ်သွားပေသည်။
အစက သူတို့ တစ်ဦးကိုတစ်ဦး စကားဖြင့် ငြင်းခုန်၍သာ ပြီးသွားကြမယ်ထင်ထား၏။ ထို့နောက် လူအုပ်ကြီး လန်ရှင်းရှီ၏ မူမမှန်သော အပြုအမူများကို တွေ့ရသည်။
အဆုံးကြတော့ စုရှောင်ရှန်က ဓားကိုဦးဆုံးဆွဲထုတ်သည့်သူဖြစ်နေပြီး အချိန်ကိုက်တိုက်ခိုက်လိုက်၏။ ဒီနှစ်ယောက်တစ်ယောက်ကိုတစ်ယောက် အစကတည်းက သတ်ချင်နေကြတာများလား။
ဖြစ်ပျက်နေသည်များကို နောက်က လိုက်မမှီနိုင်တော့သောကြောင့် လူတိုင်း တုန်လှုပ်သွားကြ၏။ လန်ရှင်းရှီ၏ မူမမှန်မှုကြောင့် လုပ်ရဲမယ်သူတို့သိသော်လည်း စုရှောင်ရှန်ကပါ ထိုမျှ သတ္တိရှိမယ်ဟု ထင်မထားကြပါချေ။
“လခွမ်း။ တစ်ယောက်ယောက် စည်းကမ်းကြီးကြပ်သူတွေကိုခေါ်ပါဟ”
“သေစမ်း။ စုရှောင်ရှန်တော့ဂွမ်းပြီ။ ဒီကိစ္စကို ကျန်းသခင်လေးသိရင် ဒီတိုင်းထားမှာမဟုတ်ဘူး။ အခြေအနေက ပရမ်းပတာဆန်လာပြီ”
“ကျန်းသခင်လေးပဲမဟုတ်ဘူး။ အဲ့ဒီ အရူးဟဲယွဲ့ရှင်းပါ ပြစ်ဒဏ်စီရင်ရေးခုံရုံးကနေထွက်လာရင် ပိုရူးသွားမှာ”
“ဟ မင်းပြောနေတဲ့ပုံက…”
“အေး အဲ့တာကို မြင်ချင်နေတာ”
“…”
: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁၂]
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁၇]
: [မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၉]
“…”
စုရှောင်ရှန် သူလုပ်လိုက်တာကြောင့် နောင်တမရပါချေ။
လူအနည်းငယ်ကိုလည်း သတ်ခဲ့ပြီးပြီဆိုတော့ နောက်တစ်ယောက်ထပ်သတ်လိုက်လို့ ဘာထူးသွားမလဲ။ ဘာနောင်တရစရာရှိလဲ။
တစ်ယောက်ယောက်က စိတ်ဝိညာဉ်နန်းတော်အတွင်းမှာ မင်းဘယ်သူ့ကိုသတ်ချင်တာလဲမေးလာရင် သူ့အဖြေက ရှင်းသည်။ ထိုစာရင်းထဲမှာ ကျန်းရှင်းရှုံက ပထမနေရာ၀င်ပြီး ဒီအရူးမိန်းမက ဒုတိယနေရာကနေ လိုက်လိမ့်မည်။
မကောင်းမှုကို ထမင်းစားရေသောက်သလို ကျူးလွန်နေတဲ့သူတွေအတွက် ငရဲဆိုတာက ကြောက်စရာမကောင်းပါတော့ချေ။
လုပ်ကြံသတ်ဖြတ်သူတွေကို လွှတ်လိုက်တာက ကျန်းရှင်းရှုံလား သူ့ရှေ့ကမိန်းမလား ဒါမှမဟုတ် တစ်ခါမှ သူမတွေ့ဖူးသည့် ဟဲယွဲ့ရှင်းလား သူမသိပါဘူး။ ဒါပေမယ့် ဘယ်သူဖြစ်ဖြစ် ဒီမိန်းမရဲ့စကားကြောင့် ဘာထူးတော့မလဲ။
