Switch Mode

အခန်း (၂၁၈)

လက်ဆွဲနှုတ်ဆက်ခြင်း

ဒက် ဒက် ဒက်

ညီလာခံခန်းမအပြင်ဘက်ကနေ ခြေသံများကို ပဲ့တင်ထပ်ကြားရပြီး မကြာခင်မှာ အနက်၀ယ် လူငယ်တစ်ဦး ဝင်လာခဲ့သည်။

ထိုအနက်၀တ်လူငယ်က ချောမောခန့်ညားပြီးတော့ တောက်ပသော မျက်၀န်းများကိုပိုင်ဆိုင်ထားသည်။ သူက ကိုယ်ကို မားမားမတ်မတ်ဆန့်ထားပြီး သန်မာသောကျားတစ်ကောင်ကဲ့သို့ ဟန်ပန်မျိုးရှိ၏။

ခန်းမထဲကို၀င်လာပြီးနောက်မှာ ဦးစွာ အဓိက ထိုင်ခုံပေါ်က ရဲ့ရှောင်ထျန်းကို နှုတ်ဆက်သည်။

“ခေါင်းဆောင်”

ဒီလူငယ်လေးဘယ်သူဆိုတာ မသိဖြစ်နေသည့်အတွက် ကျန်းပင်းယန်မျက်လုံးများကိုမှေးလိုက်၏။

ထိုမှ စဉ်းစားရင်း စဉ်းစားရင်း ထျန်ရွှမ်တံခါးကိစ္စတုန်းက ဘေးနားက ဘီးကိုင်လူငယ်လေးဆိုတာ အမှတ်ရတော့သည်။ ဒါပေမယ့် သူက ဒီမှာဘာလာလုပ်နေတာလဲ။

ကျန်းပင်းယန်၏ မျက်နှာထက်၌ ကသိကအောက်ဖြစ်သော အမူအရာမျိုးပေါ်လာပေသည်။ ဒီလူငယ်က လျှပ်စစ်ဖြင့်အတို့ခံရပြီးနောက်မှာ ‌သတိမေ့မျောသွားခဲ့တယ်ဆိုပေမယ့် အရှင်သခင်နယ်ပယ်ဖြစ်ချေသေး၏။

ဒီလိုလူက ဘယ်လိုလုပ် ထိပ်သီး (၃၃) ဦးဟောင်းထဲက ဖြစ်နေရတာတုန်း။ ချန်ရှင်းချုဘယ်လို အနိုင်ယူနိုင်မှာတုန်း။

ချန်ရှင်းချုလည်းပါရမီပါတာတော့မှန်ပေမယ့် သူ့ထက် ကျင့်ကြံခြင်းနယ်ပယ်ကြီး တစ်ဆင့် မြင့်တဲ့သူကို တိုက်ခိုက်နိုင်စွမ်းငှာ မစွမ်းသာပါချေ။ သူက စစ်မှန်ခြင်းနယ်ပယ်အထွတ်ထိပ်၌ ရှိနေတယ်ဆိုစေဦးတော့…။

ချန်ရှင်းချုမျက်နှာထက်တွင်လည်း အခက်တွေ့နေဟန်များပေါ်လာသည်။ သူလေ့လာရသလောက်တော့ ထိပ်သီး (၃၃) ဦးထဲမှာ ဒီလိုလူမရှိပါဘူး။

“နန်းတော်သခင်ရဲ့။ ဒီလူက ကျုပ်တိုက်ခိုက်ရမယ့်လူလား”

“ကျုပ်က စစ်မှန်ခြင်းနယ်ပယ်သာသာလေးပါ ဘယ်လိုလုပ် အရှင်သခင်နယ်ပယ် ကျင့်ကြံသူကို တိုက်ခိုက်နိုင်မှာလဲ။ မတရားဘူး”

ချန်ရှင်းချု အင်မတန် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ဒီလိုဆို သူတို့ ဂိုဏ်းသားအထက်ပိုင်းထဲက သူ့ကို ယှဉ်နိုင်တဲ့သူ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်မှာ မရှိဘူးလို့ ပြောနေတာမဟုတ်ပါလား။

