စုရှောင်ရှန် အတန်ကြာအောင်ပြေးလာပြီးမှ ရပ်လိုက်၏။
“ဟူးးး။ ရှေးလူကြီးတွေရဲ့ စကားအရ ကံတရားက သတိ ဝီရိယ ရှိသူတွေကို မျက်နှာသာပေးတယ်တဲ့…”
ရဲ့ရှောင်ထျန်းကို သူယူလာသည့် ရတနာလေးပါးစလုံးပြဖို့က အိပ်မက်တောင်မမက်ခဲ့ဖူးချေ။ ဒီကမ္ဘာကြီးရဲ့ နိယာမက တကယ် အပြောင်းအလဲမြန်လွန်းလှသည်လို့ ပြောချင်နေသည်။ ကံကောင်းတာက အခြေအနေက သူ့ဘက်ကို အမြဲသာပေးနေလို့ပေါ့။
ရဲ့ရှောင်ထျန်းက ရတနာလေးပါးကို ပြန်မတောင်းဘူးဆိုတော့ သူလည်း ဆက်လက်၍ ဝှက်ထားရန် လိုတော့မည်မဟုတ်ဘဲ ခေါင်းမော့ရင်ကော့ကာ ထုတ်ဖော်နိုင်ပေတော့မည်။
“ကောင်းလိုက်တာ”
စုရှောင်ရှန် စပ်ဖြီးဖြီး ပြုံး၍ သူ့သိုလှောင်လက်စွပ်ထဲက အဆင့်ငါးစိတ်ဝိညာဉ်ဓားကိုထုတ်ယူလိုက်သည်။ ထိုဓားဖြင့် လမ်းဘေးနားက ကျောက်တုံးကြီးတစ်တုံးကိုဖြတ်ကြည့်ရာ တိုဟူးအလား လွယ်လွယ်ကူကူပဲ ပြတ်တောက်သွားခဲ့သည်။
“ဟဲဟဲ…”
စုရှောင်ရှန်ကျေနပ်သွားပြီး တိတ်တခိုးနာကျင်ခြင်းကိုထုတ်ယူကာ ကျောက်တုံးကို ခုတ်ကြည့်လိုက်သည်။ ၎င်းဖြင့် တူညီသောရလဒ်ကို မရပါချေ။
“ဒီနှစ်ခုအကြားက ကွာခြားချက်ကို ကျောက်တုံးတွေကြည့်ပြီး ပြောနိုင်မယ်မထင်ဘူး”
စုရှောင်ရှန် ဘယ်ဟာကိုရွေးရမလဲခက်နေ၏။ အဆင့်ငါးစိတ်ဝိညာဉ်ဓားက သူ၏ တိတ်တခိုးနာကျင်ခြင်းထက်သာလွန်တယ်ဆိုတာ မှန်ပေမယ့် ၎င်းနှင့် ရင်းနှီးသော ဆက်ဆံမှုမရှိပါချေ။
အခြားတစ်ဘက်က တိတ်တခိုးနာကျင်ခြင်းကတော့ သူနှင့်တချိန်လုံးရှိနေခဲ့သည်ဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်လာသည်။ ထို့ပြင် ဓားဆန္ဒနဲ့ ပေါင်းစပ်ပြီးတိုက်ခိုက်သည့် သူ့တိုက်ခိုက်ပုံနှင့်လည်း လိုက်ဖက်သည်။
ဘာဖြစ်ဖြစ် အဆင့်ငါးစိတ်ဝိညာဉ်ဓားကို အသုံးမပြုချင်ဘူးဆိုရင်တောင် သွားရောင်းရင် ဈေးကောင်းရမှာကတော့ သေချာသည်။
အဆင့်ခြောက်၊ အဆင့်ငါးဆိုတဲ့အတိုင်း ၎င်းက အရှင်သခင်နယ်ပယ် လက်နက်ဖြစ်သည်။ ပြီးတော့ ဓား၏ ပုံပန်းသွင်ပြင်အရလည်း အရှင်သခင်နယ်ပယ်မှာတောင် ထိပ်ပိုင်းကပါလောက်သည်။
