စာစဥ် (၂၂) အပိုင်း (၃၀၀)

လူတိုင်းက လေးစားသွားခြင်း

ဝေါင်း…။

မူလချီသားရဲ ရှစ်ကောင်က ဒေါသတကြီး ဟိန်းဟောက် နေခဲ့ကြပြီး ၎င်းတို၏ သတ်ဖြတ်ခြင်း အရှိန်အဝါများက တလိပ်လိပ် ရုန်းကြွနေခဲ့သည်။ သန်မာသော ဟိန်းဟောက်သံများက ကောင်းကင်ကိုပင် နက်မှောင် သွားစေခဲ့သောကြောင့် ထိုမြင်ကွင်းကို မြင်ရသော လူတိုင်း၏ မျက်နှာတွင် ကြောက်ရွံ့ တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ဇူယွမ်မှာ ရုတ်တရက် ထိုသို့ ကြောက်မက်ဖွယ် ကောင်းသော ဝှက်ဖဲကို ထုတ်လာခဲ့မည်ဟု မည်သူမှ မမျှော်လင့် ခဲ့ကြပေ။

တူညီစွာပင် ဇူယွမ်မှာ နဂါးကိုးကောင် နိယာမကျင့်စဉ်ကို သည်အဆင့်ထိ ရောက်ရှိ နေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့မိကြပေ။

ကျေက်တုံး ပွဲကြည့်စင်မြင့်၏ တစ်ဖက်တွင်ရှိသော ကျန့်ယန်၏ အမူအရာမှာ တင်းမာ၍ နေလေသည်။ စင်မြင့်ပေါ်တွင် ဖြစ်ပေါ်နေသော အခြေအနေက သူမျှော်မှန်းထားသည်ထက် ကျော်လွန် နေပေသည်။ ဇူယွမ်ပြသခဲ့သော တန်ပြန်တိုက်ခိုက်မှု စွမ်းအားက အလွန်ဖြုံချင်စရာ ကောင်းလှပြီး လူတစ်ယောက်၏ နှလုံးသားကို အလွန်အမင်း အေးစက်စေပေသည်။

သည်တိုက်ခိုက်မှု အပြီးတွင် ချောင်းစူည် ခံနိုင်ရည်ရှိမည်လား ဆိုသည်ကို မည်သူမှ မသိခဲ့ကြပေ။

စင်မြင့်အနီးရှိ သူများအားလုံးမှာ စင်ပေါ်ရှိ တိုက်ပွဲမြင်ကွင်းကြောင့် အကြည့်များ တည်ငြိမ်နိုင်စွမ်း မရှိကြတော့ပေ။

ချောင်းစူည်၏ မျက်နှာမှာ အလွန်အမင်းကို စိုးရိမ်နေဟန် ပေါ်နေခဲ့သည်။ မူလချီသားရဲ ရှစ်ကောင်ထံမှ ရက်စက် ကြမ်းကြုတ်မှုကို ခံစားရသည့်အတွက် သူ၏ ဦးခေါင်းမှာ ကိုက်ခဲ၍ နေလေပြီ။

သို့သော်လည်း သည်အခြေအနေသို့ ရောက်မှ ပြန်လည်ဆုတ်ခွာ၍ မရမှန်း သူနားလည် ပေသည်။ ရက်စက်သော ဆုံးဖြတ်ချက် တစ်ခုချလိုက်သည့် အလင်းတန်း တစ်ခုက သူ၏ မျက်ဝန်းတွင် လင်းလက် သွားခဲ့သည်။

“နဂါးရှစ်ကောင် ဖြစ်တော့ရော ဘာဖြစ်လဲ။ မင်းလို မူလစဦး ဒုတိယ အဆင့်လေးက သည်စွမ်းအားကို အပြည့်အ၀ ထုတ်ဖော်နိုင်မှာတဲ့လား”

ချောင်းရှိုးမှာ အံ့ကြိတ်ကာ ပြောလိုက်သည် “မင်းက သရုပ်ဆောင်နေခဲ့တာပဲ အပြင်ဘက်မှာ မင်းက စွမ်းအား ပြည့်ဝချင်ယောင် ဆောင်နေခဲ့ပေမယ့်။ အတွင်းမှာတော့ မင်းက ဘာမှ မရှိတဲ့ကောင်ပဲ”