ဒီမိန်းက တကယ့် အရူး၊ လူတွေကို အကြောင်းပြချက်မရှိဘဲ စိတ်အလိုမကျစေတာလေး၊ ကြည့်မရတာလေးနဲ့တင် သတ်ချင်နေသည်။ ဘယ်သူက ဒီလိုအရာကို သည်းခံနိုင်မှာတဲ့လဲ။
သူတို့က တစ်ယောက်နဲ့တစ်ယောက် ချောင်းမြောင်းတိုက်ခိုက်ရန်ပြင်ခဲ့ပေမယ့် စုရှောင်ရှန်က အကြားအမြင်ကြောင့် လက်တစ်လုံး ပိုသာသွားခဲ့သည်။
စိတ်ဝိညာဉ်အနှစ် အနည်းငယ်လေး လှုပ်ရှားသွားတယ်ဆိုရုံလေး၊ ကြွက်သားများ လှုပ်ရှားသွားတယ် ဆိုရုံလေးနဲ့ ဒီမိန်းမက သူ့ကိုတိုက်ခိုက်တော့မှာ ခန့်မှန်း၍ရသွားသည်။ ဒါကြောင့်လည်း အချိန်ကိုက် ပြန်တိုက်ခိုက်လိုက်၏။
သူဘယ်လိုကြည့်ကြည့် ဒီမိန်းမက သေလမ်းရှာနေတာသာဖြစ်သည်။
“အသက်ရှင်နေသေးတယ်ပေါ့လေ” စုရှောင်ရှန်က ရုတ်တရက် မေးလိုက်ပါသည်။
ထိုအမေးကြောင့် လန်ရှင်းရှီ ရင်ဘက်ကို ကိုင်ထားရင်းမှ သွေးတစ်လုပ် အန်ထုတ်လိုက်မိ၏။ သူမ၏ မျက်၀န်းများကလည်း မုန်းတီးခြင်း၊ ဒေါသမီးလျှံတို့ဖြင့် မငြိမ်းသက်နိုင်အောင်ရှိနေသည်။
သူမ၏ စိတ်ဝိညာဉ်အနှစ်များက ဒလောဟော စီးဆင်းလာကြပြီး ဒဏ်ရာများကို ဖုံးလွှမ်းလိုက်ပေမယ့် သွေးတိတ်ရပ်အောင်သာ ပြုလုပ်ပေးနိုင်လိုက်၏။ ထို့နောက် ထုတ်စားမယ်ကြံပြီး ဆေးတစ်လုံးကို ယူလိုက်တော့ ၎င်းက အငွေ့ပျံကာ ပြန့်ကျဲသွားလေသည်။
ဘာဖြစ်တာလဲ။
သူမ၏ ဘေးနားကို စုရှောင်ရှန် လျှပ်တပြက် ရောက်လာတာကြောင့် လန်ရှင်းရှီ အလန့်တကြား ခိုက်ခိုက်တုန်အောင် တုန်လှုပ်သွား၏။
“ဒါဘယ်လိုဆေးလုံးလဲ။ ရွှေနီဆေးလုံးတွေထက်တောင် တစ်ဆင့်မြင့်နေသေးတယ်” စုရှောင်ရှန်က မေးလိုက်ပါသည်။
လန်ရှင်းရှီ စွံ့အသွား၏။
ဒါဘယ်လို မှော်အတတ်လဲ။ စုရှောင်ရှန်က ဆေးလုံးတွေကို မထိဘဲ စုပ်ယူနိုင်တယ်ပေါ့။
လန်ရှင်းရှီ မဖြေကြားတာကိုတွေ့လျှင် စုရှောင်ရှန်၏ မျက်နှာထက်၌ စိတ်မကောင်းဟန်ပေါ်လာခဲ့၏။
“၀မ်းတော့နည်းပါတယ်။ ခုနင်ဘာမှ မပြောရင် နောက်ဘာမှ ထပ်ပြောနိုင်မှာမဟုတ်ဘူး”