“ချန်ရှင်းချုက ချမ်းသာရုံမကဘူး ပစ္စည်းကောင်းလည်း တော်တော်ပေါတာပဲ။ ဒီဓားနဲ့ မူလဇစ်မြစ်ကျောက်တုံးကို ရလိုက်တာ ပွတာပဲ” စုရှောင်ရှန်အလွန်ကို ကျေနပ်နေပါသည်။
မူလဇစ်မြစ်ကျောက်တုံးက အသုံးပြုလို့ရတဲ့ရတနာဖြစ်လာမလားမသိပေမယ့် စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကိုလည်း သုံးစရာနေရာမှ မရှိဘဲ။ မူလဏဇစ်မြစ်ကျောက်တုံးကို အသုံးပြုနိုင်ဖို့ စမ်းကြည့်တာ မမှားချေ။
အစက ထိုအသက်တံဆိပ်ပြားကို မုကျစ်ရှီကို ပေးမလို့ဖြစ်သည်။ သို့ပေမယ့် သူ့ဆရာတူ ညီမလေးကို အလိုအရမ်းလိုက်သလို ဖြစ်သွားမှာ စိုးရွံ့မိ၏။
မုကျစ်ရှီ၏ အသက်စွမ်းအင်တွေကို အချိုရည်အလား သောက်နိုင်သည့် အခြေအနေကို သူသတိထားမိသည်။ ၎င်းကိုဆိုရလျှင် စုပ်ယူနေသည့် အဆုံးမရှိသည့် တွင်းနက်ကြီးအလားပင်။
ထိုသို့ အလွန်အကျူး အခြေအနေမှ တိုက်စားခြင်းခံရပြီး မိစ္ဆာစိတ်များတောင်၀င်သွားမှာ စိုးရွံ့မိသည်။
ဆိုရလျှင် သူမက မူလနန်းတော်အထွတ်ထိပ် ကျင့်ကြံမှုကလေးဖြင့် ရဲ့ရှောင်ထျန်းကို ထိန်းချုပ်ထားတဲ့ ပုံရိပ်ယောင်ကိုတောင် ဖြိုခွဲပေးနိုင်ခဲ့သည်မဟုတ်ပါလား။ မိစ္ဆာစိတ်များသာ၀င်သွားရင် ဘာဖြစ်လာလိမ့်မလဲ။
စုရှောင်ရှန် အတွေးစများတစ်ခုနှင့်တစ်ခုချိတ်ဆက်မိပြီး ယခင်နေ့တွေက အဖြစ်အပျက်တွေအားလုံးက ဆက်နွယ်နေတာကို သတိထားမိသွား၏။
သို့ဖြင့် သူ့စိတ်ထဲမှာ ပုံရိပ်များတစ်ခုပြီးတစ်ခု ပြောင်လဲသွားပြီး နောက်ဆုံး ထိုမျက်နှာလွှားစနှင့် ယွဲ့ကျစ်၀မ်ထံရောက်မှ ရပ်သွားခဲ့သည်။ သူမ၏ ကြယ်တာရာမျက်လုံးများက တကယ် ထူးဆန်းလှပေသည်။
“ဒီမျက်လုံးတွေ…”
စုရှောင်ရှန် ဆက်လက်၍ အတွေးမနက်နိုင်ခင်မှာ အဝေးက ကျယ်ကျယ် လောင်လောင်အသံတစ်ခုကြောင့် အသိစိတ်ပြန်လည်လာခဲ့၏။
သူကြည့်လိုက်ရာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကိုတွေ့ရသည်။
“ကျောက်ချင်းထန်နဲ့ လန်ရှင်းရှီပါလား”