ခုတော့ အရှင်သခင်နယ်ပယ်ကြီးကိုတောင် တိုက်ခိုက်ဖို့ခေါ်‌လိုက်သေး၏။ ထို့ပြင် ကျင့်ကြံခြင်းအဆင့်ကိုတောင် ဝှက်ထားဖို့မကြိုးစားရှာဘူး။

ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့ ချန်ရှင်းချု၏ ပေါက်ကွဲမှုကြောင့် အလန့်တကြားဖြစ်သွားကြသည်။ ကျောက်ကျစ်တုံ့လည်း ချန်ရှင်းချုကို ဘုကြည့်ကြည့်လိုက်၏။

ဒီအကောင်က အပြင်ဘက်မှာ ထိပ်သီး(၃၃) ၀င်လူသစ် တွေကိုလိုက်စိန်ခေါ်တာအားမရလို့ သူ့ကိုပါ လာစိန်ခေါ်ချင်နေတာလား။ သူအတွင်းစည်းထိပ်သီး(၃၃) ဦးထဲမှာ တုန်းကဆို ဒါမျိုးတစ်ခါမှ မဖြစ်ဖူးပါဘူး။

ဒီကောင်လေးကို သူ့အမြင်တွင် စမ်းသပ်မှုတွေ၊ အခက်အခဲအတားအဆီးတွေတစ်ခါမှ ကြုံတွေ့မခံစားရဖူးတဲ့လူနှင့် “လူပျိုရည်မပျက်” သေးသည့် လူဖြင့် ခိုင်းနှိုင်းလိုက်လေသည်။

စုရှောင်ရှန်ကြောင့် သူ ဒေါသထွက်နေခဲ့ပြီးဖြစ်ရာ ချန်ရှင်းချု၏ စကားများက ယခု မီးစာထပ်ထည့်လိုက်သလိုဖြစ်သွားသည်။ စိတ်ဝိညာဉ်နန်းတော်အတွင်းမှာ ဒီလိုစော်ကားမှုမျိုးကိုတော့ ငြိမ်မခံနိုင်ပေါင်။

ထို့နောက် ချန်ရှင်းချုကို ခေါင်းအစခြေအဆုံးတစ်ချက်အကဲခတ်ပြီး အထင်သေးဟန်ဖြင့် “ဘာလဲ မင်းက ငါနဲ့ တိုက်ခိုက်ချင်တယ်ပေါ့။ ဆယ်နှစ်ဆယ်မိုး အရင်ဆုံး ကြိုးစားလိုက်ဦး။ ဆယ်နှစ်…”

ကျောက်ကျစ်တုံ့၏ ချေပမှုကြောင့် ချန်ရှင်းချု ဒေါသူပုန်ထသွားခဲ့၏။

ဒီ မောက်မာတဲ့ကောင်က ဘယ်‌ကရောက်လာတာလဲ။ သူ့ကိုယ်သူ အရှင်သခင်နယ်ပယ်မှာမို့များ ပြိုင်ဘက်ကင်းနေပြီထင်ပြီး သွေးနာထင်ရောက်နေတာလား။ ဆယ်နှစ်တောင်မလိုဘူး ကြည့်နေလိုက် ငါးနှစ်… အဲမဟုတ်ဘူး သုံးနှစ်အတွင်းကို ငါ-ငါ…

“…”

ချန်ရှင်းချုများ ပြန်ချေပလာမလား ကျောက်ကျစ်တုံ့ စောင့်‌ဆိုင်းနေခဲ့ပြီး ဘာတုန့်ပြန်မှုမှမရဘဲ တိတ်ဆိတ်နေတာမြင်သောအခါ ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး “ဘာလို့ တိတ်ဆိတ်နေတာလဲ”

ချန်ရှင်းချု ဘာမှ မပြောနိုင်ဘဲ အံကိုသာတင်းတင်းကြိတ်ထားလေသည်။

စိတ်ဝိညာဉ်နန်းတော်ကလူတွေအကုန်လုံးက လူထူးလူဆန်းများဖြစ်ကြ၏။ ပထမဆုံး ရဲ့ရှောင်ထျန်း၊ မျက်ကန်းနှင့်ယခု ဂိုဏ်းသားလိုလို ဘာလိုလိုနှင့် အရှင်သခင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က သူ့ကို ခေါင်းလာစားနေပြန်သည်။