စုရှောင်ရှန်ပြောရင်းက လက်ထဲမှာ အဖြူရောင် ရေချိုးသည့် အိုးကြီးလို အိုးအကြီးကြီး ပေါ်လာခဲ့၏။ ထို့နောက် ၎င်းဖြင့် လန်ရှင်းရှီကို ဖိချလိုက်သည်။
သူ့ကို ကြည့်နေကြသော လူတိုင်း တုန်လှုပ်သွားကြ၏။
စုရှောင်ရှန်က မိန်းကလေးဆိုပြီး အလျော့ပေးမနေတာ တွေ့ကြရသည်။ မိန်းကလေးတစ်ယောက်အပေါ်ကို ဤသို့ ဆေးအိုးကြီးဖြင့် ရိုက်ချလိုက်တာ သူမ အသက်တောင်ရှင်ပါ့ဦးမလား။
ဘုန်း…။
ကျယ်လောင်သောအသံကြီးနှင့်အတူ မြေပြင်ပေါ်ကို ဆေးအိုးကြီးကျသွားခြင်းက လူတိုင်း၏ ဝိညာဉ်များကို ကိုင်လှုပ်လိုက်ပေသည်။
“အနက်၀တ်လူတစ်ယောက်”
လန်ရှင်းရှီကို ကယ်တင်ဖို့ စည်းကမ်းကြီးကြပ်သူတစ်ယောက် ရောက်လာကို မြင်လိုက်ရသော စုရှောင်ရှန် မျက်လုံးများမှေးလိုက်သည်။ ထို့နောက် ထိုစည်းကမ်းကြီးကြပ်သူထံကို ဆေးမီးဖိုအိုးကြီးကိုင်ပြီး ခုန်တက်လိုက်သည်။ ဆေးအိုးကြီးအောက်မှ လွတ်လာသော လန်ရှင်းရှီက ထွက်ပြေးရန် အသည်းအသန် ကြိုးစားတော့၏။
“စုရှောင်ရှန် ရပ်လိုက်”
ထိုစည်းကမ်းကြီးကြပ်သူ၏ အသံက ကူကယ်ရာမဲ့နေခဲ့သည်။
လူတိုင်း ထိုစည်းကမ်းကြီးကြပ်သူကို စုရှောင်ရှန် မြေကြီး အပေါ်တွင် ခေါင်းသာပေါ်တော့လောက်အောင် ဆေးအိုးကြီးဖြင့် ထုချလိုက်တာ မြင်လိုက်ရသည်။ စည်းကမ်းကြီးကြပ်သူကိုတောင် တိုက်ခိုက်လိုက်သည့် စုရှောင်ရှန်၏ လုပ်ရပ်ကို ဘယ်လိုမှတ်ချက်ပေးရမယ်မှန်း စွံအသွားကြသည်။
“စုရှောင်ရှန် မကောင်းဆိုးဝါးလားဘာလား”
“အတွင်းစည်းထိပ်သီး(၃၃) ယောက်ထဲက တစ်ယောက်ကိုတောင် ဓားနဲ့ထိုးလိုက်ရုံမကသေးဘူး။ စည်းကမ်းကြီးကြပ်သူကိုလည်း ရေချိုးတဲ့အိုးကြီးနဲ့ မြေကြီးထဲ၀င်သွားအောင်ထုလိုက်တယ်တဲ့”
“ဟ နေကြပါဦး။ အရင်တစ်ခေါက် သူ့ကိုတွေ့တုန်းကတောင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၉) မှာလားလို့”
“ဘာ”
“လခွမ်း။ ဘယ်သူက စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၉) လဲ ပြန်ပြောပါဦး”
“ဘယ်သူရှိရမှာလဲ စုရှောင်ရှန်ပေါ့ဟ”
“…”
ဘုန်း…။
နောက်ထပ်ကျယ်လောင်သော အသံကြီးနှင့်အတူ စုရှောင်ရှန် စည်းကမ်းကြီးကြပ်သူနောက်တစ်ယောက်ကို မြေကြီးထဲစိုက်၀င်သွားအောင် ထပ်ထုတာ တွေ့လိုက်ကြရသည်။