ထိုနှစ်ယောက်ကို အတူတူတွေ့လိုက်ရတာကြောင့် စုရှောင်ရှန် အံ့အားသင့်သွားခဲ့သည်။ ထိုမှ ပတ်၀န်းကျင်ကိုကြည့်လိုက်ရာ ညီလာခံခန်းမနှင့် အဝေးမှ အိမ်ခြံအနည်းငယ်ရှိသည့် တောအုပ်လေးထဲ ရောက်လာတာကိုတွေ့ရပေသည်။
ဤနေရာက သူတွေ့ခဲ့ရသည့် လန်ရှင်းရှီ၏ နေရာမဟုတ်တာကြောင့် ကျောက်ချင်းထန်၏ နေရပ်ဖြစ်နိုင်သည်။ ဒါပေမယ့် ဘာလို့ လန်ရှင်းရှီက ဒီရောက်နေတာလဲ။
“လျှိုလင်းလင်း ကို အရူးအမူးကြိုက်နေတယ်လို့ထင်နေတာ…”
စုရှောင်ရှန်အသေအချာစဉ်းစားကြည့်လျှင် ကျောက်ချင်းထန်၏ အေးတိအေးစက် မျက်နှာထားဖြင့်ဆို အသက်ကြီးသည့် မိန်းမများကိုတောင် ဆွဲဆောင်နိုင်တာ မဆန်းပေ။
ကြားသုံးကြား၀င်မရှုပ်ချင်တာကြောင့်လည်း စုရှောင်ရှန်က လှည့်ထွက်သွားရန်ပြင်လိုက်သည်။ အကြီးအကဲစန်းက သူ့ကိုစောင့်နေသေးသည်မဟုတ်ပါလား။
သို့ပေမယ့် သူနောက်အလှည့်ပြီးမှ ကြားလိုက်ရသည့် “ကျောက်ရှူ” ဆိုတဲ့စကားကြောင့် စုရှောင်ရှန် မျက်ခုံးများပင့်လိုက်၏။
သူ့အကြားအမြင်၏ တာဝေးနှင့်ဆိုရင် အချက်အလက်အသေးစိတ်ကလေးကိုတောင်မှ ရှင်းရှင်းလင်းလင်း ကြားရ၊ မြင်ရပေသည်။
ဒါပေမယ့် သူ့ပတ်လည်မီတာ ရာကျော်အတွင်းမှာ ဖြစ်ပျက်နေသမျှ အားလုံးကို လိုက်ဂရုစိုက်နေရင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိပါစေငြား သူ့အတွက် အလွန်အပန်းကြီးပေမည်။ သို့ကြောင့် လစ်လျူရှူထားတာက များသည်။
ရံဖန်ရံခါတော့ သူနှင့်ပတ်သက်သည့် အချက်အလက်များ အကြောင်းကို သတိချပ်ထားပါသေးသည်။ ဒါကြောင့်လည်း ကျောက်ချင်းထန်တို့ စကားက သူ့နားထဲရောက်လာခဲ့၏။
သူတို့ နောက်ဆက်ပြောသည့်စကားများကို သူအပြည့်အ၀အာရုံစိုက်လိုက်တော့သည်။
…
“နင်တို့ ကျန်းမျိုးနွယ်စုနဲ့ စုရှောင်ရှန်ကိစ္စကငါနဲ့ ဘာပတ်သက်လို့လဲ” ကျောက်ချင်းထန်၏ လေသံက အေးတိအေးစက်နိုင်စမြဲဖြစ်၏။
“ဟင်း နင်တို့ ကျောက်ရှူက မီးပန်းလိုဖောက်ခံလိုက်ရတာနော်။ ပြီးတော့ သူက နင့်ရဲ့၀မ်းကွဲလေ။ ဒါတောင် ဂရုမစိုက်ဘူးလား” လန်ရှင်းရှီက ကဲ့ရဲ့ထေ့ငေါ့စွာပြောလိုက်သည်။
“အဲ့ကိစ္စက နင်နဲ့ဘာဆိုင်လဲ”
