အချိန်ကြာလာသောအခါ တစထက်တစ်စ အပြုံးပျက်ကာ ဒေါသထွက်လာနေသည့် ကျောက်ကျစ်တုံ့ကို စုရှောင်ရှန် သတိချပ်ထားပြီးကြည့်လိုက်သည်။ ထို့နောက် သူပြောတာနားထောင်မှလို့ တွေးမိလိုက်၏။
“နေပါဦး နေပါဦး ဒေါသမထွက်လိုက်ပါနဲ့။ ခင်ဗျားနဲ့လိုက်ခဲ့ပါမယ်”
အကြီးအကဲစန်းနှင့်ကိစ္စကို စုရှောင်ရှန် ယာယီ ဘေးချထားလိုက်သည်။ ကြည့်ရတာ ရဲ့ရှောင်ထျန်းက တကယ် အရေးကြီးတဲ့ ကိစ္စရှိနေပုံရ၏။
မဟုတ်လျှင်တောင် သူ့နောက်မှာ အကြီးအကဲစန်းရှိတာကြောင့် စိတ်ဝိညာဉ်နန်းတော်အတွင်းက ဘယ်သူမှ သူ့ကို ထိခိုက်အောင်မလုပ်ရဲလောက်ဟု တွေးလိုက်သည်။
ထိုညက ကောက်ရိုးခမောက်စောင်း အဖိုးကြီး၏ ပုံရိပ်ကိုပြန်မြင်ယောင်မိပြီး စိတ်ဝိညာဉ်နန်းတော်၏ နောက်ကွယ်က ခေါင်းဆောင်အစစ်အမှန်က ဘယ်သူမှန်း သိလိုက်ရတော့လေသည်။
“သွားစို့”
ကျောက်ကျစ်တုံ့သူ့ကတိအတိုင်း မလိုအပ်လာလျှင် စကားမပြောပါဟု ဆုံးဖြတ်ချက်ချလိုက်၏။
ထိုအခိုက်မှာ စိတ်ဝိညာဉ်အထွေထွေရေးရာဌာနထဲမှ လူတိုင်အုပ်ကြီးလည်းထွက်လာခဲ့ပြီး ထွက်သွားနေသော စုရှောင်ရှန်၏ နောက်ကျောကို မကျေမနပ်ကြည့်လိုက်ကြ၏။
သို့ပေမယ့် သူ့ကို စည်းကမ်းကြီးကြပ်သူတစ်ယောက်က ခေါ်ဆောင်သွားနေရာ သူတို့ ဘာမှ မလုပ်ရဲလိုက်ကြပါချေ။
“နှမျောစရာကောင်းလိုက်တာကွာ။ စုရှောင်ရှန်ပါသွားပြီ။ ငါတို့ လက်မှတ်တွေမရနိုင်တော့ဘူး”
“ခစ်ခစ် ဘာကို လက်မှတ်လည်း နင်လက်မှတ်ကို လိုချင်နေတာသေချာရဲ့လား။ ဘာလို့ နင့်လက်ချောင်းတွေက ဒဏ်ရာရနေတာတုန်း”
“မသိဘူးလေ ငါ့ကို တစ်ယောက်ယောက် ဓားနဲ့ထိုးလိုက်တာနေမှာပေါ့ နင်ကရော အတူတူပဲမဟုတ်ဘူးလား”
“ဘာကိုလဲ”
“နင့်လက် အရိုးကျိုးသွားတာလေ။ ဘာဖြစ်ရမှာလဲ”
“…”
လူတိုင်း အပူတပြင်းဆွေးနွေးလိုက်ကြအပြီးမှာ စုရှောင်ရှန် လက်မှတ်တစ်ဆောင်ချန်ထားခဲ့တာကို သတိရလိုက်ကြ၏။
ရာနှင့်ချီသော မျက်လုံးများက စုရှောင်ရှန် လက်မှတ်ထိုးပေးလိုက်သော ကောင်တာက ကောင်မလေးကို ဝိုင်းကြည့်လိုက်ကြသည်။
ကောင်မလေးက အလတန့်တကြား မြေပြင်ပေါ်မှ ဖင်ထိုင်ကျသွားပြီး တုန်တုန်ရင်ရင်နှင့်မေး၏။ “နင်- နင်တို့ ဘာလုပ်ချင်တာလဲ”
“ခစ်ခစ်”
“ငါတို့ဘာလိုချင်လဲဟုတ်လား။ နင်သိပါတယ်”
လူတိုင်း သူမကို ပတ်ပတ်လည်မှ ဝိုင်းလိုက်ကြသည်။ အချို့လူများက အခြေအနေ မဟန်တော့တာသိ၍ အကူအညီတောင်းရန် ပြေးသွားလိုက်ကြသည်။ ထိုမှ လူအုပ်ထဲက စူးစူးရှရှ အော်သံကြီးထွက်လာခဲ့၏။