သူ၏ လက်ဖဝါးနှစ်ဖက်ကို ချက်ချင်းပင် ပူးကပ်လိုက်ပြီးနောက် သူခန္ဓာကိုယ်မှ မူလချီများကို ထိမ်ချန်ထားခြင်း မရှိတော့ပဲ စတင် လည်ပတ်လိုက်သည်။

ဝရုန်း…

ငွေရောင် နှင်းများကဲ့သို့ မူလချီများသည် ကြီးမားသော ငွေရောင် နဂါးကြီးအသွင်ဖြင့် သူ၏ ဦးခေါင်းအထက်မှ ပေါ်ထွက်လာခဲ့သည်။ နဂါးကြီးက ကောင်းကင်တွင် ရစ်ခွေနေခဲ့ကာ မူလချီများကလည်း ရောင်ခြည် စက်ဝန်းသဏ္ဌာန်ဖြင့် ရစ်ခွေနေခဲ့သည်။

ရောင်ခြည်စက်ဝန်းက ဖြည်းညင်းစွာ လည်ပတ်နေခဲ့သည့် စက္ကန့်ဝက်မျှ အကြာတွင် သန်းချီသော ဓားများ၏ အော်မြည်သံများက ထိုအရာမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ များစွာသော တပည့်များ၏ အကြည့်အောက်မှာပင် မရေမတွက်နိုင်သော ငွေရောင် ဓားအရိပ်များက လျှံထွက်လာခဲ့ပြီး ကောင်းကင်တစ်ခွင်လုံး ပြည့်နှက် သွားခဲ့သည်။

“အဆင့်မြင့် ကောင်းကင်ဘုံငယ် အဆင့်ကျင့်စဉ်၊ သံစဉ် ဓားသွားပင်လယ်”

များစွာသော ငွေရောင်ဓားအရိပ်များ အရှေ့သို့ တိုးထွက်လာသည်မှာ အဆုံးမဲ့သော ဓားသွား ပင်လယ်ကြီးအလား… သူတို့၏ အော်မြည်သံများက တူညီစွာဖြင့် ဧရိယာ တစ်ခုလုံးကို ဖြတ်သန်း သွားခဲ့သည်။ သူတို့ထံမှ ထုတ်လွှတ်နေသော ထက်ရှမှုမှာ အာကာသကိုပင် ထွင်းဖောက် သွားတော့ မယောင်ပင်။

ချောင်းစူည်၏ တန်ပြန်တိုက်ခိုက်သည့် မြင်ကွင်းကြောင့် များစွာသော တပည့်များ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲ သွားပြီး အနည်းငယ် စိုးရိမ်သွားကြသည်။

“အစ်ကိုတော် ချောင်းစူည်က အရာအားလုံးကို အသုံးပြနေပြုနေပြီပဲ။ သူအသုံးပြုလိုက်တဲ့ သံစဉ်ဓား ပင်လယ်က သူ့ရဲ့ ဝှက်ဖဲတွေထဲမှာ စွမ်းအား အရှိဆုံးပဲ”

လူအုပ်ကြီးက တိုက်ခိုက်မှုကို မျက်လုံးမှ မခွာတန်း ကြည့်ရှုနေကြသည်။ သိသာစွာပင် ဇူယွမ်၏ တန်ပြန်တိုက်လိုက်မှုက ချောင်းစူည်အား အန္တရာယ် အငွေ့အသက်ကို ခံစားစေမိခဲ့သည်။ ထိုကြောင့် သူက မည်သည့်မှ ချန်မထားရဲတော့ပဲ သူ၏ အသန်မာဆုံး ကျင့်စဉ်အား တိုက်ရိုက် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

သည်အချိန်က မည်သူ၏ ဝှက်ဖဲက အသန်မာဆုံး ဖြစ်သလဲ ဆိုသည်ကို ကြည့်ရမည့် အချိန်ဖြစ်သည်။

ဘန်း…

တောက်ပနေသော အကြည့်များဖြင့် အာရုံစိုက် ကြည့်ရူနေမှု အောက်တွင် ဓားသွား ပင်လယ်ကြီးက မူလချီသားရဲများထံသို့ တိုးဝင်သွားခဲ့သည်။

