“စုရှောင်ရှန်”
စိတ်ဝိညာဉ်အထွေအထွေရေးရာဌာနသို့ရောက်သောအခါ ကျောက်ကျစ်တုံ့ အကြီးအကျယ် မှင်တက်သွားရသည်။
လူအုပ်ကြီး ဆူပူသောင်းကျန်းနေတာက စုရှောင်ရှန်ကြောင့်တဲ့လား။ ဘယ်တုန်းက ဒီလောက် လူချစ်လူချင်ပေါများသွားတာလဲဟ။
သူအတွင်းစည်းထိပ်သီး(၃၃) ဦး၏ ခေါင်းဆောင်ဖြစ်လာသောအခါကတောင် ဘယ်သူမှ သူ့လက်မှတ်မတောင်းကြပါချေ။
စိတ်ဝိညာဉ်အထွေအထွေရေးရာဌာနထဲမှာ လူအုပ်ကြီးက ဆက်လက်၍ ကြိတ်ကြိတ်တိုးနေကြစဲဖြစ်ပြီး မကြာခင်မှာ တစ်ယောက်အပေါ်တစ်ယောက်တက်နှင့် ၀ရုန်းသုန်းကာဖြစ်လာတော့သည်။
သို့သော် ထိုအာရုံစိုက်မှု၏ အလယ်ကလူက အချိန်အကြာကြီးကတည်းက လစ်ထွက်သွားပြီဆိုတာ ဘယ်သူမှ မသိကြချေ။
ကျောက်ကျစ်တုံ့ကို ဆွဲခေါ်ပြီး စုရှောင်ရှန် ထောင့်တစ်နေရာမှာ သွားပုန်းလိုက်သည်။ လူအုပ်ကြီးကိုလည်း ထိုထောင့်တစ်နေရာမှ ခေါင်းထွက်ကာ ထိတ်လန့်ကြောက်ရွံ့စွာ ချောင်းကြည့်လိုက်သည်။
“ငါ့မှာသာ ပင်ကိုယ်စွမ်းရည်တွေရှိမနေခဲ့ရင်…” စုရှောင်ရှန် တုန်လှုပ်သွား၏။
“မင်းကဘာဖြစ်နေတာလဲ။ နေဦး မင်းသွေးတွေထွက်နေတယ် ဒဏ်ရာရထားတာလား” စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို အထိတ်တလန့်စစ်ဆေးကြည့်ပြီး ကျောက်ကျစ်တုံ့ ဆိုလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး ဒါက ကျုပ်ရဲ့သွေးတွေမဟုတ်ဘူး” ပခုံးများကိုတွန့်ကာ စုရှောင်ရှန်ဖြေကြားလိုက်၏။
သူဘယ်သူ့ကိုမှ ထိခိုက်အတနာရဖြစ်အောင်မလုပ်ခဲ့ပါချေ။ သူ၏ ပင်ကိုယ်စွမ်းရည်များက ပိတ်ထားလို့မရသဖြင့် အလိုလို နေရင်းက ဖြစ်သွားခြင်းဖြစ်ပါသည်။
ထိုရုတ်ရုတ်သဲသဲအခြေအနေကြားမှာ သူ့ကို မကောင်းတဲ့လက်တွေနဲ့ ထိချင်ပြုချင်ကြမည့်လူများက မလွဲမသွေရှိပေမည်။ ဒါကြောင့် ဖြူကောင်စု ဘာလဲဆိုတာကို သိသွားအောင်လုပ်ပေးလိုက်၏။
“မင်းဟာမဟုတ်ရင် သူတို့ဟာပေါ့။ အဲ… သူတို့ဟာဆိုတော့ မင်းက သူတို့ကို တိုက်ခိုက်လိုက်တာပေါ့” ကျောက်ကျစ်တုံ့၏ မျက်၀န်းများအတွင်း ဒေါသမီးလျှံတို့ ကြီးထွားတောက်လောင်လာပြီး မေးလိုက်သည်။
“မဟုတ်ဘူး။ မဟုတ်ဘူး…။ ဟာ… ပြောနေရင်လည်း ဇာတ်ကြောင်းကရှည်ဦးမယ်။ ဒီတိုင်း ထားလိုက်လို့မရဘူးလား”