“ကျောက်ကျစ်တုံ့ ရပြီ”

အခြေအနေကို စောင့်ကြည့်နေခဲ့သော ရဲ့ရှောင်ထျန်းက ‌လက်ပြပြီး တားလိုက်သည်။ ထို့နောက် ကျန်းပင်းယန်ကို ပြုံးချင်တာ အောင့်အီးထားသော ခပ်တည်တည်အမူအရာကြီးနှင့် မပြုံးတပြုံးမေးလိုက်သည်။

“ခန်းမသခင်ကျန်း အထင်လွဲနေတယ်ထင်တယ်။ ကျောက်ကျစ်တုံ့က အခု တိုက်ခိုက်မယ့်သူမဟုတ်ပါဘူး”

ကျန်းပင်းယန် ပဟေဠိဖြစ်သွားခဲ့၏။

ချန်ရှင်းချုလည်း ပြောစရာစကားရှာမရအောင်ပင်။

သူတို့နှစ်ဦး အာစေးမိသွားသည်။ သူက တိုက်ခိုက်မယ့်သူမဟုတ်ဘူးဆိုရင် ကျောက်ကျစ်တုံ့က ဘာလို့ အရမ်း ရန်လိုနေရတာလဲ။ မသိရင် မိုးမီးရှို့တော့မလိုလိုနဲ့…။

ဒါဆို တကယ် တိုက်ခိုက်မယ့်သူက ဘယ်မှာလဲ။

မကျေမချမ်းဖြစ်နေသေးဟန်ပေါက်သော ကျောက်ကျစ်တုံ့က အကြီးအကဲကျောက်ဘေးနားကိုသွားပြီး ထိုင်လိုက်သည်။

ကျန်းပင်းယန်လည်း ရဲ့ရှောင်ထျန်းကို နားမလည်နိုင်သလိုကြည့်ပြီး “ဒါဆိုရင် တကယ် တိုက်ခိုက်မယ့်သူက…”

ရဲ့ရှောင်ထျန်း သူ့ကို ဘာမှ ပြန်မပြောဘဲ ကျောက်ကျစ်တုံ့ကိုသာကြည့်လိုက်သည်။

“မင်းဘာဖြစ်သွားတာလဲ”

အကြီးအကဲကျောက်လည်း ပြန်ကြည့်မှ ကျောက်ကျစ်တုံ့၏ ရင်ဘက်မှာ သွေးကွက်ကြီးစွန်းထင်းနေတာကိုတွေ့ရသည်။ အသံနိမ့်နိမ့်ကလေးဖြင့် သူမေးလိုက်သည်။ “ရှောင်ရှန်က ဘယ်မှာလဲ။ မတော်တဆတစ်ခုခုဖြစ်လို့များလား”

“သူက အဆင်ပြေပါတယ်”

ကျောက်ကျင့်တုံ့ ပင့်သက်ရှိုက်လိုက်ကာ ခန်းမ အပြက်ဘက်ကို လှည့်ကြည့်၍ အော်လိုက်သည်။ “ဝင်လာခဲ့”

လူတိုင်းလှည့်ကြည့်လိုက်ကြရတာ ဝင်ပေါက်တံခါးဘေးကနေ ခေါင်းတစ်လုံးထွက်ထားပြီး အထဲကို ချောင်းကြည့်နေတဲ့ လူငယ်လေးကိုတွေ့လိုက်ရသည်။

လူတိုင်းစွံ့အသွားကြ၏။

ရဲ့ရှောင်ထျန်းလည်း စိတ်အနှောက်အယှက်ဖြစ်သွားပေသည်။ ဒီ‌အကောင်က စိတ်ဝိညာဉ်နန်းတော်ကို သိက္ခာချသည့်အကောင်ဖြစ်၏။ နည်းနည်း ‌မော်မော်ကြွားကြွား မနေနိုင်ဘူးလား။

ဒီလို အပြုအမူကဘာလဲ။ ဒါစုရှောင်ရှန် အစစ်ကောဟုတ်ရဲ့လား။

“စုရှောင်ရှန် ၀င်လာခဲ့”

[စောင့်ကြည့်ခံရပါသည်။ ပင်ကိုယ်မှတ် +၆]