ဝုန်း…

မူလချီအားလှိုင်းများ ထွက်ပေါ်လာခဲ့ပြီး စင်မြင့်ထက်တွင် အက်ကွဲကြောင်းများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

ပထမဆုံး မူလချီသားရဲမှ အသက်ရှိုက်စာ ဒါဇင်ခန့် အကြိမ်အတွင်းတွင် ဓားပင်လယ်၏ အပိုင်းပိုင်း ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ အနောက်မှ လိုက်ပါလာခဲ့သော ဒုတိယ သားရဲသည်လည်း အကြာမီပင် အပိုင်းအစများအဖြစ် ဖျက်ဆီး ခံလိုက်ရသည်။

ဒါဇင်ခန့် အသက်ရှိုက်စာ အချိန်အတိုင်းအတာတွင်ပင် ကြမ်းကြုတ်သော မူလချီ သားရဲများမှာ တစ်ကောင်ပြီး တစ်ကောင် ဖျက်ဆီး ခံနေရပေသည်။

ထိုမြင်ကွင်းက တပည့်များစွာကို ကြောင်အသွားစေခဲ့ပြီး စွမ်းအား ပြည့်ဝသော မူလ ချီသားရဲများ၏ သနားစဖွယ် အဆုံးသတ်က လွန်စွာ အံ့အားသင့်ဖို့ ကောင်းပေသည်။

“ဘာလို ဖြစ်သွားတာလဲ” ဇူထိုက်ပင်လျှင် မနေနိုင်ပဲ မေးမြန်းလိုက်မိသည်။ နဂါးကိုးကောင် နိယာမနှင့် သံစဉ်ဓားသွား ပင်လယ်နှစ်ခုလုံးမှာ အဆင့်မြင့် ကောင်းကင်အဆင့် ကျင့်စဉ်များ ဖြစ်သည်။ ထိုကြောင့် ထိုအရာအများက လျင်မြန်စွာ အချိုးဖြတ် မခံရသင့်ဘူးမလား…

ကျန့်ယန်၏ မခံချိ မခံသာ ဖြစ်နေသာ မျက်နှာက နောက်ဆုံတွင် သက်သောင့်သက်သာ ပြန်ဖြစ်သွားကာ စတင်ပြီး ပြုံးလိုက်သည် “ညီတော်ဇူယွမ်ရဲ့ မူလချီက ယှဉ်နိုင်စွမ်း မရှိတော့ဘူးနဲ့ တူတယ်။ တကယ်တော့ သူက မူလစဦး ဒုတိယအဆင့်ပဲ ရောက်နေသေးတဲ့ သူတစ်ယောက်ပဲလေ”

များစွာသော တပည့်များက ထောက်ခံဟန်ဖြင့် ခေါင်းညိတ် လိုက်ကြသည်။ အစောပိုင်းက ဇူယွမ်၏ တန်ပြန်တိုက်ခိုက်မှုမှာ သေစေနိုင်လောက်သည့် တိုက်ခိုက်ချက်ဟု ထင်ခဲ့သော်လည်း ထိုအရာက သူတို့ အရှေ့တွင်ပင်များ ယွင်းကြောင်း ပြသသွားခဲ့ပေသည်။

ကျောက်တုံးစင်မြင့်နှင့် အနီးဆုံးနေရာတွင် ရှိနေသော ယောင်ယောင်၏ လှပသော မျက်နှာလေး တစ်ခုသာလျှင် ပြောင်းလဲခြင်း မရှိပဲ ကျန်ရှိနေပေသည်။ ထို့အပြင် စိန်းထိုက်ယွမ်၏ အကြည့်များမှာလည်း တောက်ပနေခဲ့ပြီး သူ့မျက်နှာပေါ်တွင် တစ်စုံတစ်ခုကို တွေးတောနေပုံ ပေါ်နေသည်။