လခွမ်း။ မသိရင် သူက မြေကြီးထဲကို မုန်လာဥတွေစိုက်နေတာလိုလိုနဲ့…။
“စုရှောင်ရှန် နင်ငါ့ကို သတ်လို့မရဘူးနော်။ ဒါက အတွင်းစည်း။ လူသတ်တာကို တားမြစ်ထားတယ်” ပေတူးရှုပ်ပွနေသော လန်ရှင်းရှီက ကြောက်ရွံ့မှုများအထင်းသား ထင်ဟပ်နေသော မျက်၀န်းများဖြင့်ဆိုသည်။
“သိတယ်။ သတ်ရဲတော့ဘာဖြစ်လဲ” စုရှောင်ရှန် ခွန်းတုန့်ပြန်လိုက်သည်။
အရပ်လေးမျက်နှာမှ အနက်၀တ်လူတွေ ပျားသကာကို အနံ့ခံလိုက်ရသော ပုရွက်ဆိတ်များလို လာနေကြသဖြင့် သူလည်း စိုးတထိတ်ထိတ်ဖြစ်နေပေသည်။ သူသာ အချိန်ထပ်ဆိုင်းနေရင် ဒီမိန်းမကို သတ်လို့ရတော့မည်မဟုတ်ချေ။
လန်ရှင်းရှီက ထိပ်သီး(၃၃) ဦးထဲက လူဟောင်းဖြစ်တာကြောင့် သူမ၏ လှုပ်ရှားမှုများက သာမန်နှင့်ကွဲထွက်နေပါသည်။ ဒဏ်ရာအပြင်းအထန်ရပြီးတာတောင် သူပြန်ဖမ်းဆုပ်မည့် လက်တစ်လုံးအကွာအဝေးလောက်လေးမှာ သီသီလေး လွတ်သွားသည်။
အနက်၀တ်လူနှစ်ဦး သူ့ကို နှစ်ကြိမ်မျှ လာနှောက်ယှက်တာက နှောင့်နှေးသွားစေခဲ့သည်ဟု ပြောနိုင်သည်။
“ချီး။ သူ့ရဲ့ လှုပ်ရှားမှုက အရှင်သခင်နယ်ပယ် လျင်မြန်မှုနဲ့တောင် မဆိုစလောက်လေး ကွာတယ်ဆိုရုံလေးပဲဟ” စုရှောင်ရှန်မျက်မှောင်ကြုတ်လိုက်သည်။ လူဟောင်းတွေက တကယ် စွမ်းပါပေ့။
သူမကို လိုက်မမှီတော့ဘူးဆိုမှတော့လည်း လိုက်မနေရုံပဲပေါ့။ ဆေးမီးဖိုအိုးကြီးကိုချပြီး စုရှောင်ရှန် လက်ဆန့်ထုတ်လိုက်သည်။
သူမနောက်က ဘာလှုပ်ရှားမှုမှ မခံစားရတော့တာကြောင့် ဘာဖြစ်နေသလဲဆိုပြီး လန်ရှင်းရှီ လည်ပြန်ကြည့်လိုက်ရာ ကြက်သီးတဖျင်းဖျင်းထသွားခဲ့၏။
စုရှောင်ရှန်၏ လက်ငါးချောင်းအထက်မှာ မီးတောက်အစေ့ ငါးစေ့ရှိနေပြီး ၎င်းတို့မှ ဖျာထွက်နေသော စွမ်းအင်များက လူတိုင်း၏ ခြေထောက်များကို ပျော့ခွေသွားစေဖို့လုံလောက်ပေသည်။
ထိုမျှနှင့် မပြီးသေးဘဲ စုရှောင်ရှန်က မီးတောက်ငါးစေ့နှင့်မလုံလောက်မည်စိုး၍ နောက်ထပ်လက်တစ်ဖက်ကိုလည်း ဆန့်ထုတ်လိုက်သည်။
လန်ရှင်းရှီ ဘာမှလည်း မပြောနိုင်သလို တွေးလည်းမတွေးနိုင်တော့ချေ။