Switch Mode

အခန်း (၂၁၄)

ညအမှောင်အောက်က တိုက်ပွဲပြီးနောက်

သူတော်စင်အစေအပါးနှစ်ယောက် အစီအရင်ထဲကို ၀င်ပြီးပျောက်သွားကြသည်။

“သူတို့ကို ဘာလို့ ဒီတိုင်းသွားခွင့်ပေးလိုက်တာလဲ”

စုရှောင်ရှန် ပဟေဠိဖြစ်နေသည်။ သို့မှ သူ့ရှေ့က ဧကရာဇ်နယ်ပယ်လေးဦးစလုံးက သွေးသံတရဲရဲဖြစ်နေတာ သတိထားမိသွား၏။

သူတို့တကယ် အပြင်းအထန်တိုက်ခိုက်ပြီးတော့ စန်ကျောက်ဖုကို တားခဲ့ရတာကို ဘာလို့ လွယ်လင့်တကူ သွာခွင့်ပေးလိုက်ရတာလဲ။ တပ်ကူတွေလည်း လာနေကြတယ်မဟုတ်ဘူးလား။

သူတို့သာ နောက်ထပ် နည်းနည်းလောက် ထပ်ပြီး တားဆီးထားနိုင်ဦးမယ်ဆိုရင်ထိုနှစ်ယောက်ကို အနိုင်ယူနိုင်လောက်လေပြီ။

“ရှောင်ရှန်”

အကြီးအကဲကျောက်က သူ၏ ပုခုံးကို တစ်ချက်ဆော်ပြီး ပြောလိုက်သည်။ “အဲ့ဒီနှစ်ယောက်က သာမန် ဧကရာဇ်နယ်‌ပယ်တွေမဟုတ်ဘူးကွ။ သူတို့သွားချင်ရင် ငါတို့ဘက်မှာ လူက (၂) ဆရှိနေရင်တောင် တားထားနိုင်မယ်လို့ မသေချာဘူး။ ဒီတော့ ငါတို့က ဘာလုပ်နိုင်မှာလဲ”

စုရှောင်ရှန် မှင်တက်သွားသည်။

ဧကရာဇ်နယ်ပယ်က ကျင့်ကြံသူတွေ အဲ့လောက်တောင် ကြမ်းလား စဉ်းစားခန်း၀င်သွားခဲ့၏။

သူ့ထက် အဆင့်ပိုမြင့်တဲ့သူများကို သတ်ဖူးရာ၊ သတ်နိုင်‌နေရာ ထိုနိယာမကို စုရှောင်ရှန်‌ နားမလည်နိုင်ပါချေ။ ကြည့်ရတာ ရှူ့ထောင့်အမျိုးမျိုးက ကြည့်နေတတ်ဖို့လိုနေပြီ။ လူတိုင်းကသူ့လိုမှမဟုတ်တာ။

ထိုသို့တွေးမိပြီး မျက်နှာဖုံးတပ်လူတို့ ကိစ္စကို ခေါင်းထဲကထုတ်လိုက်၏။

“သူတို့ ရောက်မလာကြသေးဘူးလား” အဝေးကို ငေးကြည့်နေရင်းက စုရှောင်ရှန်မေးလိုက်သည်။

“မင်း သူတို့ကို အာရုံခံနိုင်တယ်ပေါ့”

အကြီးအကဲကျောက်က အံ့အားသင့်သွားပုံပေါ်ပြီး “မြင့်မြတ်နတ်ဘုရားနန်းတော်က လူတွေ ရောက်မလာခင်အထိ သူတို့ကို တားဆီးထားဖို့နည်းလမ်းတော့ရှိတယ်”

“ဒါပေမယ့် ခုက သူတော်စင်အစေအပါးနှစ်ယောက်က အလျော့ပေးထားတာလေ။ သူတို့တကယ်လုပ်ရင် တားနိုင်မလားမသိဘူး” သူတို့မျက်နှာ ဘာညာလည်း ဂရုထားမနေတော့ဘဲ ရဲ့ရှောင်ထျန်းက အကြီးအကဲကျောက်၏ စကားကို ကြားဖြတ်အဆုံးသတ်ပေးလိုက်သည်။ ထို့နောက် ဆက်လက်၍ “စန်ကျောက်ဖုသာ တကယ်လုပ်ရင် ငါတို့ထဲက တစ်ချို့က နောက်နေ့အလင်းကိုတောင်မြင်နိုင်တော့မှာမဟုတ်ဘူး”