“ဟားဟား၊ ညီတော်ဇူယွမ် မင်းမှာရှိတာ အကုန်ပဲလား” ချောင်းစူည်က ထိုအခိုက်တွင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ မူလက သူစိုးရိမ်နေခဲ့သည်မှာ အားလုံးပြီးသွားချိန်တွင် ရယ်စရာ တစ်ခုသာ ဖြစ်နေပေသည် “နဂါးကိုးကောင် နိယာမက မင်းလက်ထဲမှာ တီကောင်ကိုးကောင် နိယာမ ဖြစ်သွားပါလား”

သူ၏ ထင်မြင်ချက်တွင် ဇူယွမ်၏ မူလချီမှာ ချို့တဲ့နေခဲ့သေးသည့် အတွက် နဂါးကိုးကောင် နိယာမကို အသုံးပြုရုံသာ အသုံးပြုနိုင်ခဲ့သည်ဟု ထင်ခဲ့ပေသည်။ ထိုကြောင့် ထိုအကောင်၏ မူလချီများမှာ မှာယျေဘူယ အားဖြင့် ခွဲဝေလိုက်ရပြီး သူ၏ မူလချီသားရဲ ရှစ်ကောင်မှာ အပြင်ပိုင်းတွင် သန်မာနေသော်လည်း အတွင်းတွင် အခွံလွတ် တစ်ခုသာ ဖြစ်နေပေလိမ့်မည်။ ထိုကြောင့် တစ်ချက်တည်းဖြင့်သာ ထိုအရာများကို ပိုင်းဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဇူယွမ်က သူ၏ တွေးထင်ချက်နှင့် လှောင်ပြောင်မှုကို တုံ့ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ အတွေးတစ်ချက်နှင့် အတူ မူလချီသားရဲများအား အရှေ့သို့သာ ကြမ်းကြုတ်စွာ ဆက်သွား နေစေခဲ့သည်။

ဘုန်း…ဘုန်း…

သို့သော်လည်း အချိန်တိုင်းတွင် ရလဒ်က အတူတူပင် ဖြစ်သည်။ မူလချီသားရဲများ တစ်ကောင်ပြီး တစ်ကောင် ဓားသွားပင်လယ်၏ ပိုင်းဖြတ်ခြင်းကို ခံနေရပေသည်။ မျက်တောင် တစ်ခတ် အတွင်းပင် မူလချီသားရဲ ခုနှစ်ကောင်မှာ ပိုင်းဖြတ်ခြင်း ခံလိုက်ရပြီး နောက်ဆုံး တစ်ကောင်သာ လေထဲတွင် ကျန်နေခဲ့ပေတော့သည်။

“ငါဒီတစ်ကောင်ကို အဆုံးသတ်ပြီ။ ညီတော်ဇူယွမ် အနာဂတ်မှာ မင်းဒီထက်ပိုပြီး ကောင်းမွန် လာမှာပါ” ချောင်းစူည်၏ အော်ပြောသံနှင့် အတူ အဆုံးမဲ့သော ဓားသွားပင်လယ်က အရှေ့သို့ တက်လှမ်း သွားခဲ့ပြီး နောက်ဆုံး ကျန်ရစ်နေသည့် မူလသားရဲထံသို့ ပစ်ဝင် သွားတော့သည်။

နောက်ဆုံး ကျန်ရစ်နေခဲ့သည့် မူလသားရဲမှာ ဆုတ်ဖြဲခံရတော့မည့် အတွက် ဇူယွမ်မှာ ထပ်တိုက် နိုင်တော့လိမ့်မည် မဟုတ်တော့ပဲ တိုက်ပွဲတွင် အနိုင်ရသူကို ဆုံးဖြတ်ပြီးသား ဖြစ်သွားချေပြီ။

ဘန်း…

ဓားသွားပင်လယ်ကြီးမှာ တဝှီးဝှီး မြည်သံ ကျယ်လောင်စွာ ထွက်လာက နောက်ဆုံး ကျန်ခဲ့သည့် မူလချီသားရဲထံသို့ တစ်ဟုန်တိုး တိုးဝင်သွားသည်။

ရှစ်ကောင်မြောက် မူလချီသားရဲကြီးက လေထဲတွင် ရစ်ခွေနေခဲ့ကာ စပါးအုံးမြွေကြီး တစ်ကောင်နှင့် ဆင်တူပေသည်။ ထိုအခိုက်တွင် ထိုသားရဲကြီးမှာ အနည်းငယ် တုန်ခါနေပေသည်။