[အထင်သေးခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[မှတ်ထားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ထိုအခိုက်မှာ အပြင်ဘက်ကနေ အားလုံးကို နားထောင်နေခဲ့တဲ့ စုရှောင်ရှန် ဘာဖြစ်နေသလဲ ဇာတ်ရည်လည်သွားခဲ့သည်။ ဒါကြောင့် ပိုပြီးတိတိကျကျသိရအောင် မျက်စိဖြင့် လိုက်လံ မျက်မြင်ကြည့်လိုက်၏။

ထိုအထင်အမြင်သေးခံရတာက လှလှပပ မျက်စိတောက်တဲ့ ၀တ်ရုံနှင့် လူငယ်လေးစီမှဖြစ်ပြီး ကျိန်ဆဲကတော့ ကျောက်ကျစ်တုံ့ထံကဖြစ်သည်။ မှတ်ထားခြင်းခံရတာကတော့…

“ဘယ်သူ့စီကတုန်း”

စုရှောင်ရှန် ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ မျက်နှာလွှားစနှင့် ကောင်မလေးကိုကြည့်လိုက်သည်။ သူမက ပထမဆုံးတစ်ကြိမ်တွေ့တုန်းကထက် သိသိသာသာကြီး ၀မ်းနည်းနေတာ ထင်ရှား၏။

ယနေ့ဘာအသံမှ မပြုသလို စကားဝိုင်းတစ်လျှောက်လုံးမှာလည်း တစ်ခွန်းမှ ဝင်မပြောပါချေ။ သူမက စုရှောင်ရှန်အဓိက အာရုံစိုက်သည့်သူဖြစ်လာသည်။

သူ့အကြားအမြင်က ထိုလှပဆွဲမက်ဖွယ်ရာ ကြယ်တာရာ မျက်လုံးလေးများက မရိုးရှင်းတာကို အားကောင်းစွာ အချက်ပေးနေပါသည်။

တစ်ယောက်ယောက်နှင့်ပတ်သက်၍ စုရှောင်ရှန် ဒီလိုမခံစားရတာ ကြာပြီဖြစ်သည်။

ပထမတစ်ကြိမ်တုန်းက မိုးတိမ်လေပြိုင်ပွဲ ဗိုလ်လုပွဲမှာ မိုမိုနှင့် တိုက်ခိုက်ရမည်ဆိုတုန်းကဖြစ်သည်။

သူထင်တဲ့အတိုင်းလည်း တစ်ခုခု ထူးခြားတဲ့ မိစ္ဆာသားရဲ ဖြစ်နိုင်ချေရသော မီးခိုးမြူပုံရိပ်ကို ရင်‌ဆုံကြုံတွေ့လိုက်ရ၏။

ထိုအတွေ့အကြုံကြောင့် သူမက စုရှောင်ရှန်၏ အာရုံကိုဖမ်းစားထားခြင်းဖြစ်ပေသည်။

‘အရင်နေ့တုန်းက ဒီကောင်မလေးနဲ့ပတ်သက်ပြီးဘာမှ ထူးဆန်းတာမခံစားရပါဘူး။ ဒီ‌နေ့မှ ဘာဖြစ်နေတာလဲမသိဘူး။ မဟုတ်မှလွဲရော… မနေ့ညက ကောင်းကောင်းမအိပ်ခဲ့လို့များလား’

စုရှောင်ရှန် မျက်မှောင်ကြီးကြုတ်ပြီး ခေါင်းထဲမှာ ဘာဖြစ်နိုင်မလဲတွေးကာ ခန်းမထဲ၀င်လာတော့သည်။

“မင်္ဂလာပါ ခေါင်းဆောင်၊ အကြီးအကဲကျောက်”

သူတို့နှစ်ဦး အပြုံးများဖြင့် ခေါင်းညိတ်လိုက်ကြ၏။ စုရှောင်ရှန် ယဉ်ယဉ်ကျေးကျေးရှိတာ ရှားပါးသောအရာတစ်ခုဖြစ်သလို မြင်ရလဲခဲသည်။

ယခုတော့ ယဉ်ကျေးချေငံနေသည့် စုရှောင်ရှန်က စိတ်ဝိညာဉ်နန်းတော်၏ ခေါင်းဆောင်နှစ်ဦးကို နှုတ်ဆက်လိုက်ပြီးနောက်မှာ‌ ကျောက်ကျစ်တုံ့ကို လစ်လျူရှူ၍ အခြားတစ်ဘက်ကို သွားလိုက်သည်။