“ငါမှတ်မိတာမမှားရင် သူကနင့်ကို ကျန်းမျိုးနွယ်စုကို ကစားဖို့ ခေါ်လာတတ်တယ်မလား။ အဲ့တုန်းကဆို နုင်က အမြဲ သေး၀တ်ကလေးနဲ့လေ”
“…”
ကျောက်ကျစ်တုံ့၏ မျက်၀န်းများအတွင်း အေးစက်စက်အလင်းများဖြတ်သွားပြီးတော့ စကားတစ်လုံးချင်းစီတိုင်းကို လေးလေးပင်းပင်းဆိုလိုက်သည်။ “အဲ့တုန်းကဆို နင်ငါ့ကို အခုလို လေသံနဲ့ စကားပြောရဲလား”
လန်ရှင်းရှီ၏ မျက်နှာထက်က အပြုံးအေးခဲသွားသည်။
ကျောက်ချင်းထန်က စစ်မှန်ခြင်းနယ်ပယ် အစောပိုင်းမှာဆိုရင်တောင် သူက ကျောက်မျိုးနွယ်စု၏ အမွေခံသားတော်တစ်ပါးဖြစ်သေးသည်။ အခြားတစ်ဘက်မှ သူမကတော့ ကျန်းမိသားစု၏ အစေခံတစ်ယောက်သာဖြစ်၏။
“ပြန်ပြောလိုက်စမ်း”
သူမ၏ လက်သည်းခွံများက လက်ဖဝါးထဲသို့တောင် ဖောက်၀င်နေခြင်းနှင့်အတူအန္တရာယ်ရှိသောအလင်းများလက်နေသည့် မျက်၀န်းများဖြင့် ခေါင်ဆတ်ကတည်းမော့ပြီး ဆိုလိုက်သည်။ “ဒါက ထျန်းစန်းစီရင်စုမဟုတ်ဘူး။ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်နော်”
“အဲ့တော့ဘာဖြစ်လဲ” ကျောက်ချင်းထန်က အသာအယာ ပြုံးကာ “ဒီလိုနိမ့်ကျတဲ့အဆင့်အတန်းကြောင့်လည်း ထျန်းစန်းနန်းတော်ထဲမှာ ၇နှစ်ကြာအောင် လောကကြီးကို မျက်နှာချင်းမဆိုင်ရဲဘဲ ပုန်းနေတာမလား”
ထိုစကားလုံများကြောင့် ဘေးပတ်၀န်းကျင်က လေထုတောင်အေးခဲ့လာခဲ့ပြီး ထပ်လောင်း၍ သူက “ဒီစိတ်ဝိညာဉ်နန်းတော်က နင့်အတွက်တော့ အကျဉ်းထောင်တစ်ခုပဲ”
ကျောက်ချင်းထန်ကို ကြည့်သော လန်ရှင်းရှီ၏ အကြည့်များက စူးစူးရှရှရှိနေပြီး မျက်နှာကလည်း အကျဉ်းတန်အောင်မဲ့ရွဲ့နေသည်။
ကျောက်ချင်းထန်က ၎င်းကို မမှုသလိုဖြင့် “ငါ့ကိုထပ်လာမရှာနဲ့တော့။ ကျောက်ရှုဘာလို့ သေရတယ်ဆိုတာ ငါသိတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်သေချာပြန်သုံးသပ်ကြည့်ပေါ့။ ဘယ်လောက်သန်မာနေပါစေ ဒီအကျဉ်းထောင်ထဲက ဖောက်ထွက်ရဲမလားလို့”
ကျောက်ချင်းထန်ပြောပြီး မှင်တက်တက်ကြီး ဖြစ်နေသော လန်ရှင်းရှီကိုထားခဲ့ကာ သူ့ခြံတံခါးကို သွားဖွင့်လိုက်သည်။
…
“ကမ္ဘာလေးက တကယ်ကျဉ်းတယ်ဆိုတာ အမှန်ပဲနော်”