တင်းကြပ်စွာပိတ်ထားသော မြွေကြီး၏ မျက်လုံးအစုံသည် ထိုအခိုက်တွင် ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

ဝရုန်း…

ထိုမျက်လုံးများ ပွင့်သွားသော အချိန်တွင် ရုန့်ရင်းကြမ်းတမ်းသော မူလချီများက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဝရုန်း…ရုန်း…ရုန်း…

မူလက ပေတစ်ရာခန့်သာ ရှိသော မူလချီတိုင်လုံးကြီးမှာ တဖြည်းဖြည်း မြင့်မား ကြီးထွားလာခဲ့ပြီး ပေငါးရာကျော်အထိ ရောက်ရှိ သွားပေသည်။ ထိုမူလချီ သားရဲမှ ထုတ်လွှတ်နေသော စွမ်းအားမှာ အခြားသော ခုနစ်ကောင်ပေါင်း ထက်ပင် သန်မာနေပေသည်။

“ဘာ…”

မူလချီသားရဲထံမှာ စွမ်းအားများ တိုးထွက်လာခြင်းက များစွာသော တပည့်များအား အံ့အားသင့် သွားစေခဲ့၏။ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် စိတ်ရှုပ်ထွေး ဟန်များမှာ ပေါ်နေခဲ့သည်။ နောက်ဆုံး မူလသားရဲမှာ အဘယ်ကြောင့် အလွန် စွမ်းအားကြီးနေမှန်း သူတို့ နားမလည်နိုင်ခဲ့ပေ။

ကျန့်ယန်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး ခဏမျှ စဉ်းစားနေခဲ့သည်။ သူမှာ ချက်ချင်းပင် တုန်လှုပ်သွားခဲ့ပြီး သူ၏ မျက်လုံး အမူအရာမှာ တည်ငြိမ်ခြင်း မရှိတော့ပေ “ဇူယွမ်က တကယ်ကို ဉာဏ်နီ ဉာဏ်နက်များတာပဲ”

အစောပိုင်း သားရဲ ခုနှစ်ကောင်းလုံး အားနည်းနေရခြင်းမှာ ဇူယွမ်၏ မူလချီ အားနည်း နေသောကြောင့် မဟုတ်ပဲ သူ၏ အဓိက စွမ်းအားများကို ရှစ်ကောင်မြောက် မူလချီသားရဲထဲတွင်သာ စုစည်းထားခဲ့သောကြောင့် ဖြစ်သည်။

တခြားတစ်ဖက်တွင် ချောင်းစူည်မှာ များစွာသော စွမ်းအားများဖြင့် တစ်ကြိမ်တည်းနှင့် အပြီးသတ်ရန် အတွက် များပြားသော မူလချီများကို  ကုန်ဆုံး စေခဲ့ရပေသည်။ သို့သော်လည်း သူ့အနေဖြင့် အခွံလွတ်များကိုသာ ဖျက်ဆီး နိုင်ခဲ့သည်။

ဇူယွမ်က စစ်မှန်သော အဆုံးသတ် တိုက်ကွက်ကို ရှစ်ကောင်မြောက် သားရဲတွင် ဖုံးကွယ် ထားခြင်းပင် ဖြစ်သည်။

ဝေါင်း…

သက်ပြင်းချသံများ တစ်ခုပြီး တစ်ခု ကြားလိုက်ရပြီးနောက် ရှစ်ကောင်မြောက် သားရဲက ဟိန်းဟောက် လိုက်လေသည်။ သူ၏ ကြီးမားလှသော ပါးစပ်ကြီးအား ဟလိုက်ပြီး ကောင်းကင်တွင် ဖျက်ဆီးရန် လာနေသည့် ဓားသွား ပင်လယ်ဆီသို့ တိုးဝင် သွားလိုက်လေသည်။

တစ်လုပ်တည်းဖြင့် ဓားသွားပင်လယ်တစ်ခုလုံးကို ဝါးမျိုလိုက်သည်။

ငွေရောင် ဓားအရိပ်များက မူလချီသားရဲ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် အထဲရှိ သတ်ဖြတ်ခြင်း စွမ်းအားများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပေသည်။