“ဟော့ဒီကတော့ တုန့်ထျန်း၀မ်မြို့လေးက မြင့်မြတ်နတ်ဘုရားနန်းတော်ခန်းမခွဲက ခန်းမသခင်ကျန်းပဲ။ သူ့ကို ခန်းမသခင်ကျန်းလို့ ခေါ်ပေါ့” အကြီးအကဲကျောက်က မိတ်ဆက်ပေးလိုက်သည်။

“မင်္ဂလာပါ ခန်းမသခင် ကျန်း” စုရှောင်ရှန်က အလွန်ယဉ်ကျေးနေပေသေးသည်။

“အေး”

ကျန်းပင်းယန် ခေါင်းညိတ်လိုက်ပြီး စုရှောင်ရှန်က နည်းနည်းတုံးအသည်ဟု တွေးတောလိုက်၏။ အစကတည်းက အားလုံးကို တစ်ပြိုင်တည်းနှုတ်ဆက်လိုက်နိုင်တာကို တစ်ယောက်ချင်းစီ အပင်ပန်းခံ လိုက်နှုတ်ဆက်နေသေးသည်။

ထို့အပြင် တံခါးနားက ချောင်းမြောင်းနားထောင်နေခြင်းနှင့်အတူ ဒီကောင်လေးက မဟာလမ်းစဉ်ကို မြင့်မြင့်မျှော်မှန်းထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်မလာနိုင်ပါချေ။

စိတ်ထဲမှ စုရှောင်ရှန်ကို ကြက်ခြေ အကြီးကြီး ပေးလိုက်၏။

စုရှောင်ရှန်ကမျှော်လင့်ချက်မရှ်ိပေ။

ချန်ရှင်းချုလည်း အခြားတစ်ဘက်က ခုံပေါ်မှာ မှီ၍ ထိုင်နေပြီး ပြန်လည် နှုတ်ဆက်မည့် ပုံမရှိပေ။ ဖြစ်ချင်တော့ သူက ဒီ မူလနန်းတော်အစောပိုင်းနယ်ပယ်က ကောင်လေးတစ်ယောက်ကို စောင့်နေခဲ့သည်တဲ့လား။

ထျန်းစန်းနန်းတော်တစ်ခုလုံးက တုံးအသလိုဟန်ဆောင်နေတာမဟုတ်ဘူး တကယ်ကို တုံးအနေကြတာ…။

သူတို့တကယ် ဒီအဆင့်နိမ့်‌လူလေးနှင့် သူ့ကို ယှဉ်ပြိုင်ခိုင်းစေချင်နေသည်တဲ့။

ဟဟပဲရမယ်။

သို့သော် သူ့အထင်နှင့်အမြင်နှင့်လွဲမှားစွာ စုရှောင်ရှန်က သူ့ကို မမြင်ရသလိုကျော်ပြီး ယွဲ့ကျစ်၀မ်ကို သွားနှုတ်ဆက်လိုက်ပေသည်။

“နာမည်လေးသိခွင့်ရှိမလား”

ချန်ရှင်းချု မှင်တက်နေ၏။

ဒီကောင်သူ့ကို လစ်လျူရှူလိုက်တာလား။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

ထို့‌နောက်မှာ စုရှောင်ရှန်က မပြိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားသလား တွေးမိပြီး ခြောက်ကပ်ကပ်ရယ်မောလိုက်လေသည်။ သူခက်ခဲတဲ့ တိုက်ပွဲကို တိုက်ခိုက်ရတော့မှာသိလောက်၏။

သူ့အတွက်တော့ တိုက်ပွဲက အပြုအမူက အစဖွင့်လိုက်ပေသည်။

ထို့နောက် ယွဲ့ကျစ်၀မ်က ဒီလို အဆင့်နိမ့်လူတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်မှာ မဟုတ်တာ သိတာကြောင့် စိတ်ထဲက လှောင်ပြောင်လိုက်သည်။

မျက်လုံးပါပေမယ့် မမြင်နိုင်ဘူးဆိုတာ ဒါဖြစ်ရမည်။

ကျောက်ကျစ်တုံ့လည်း မကောင်းသောလာခြင်းနှင့် စောင့်ကြည့်နေ၏။ အခြားတစ်ရက်က သူ့ကိုတောင်ငြင်းဆန်လိုက်ဝာာ စုရှောင်ရှန်က သူ့လောက်လည်း ရုပ်မချောရာ သူ့နည်းတူ ငြင်းဆန်ခံရမယ်လို့ တွက်ထားလိုက်သည်။

ထို့နောက် စုရှောင်ရှန် ကျရှုံးမှာကို မျှော်လင့်တကြီးစောင့်စားနေလိုက်၏။ နို့မဟုတ်ရင် စောနက တကောင့်‌သားကြောင့် ဖြစ်လာရတဲ့ ဒေါသတွေကို ဘယ်လို ဖြေဖျောက်နိုင်တော့မလဲ။

ကျွီ…။

ယွဲ့ကျစ်၀မ် ထရပ်လိုက်သောအခါ တိတ်ဆိတ်နေသော ခန်းမကြီးအလယ်မှာ ခုန်ကျွီသံသဲ့သဲ့လေးထွက်ပေါ်လာခဲ့သည်။ ကျောက်ကျစ်တုံ့၏ နားထဲတွင်တော့ ၎င်းက မိုးခြိမ်းသံအလား။

ယွဲ့ကျစ်၀မ်လည်း အလောတကြီး ထရပ်လိုက်သောအခါ ဖြစ်ပေါ်လာတဲ့ အသံကြောင့် မျက်နှာလေးနီမြန်းသွားခဲ့သည်။ သို့သော် အလျင်အမြန်ပဲ အိန္ဒြေရှိရှိ ကိုယ်ကိုကိုင်းညွှတ် အလေးပေးကာ နှုတ်ဆက်လိုက်ပြီး လက်ချင်းချိတ်လိုက်သည်။

၎င်းက ညှင်သာသော လက်ဆွဲနှုတ်ဆက်ခြင်းဆိုပေမယ့် နောက်ကွယ်က အဓိပ္ပာယ်ကတော့ ပြည့်၀လှ၏။

ထို့နောက်မှာ သူမက အနည်းငယ်ရှက်ရွံ့နေဟန်ပါသော နူးညံ့ချိုသာသည့် လေသံကလေးဖြင့် “ယွဲ့ကျစ်၀မ်ပါ။ ဒါပေမယ့် စီနီယာအကိုစုက ကျွန်မကို ကျစ်၀မ်လို့ခေါ်လို့ရပါတယ်”

စုရှောင်ရှန်၏ ကျရှုံးခန်းကိုစောင့်နေကြသည့် နှစ်ယောက် ကမ္ဘာကြီးပြိုကျလာသလို ခံစားလိုက်ရသည်။ ထိုအချင်းအရာကြောင့် ချန်ရှင်းချု ပို၍ ဒေါသထွက်သွားခဲ့၏။

ဘယ်လိုဖြစ်နိုင်မှာလဲ။

သူမက သူနှင့်တောင် တစ်ခါမှ လက်မချိတ်ဖူးတာဘာလို့ ဘယ်ကပေါ်လာမှန်းမသိတဲ့ ကောင်နဲ့ လက်ချင်းချိတ်ရတာလဲ။ ထိုင်ရာကနေတောင် ထပေးလိုက်သေးတယ်တဲ့။

[အားကျမနာလိုခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂]

စုရှောင်ရှန် ချက်ခြင်း ပြုံးလိုက်ကာ ကပ်စေးကုတ်မနေပါဘဲ “ယွဲ့ကျစ်၀မ်တဲ့လား။ လှလိုက်တဲ့နာမည်လေး”

ပြီးနောက် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ငါက စုရှောင်ရှန်ပါ။ တွေ့ရတာ၀မ်းသာပါတယ်…”

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။

ဆွဲမက်ဖွယ်ရာ ကြယ်တာရာမျက်၀န်းများနှင့် ယွဲ့ကျစ်၀မ်လည်း မှင်တက်သွားရ၏။

“အမ်း…”

Comment

Leave a Reply

Options

not work with dark mode
Reset