“တောင်းပန်ပါတယ်။ ငါ့ကိုလက်မှတ်လေးရောင်းပေးပါ။ ဘယ်လောက်ပေးဆို ပေးပါ့မယ်”
“မဟုတ်ဘူး။ ငါ့ကိုရောင်း”
“သေနာမ။ လက်မှတ်က ငါယူမှာ”
“ငါယူမှာ”
ဒုန်း ဒိုင်း ဝုန်း ဗလုံးးး
၀ရုတ်းသုန်းကားဖြစ်နေသည့် အချိန်အတွင်းမှာ အသံနက်ကြီးတစ်ခု ပေါ်လာခဲ့သည်။
“အကြီးအကဲကျောက်ပြန်လာပြီ”
ဟမ်။
လူတိုင်း တဖြည်းဖြည်း လူစုပြန်ခွဲလိုက်ကြ၏။
“ပြေးကြ”
…
ညီလာခံ ခန်းမ…။
“ထွီး အဟွတ် အဟွတ်”
အကြီးအကဲကျောက် ရေနွးကြမ်းသီးသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။ ထို့နောက် သူ့ရှေ့က ကျန်းပင်းယန်ကို မယုံကြည်နိုင်စွာကြည့်ကာ ရေနွေးကြမ်းခွက်ကို စားပွဲပေါ်ဆောင့်ကြီးအောင့်ကြီးချလိုက်၏။
“ခန်းမသခင်ကျန်း ခင်ဗျား လာနောက်နေတာလား။ လှိုဏ်ဂူဖြူ၀င်ခွင့်ကို ကျုပ်တို့ ထျန်းစန်းနန်းတော်က မောင်ပိုင်စီးထားတာမဟုတ်ဘူးလေ။ ထျန်းစန်းစီရင်စုက မဟာမိသားစုကြီးလေးခုနဲ့ လှိုက်ဂူဖြူအနားက မြို့(၁၂)မြို့ အပြင်ကို တခြားအဖွဲ့အစည်းတွေကလည်း ပိုင်တယ်။ ဒီလူတွေနဲ့ မျှဝေပြီးတော့ ကျုပ်တို့ထျန်းစန်းနန်းတော်တောင် ၀င်ခွင့် (၁၀) နေရာစွန်းစွန်းလေးရတာ။ အခု (၂) နေရာပေးဖို့ တောင်းဆိုတာက မလွန်လွန်းဘူးလား”
အကြီးအကဲကျောက်ပြောတာကို ရဲ့ရှောင်ထျန်းလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ အကြီးအကဲကျောက်က တကယ့်ကို စိတ်ဝိညာဉ်အထွေထွေရေးရာဌာန၏ ထိပ်ခေါင်အကြီးအကဲဖြစ်၏။ စကားလုံးများဖြင့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သူက ပြိုင်စံရှားပေသည်။
ရဲ့ရှောင်ထျန်းသာ ကျန်းပင်းယန်ကို တုန့်ပြန်လိုက်လျှင် ခပ်ဆတ်ဆတ် စကားများသာ ထွက်လာပေလိမ့်မည်ဖြစ်၏။
ထိုမှ အကြီးအကဲစန်းနှင့် ယခင်ရက်အနည်းငယ်လောက်တုန်းက အလောင်းအစားကိုသတိရသွားသည်။ ခုတော့ ဘာမှတောင်မကြာသေးဘဲ လောင်းကြေးစားကြေးရှုံးသွားပေပြီ။
မြင့်မြတ်နတ်ဘုရားနန်းတော်က သူထင်ထားသလို တကယ် ကိုယ်ကျိုးစွန့်သည့် အဖွဲ့မဟုတ်ပါပေ။ ကုန်းမြေ၏ အလွှမ်းမိုးနိုင်ဆုံးအဖွဲ့အစည်းကလည်း လှန်စရာ အောက်ဖဲများရှိလေသေး၏။
ဒီကမ္ဘာကြီးမှာ လူသားတို့က အကျိုးအမြတ်ဆိုတာအတွက်ချည်းပဲ ကြည့်ပြီ ရှေးရှုသွားကြသည်။ ရှေးလူကြီးများ၏ ပို့ချမှုများက တကယ်မှန်ပေ၏။