စုရှောင်ရှန် ပြောမပြနိုင်သော ခံစားချက်တို့ဖြင့် ပြည့်နေ၏။
ထိုနှစ်ယောက်အကြားဘာဖြစ်နေမှန်းသေချာမသိပေမယ့် သူ့ကို ရှင်းပစ်ရန် ကြံနေကြမှန်းတော့သိသည်။ ယခင်က စွမ်းအားအရာဘာညာ မရှိလို့ ပုန်းနေရသည်ထား အခြေအနေက ယခုတော့ ပြောင်းလဲခဲ့လေပြီ။
“ဟင် ဒီအသံ…”
စုရှောင်ရှန် ပြောလိုက်သောစကားကြောင့် ကျောက်ချင်းထန် တံခါးဖွင့်လက်စကြီး တုံ့ခနဲရပ်သွားခဲ့၏။ စုရှောင်ရှန်က သူတို့အနားလျှောက်လာကာ အကြံပေးလိုက်သည်။ “မင်းတို့က လူသိမခံနိုင်တဲ့ အကြောင်းအရာတွေကို အပြင်မှာလာပြောနေကြတယ်။ အနည်းဆုံးတော့ အိမ်ထဲမှာပြောပါဟ”
စုရှောင်ရှန် ဘယ်ကရောက်လာမှန်းမသိ သူတို့နှစ်ဦး မှင်တက်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်ကြ၏။
“အဲ့တော့ နင်က အကုန်ကြားသွားပြီပေါ့” လန်ရှင်းရှီ ခပ်သဲ့သဲ့ရယ်ရင်းမေးလိုက်ပါသည်။
“ဒါပေါ့။ နင်တို့က ဒီလောက် အော်ကြီးဟစ်ကျယ်ပြောနေတာ နားကန်းတဲ့လူပဲ မကြားလိမ့်မယ်”
သူတို့ နှစ်ဦး တိတ်ဆိတ်သွားကြသည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
ကျောက်ချင်းထန်၏ မျက်နှာက သွေးဆုတ်ဖြူရော်သွား၏။ စုရှောင်ရှန်သာအနားမှာရှိတယ်ဆိုတာ သိရင် လန်ရှင်းရှီကို ထွက်သွားဖို့မဟုတ်ရင်တောင် အနည်းဆုံးတော့ စိတ်ချင်းဆက်ပြီး သူဆက်သွယ်ခဲ့ပါသည်။
ဒီကောင်က ဘယ်ကနေ ရောက်လာရတာတုန်း…။
သူက ဒီလောက်အနီးလေးမှာ ရှိတယ်ဆိုရင်လည်း သူတို့ သတိထားမိသင့်သည်။ အဝေးကြီးမှာဆိုပြန်ရင်လည်း သူတို့ ပြောတာ ကြားနိုင်လိမ့်မည်မဟုတ်ချေ။
“ကြားသွားတော့ရော ဘာဖြစ်လဲ” ထိတ်ထိတ်ပျာပျာဖြစ်နေသော ကျောက်ချင်းထန်လို မဟုတ်ဘဲ သူမက မမှုသလိုနှင့် ပြုံးတောင်ပြလိုက်သေးသည်။
ယခုတော့ သူမထက်တောင် အဆင့်အတန်းမရှိ၊ နောက်ခံမရှိသည့် စုရှောင်ရှန်ကို တွေ့ရရာ စိတ်ပြန်တက်ကြွလာလေတော့သည်။
စုရှောင်ရှန်က စကားကိုဝေ့လည်ကြောင်ပတ်လုပ်နေတော့ဘဲ တည့်တိုးပြောလိုက်၏။
“မင်းတို့ နှစ်ယောက်စလုံး ငါ့ကို သတ်ဖို့ ဆွေးနွေးနေကြတာမလား”