စုရှောင်ရှန်က ကျောက်ကျစ်တုံ့ ပုခုံးပေါ်လက်တင်ပြီးမေးလိုက်သည်။ “တန်ပြန်နေ့တုန်းက ကျုပ်ခင်ဗျားရဲ့ အသက်ကို ကယ်လိုက်သေးတာ မေ့သွားပြီလား”
ကျောက်ကျစ်တုံ့ စွန့်အသွားရ၏။
လခွမ်းပဲ။
ဒီအကောင်နှင့် ငြင်းခုန်ရာမှာ အနိုင်ရရှိအောင် မကြံဆနိုင်ပါလား။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဘာလဲ။ ဘာလို့ ကျုပ်ကိုလာရှာတာလဲ” စုရှောင်ရှန်က မေးလိုက်သည်။
ကျောက်ကျစ်တုံ့ စိတ်ဝိညာဉ်အထွေထွေရေးရာဌာနကိုတော့ ရုတ်ရုတ်သဲသဲဖြစ်တာကြောင့် လာလိမ့်မည်မဟုတ်ပေ။ ဒီလောက်လေးက စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာန၏ အာရုံကိုဖမ်းစားဖို့ မလုံ လောက်ချေ။ ဒါကြောင့် ရည်ရွယ်ချက်တစ်ခုခုဖြင့်သာလာခြင်းဖြစ်ရမည်။
“အေးဟုတ်တယ်။ ခေါင်းဆောင်က မင်းကိုရှာနေတယ်” ကျောက်ကျစ်တုံ့က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
“ခေါင်းဆောင် ကဘာလို့ရှာနေတာတုန်း”
သူရဲ့ရှောင်ထျန်းနှင့် လျှိုရွှမ်ရှင်းကိစ္စတုန်းကသာ စကားပြောဖူးသည်မဟုတ်ပါလား။ အရေးမကြီးတာမရှိရင် သူ့ကိုမခေါ်သင့်ပါဘူး။
“ပြောပါဦး။ ခေါင်းဆောင် ကျုပ်ကိုရှာနေတာက သတင်းကောင်းလား သတင်းဆိုးလား”
“မသိဘူး။ ငါ့ကိုလာမမေးနဲ့။ နောက်ကလိုက်လာခဲ့”
ကျောက်ကျစ်တုံ့ လှည့်တောင်မကြည့်ဘဲ ရှေ့က ထွက်သွားလိုက်သည်။
ဒီကမ္ဘာကြီးမှာ သူကြောက်တာနှစ်ခုပဲရှိသည်။ ပထမတစ်ခုက စုရှောင်ရှန်ကို မျက်မြင်တွေ့ရခြင်းနှင့် ဒုတိယတစ်ခုက သူနှင့် စကားပြောခြင်းဖြစ်သည်။
ရဲ့ရှောင်ထျန်းသာ တကူးတက အမိန့်မပေးလိုက်ရင် ကျောက်ကျစ်တုံ့ ယခုလို လာနေလိမ့်မည်တောင်မဟုတ်ချေ။
စုရှောင်ရှန် တစ်ချက်တွေးတောလိုက်ပြီး ကျောက်ကျစ်တုံ့နောက် မလိုက်ဖို့ဆုံးဖြတ်လိုက်သည်။ တိတ်တိတ်ကလေး ခြေဖွ၍ ခိုးထွက်သွားလိုက်၏။
ထိုအရာက လုံး၀ ကောင်းတာမဖြစ်နိုင်ဘူးဟု မသိစိတ်ထဲက ပြောနေခဲ့လေသည်။ ပြီးနောက်မှာ သူ့ရင်ဘက်က ကျဲကိုထိကြည့်လိုက် ပေသည်။ စုရှောင်ရှန် ၎င်းကို စိတ်ဝိညာဉ်အာရုံဖြင့် ဘယ်လိုဆက်သွယ်ရမလဲသိသွားခဲ့၏။
ရုပ်သေးကလေးငယ်ပြောသောစကားလုံးမျာက မေမေ သာဆိုပေမယ့် သူ့တည်ရှိမှုကလည်း ထောက်လှမ်းမမိနိုင်အောင်တောင် တစ်စထက်တစ်စ နိမ့်ဆင်းလာခဲ့လေသည်။
“ခေါင်းဆောင်က ဘာလို့ ငါ့ကိုခေါ်နေတာဖြစ်နိုင်မလဲ” စုရှောင်ရှန် ရေရွတ်လိုက်၏။
သူလည်း အမှားတစ်ခုခုမှ မလုပ်မိသေးပါဘူး။ မဟုတ်ဘူး မပြောနိုင်ဘူး။ စုရှောင်ရှန်အရင်က အမှားတွေအားလုံးကိုများ ရဲ့ရှောင်ထျန်းက စီစစ်ပြီး ဖမ်း၀ရမ်းထုတ်လိုက်တာများလား။
သိပ်ကြာကြာ မလျှောက်ရသေးခင်မှာ သူ့နောက်မှာ စုရှောင်ရှန်ပါမလာတော့ဘဲ ခိုးထွက်သွားသည်ကို ကျောက်ကျစ်တုံ့ တွေ့လိုက်ရသည်။
“ဟေ့ကောင်”
ထိုစပ်ဖြီးဖြီး အကောင်အကြောင်းကို စဉ်းစားမိလေလေ ကျောက်ကျစ်တုံ့ ဒေါသတို့ဖြင့် အပူတပြင်းတုန်ခါလာရလေလေဖြစ်သည်။
၎င်းက ရဲ့ရှောင်ထျန်းထံမှ အမိန့်ဖြစ်ပါ၏။ စုရှောင်ရှန်သူလုပ်ချင်သလို အကြောင်းပြချက်လေးပေးပြီး ထွက်သွားလို့ရသည့်အရာမဟုတ်ချေ။
တစ်ခုခုဖြစ်လာရင် သူကပါ စုရှောင်ရှန်နှင့်အတူ ခေါင်းခံရပေလိမ့်မည်။
“စုရှောင်ရှန် မင်းကိုယ်မင်း ဘယ်သွားနေတယ်ထင်နေတာလဲ” ကျောက်ကျစ်တုံ့၏ အသံက အေးတိအေးစက်ဖြစ်နေခဲ့၏။
“စိတ်ဝိညာဉ် စာကြည့်တိုက်ပေါ့” စုရှောင်ရှန် စာကြည့်တိုက်ရှိရာဘက်ကို ညွှန်ပြလိုက်ပြီး “အကြီးအကဲစန်းက ကျုပ်ကိုလာခဲ့ဖို့ပြောထားတယ်…”
ထိုမှ ခေါင်းကိုက်မှုကြီးကို ကျောက်ကျစ်တုံ့ခံစားလိုက်ရပြီး သူ့သွားများတောင် တဆတ်ဆတ်ကြိတ်လာခဲ့၏။
ဘယ်က အကြီးအကဲစန်းက ပြောတာလဲ။ ဘာလို့ အကြီးအကဲစန်းက ထပ်ပြောရတာလဲ။
စုရှောင်ရှန် သူ့ကိုယ်သူများ မုကျစ်ရှီလို အကြီးအကဲစန်းရဲ့ တပြည့်ထင်နေတာလား။ ဒီထက်ကောင်းတဲ့ အကြောင်းပြချက် မရှာတတ်ဘူးလား။
စုရှောင်ရှန်၏ စပ်ဖြဲဖြဲမျက်နှာကို ထိုးပစ်ချင်စိတ်များကို ကျောက်ကျစ်တုံ့ဖိနှိပ်လိုက်၏။ ဒါ့အပြင်ကို သူက စည်းကမ်းကြီးကြပ်သူတစ်ယောက်ဖြစ်နေသေးလေရာ စည်းကမ်းဖောက်ဖျက်မိရင် ခံစားရမည့် ပြစ်ဒဏ်က ဂိုဏ်းသားများထက် ပို၍ ကြီးမားလေသည်။
“မင်းရဲ့ အကြောင်းပြချက်က ခေါင်းဆောင်ပြောတာထက် ပိုပြီး အရေးကြီးနေလို့လား”
“အကြောင်းပြချက်မဟုတ်ပါဘူးဆို ဒုက္ခပါပဲ”
အကြီးအကဲစန်းက တကယ် သူ့ကို ထိုနေ့ည စကားပြောပြီးနောက်မှာ အနားယူပြီးရင် လာတွေ့ပါလို့ မှာကြားထားခဲ့သည်။ ဒါကြောင့် သူမတော်တရားခံနေရသလို ခံစားလိုက်ရ၏။
အကြီးအကဲစန်း၏ အမိန့်ကိုလည်း သူလွန်ဆန်လို့မရပါလား။
“ကောင်းပြီလေ အကြောင်းပြချက်မဟုတ်ဘူးဆိုရင်လည်း ဒုခေါင်းဆောင်ရဲ့ အမိန့်က ခေါင်းဆောင်ထက် ပိုအရေးကြီးတာလား” ကျောက်ကျစ်တုံ့ ခြောက်ကပ်ကပ်ရယ်ပြီးမေးသည်။
စုရှောင်ရှန် တခဏကြာ တုန့်ဆိုင်းနေပြီးမှာ ကျောက်ကျစ်တုံ့ကို မဖြေကြားပဲ ပြန်မေးလိုက်၏။ “ဘယ်လိုထင်လဲ”
ကျောက်ကျစ်တုံ့ ဖြေကြားဖို့ ပါးစပ်ဟလိုက်တဲ့ အချိန်မှာ စုရှောင်ရှန်က ဆက်လက်၍ “သူတို့နှစ်ယောက်က ခင်ဗျားကို အမိန့်တစ်ခုပြိုင်တူပေးခဲ့ရင် ဘယ်သူ့ဟာ အရင်လုပ်မလဲ”
ကျောက်ကျစ်တုံ့စွန့်အသွားရ၏။
စုရှောင်ရှန် သူ့ကို အငိုက်ဖမ်းသွားလေသည်။
ဒီအကောင်က တကယ့် ပြဿနာကောင်ဖြစ်သလို ပြဿနာမေးခွန်းများကို မေးလည်း မေးတတ်သည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“စုရှောင်ရှန်… စုရှောင်ရှန်…”
အရာရာကို သိပ်အဖက်လုပ်လေ့မရှိသော တသီးတခြား နေသည့် စည်းကမ်းကြီးကြပ်သူကျောက်က သွားကြားထဲမှ ဖျစ်ညှစ်ထုတ်နေသလို သူ့နာမည်ကို ရွတ်ဆိုနေတာကြောင့် စုရှောင်ရှန်ကြက်သီးတဖျင်းဖျင်းထသွားရသည်။
ကျောက်ကျစ်တုံ့ သူ့အမေးကို မဖြေဘဲနှင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဆိုတာ စုရှောင်ရှန် သိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
ထင်ထားသည့်အတိုင်းပဲ ကျောက်ကျစ်တုံ့က လေထဲကိုခုန်တက်ပြီး စုရှောင်ရှန်ကို ဂုတ်ကနေ မလိုက်၏။
သို့ပေမယ့် ဒီလောက်နီးနီးကပ်ကပ်လေးကို စုရှောင်ရှန်က ပြန်တုန့်ပြန်နိုင်လိုက်တာကြောင့် ကျောက်ကျစ်တုံ့ အံ့အားသင့်သွားသည်။ သို့သော် ထိုမျှသာ။
“လခွမ်း။ ခင်ဗျား ဘာလုပ်နေတာလဲ။ တိုက်ခိုက်တယ်ဆိုတာ စည်းကမ်းချိုးဖောက်နေတာနော်”
“ဟီးဟီး။ ဘာကို တိုက်ခိုက်တာလဲ။ အမိန့်နာမခံတဲ့လူတွေကို ကိုင်တွယ်တဲ့အခါ ငါတို့အသုံးပြုနေကြနည်းလမ်းလေးပါပဲ”
“ဘာလို့ ကျုပ်ကိုတိုက်ခိုက်နေတာလဲ။ ကျုပ်ရဲ့ ဘယ်အပိုင်းက အမိန့်နာမခံနေလို့လဲ။ ခုချက်ခြင်းလွှတ်နော် မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ခုခံဖို့ တန်ပြန်တိုက်ခိုက်ရလိမ့်မယ်”
“ဟားဟား။ စမ်းကြည့်လေ ရသလားလို့”
ကျောက်ကျစ်တုံ့ ခြောက်ကပ်ကပ်ရယ်လိုက်သည်။ စုရှောင်ရှန်က စစ်မှန်ခြင်းနယ်ပယ်ကို ရောက်တာနဲ့ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်တော့ဘူးလို့ ဘ၀င်ခိုက်နေတာလား။
သူက အရှင်သခင်…