ရဲ့ရှောင်ထျန်း မျက်နှာသေကြီးဖြင့် ထိုင်နေသော ကျန်းပင်းယန်ကိုကြည့်လိုက်ပြီးနောက် ရေနွေးကြမ်းတစ်ချက်သောက်ရင်း စိတ်ထဲ၌ ရယ်လိုက်သည်။
မြင့်မြတ်နတ်ဘုရားနန်းတော်က တကယ် လေဘကြီးလှ၏။ တစ်ဆယ်လောက်လေး ကူညီပေးပြီး အတိုးက တစ်ထောင်လောက်တောင်းနေတယ်။
လှိုဏ်ဂူဖြူက နံပါတ်လေးဓားပေါ်လာမည်ဟု ကောလဟာလများထွက်နသောနေရာဖြစ်သည်။ ၎င်းက ထျန်းစန်းနန်းတော်အတွက် တကယ် အရေးပါသည့် အခွင့်အရေးကြီးဖြစ်၏။
ဒါဖြင့် လှိုဏ်ဂူဖြူ၀င်ခွင့် ဆယ်နေရာက အင်မတန် အဖိုးတန်လှပေသည်။ ဘာလို့ သူများကိုပေးလိုက်ရမှာလဲ။
စုရှောင်ရှန်စီမှာ နံပါတ်လေးဓား၏ ဓားအိမ်ရှိရာ ထျန်းစန်းနန်းတော်က အသာစီးကနေလည်းရှိနေသေးသည်။
ကျန်းပင်းယန် သူ့ဘေးနားက လူငယ်နှစ်ယောက်ကို ကြည့်လိုက်သည်။ တကယ်လို့ ချန်ရှင်းချုဆိုပါက ၀င်ခွင့်ရမရက အရေးမကြီးပါချေ။ သို့ပေမယ့် ယွဲ့ကျစ်၀မ်လည်းပါနေသေးရာ ဒီအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ပါ။
သူ စိတ်ဝိညာဉ်နန်းတော်နှင့် သူတော်စင်အစေအပါးအကြားမှာ မဆိုစလောက်လေး ကူညီခဲ့တယ်ဆိုပေမယ့် ဒီကလေးမလေးကို လှိုဏ်ဂူဖြူထဲ ပို့ကိုပို့ရမည်။
“ကျုပ်က သူတော်စင်အစေအပါးရဲ့ စွမ်းတောင်ရည်ကို လျော့တွက်မိသွားတယ်။ ဒါကြောင့်လည်း ၀င်ခွင့် ၂ နေရာအတွက် တန်ဖိုးတူညီလောက်တဲ့ တစ်ခုခုကို လျော်ကြေးပြန်ပေးမှာပါ”
ကျန်းပင်းယန် ပြောရင်းက လက်စွပ်တစ်ခုထုတ်ယူလိုက်သည်။
ရဲ့ရှောင်ထျန်း ခေါင်းကိုသာ ဆက်လက်၍ အသာအယာ ခါရမ်းနေ၏။
စိတ်ဝိညာဉ်နန်းတော်က အရင်းအမြစ်ပေါကြွယ်၀သည်။ ထျန်းစန်းစီရင်စုမှာလည်း အချက်အချာကြပြီး အလွှမ်းမိုးနိုင်ဆုံးအဖွဲ့အစည်းဖြစ်နေပြီးသဖြင့် ဆက်လက်၍ နယ်ချဲ့မလိုတော့ပါချေ။ လိုလည်းမလိုအပ်ရကာ ထိုကမ်းလှမ်းချက်ကို ရဲ့ရှောင်ထျန်းက အန်ကယ်ကတော့နိုးပါပဲ။
“လက်စွပ်နဲ့မဆိုင်ဘူး။ ၀င်ခွင့်က တကယ် အကန့်အသတ်နဲ့ရှိလို့ပါ”
ထို့နောက် ကျန်းပင်းယန်ကို ဆက်လက်နားထောင်နေရန် အချက်ပြလိုက်သည်။
“ကျုပ်တို့တောင် စမ်းသပ်မှုတွေပြုလုပ်ဖို့ ပြင်ဆင်ပြီးသွားပြီ။ အတွင်းစည်းထိပ်သီး(၃၃) ယောက်အဖွဲ့၀င်သစ်တွေက အဖွဲ့တစ်ဖွဲ့နဲ့ အခြား လူဟောင်းအဖွဲ့တစ်ဖွဲ့ ၀င်ကြမယ်။ အဲ့အတွက်ကို အစီအစဉ်တွေလည်းချပြီးသွားပြီမို့ တကယ် နေရာလွတ်မကျန်တော့ဘူး။ ဒါတောင် လှိုဏ်ဂူဖြူ၀င်ခွင့်အတွက် အတွင်းပိုင်း ပြဿနာတွေကတက်ပြီးသွားပြီ။ တကယ် မကူညီနိုင်လို့ပါ။ ဖြစ်နိုင်ရင် ကလေးတွေအတွက် ၀င်ခွင့်တွေကိုတောင် အရင်းအမြစ်တွေနဲ့ လဲလိုက်ချင်တယ်”