ချောင်းစူည်းအပါအဝင် လူအားလုံး ကြောင်အနေခဲ့သည်။

“ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ ဘာကြောင့် ဒီမူလချီသားရဲက အရမ်းသန်မာ နေရတာလဲ” ချောင်းစူည်၏ အသားအရည်မှာ ဖြူရော် သွားခဲ့သည်။ လွန်ခဲ့သော အခိုက်အတန့်က အနိုင်ရလဒ်မှာ သူ၏ လက်အတွင်းသို့ ရောက်ရှိနေခဲ့ပြီဟု ယုံကြည်နေခဲ့သည်။ သို့သော်လည်း မည်သူမှ မမျှော်လင့်ထားမိပဲ အရာအားလုံးမှာ မျက်စိတစ်မှိတ် အတွင်း ပြောင်းလဲ သွားခဲ့သည်။ သည်အချိန်တွင် ကောင်းကင်ဘုံမှ ပြုတ်ကျ သွားသလို ခံစားနေရသည်။

ပတ်ဝန်းကျင်ရှိ ကျောက်တုံးစင်မြင့်ပေါ်မှ များစွာသော တပည့်များက တစ်ယောက်နှင့် တစ်ယောက် လှမ်းကြည့် လိုက်ကြသည်။ ဤသို့ ပြောင်းလဲသွားသည်ကို သူတို့လည်း အံ့အားသင့်နေ မိခဲ့ကြသည်။

ကျန့်ယန်၏ အမူအရာမှာ တင်းမာနေခဲ့ပြီး သူ၏ မျက်ခုံးများမှာ ထိစပ်လုမတတ် တွန့်ကွေး နေခဲ့သည်။ သူလည်းပဲ ချောင်းစူည် အနိုင်ရပြီဟု တွေးခဲ့ပေသည်…

ဇူယွမ်က အမူအရာကင်းမဲ့စွာဖြင့် ချောင်းစူည်ကို စိုက်ကြည့်လိုက်ပြီး သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်း လိုက်သည်။ နောက်ဆုံး မူလချီသားရဲက ရုတ်တရက် ကြမ်းကြုတ်သော ဟိန်းသံတစ်ခုကို ပြုလုပ်ကာ ချောင်းစူည်ထံသိူ့ တိုးဝင်သွားသဖြင့် သူ့အား ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာ သွားစေခဲ့သည်။

ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် ရင်ဆိုင်ရခြင်းက ချောင်းစူည်း၏ နှလုံးသားကို ပြင်းထန်စွာ တုန်ခါ စေပေသည်။ ဇူယွမ်၏ အေးစက်နေသော အကြည့်က သူ့၏ နှလုံးသားအား ပို၍ ပြင်းထန်စွာ တုန်လှုပ်စေသည့်အတွက် အလျင်အမြန် အော်ဟစ် လိုက်တော့သည်။

“ငါ…ငါအရှုံးပေးတယ်”

ထိုမူလချီသားရဲ၏ ရိုက်နှက်ခြင်းကို ခံရပါက ဒဏ်ရာ အပြင်းအထန် ရမည်မှာ အသေအချာပင် ဖြစ်သည်။

ဘန်း…

ထိုစကားများ သူ့ပါးစပ်မှ ထွက်လာသည်နှင့် မူလချီသားရဲက သူနှင့် ပေအနည်းငယ် အကွာတွင် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ ထိုအရာ ပေါက်ကွဲခြင်းမှ ထွက်ပေါ်လာသော ကြမ်းတမ်းသည့် အားလှိုင်းများကပင် ချောင်းစူည်ကို ခြေလှမ်းအချို့ နောက်သို့ ဆုတ်ခွာ သွားစေပေသည်။