ဘုန်းးး…။
သူ့ရင်ဘက်ကို ကျရောက်လာသော ဧရာမ ခွန်အားကြီးကြောင့် ကျောက်ကျစ်တုံ့၏ စိတ် ဗလာကျင်းသွား၏။ စုရှောင်ရှန်၏ ရုတ်တရက် တိုက်ခိုက်မှုက သူ့ကို ကောင်းကင်တစ်လွှားပြန်သန်းသွားစေလိုက်သည်။
“ဟမ်”
ကျောက်ကျစ်တုံ့ ထိုထောင့်ကလေးမှ လွင့်ထွက်လာတာကို လူအုပ်ကြီး ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရသည်။
အပြင်စည်းမှာ ကောင်းကင်ယံထိအောင် လွင့်သွားအောင်ထိုးခံရတယ်ဆိုတာက ရှားပါးသောမြင်ကွင်းဖြစ်ပေ၏။ အထူးသဖြင့် သူတို့၏ အင်မတန်ကျော်ကြားသော အပြင်စည်းက ဂိုဏ်းတူအကိုကြီး၏ ပြိုင်ပွဲများပြီးနောက်မှာ ဖြစ်သည်။
“ဝိုး ကြည့်ဦး။ လူတစ်ယောက်ပျံနေတယ်”
“ဟ အဲ့လူ ဘယ်လိုပျံနေတာ ပြီးတော့ ရင်ဘက်မှာ သွေးလည်း ထွက်နေသေးတယ်”
“ပျံသန်းတယ်ဆိုတာ ပေးဆပ်မှုတစ်ခုခုတော့ရှိတယ်။ ငါကြားတာတော့ စိတ်ဝိညာဉ်စာကြည့်တိုက်မှာ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၃) တောင် သွေးတစ်ချို့ စတေးခံပြီး ပျံသန်းစေနိုင်တဲ့ နည်းစနစ်တစ်ခုရှိတယ်တဲ့”
“တကယ်လား”
“ငါလည်းသေချာမသိဘူး။ တစ်ဆင့်နား တစ်ဆင့်ထပ်ကြားလာရတာပဲ”
“…”
ကျောက်ကျစ်တုံ့ သွေးပွက်ပွက်အန်လုနီးပါးဖြစ်သွားသည်။ ဒီစုရှောင်ရှန် ဆိုတဲ့အကောင်နှင့် သူနှင့် မိတ်ဆွေတွေဖြစ်လာဖို့ ရေစက်မပါချေ။
“စုရှောင်ရှန် မင်းက ခေါင်းဆောင်ရဲ့ အမိန့်ကို ဖီဆန်ရဲတယ်ပေါ့” ထိုအလစ်အငိုက်တိုက်ခိုက်မှုကို ကျော်လွှားပြီးနောက်မှာ ကျောက်ကျစ်တုံ့ အော်လိုက်သည်။ သူ့စကားမှ ဒေါသသံကြောင့် လူတိုင်း အထိတ်တလန့်ဖြစ်သွားကြ၏။
“စုရှောင်ရှန်ဟုတ်လား”
“သူက အဆောက်အဦးထဲမှာ မဟုတ်ဘူးလား”
လူတိုင်း စိတ်ဝိညာဉ်အထွေထွေရေးရာဌာနအတွင်းက လူအုပ်ကြီးကိုကြည့်လိုက်ကြသည်။ အတွင်းက လူများလည်း ကျောက်ကျစ်တုံ့၏ စကားကြောင့်ရပ်တန့်သွားကြပြီး သူ့ဘက်ကို ကြည့်လိုက်ကြ၏။
ထို့နောက်ချက်ခြင်း လူတို့၏ ဆူညံသံများဖြင့် ပြန်ပြည့်လာခဲ့သည်။
“ဟဲ့ ငါ့ပေါ်ကဆင်းပါဟဲ့။ ငါသွေးတွေထွက်နေပြီ။ ပြီးတော့ ဘယ်သူ ငါ့လက်ချောင်းတွေကို လာခြစ်သွားတာလဲ”
“ငါ့အရိုးတစ်ချောင်းလည်းကျိုးသွားပြီ။ ဘယ်သူငါ့ကို တိုက်ခိုက်လိုက်တာလဲ။ စောစောက မနာပေမယ့် ခုတော့ နာနေပြီ”
“ကယ်ကြပါ။ အသက်ရှူလို့မရတော့ဘူး”
“ငါ့ကိုမပွတ်သပ်ပါနဲ့။ ငါက စုရှောင်ရှန်မဟုတ်ဘူး။ အင်းးးးး…”
“ရွံစရာကြီး”
လူတိုင်း ဗလာတောင့်တောင့် လူကြီးတစ်ယောက်ထံက စက်ဆုပ်ဖွယ်ရာ ညည်းညူသံကြီးကြားလိုက်ရပြီး သင်္ချိုင်းမြေလို ဆိတ်ငြိမ်ကျသွားခဲ့၏။
လူအုပ်ကြီးစီက အော်သံများကြောင့် အသည်းငယ်သော စည်းကမ်းကြီးကြပ်သူကျောက် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။ “စုရှောင်ရှန် မင်းဘာလုပ်လိုက်တာလဲ ကြည့်ဦး” သူ ဒေါသတပြင်းအော်ဟစ်လိုက်သည်။
စုရှောင်ရှန် သူ့ကို အပြစ်ကင်းစင်သလိုကြည့်လိုက်၏။ ထိုလူအုပ်ကြားထဲက ထွက်နိုင်တာကိုက ကံကောင်းနေပြီ။ မဟုတ်ရင် ထိုညည်းညူရမယ့် တစ်ယောက်က သူဖြစ်သွားနိုင်ပေလေသည်။
“ကျုပ်လုပ်တာမှမဟုတ်တာ။ ပြီးတော့ ခင်ဗျားက အရင် အကြမ်းဖက်တဲ့လူလေ။ ကျုပ်က ခံရတဲ့လူ အပြစ်ကင်းတယ်”
“ဟူးးးး”
ကျောက်ကျစ်တုံ့ သက်ပြင်းရှည်ကြီးချပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်လာအောင်လုပ်လိုက်သည်။ လေပေါ်ကနေပြန်ကျလာသောအခါ သူ့တည်ငြိမ်သောအသံကလေး ပြန်ကြားလိုက်ရ၏။
“ပြင်ထား ငါတို့ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနကိုသွားမယ်”
“ဘာလို့လဲ”
“ဘာလို့လဲလို့ထင်လဲ”
ကျောက်ကျစ်တုံ့သူ့ရင်ဘက်က သွေးကွက်ကြီးကို တုန်တုန်ရင်ရင် လက်ညိုးထိုးပြလိုက်သည်။ စုရှောင်ရှန် သူ့ကို တံတောင်နဲ့ တိုက်လိုက်တာ ဘာလို့ ဓားနဲ့ အထိုးခံလိုက်ရသလို ခံစားနေရလဲမသိ။
ဒီကောင့် မွေးတဲ့နှစ်က ဖြူကောင်နှစ်ဖြစ်ရမယ်။
စုရှောင်ရှန် တခဏ တိတ်ဆိတ်သွားပြီးနောက်မှာ ပြောလိုက်သည်။ “ကျုပ်မမှားရင် ခင်ဗျားပဲ စမ်းကြည့်လို့ပြောတာလေ”
“ငါ…”
စုရှောင်ရှန်နှင့် စကားပြောပြီး ကျောက်ကျစ်တုံ့ အမှားကြီးတစ်ခု ထပ်မှားလိုက်တာ ခုမှ သတိရသွားသည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“တောင်းပန်တယ်။ ဒီကစ္စကိုမေ့ထားလိုက်တော့။ ဒါပေမယ့် ခေါင်းဆောင်က မင်းကိုတကယ် ခေါ်ခိုင်းလိုက်တာ”
ကျောက်ကျစ်တုံ့ နွေးထွေးသော အပြုံးတစ်ခုကို ဆင်မြန်း၍ စုရှောင်ရှန်ကိုကြည့်ပြီး မျက်နှာချိုသွေးလိုက်သည်။
“ဘယ်လိုလဲ။ လိုက်မယ်မလား”
[မျက်နှာချိုသွေးခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]