ရဲ့ရှောင်ထျန်း ပြောပြီးနောက် ခပ်သဲ့သဲ့ရယ်လိုက်သည်။ ကျန်းပင်းယန်၏ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်ပါချေ။
ကျန်းပင်းယန်က လက်စွပ်ကိုပြန်ရုတ်မသိမ်းဘဲ စားပွဲပေါ်ချလိုက်ပြီးနောက် လူတိုင်းကို တဖန်ပြန်ကြည့်ပြီး ပြောလိုက်သည်။
“နန်းတော်သခင်ရဲ့လည်း လှိုဏ်ဂူဖြူက မူမမှန်မှုတွေကို သိပြီးလောက်မှာပါ။ အန္တရာယ်က အရင်ကထက် ပိုများလာတယ်။ တကယ် အတွင်းစည်းဂိုဏ်းသားသစ်တွေ အန္တရာယ်ဖြစ်သွားမှာ မစိုးရိမ်ဘူးလာ”
ကျန်းပင်းယန်က ခေါင်းဆက်ခါရမ်းကာ စည်းရုံးသိမ်းသွင်းလိုက်သည်။ “ရှင်းရှင်းပြောရရင် သူတို့ ၀င်သွားရင်တောင်အပိုပဲ”
သူက ထျန်းစန်းနန်းတော်၏ ဂိုဏ်းသားများ အားနည်းသည်ဟု ပြောချင်နေသည်။ ချန်ရှင်းချုလည်း ဘ၀ခိုက်သွား၏။
သူတော်စင်အစေအပါး တိုက်ခိုက်မှုပြီးနောက်မှာ နန်းတော်တစ်လျှောက်ကို ဟိုလျှောက်ကြည့် ဒီလျှောက်လုပ်နှင့် အတွင်းစည်းထိပ်သီး(၃၃) ဦး၀င် အသစ်များကိုလည်း သောက်ခွက်ရိုက်ပြီးလေပြီ။ တစ်ပွဲမှ သူရှုံးနိမ့်ခြင်းမရှိပါချေ။
သူတို့က ပါရမီရှိတယ်ဆိုပေယ့် ထျန်းစန်း စီရင်စုလို နေရာလေးမှာသာ စွမ်းဆောင်ရည်ပြနိုင်ပေ၏။ အပြင်ကမ္ဘာကြီးမှာ ဒီလို ပါရမီတွေက ရေလိုပေါပေသည်။
ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့ တစ်ဦးကိုတစ်ဦးကြည့်ပြီး ပြုံးလိုက်ကြသည်။
သူတို့ စိတ်ဝိညာဉ်နန်းတော်၏ အခြေအနေကို ကောင်းကောင်းကြီးသိတာပေါ့။ သူတို့ပါရမီရှင်တွေက မြင့်မြတ်နတ်ဘုရားနန်းတော်က ခန်းမခွဲလေးဖြစ်ရင်တောင် အနိုင်မယူနိုင်ဘူးဆိုတာသိကြသည်။
စိတ်ဝိညာဉ်နန်းတော်က လူဟောင်းများကလည်း မြင့်မြတ်နတ်ဘုရားနန်းတော်က လူတွေ သူ့တို့ကို အထင်သေးသလားဘာလား ဂရုမစိုက်ကြချေ။ ဒါကြောင့် ထိုနှစ်ဘက်က ထိပ်တိုက် ရင်ဆိုင်မှုမရှိခဲ့ပါ။
သို့ပေမယ့် လူဟောင်းများက ဒီနေရာငယ်လေးကနေ ထွက်သွားပြီးနောက် အနာဂါတ်မှာ မြင့်မြတ်နတ်ဘုရားနန်းတော်ကလူတွေတောင် သတိထားရသည်အထိ ရပ်တန့်မရတဲ့လူတွေ မြေကြီးလက်ခတ်မလွဲဖြစ်လာလေမည်။
ဤအသုတ်မှ အကြီးအကဲစန်းတို့ ရဲ့ရှောင်ထျန်းတ်ို့လို အနာဂါတ်မှာ စိတ်ဝိညာဉ်နန်းတော်မှ ပါရမီရှင်များ ထွန်းကားလာပေလိမ့်မည်။
“ခန်းမသခင်ကျန်းက လွယ်လွယ်နဲ့ အလျော့ပေးမယ့်ပုံမပေါ်ဘူးပဲ”
တစ်စုံတစ်ယောက်ရောက်လာနေတာကို စောင့်နေသည့်အလား ရဲ့ရှောင်ထျန်းက ခန်းမ ၀င်ပေါက်ကိုကြည့်လိုက်သည်။
ကျန်းပင်းနယ်လည်း ပြုံးကာ ခေါင်းညိတ်ပြ၏။ သူဘယ်လိုအလျော့ပေးနိုင်မှာလဲ။ သူတို့က ၀င်ခွင့်နေရာတောင်မဟုတ်ဘူး ဓားအိမ်ကိုလည်း ယူဖို့ ကြံထားသေးသည်။
“ဒီလိုလုပ်ပါလား ကျုပ်တို့ အလောင်းအစားတစ်ခုလုပ်ရအောင်လေ” ရဲ့ရှောင်ထျန်းက ပြောသည်။
“လာအလောင်းအစားလဲ”
ကျောက်ကျစ်တုံ့ရောက်လာတာကို စိတ်ဝိညာဉ်အာရုံဖြင့် ခံစားမိလိုက်သော ရဲ့ရှောင်ထျန်းက ကျန်းပင်းယန်ဘက်ပြန်လှည့်ကာ “ကျုပ်တို့ လူတစ်ယောက်စီလွှတ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းမယ်။ ရလဒ်ကို အနိုင်းအရှုံးအပေါ်မူတည်ပြီး ဆုံးဖြတ်မယ်”
“အို”
ကျန်းပင်းယန်၏ မျက်နှာထက်က အပြုံးက ပိုလို့ ၀င်းပသွား၏။ တိုက်ပွဲလား။
ကြည့်ရတာ ချန်ရှင်းချု၏ ပြီးခဲ့သည့်နှစ်ရက်အတွင်းက သင်ခန်းစာက ရဲ့ရှောင်ထျန်းကို မှတ်လောက်သားလောက်မရှိသေးစေပုံရသည်။
ချန်ရှင်းချုလည်း မောက်မာ၀င့်ကြွားစွာဖြင့်မေးလိုက်သည်။ “ကျုပ်နဲ့တိုက်ခိုက်နိုင်တဲ့သူရှိသေးတယ်ပေါ့”
ထိုဘ၀င်ခိုက်သောစကားများအပြီးနောက်မှာ ဝိုင်း၍ စိုက်ကြည့်ခံလိုက်ရသောကြောင့် ချန်ရှင်းချ တွန့်သွား၏။
“ထိုင်နေ” ကျန်းပင်းယန် ပြောလိုက်သည်။
လူကြီးတွေအကြားစကား၀င်ပြောရအောင် ချန်ရှင်းချုက သူ့ကိုယ်သူဘာကောင်ထင်နေတာလဲ။ ရိုင်းလိုက်တာ။
“အို့”
ချန်ရှင်းချု သူ့ခါးကအဖြူရောင်ကျောက်စိမ်းကိုကိုင်ပြီး လိမ်လိမ်မာမာ ထိုင်ချလိုက်သည်။
“နန်းတော်သခင်ရဲ့ ဘယ်သူ့ကို စိတ်ထဲမှာ ရှိသလဲ သိလို့ရမလား” အဓိက ထိုင်ခုံကြီးပေါ်မှ ကောင်းကင်ကိုမော့ကြည့်နေသည့် ဆံဖြူ ရဲ့ရှောင်ထျန်းကို မေးလိုက်သည်။
ရဲ့ရှောင်ထျန်းက ချန်ရှင်းချု၏ စကားကိုစိတ်ထဲမထားသည့်အလားပင်။
“သူ့ကို ခင်ဗျားမြင်ဖူးပါတယ်”
“အို”
ကျန်းပင်းယန် အတွင်းစည်းထိပ်သီး (၃၃) ဦးအသစ်၀င်ထဲမှာ မှတ်လောက်သားလောက်စရာ ဘယ်သူမှ မပါတာကိုသိရသည်။ ဘာလို့ ရဲ့ရှောင်ထျန်းက အဲ့လောက်ယုံကြည်ချက်မြင့်မားနေရတာလဲ။
“အတွင်းစည်း ထိပ်သီး (၃၃) ဦးထဲက လူဟောင်းလား”
ရဲ့ရှောင်ထျန်းဘာမှ ပြန်မပြောဘဲ ခေါင်းသာခါရမ်းလိုက်ပြီး ခန်းမအပြင်ကိုကြည့်လိုက်သည်။
“သူလာပြီ”