ဟူး…

ဇူယွမ်က ချောင်းစူည်ကို စိတ်မဝင်စားသော အကြည့်တစ်ချက်ဖြင့်သာ ကြည့်လိုက်ပြီး ရှည်လျားသော ဝင်သက် ထွက်သက်ကို ရူသွင်းရူထုတ် ပြုလုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် စုဝေးနေသော မူလချီများမှာ ဖြည်းဖြည်းချင်း ဆုတ်ယုတ် သွားပြီး ပါးလွှာ လာခဲ့သည်။ အစောပိုင်းက နဂါးကိုးကောင်နိယာမမှ နဂါးရှစ်ကောင်ကို ထုတ်ယူရန် သူ၏ မူလချီများကို ကုန်ခမ်းလုနီးအထိ အသုံးပြုလိုက်သည်မှာ ထင်ရှားပေသည်။

ထိုအရာကို လူတိုင်း မြင်နိုင်ခဲ့သော်လည်း သည်အချိန်၌ တစ်ဦးတစ်ယောက်မှ ပြောဆိုရဲခြင်း မရှိကြပေ။ ဇူယွမ်ပြသခဲ့သော သန်မာမှုက သူတို့၏ နှလုံးသားထဲတွင် အေးစိမ့်မှုကို ခံစားနေရစေသည်။

ဇူယွမ်မှာ မူလစဦး ဒုတိယအဆင့်တွင်သာ ရှိနေသေးသော်လည်းပဲ မူလစဦိး ပဉ္စမအဆင့်မှ ချောင်းစူည်ကို သူလက်ဖြင့် ရှုံးနိုမ့်စေခဲ့သည်။ သူ၏ တိုက်ပွဲဝင် စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။

ထို့အပြင် ဇူယွမ်မှာ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားတုန်းက ထက်ပင် ပိုမိုသန်မာလာသည်မှာ ထင်ရှားပေသည်။

ထိုကဲ့သော တိုးတက်မှုက လူတစ်ယောက်၏ နှလုံးသားကို တကယ်ပင် တုန်လှုပ် စေပေသည်။

“အနိုင်ပေးတဲ့ အတွက်ကျေးဇူးပဲ” ဇူယွမ်က လက်နှစ်ဖက်ကို လက်သီးသဏ္ဌာန်စု ဆုပ်ကာ တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

လက်ရှိအချိန်တွင် ချောင်းစူည်၏ မျက်နှာမှာ ကြောက်လန့်မှုနှင့် ဒေါသတို့ ရောယှက် နေမှုကြောင့် ကြည့်မကောင်း ဖြစ်နေပေသည်။ ထိုသို့သော ရလဒ်မှာ သူတစ်ခါမှ မစဉ်းစားဖူးခဲ့သည့် အရာဖြစ်သည်။

ကျောက်တုန်းစင်မြင့် ပတ်ဝန်းကျင်မှ တပည့်အားလုံးသည် ဇူယွမ်အား ကြိုဆိုနေသော အကြည့်များဖြင့် ကြည့်ရှုနေခဲ့ကြသည်။ ယခုအချိန်တွင် သူတို့အားလုံး၌ ဇူယွမ်အား မေးခွန်းထုတ်နေသော အကြည့်များ မရှိကြတော့ပေ။

အတိတ်တွင် များစွာသော တပည့်များမှာ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှ ဇူယွမ်က သိပ်မဟုတ်နိုင်ဟု တွေးထင် ခဲ့ကြပေသည်။ တကယ်တော့ ဇူယွမ်မှာ တပည့်အသစ် တစ်ယောက်သာ ဖြစ်ပြီး သေးငယ်သော ဂုဏ်ပုဒ်လေးသာ ရှိပေသည်။ သို့သော်လည်း ဇူယွမ်မှာ သူတို့ မှားယွင်း နေကြောင်းကို သက်သေပြခဲ့ပြီဖြစ်သည်…

စိန်းထိုက်ယွမ်က တိတ်ဆိတ်စွာဖြင့် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ် နေခဲ့သည်။ အမြဲလိုလို တင်းမာပြီး အိုမင်းနေသော သူ၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ဖြစ်ပေါ်နေပေသည်။ ဇူယွမ်၏ အောင်မြင်မှုမှာ သူမျှော်လင့် ထားသည်ထက် ပိုလွန်နေပေသည်။