ရဲ့ရှောင်ထျန်း၏ စကားကြောင့် ကျန်းပင်းယန်တို့၏ မျက်နှာရှုံ့မဲ့သွားသော်လည်း တိတ်ဆိတ်နေကြသည်။

လမ်းစဉ်ကိုဖြတ်ချထားသည့် ဧကရာဇ်ကျင့်ကြံသူတစ်ယောက်အတွက် သူတို့က ကလေးသာသာဖြစ်ကြချေသည်။

ထိုခါးကုန်းကုန်း အသက်ကြီးကြီး ပုစိန်ငယ်တစ်လက်နှင့် အဖိုးကြီးက အဲ့လောက်ကြီး စွန်းကြမ်းတယ်လားဟု စုရှောင်ရှန် တွေးမိပြီး မှင်တက်သွား၏။

“ဒါဆို သူ့မှာ အခွင့်ကောင်းကြီးရှိခဲ့တာပေါ့။ ဘာလို့ခင်ဗျားတို့အားလုံးကို မသတ်လိုက်တာလဲ”

ထိုစကားများထွက်သွားပြီးမှ မသင့်တော် သတိရသွားပြီး စုရှောင်ရှန်အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။ အကြီးအကဲကျောက်၏ လက်ဝါးစောင်း‌ကတော့ ထင်ထားသည့်အတိုင်း သူ့ခေါင်းပေါ်ကျလာခဲ့၏။

“ကောင်စုတ်လေး။ မင်းက ငါတို့ကို အဲ့လောက်တောင် သေစေချင်နေတယ်ပေါ့လေ။ ဟမ်”

“မဟုတ်ပါဘူး။ လူဆိုတာ စကားရွေးမှားတတ်တာပဲ။ တကယ်တော့ စိတ်ထဲက စိုးရိမ်ပူပန်မိလို့ပြောမိတာပါ။ တစ်မျိုးမထင်ပါနဲ့…” စုရှောင်ရှန် ပြန် ကာပြီး ပြောလိုက်သည်။

ထိုအခိုက်မှာ လေညှင်းကလေးတစ်ချက်တိုက်ခက်သွားခြင်းနှင့်အတူ ခမောက်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားသော အကြီးအကဲစန်းရောက်လာခဲ့၏။

လူတိုင်း ထိုမျက်ကွင်းညိုညို နက်နက်ကြီးဖြင့် အဖိုးကြီးကို ကြည့်လိုက်ကြသည်။ အကြီးအကဲစန်းက ကျန်းပင်းယန်ကိုကြည့်နေကာ သူ့ကို ကြက်သီးတဖျင်းဖျင်းထသွားစေလိုက်၏။

“မင်းက မြင့်မြတ်နတ်ဘူရားနန်းတော်ကမလား” အကြီးအကဲစန်းပြောသည်။

ကျန်းပင်းယန်စတင်၍ စိုးတထိတ်ထိတ်ဖြစ်လာရ၏။

စိတ်ဝိညာဉ်နန်းတော်က လူတွေက လာတွေလဲ။ သူလူအများကြီးခေါ်မလာလို့ တစ်ဂိုဏ်းလုံး တစ်ဆွေလုံး အငြိုးထားနေကြတာလား။

ပြီးတော့ ဘာလို့ တည့်တိုးကြီး ဖော်ပြကြတာတုန်းရ ဧည့်သည်ကို မျက်နှာလေးတော့ ဆယ်ဦးမှပေါ့။ အံ့ဩပါ့။

သူ့အကြည့်များဟိုဟိုဒီဒီ ကစားသွားပြီး ပါးစပ်မဟလိုက်နိုင်ခင်မှာ အကြီးအကဲစန်းက မဲ့ရွှဲ့နေသောမျက်နှာကြီးဖြင့် ပြုံးပြကာ “တော်တယ်”

ကျန်းပင်းယန် ခေါင်းညိတ်ပြလိုက်ပြီး တိတ်ဆိတ်လို့သာနေလိုက်ပါသည်။ သူ့စိတ်ထဲတွင်တော့ အကြီးအကဲစန်း၏ ကြောက်မက်ဖွယ်ရာအပြုံးကြီးကြောင့် အလျင်အမြန် သုတ်ခြေတင်ပြေးချင်နေတော့၏။

“ကောင်းပြီလေ။ ကိစ္စဝိစ္စတွေလည်း အားလုံးပြီးပြီဆိုတော့ ကိုယ့်နေရာကိုယ် ပြန်ကြပါ။ အပျက်အဆီး‌တွေကို တစ်ယောက်ယောက်ကိုပြီးမှ ပြန်လာပြင်ခိုင်းလိုက်မယ်” လူတိုင်းကို ရည်ရွယ်ကာ အကြီးအကဲစန်းက ဆိုလိုက်သည်။

ကျန်းပင်းယန်နှင့် စကားပြောဖို့ အကြီးအကဲစန်းစိတ်ထဲတောင်မရှိပါ။ လူမှုအသိုင်းအဝိုင်းနယ်ပယ်နှင့်ဆက်စပ်လာ၍ သူက အနားယူထားခဲ့ပြီးဖြစ်ရာ ဧည့်သည်ကို ဧည့်၀တ်ကျေပွန်အောင် တကူးတကူကြီး မျက်နှာချို သွေးနေမည်မဟုတ်ချေ။

ရဲ့ရှောင်ထျန်းကိုသာ ဤသို့ ခေါင်းကိုက်ဖွယ်ရာ ကိစ္စများကို ဖြေရှင်းခိုင်းလိုက်မည်။ ရဲ့ရှောင်ထျန်းလည်း အားနေသည်မဟုတ်ပါလား။

တိုက်ပွဲကပြီးသွားခဲ့ပြီဖြစ်ရာ လူတိုင်း ပေခံမနေကြတော့ပေ။ ရဲ့ရှောင်ထျန်းက ကျန်းပင်းယန်နှင့်အတူ ထွက်သွားပြီး လူတိုင်းလည်း ကိုယ့်အရပ်ကို ပြန်လိုက်ကြသည်။

ဤနေရာတစ်ခုလုံးက အပျက်အဆီးများဖြင့်ပြည့်နေသော်လည်း ညကြီးအချိန်မတော်ဖြစ်ရာ ပြင်ဆင်ခိုင်းလို့လည်းမကောင်းပါချေ။

မကြာခင်နေလည်းထွက်လာတော့မည်ဖြစ်ရာ အပြင်စည်းဂိုဏ်းသားအသစ်များက ပထမဆုံးအကြိမ် နည်းစနစ်ရွေးချယ်ဖို့ လာရင်း အတွင်းစည်း၏ ခမ်းနားတင့်တယ်ပုံကို မြင်ကြရတော့မည်။

၎င်းက အပြင်စည်းဂိုဏ်းသားများ အားလုံး စောင့်ဆိုင်းနေသည့်အရာလည်းမဟုတ်ပါလား။

ဟုတ်တယ် သူတို့တော့ လုပ်စရာ အလုပ်ရဦးတော့မယ်။

အကြီးအကဲစန်းနှင့် စုရှောင်ရှန်သာကျန်ခဲ့ကြသည်။

“မင်းဘာလို့ သူတို့နဲ့အတူ လိုက်မသွားတာလဲ” အကြီးအကဲစန်းကမေးသည်။

စုရှောင်ရှန် ကောင်းကင်ယံမှာရှိနေတဲ့ ပျက်ဆီးလုတပိုင်းက‌နေ ပြန်ကောင်းလာနေသော ကြီးမားသောအစီအရင်ကြီးကိုကြည့်လိုက်သည်။ သူအနည်းငယ် စိတ်ရှုပ်သွားပေသည်။

“သူတို့တောင် သဘောကျတယ်ဆိုတော့ မင်းက ထူးခြားတာပဲ” အကြီးအကဲစန်း ထပ်လောင်းပြောလိုက်သည်။ ချီးကျူးရမည့်နေရာမှာ သူက ကပ်စေးနည်းနေမည့်သူ မဟုတ်ပါချေ။

“ကျုပ်တကယ်ကော လိုက်သွားလို့ရမှာမလို့လား”

အကြီးအကဲစန်းကို စုရှောင်ရှန်ကြည့်လိုက်သည်။ သူလိုက်သွားခဲ့ရင် အကြီးအကဲစန်းက ဘာမှ မလုပ်ဘဲ လက်ပိုက်ကြည့်နေမယ်လို့မထင်ပါချေ။ အဖိုးကြီးက သူ့ကို စမ်း‌သပ် နေခဲ့တာဖြစ်ရမည်။

အကြီးအကဲစန်း ရယ်သံသဲ့သဲ့ပေးလိုက်ကာ “ငါမင်းကို ကြိုးနဲ့တုပ်ထားတာမှလည်းမဟုတ်တာ။ မင်းဟာမင်းထွက်သွားချင် ထွက်သွား မသွားချင်မသွားနဲ့ပေါ့။ စမ်းကြည့်လေ”

“ကြိုးဟုတ်လား”

ထိုစကားလုံးဖြင့် စုရှောင်ရှန် အတွေးနက်သွားသည်။ တကယ် အဖိုးကြီး၏ စိတ်နေသဘောထားကို သူမမှန်းဆနိုင်ပါချေ။

အကြီးအကဲစန်း ပလိန်းကြီး သူ့အပေါ် သဘောကောင်းမယ်လို့မထင်ပါ။ သူ့လုပ်ရပ်တိုင်း၏ နောက်ကွယ်မှာ အမြဲတမ်းအကြောင်းတစ်ခုခု ရှိရတာချည်းဖြစ်သည်။

သူပဲ အတွေးလွန်နေတာလားမသိ။

သို့ပေမယ့် ဘာကြောင့်ပဲဖြစ်ဖြစ် အကြီးအကဲစန်းက သူ့ကို အကြိမ်ကြိမ်ကယ်တင်ပြီး ကောင်းကောင်းဆက်ဆံတာကတော့ ငြင်းပယ်၍မရချေ။

အကြီးအကဲစန်းက စိတ်ဝိညာဉ်နန်းတော်ကို ဂရုမစိုက်ဟန်ပေါ်ပေမယ့် နန်းတော်အတွက်ကို အမြဲတမ်းစိုးရိမ်ပေးနေပြီး အပြင်လူများကိုလည်း စိတ်ရှိသလို ခြယ်လှယ်ခွင့်မပေးလိုက်ပါချေ။

အကြီးအကဲစန်း၏ စိတ်ထဲမှာ ဘာတွေဖြစ်ပျက်နေသလဲ စုရှောင်ရှန်သိချင်သွား၏။

သူတို့နှစ်ယောက်အကြား ဆိတ်ငြိမ်မှုက ခဏတာ ကြီးစိုးနေပြီးနောက်မှာ စုရှောင်ရှန် ဆိုလိုက်သည်။ “ဘာဖြစ်မယ်ဆိုတာ သိနှင့်နေပြီပဲ။ ကြိုးစားကြည့်လို့ ဘာထူးဦးမလဲ”

“ထူးတာပေါ့။ မင်းကိုယ်တိုင်ဖောက်ထားလား သူများဖောက်ပေးတာလားဆိုတဲ့ ရလဒ်အပေါ်မှာမူတည်ပြီးကိုထူးတာ” အကြီးအကဲစန်းဆိုသည်။

“ဘာကွဲပြားနေလို့လဲ” သူသိချင်သွား၏။

အကြီးအကဲစန်း သူ့ခမောက်ကို ချွတ်ချလိုက်ပြီး ခေါင်းပေါ်မှ မရှိတရှိ ဆံပင်များကို ဘယ်လက်ဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် ရယ်သံသဲ့သဲ့ပေးကာ ဆို၏။ “ကြိုးစားကြည့်ဖို့ ထိုက်တယ်ပဲ ဆိုပါတော့။ မင်းကောဘယ်လိုထင်လဲ။ ‘တစ်ကြိမ်တစ်ခါသာ အသက်ရှင်ရတယ်’ ဆိုတဲ့ စကားလည်းရှိတယ်မလား။ ကံကြမ္မာကြီးကို နည်းနည်း လေးတောင် မလွန်ဆန်နိုင်ရင် ဘာအဓိပ္ပာယ်ရှိဦးတော့မလဲ။ ပြောပါဦး”

စုရှောင်ရှန် တိတ်တိတ်လေး နားထောင်နေလိုက်၏။

အကြီးအကဲစန်းပါးစပ်ထဲက လေကြီးလေကျယ်တွေကလွဲလို့ ဘာမှကောင်းတာထွက်လာမှာမဟုတ်တာသိသည်။ သူပြောခဲ့တာများကို ဆင်ခြင်ကြည့်ရင် ရှင်သန်မှုဘ၀အပေါ်မှာ မကောင်းမြင်ဝါဒီသမားဆိုတာ ထင်ရှားသည်။

ဘာပြောပြော ကံကြမ္မာက ပြောင်းလဲလို့ရတဲ့အလား။

စုရှောင်ရှန် ထိုအချင်းအရာကို ခေါင်းထဲကထုတ်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ “အဲ့ဒီလူတွေ နှစ်ခါတောင်လာပြီးပြီနော်”

“ဟုတ်တယ် နှစ်ခါ” အကြီးအကဲစန်း၏ မျက်နှာပေါ်တွင် လေးနက်သောအမူအရာပေါ်လာသည်။

အကြီးအကဲစန်း၏ မျက်နှာအမူအရာကို စုရှောင်ရှန်အကဲခတ်လိုက်ပြီး လက်တည့်စမ်း မေးလိုက်သည်။ “အဲ့တာ ရှက်စရာကောင်းတယ်လို့မထင်ဘူးလား။ တစ်စုံတစ်ယောက်ကို ကိုယ့်ပိုင်နက်ထဲ စိတ်ရှိသလို ၀င်ထွက်ခွင့်ပေးနေရတာကိုလေ။ မသိရင် ကျုပ်တို့ကို ရှိတယ်တောင် မမှတ်ထားသလားပဲ”

ရုပ်ချည်း ထိုလေးနက်သောအမူအရာက မဲ့ရွဲ့သွားခဲ့ရ၏။

စုရှောင်ရှန်ကို သူချက်ခြင်းဖြတ်ရိုက်လိုက်ပေမယ့် အထာနက်နေပြီဖြစ်သော စုရှောင်ရှန်က လက်ဆန့်ထုတ်ကာ ‌ဦးစွာ ကာကွယ်လိုက်သည်။

ဘုန်းးးး…။

မြေပြင်တစ်လျှောက်လုံးမှာ အက်ကြောင်းများထလာပြီး ဖုန်၊ မှုန်များ တထောင်းထောင်းထလာခဲ့သည်။

အကြီးအကဲစန်း သူ့လက်ကို ပြန်ရုတ်သိမ်းပြီး မြေကြီးထဲနစ်၀င်သွားသော စုရှောင်ရှန်ကို အပြုံးဖျော့ဖျော့ကလေးဖြင့်ကြည့်လိုက်သည်။

“အရှင်သခင်နယ်ပယ် ခန္ဓကိုယ်ပေါ့လေ” အကြီးအကဲစန်းက ထေ့ငေါ့သလိုပြောသည်။

“ဖွီး ဖွီးးး” စုရှောင်ရှန် ပါးစပ်ထဲ၀င်သွားသော မြေကြီးများကို ထွေးထုတ်လိုက်ပြီး ကြက်သေသေသွားခဲ့၏။

ဒီအဖိုးကြီးမှာ အရှင်သခင်နယ်ပယ်ထက်ပိုသော ခန္ဓာကိုယ်ရှိတာလား။

အရှင်သခင်နယ်ပယ်ခန္ဓာကိုယ် ရပြီးသောအခါမှာ အဖိုးကြီး၏ ရိုက်ချက်များကို ခုခံနိုင်မည်လို့တွက်ထားခဲ့လေသည်။ ယခုတော့ မြေကြီးထဲသာ နစ်၀င်သွားတယ်တဲ့‌။ ဘာလို့ ဒီလောက်ကြီးတဲ့ ကွာခြားမှုကြီးရှိရတာလဲ။

“ခင်ဗျားမှာ ဘယ်လို ခန္ဓာကိုယ်ရှိနေတာလဲ” မြေကြီးထဲနစ်၀င် နေသော ပေပေတူးတူး စုရှောင်ရှန်က မယုံကြည်နိုင်စွာ မေးလိုက်၏။

“ခန့်မှန်းကြည့်ပေါ့” အကြီးအကဲစန်းဆိုသည်။

စုရှောင်ရှန် အတွေးနက်သွားပြီးနောက်မှာ မေးလိုက်သည်။ “ဧကရာဇ်နယ်ပယ်ခန္ဓာကိုယ်လား”

အကြီးအကဲစန်း ရယ်လိုက်ပါသည်။

စုရှောင်ရှန် ဘာပြောရမှန်းမသိ အဖိုးကြီးကို ငူငူကြီးစိုက်ကြည့်နေမိတော့သည်။

ကုန်း‌မြေကြီးမှာ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်က အမြင့်ဆုံးလို့ပြောကတည်းက အဖိုးကြီး လျှောက်ရွှီးနေတယ်ဆိုတာ စုရှောင်ရှန် သိပါသည်။

ဒါပေမယ့် အဖိုးကြီးကိုယ်တိုင်ကတော့ ထိုအကန့်အသတ်ကို ကျော်လွန်ပြီး အဆင့်တက်သွားချေမယ်လို့ ထင်မထားပါချေ။

ဘယ်လို မကောင်းဆိုးဝါးကြီးလဲ။

ဒီအဖိုးကြီးရော ရွှေလက်ချောင်းဘာညာရှိတာလား။

သူ့စိတ်ထဲက ရုန်းကန်ထလာနေသည့် ခံစားချက်များကို အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး စုရှောင်ရှန် ဖိနှိပ်လိုက်သည်။ အကြီးအကဲစန်းက တကယ် ဆန်းကြယ်လှပေသည်။

လူတိုင်းက အကြီးအကဲစန်း၏ ငရဲမီးတောက်ကောင်းကင်ကြောင့် ပြာကျမည်‌စိုး၍ သူ့နားမကပ်ရဲကြချေ။ ဒါ့အပြင်ကို ထိုမီးလျှံများအောက်မှာ ယခုကဲ့သို့ ဝှက်ဖဲကြီးတစ်ခုရှိနေဦးမည်လို့လည်း ထင်မှတ်ထားကြမည်မဟုတ်ပေ။

ငရဲမီးတောက်ကောင်းကင်က အကန့်အသတ်ကိုချိုးဖျက်သည့် နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်ကိုက စိတ်ဝိညာဉ်ကျင့်ကြံသူများ၏ အားနည်းသော ခန္ဓာကိုယ်ကို အကန့်အသတ်ကျော်လွန်‌ကာ အဆင့်တက်စေခြင်းဖြစ်ပေသည်။

ငရဲမီးတောက်ကောင်းကင်မီးလျှံက ၎င်းနှင့်ကပ်လျက်ပါလာသော ဖြည့်ဖက် စွမ်းရည်တစ်ခုသာဖြစ်၏။

ဟူး…။

စုရှောင်ရှန် အတွေးရေယဉ်ထဲစီးမျောလိုက်ပါလေလေ ပင့်သက်ကိုရှိုက်ရလေလေဖြစ်ချေသည်။

“ဒီလူတွေအကုန် သူတို့ ခွန်အားတွေကို ကောင်းကောင်းကြီး ဝှက်ထားကြတာပဲ…” ရေရွတ်လိုက်တော့သည်။

ဤတွင် Arc 2 ပြီးဆုံးပါပြီ။

Comment

Leave a Reply

Options

not work with dark mode
Reset