အားးးးး… နေ သာ နေ ပါ လား…။
လူငယ်လေးတစ်ယောက်က သစ်သားအိပ်ယာပေါ်ကနေ ထထိုင်ပြီး အကြောဆန့်လိုက်သည်။ ထို့နောက် ကြေးမှန်တစ်ခုကိုယူကာ ဖြာကျလာနေသော နေရောင်အောက်က သူ့ခန့်ညားသော မျက်နှာကိုကြည့်လိုက်ပေသည်။
ထိုကောင်လေးစီက စိတ်ဝိညာဉ်စွမ်းအင်နှင့် နေအလင်းတို့ရောစပ်ကာ တောက်ပစွာ ဖြာထွက်နေခဲ့၏။
“ဘယ်လောက်တောင်ချောလိုက်သလဲ”
စုရှောင်ရှန် နံရံရှိအပေါက်ကြီးကနေ ကောင်းကင်ယံက နေကြီးကိုကြည့်လိုက်လေပြီး သူနှစ်ရက်တာတောင် အိပ်ပျော်သွားခဲ့တာ သတိရသွားသည်။
ထျန်းရွှမ်တံခါးထဲက အခက်အခဲ၊ ပြီးနောက် တံခါးကထွက်လာသောအခါတွင် သူတော်စင်အစေအပါးတို့၏ တိုက်ခိုက်မှုတို့ဖြင့် စုရှောင်ရှန်က ပင်ပန်းနွမ်းနယ်နေခဲ့ပြီးဖြစ်သည်။ ထိုမှ တစ်ညတာအိပ်စက်မှုက ဘယ်လိုမှ သူ့စိတ်အခြေအနေကို အထွတ်အထိပ်ထိ ပြန်တင်ပေးနိုင်လိမ့်မည်မဟုတ်ချေ။
ထို့နောက် မျက်နှာကျက်ကနေ ဖြာကျလာနေသော နေအလင်းရောင်များကိုကြည့်ပြီး သက်ပြင်းမောကြီးချလိုက်သည်။
“အင်းတော်သေးတယ် မနေ့ညက မိုးမရွာလို့ မဟုတ်ရင်စာကြည့်တိုက်ထဲသွားအိပ်ရတော့မှာ” စုရှောင်ရှန်ရေရွတ်လိုက်သည်။
တောင်အနောက်ဘက်က အရာအားလုံးက အပျက်အဆီးတွေချည်းဖြစ်သွားခဲ့သည်။ ထိုအထဲတွင် သူတောင် ကောင်းကောင်းမနေလိုက်ရသေးသော အိမ်အသစ်လေးလည်းပါသွားခဲ့သဖြင့် အပြင်စည်းမှာ ပြန်လာအိပ်ရခြင်းဖြစ်သည်။
သူက တံခါးမရှိ ပြူတင်းပေါက်မရှိ ဧည့်ဆောင်မှာအိပ်နေခြင်းဖြစ်ပါသည်။
ထိုညတုန်းက စုရှောင်ရှန်၏ ထျန်းရွှမ်တံခါးအတွေ့အကြုံကိုမေးပြီးနောက်မှာအကြီးအကဲစန်း စကားနည်းနည်းလေးသာပြောပြီး ထွက်သွားခဲ့သည်။
သူ့အမူအရာကိုကြည့်၍တော့ သူတော်စင်အစေအပါးနှင့် ပတ်သက်၍ တစ်ခုခုလုပ်ချင်သောကြောင့် ဖြစ်ရပေမည်။ ဘာများဖြစ်လာဦးမလဲ စုရှောင်ရှန် မျှော်လင့်နေ၏။
စုရှင်းရှင်းနှင့် ယောင်ယင်ယင်တို့ နှစ်ဦးစလုံး အရေးကြီးအခြေအနေမှာရောက်နေကြသည်။ သူသွားကြည့်တော့ စုရှင်းရှင်းက သတိလစ်မေ့မျောနေခဲ့၏။
ယောင်ယင်ယင်က ကောင်းတယ်ဆိုရုံလောက်လေးနှင့် သတိမရ တရ အခြေအနေမှာဖြစ်သည်။
သူတို့အတွက် ပျားရည်ပုလင်းတစ်ပုလင်းထားခဲ့ပေးပြီး မကြာခင်မှာ ထွက်သွားလိုက်သည်။
ယောင်ယင်ယင် အနားမှာရှိနေရင် စုရှင်းရှင်းက ထိုမျှလောက် ၀မ်းနည်းရမည်မဟုတ်ချေ။ ဒါကြောင့် နောက်မှ ပြန်လာကြည့်ရန် ဆုံးဖြတ်လိုက်၏။
မျက်နှာဖုံးတပ်လူထံက နာမည်ကြီးဓား ပြန်လှည့်စားပြီး စုရှောင်ရှန်မယူနိုင်လိုက်တာကတော့ နမျော နေသည်။။ ထိုဓားက ယခုတော့ မျက်နှာဖုံးတပ်လူလက်ထဲမှာ ရှိနေပေ၏။
…
စုရှောင်ရှန် ဧည့်ဆောင်က ထွက်လာခဲ့သောအခါ နေရာတိုင်းက ပျက်ဆီးယို့ယွင်းနေတာတွေ့ရပြီး မြေပြင်မှ မရေမတွက်နိုင်သော အက်ကြောင်းများကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
ချက်ခြင်းလက်ငင်းပဲ ထိခိုက်မှုများကို ပြင်ချင်စိတ်များပေါ်လာခဲ့ပါသည်။ ၎င်းက သူ၏ ပိုင်ဆိုင်မှုဖြစ်ကာ အနာဂါတ်မှာလည်း အပြင်စည်း၌ နေဖို့အကြောင်းဖန်လာဦးပေမည်။
ထိုသို့တွေးရင်း တွေးရင်းနှင့် မကြာခင် စိတ်ဝိညာဉ်အထွေထွေရေးရာ ဌာနကို ရောက်လာခဲ့ပြီး တံခါးတွန်းဖွင့်လိုက်၏။
အကြောင်းက အပြင်စည်းရော အတွင်းစည်းရောက သူ၏ အိမ်နှစ်ခုလုံးကို ပြန်ပြင်ရန်ဖြစ်သည်။
လူတိုင်း စိတ်ဝိညာဉ်အထွေထွေရေးရာ ဌာနမှာ အ၀င်အထွက် အဆက်မပြတ်ရှိနေပြီး စည်ကားနေသည်။ ထိုနေရာမှာ အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင်လုပ်ဖို့က ရှုပ်ထွေးပေ၏။ တစ်ခါတစ်ခါကို အဆောက်အဦးအတွင်း လူတစ်ရာလောက်သာ၀င်နိုင်လေရာ အပြင်မှာ စောင့်စားနေသည့် လူအုပ်ကြီးက ရှိနေခဲ့သည်။
ထို့အပြင်ကို အပေါ်က ပျားရည်စမ်းကာ စိတ်ဝိညာဉ်နန်းတော်က ယခုမှ ဂိုဏ်းသားသစ်များအား လက်ခံထားခြင်းဖြစ်သဖြင့် ထိုလူသစ်လေးများက တာ၀န်တစ်ခုခု ထမ်းဆောင်ဖို့ကို စိတ်အားထက်သန်နေကြ၏။
ဘာအကြောင်းကြောင့်ဖြစ်ဖြစ် စည်ကားမှုကြီးက စည်ကားမှုကြီးသာ။
“ဟိုမှာကြည့်လိုက်။ အဲ့တာ စုရှောင်ရှန်၊ ငါတို့ အကိုကြီး စုပဲ”
“ဘယ်မှာလဲ ဘယ်မှာလဲ”
“ဟမ်။ သူက ခေါင်းတစ်လုံးပဲရှိတယ်ကော”
“အေးဟ။ ဘယ်မှာလဲ သူ့အတောင်ပံတွေ”
“အတောင်ပံဟုတ်လား။ သူက ရွှေဦးချိုနဲ့ အကြေးခွံတွေရှိတယ်ဆို။ ပျံသန်းဖို့ အတောင်လိုလို့လား”
“ဟမ်”
စုရှောင်ရှန် ကိုယ်ထင်ပြလိုက်တာနဲ့ ရုတ်ရုတ်သဲသဲဖြစ်နေသည့် ထိုနေရာက ပို၍ ဆူညံပွက်လောရိုက်သွားခဲ့သည်။
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁၄၆]
: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၆၆]
: [မနာလိုအားကျခံရပါသည်။ ပင်ကိုယ်မှတ် +၁၆]
စုရှောင်ရှန် စွံ့အသွားရတော့၏။
သူ့အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်များရောထွေးပေါ်လာကြသည်။ အခြားသူများ သူ့အကြောင်းအတင်းတုပ်နေသံကိုကြားရပြီး မှုန်သေသေမျက်နှာကြီးဖြင့် စိတ်ဝိညာဉ်အထွေထွေရေးရာ ဌာနထဲ၀င်လိုက်၏။
ကြည့်ရတာ သူတကယ် နာမည်ကြီးနေတာပဲ။
ဘာလို့ ကောလဟာလတွေက မသိရင် သူကပဲ ကမ္ဘာခြားသတ္တဝါကြီးလိုလိုဖြစ်နေရတာလဲ။ ကမ္ဘာခြားတာတော့မှန်ပါတယ် ဒါပေမယ့် ဘာကို ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်း၊ ရွှေဦးချိုတွေနဲ့ နဂါးအကြေးခွံလဲဟ။
ဘယ်လို အဓိပ္ပာယ်မဲ့လိုက်တဲ့ စကားတွေလဲ။ သူ စုရှောင်ရှန်က လူပါ လူ…။
ထိုအုတ်သော်သောင်းနင်းဖြစ်မှုက သူမြတ်လိုက်တာက မိုးထိုးတက်သွားသည့် ပင်ကိုယ်မှတ်များဖြစ်သည်။
စိတ်ဝိညာဉ်အထွေထွေရေးရာဌာနလာတဲ့ခရီးက ပင်ကိုယ်မှတ် ထောင်နှင့်ချီ၍ ဆုချလိုက်၏။
: [ပင်ကိုယ်မှတ်။ ၁၉၈၉၈]
သူထင်သည့်အတိုင်း မျက်နှာဖုံးတပ်လူနှင့် လိုက်မသွားတာက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပေသည်။
စိတ်ဝိညာဉ်နန်းတော်က တကယ့်ကို သူ့အတွက် တိုးတက်အောင်လုပ်စေဖို့ အကောင်းဆုံးနေရာဖြစ်ပေ၏။
…
ကောင်တာ နံပါတ် (၁) ၌…။
“ဟမ် အကြီးအကဲ ကျောက်မရှိဘူးလား”
စုရှောင်ရှန် အကြီးအကဲကျောက်ကို မတွေ့ရဘဲ စိတ်လှုပ်ရှားနေဟန်ရသော ကောင်မလေးတစ်ယောက်ကိုသာ တွေ့လိုက်တဲ့အတွက် အံ့အားသင့်သွားသည်။
ဘယ်မှလည်း သွားစရာမရှိရာ အကြီးအကဲကျောက်က နေရာကနေ အကြောင်းပြချက်မရှိဘဲ မခွာပါဘူး။ ခုဘယ်ကို လမ်းသလားနေသလဲမသိ…။
“ဒီဘိုးတော်က တကယ် ပျော်ပျော်နေသေခဲပဲ။ စိတ်ဝိညာဉ်နန်းတော်မှာဖြစ်ပျက်သွားတာတွေကြားရတောင် လွတ်လွတ်လပ်လပ် ရှိနေသေးတယ်”
ထိုအစိမ်း၀တ်ကောင်မလေးက ရှက်သွေးများဖြင့် မျက်နှာကလေး ရဲရဲနီနေခဲ့၏။ သူမရှေ့က စုရှောင်ရှန်ကိုကြည့်ပြီးလဲ ရင်တဒိတ်ဒိတ် ကြိမ်နှုန်းမြင့်စွာ နှလုံး ခုန်လာတော့သည်။
ကောလဟာလများထဲကအတိုင်း အကိုစုက လျှာစောင်းထက်သည့်ပုံ မပေါ်ပါချေ။
သူ့တွင် နူးညံ့သော လေသံကလေးရှိပြီး ချောမောခန့်ညားပေသည်။ သူ့မျက်နှာပေါ်က အခက်တွေ့နေသည့် အမူအရာကတောင် လူတိုင်း၏ နှလုံးများကို မြင်းဒုန်းဆိုင်းသွားစေဖို့ လုံလောက်၏။
သူမ၏ အိပ်မက်ထဲက မင်းသားလေးကို ကွက်ကွက်ကွင်းကွင်း လူချင်း မြင်တွေ့ရလေပြီ။
“အာ…”
“အေး”
စုရှောင်ရှန် သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်သည်။ ယခုလိုဖြစ်နေတာ ပထမဆုံးမဟုတ်ရပါချေ။ လာလမ်းတစ်လျှောက်မှာလည်း ဤသို့ အူကြောင်ကြောင်ဖြစ်သွားတဲ့ လူအစီအတန်းလိုက်ကြီးထားခဲ့သေးသည်။
ဂိုဏ်းသားသစ်တွေဘာများဖြစ်နေကြတာလဲမသိ။
“ဘာလဲ”
ကောင်မလေးက ရှက်သွေးဖြန်းသွားပြီး ရင်ဘက်ထဲကနေ တုန်ရင်နေသောလက်ဖြင့် စာအုပ်အသေးလေးတစ်အုပ်ထုတ်ယူလိုက်သည်။ “လက်မှတ်ထိုးပေးပါလား”
အို့ … သူမက လက်မှတ်လိုချင်တာပဲ။
စုရှောင်ရှန် ပြုံးလိုက်၏။ လက်မှတ်လေးတောင်းတာကို ဘာမှ ယခုလို ကြောက်စရာမလိုပါလား။ သူက လူတွေကို ကိုက်စားနေတာလဲမဟုတ်။
သူမ၏ စာအုပ်ကိုယူပြီး ဖွင့်ကာမေးလိုက်သည်။ “ဘယ်မှာထိုးပေးရမှာလဲ”
စုရှောင်ရှန်က ပေါ့ပေါ့ပါးပါးရှိနေလွန်းလှရာ ကလေးမလေး မှင်တက်သွားခဲ့သည်။ ချက်ခြင်းဘဲ ပီတိဝေနေသော အမူအရာဖြင့် မှင်တံတစ်ချောင်းထုတ်ယူလိုက်၏။
“ဘယ်နေရာဖြစ်ဖြစ်ရတယ်” ကောင်မလေးက စိတ်လှုပ်တရှား ပြောလိုက်သည်။
စုရှောင်ရှန် သူမကို လက်ပြကာ သူ့မှင်တံကို ထုတ်ယူလိုက်၏။ ထိုမှင်တံကို သူ၏ ပထမဆုံး ပုရိသတ်ကလေးစီမှ ရထားခြင်းဖြစ်ပေသည်။ သို့ပေမယ့် သူ့ရှေ့ကကောင်မလေး၏ စိတ်ပျက်သွားသောအမူအရာကိုမြင်သောအခါ ချက်ခြင်း ရှက်ကိုးရှက်ကန်းပြုံးလိုက်ကာ “ဟာ ငါ့မှင်တံက ဘာဖြစ်သွားတာလဲမသိဘူး။ ကြည့်ရတာ နင့်ဟာပဲ သုံးရတော့မယ်ထင်ပါတယ်”
သူမ၏ မှင်တံကို ယူလိုက်သောအခါ ကောင်မလေး၏ မျက်နှာထက်၌ အပြုံးပန်းတို့ ဝေသွားခဲ့၏။
စုရှောင်ရှန် အလျင်အမြန်လက်မှတ်ထိုးပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက အတွေ့အကြုံရင့်သန်လာတာကြောင့်ပဲလား စုတ်ချက်တိုင်းက တစ်စထက် တစ်စ ကြည့်လို့လှပလာပေလေသည်။
ဒီလောက်ဆိုရပါပြီ။
ထို့နောက်မှာ တစ်ခုခု မူမမှန်တာကို ခံစားလိုက်ရသည်။
: [အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၈၆]
: [မနာလိုခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁၀၁]
: [၀န်တိုခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁၇၇]
“…”
သူနောက်လှည့်ကြည့်လိုက်သောအခါ သူ့အနောက်မှာ ကြိတ်ကြိတ်တိုး နေသည့် မျက်လုံးနီနီကြီးများဖြင့် မိန်းကလေးတစ်သိုက်ကိုတွေ့လိုက်ရသည်။ ဒါတင်မကသေး ထိုအထဲမှာ ယောက်ျားသားတစ်ချို့ကိုပါတွေ့လိုက်ရ၏။
လခွမ်း…။
ဘာလဲဟ။ မိန်းကလေးတွေ မနာလိုအားကျတာက အဓိပ္ပာယ်ရှိသေးတယ် ဒီကောင်တွေက ဘာတွေလဲ။
“စုရှောင်ရှန် လက်မှတ်ထိုးပေးလိုက်တယ်တဲ့ ကြမ်းစမ်း။ သူ့ကြည့်ရတာ ငါကြားထားသလို သူ့ကို စကားလာ ပြောတာတဲ့ စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင် တစ်ချက်တည်းနဲ့ ထိုးပစ်လိုက်တယ်တာနဲ့ မတူပါဘူး ဘ၀မမြင့်ပါဘူး”
“အေးဟဲ့ ငါလည်း သူက စိတ်ကြီးမယ်မှတ်နေတာ။ ဒီလိုမှန်းသိရင် လက်မှတ်စောစောတောင်းခဲ့ပါတယ်”
“အေးဆို ချီးပဲဟယ်”
“မဟုတ်ဘူး မဟုတ်ဘူး နင်တို့ ကြားတာမမှားဘူး”
“ဘာပေါတာလဲ”
“အိုးးးးးး… အားကျလိုက်တာ။ ငါလည်း လက်မှတ်လိုချင်တယ်လေ”
“ငါရောပဲ ငါရောပဲ”
“သွားစမ်းပါ။ နင်က ယောက်ျားကြီးကို ဘာဖြစ်နေတာလဲ”
“ဟ ငါက ယော်က်ျားကြီးဖြစ်တော့ ဘာဖြစ်လဲ။ ယောက်ျားတစ်ယောက် လက်မှတ်လိုချင်တော့ရောဘာဖြစ်လဲ။ ခွဲခြား ခွဲခြား မဆက်ဆံပါနဲ့။ မဟုတ်ရင် ငါ ငါ ဟေး ပြောတာနားထောင်ဦးလေ”
“လခွမ်း”
လူအုပ်ကြီးက စိတ်လှုပ်တရှား သဲကြီးမဲကြီး ကြိတ်ကြိတ်တိုးနေကြသည်။
စုရှောင်ရှန် နောက်ဆုံးတော့ နာမည်ကြီး တစ်ယောက်ရဲ့ တွေ့ကြုံခံစားရတဲ့ ဒုက္ခများကိုတွေ့ချေပြီ။
ထိုအရူးတနှမ်းလူများကို ကြော့ကွင်းဖြင့် တိုက်ပစ်လိုက်ချင်မိပါသည်။ ဒါပေမယ့် သူတို့က သူ့ပုရိသတ်များဖြစ်ကြရာ စိတ်ကိုလျော့ထားလိုက်ရပြီး အပူတပြင်းရှောင်ချေတော့သည်။ ဘာဖြစ်ဖြစ် ပင်ကိုယ်မှတ်များတော့ ရသေးသည်မဟုတ်ပါလား။
သို့ဖြင့် ကြော့ကွင်းကိုသုံးတာက သူ့ပုရိတ်သတ်များကိုသာ အထိနာစေသည်မဟုတ် သူကိုယ်တိုင်ကိုလည်း အထိနာစေပေသည်။
စုရှောင်ရှန် အပြင်စည်းမှာလည်း ကြိုက်သလို စိတ်ရှိတိုင်း တိုက်ခိုက်နိုင်တာမဟုတ်ချေ။ သူသာ ဒဏ်ရာအနာတရ ဖြစ်အောင်လုပ်မိရင် အတွင်းစည်းကို ၀င်ထားခဲ့သည်တောင်ထား စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက ပြစ်ဒဏ်စီရင်ရေးခုံရုံးက်ိုရောက်သွားနိုင်သည်။
အဆုံးသတ်သွားရပေလိမ့်မည်။
သို့ဖြင့် ကြံရာမရတော့တဲ့အဆုံး စိတ်ဝိညာဉ်အနှစ်များကိုစုစည်းလိုက်ပြီး အဆုတ်တစ်ဆုံး သံကုန်ဟစ်တော့သည်။
“တိတ်ကြစမ်း”
လူတိုင်း ချက်ခြင်း ရပ်တန့်သွားပြီး နေရာတစ်ခုလုံးလည်း တိတ်ဆိတ်သွားခဲ့၏။
“ဝိုး…။ သူက ကြမ်းလိုက်တာ”
“စုရှောင်ရှန် ချစ်တယ်။ နင့်ကို အဖွဲ့လိုက်ပြိုင်ပွဲကတည်းက အားပေးလာတာ။ လက်မှတ်ထိုးပေးပါဦး”
“ထွက်သွားစမ်းပါ။ စုရှောင်ရှန်က ငါ့အပိုင်ပဲ”
“နင်ပဲ ထွက်သွား”
ဟူးးးး…။
လူအုပ်ကြီးက လူငယ်လေးကို ဝိုင်းလိုက်ကြသည်။ ထိုကြိတ်ကြိတ်တိုးနေသည့် လူအုပ်အကြားမှာ စုရှောင်ရှန် ညပ်သွားတော့၏။
“လခွမ်း ဘယ်သူ့လက်လဲ ငါ့ကိုမထိနဲ့ဟ။ ငါ့ကို မတွန်းကြပါနဲ့ မဟုတ်ရင် အားသုံးရလိမ့်နော်” စုရှောင်ရှန် အော်ဟစ်လိုက်သည်။
ဘယ်သူ့မှ သူ့ကို အာရုံမစိုက်ပါချေ။
အဆောက်အဦးကြီးတစ်ခုလုံးက တုန်ခါနေခဲ့ပြီး အချိန်မရွေးပြိုလဲသွားတော့မည့်ဟန်ရသည်။
ကောင်တာ (၁၀၈) ခုလုံးမှာ တာ၀န်ထမ်းဆောင်နေသည့် ဂိုဏ်းသားများလည်း ထိုလူအုပ်ကြီးကို ငူငူငိုင်ငိုင်ကြည့်ပြီး မှင်တက်သွားခဲ့ကြ၏။
“အမြန်။ အကြီးအကဲကျောက်ကို အမြန်သွားခေါ်”
ထိူလုပ်ကြီးကြားထဲမှ စိုးတထိတ်ထိတ်ဖြစ်နေဟန်ရသော အသံကြီးတစ်သံက ကျယ်လောင်စွာထွက်လာပါသည်။
“ကယ်ကြပါဦးလို့… အု”