မူလအစတွင် ဇူယွမ်၏ မစဉ်းစား မဆင်ခြင်ပဲ ပြုလုပ်တတ်သော အကျင့်ကြောင့် ဒေါသ ထွက်လွယ်သော လူငယ်တစ်ယောက်ဟု ထင်မြင်ခဲ့ပေသည်။ သို့သော်လည်း သူယခုမြင်ရသည်မှာ ဇူယွမ်ကို သူလျော့တွက် မိကြောင်း သိသာပေသည်။

သူ၏ တပည့်များကို လှမ်းကြည့်ကာ ညင်သာစွာ ရယ်မောလိုက်သည်။

“ဇူယွမ်က သည်တိုက်ပွဲမှာ အနိုင်ရခဲ့တယ်။ အဲ့တော့ သဘောတူညီချက်တွေ အရ တစ်လအတွင်း ယှဉ်ပြိုင်မယ့် ဂူနန်းယှဉ်ပြိုင်ပွဲမှာ ပါဝင်မယ့် သုံးယောက်မှာ သူပါမယ်။ ကန့်ကွက်ချင်တဲ့သူ ရှိသေးလား”

များစွာသော တပည့်များက ခေါင်းခါယမ်း လိုက်ကြသည်။

စိန်းထိုက်ယွမ်က ခေါင်းညိတ် လိုက်ပြီးနောက် ဇူယွမ်ကို ကြည့်ကာ ပြောလိုက်သည် “သည်ကိစ္စပြီးတဲ့ နောက်မှာ မင်းက ပါဝင်ယှဉ်ပြိုင်သူ သုံးယောက်ထဲက တစ်ယောက် ဖြစ်သွားပြီ။ တစ်လအတွင်းမှာ ခရမ်းရောင် မူလဂူနန်းအတွက် ငါတို့အဖွဲ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမယ်”

“နားလည်ပါပြီ” ဇူယွမ်က လက်နှစ်ဖက်ကိုယှက်ကာ တုန့်ပြန်ပြောလိုက်သည်။

ရှန့်ဝမ်ကျင်နှင့် အခြားသော တပည့်အသစ်များက စိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံ လိုက်ကြသည်။ ဇူယွမ်၏ တိုက်ပွဲက သူတို့ တပည့်အသစ်များ အတွက် ဂုဏ်ယူစရာ ဖြစ်ပေသည်။

ထိုအရာကို မြင်ရချိန်တွင် ကျန့်ယန်၏ နှုတ်ခမ်းများမှာ ရှုံမဲ့သွားခဲ့သည်။ သည်တိုက်ပွဲက ဇူယွမ်အနေဖြင့် မိမိကိုယ်ကို အတွင်းတောင်တွင် နေရာတစ်ခု တည်ဆောက် နိုင်ခဲ့ကြောင်း သူသိပေသည်။ အနာဂတ်တွင် ဇူယွမ်ကို စီနိယာတစ်ယောက် အနေဖြင့် ဖိနိုပ်နိုင်ဖို့ များစွာသော တပည့်များ၏ လိုက်လျောစွာ တုံ့ပြန်မှု ရှိတော့မည် မဟုတ်ပေ။

တကယ်တော့ တိုက်ပွဲတွင် ဇူယွမ်ပြသခဲ့သော သန်မာမှုက လူတိုင်းကို စည်းရုံးရန် လုံလောက်နေပြီ ဖြစ်သည်။

သူ့အနေဖြင့် သွေးဆုတ်ဖြူရောနေသော ချောင်းရှိုးကို ကြည့်ပြီး ကျိန်ဆဲရုံသာ တတ်နိုင် ခဲ့ပေသည်။

“အသုံးမကျဘူး”

အစောပိုင်းတွင် ချောင်းစူည်က ဇူယွမ်အား သူ့နေရာ သူသိစေရန် ပြသပြီး စိန်းထိုက်ယွမ်၏ မျက်လုံးထဲရှိ ဇူယွမ်၏ တန်ဖိုး လျော့ကျသွားအောင် ပြုလုပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း အရာအားလုံးက ချောင်းစူည်ကြောင့် ပျက်စီး သွားလေပြီ။

အဆုံးတွင် ဇူယွမ်ကသာ သူ၏ အနေအထားကို ပိုမိုခိုင်မာစေရန် ပြုလုပ်နိုင်ခဲ့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset