စုရှောင်ရှန်၏ ပြုံးစိပြုံးစိနှင့် မှတ်ချက်ပြီးနောက်မှာ လူတိုင်း ငြိမ်သက်သွားကြသည်။
သူ့လေယူလေသိမ်းမှ ယုံကြည်ချက်ကို သူတို့ခံစားရပါ၏။ ဒီကောင်လေးက သူအနာဂါတ်မှာလျှောက်မည့်လမ်းစဉ်ကိုတောင် ရွေးချယ်ပြီးထားဟန်ရပေသည်။
“ငါနားကြားများမှားနေတာလား”
ရှောင်ချိစွေ မယုံကြည်နိုင်စွာ စုရှောင်ရှန်နှင့် မျက်နှာဖုံးတပ်လူအကြားကိုကြည့်လိုက်သည်။ သူသာငယ်ရွယ်နေသေးရင် စုရှောင်ရှန်လို အကြီးကို ပြန်မပြောရဲမလား ဘာလား စဉ်းစားလိုက်သည်။
အကြီးအကဲစန်း၏ နှုတ်ခမ်းများကွေးတက်သွား၏။ ဘယ်သူမှ စုရှောင်ရှန်ကို မယုံရင်တောင် သူကတော့ယုံပါသည်။
ဒါကြောင့်လည်း စုရှောင်ရှန်ကို သဘောကျရခြင်းဖြစ်သည်။ ပျော်ပျော်နေသေခဲ စိတ်နေစိတ်ထားကို လှစ်ဟာပြသထားပေမယ့် စိတ်အတွင်းအနက်ရှိုင်းဆုံထဲမှာတော့ ကြီးမားသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ၏။
ထိုသို့ယုံကြည်ချက်က သူ့ထက် မဆိုစလောက်လေးသာ သေးငယ်သည်။
လူတိုင်း အံ့အားသင့်သွားကြရပြီး ကျန်းပင်းယန်တောင် စုရှောင်ရှန်ကိုကြည့်နေတဲ့အကြည့်များပြောင်းလဲသွားခဲ့၏။
နာမည်ကြီးဓားတစ်ချောင်းကို ကိုင်ထားသည့် သူတော်စင်အစေအပါးကို ဤသို့ လေသံမျိုးဖြင့် ပြောဆိုဆက်ဆံရဲတာက လွယ်ကူတဲ့ အလုပ်တစ်ခုတော့မဟုတ်ချေ။ စုရှောင်ရှန်က ထူးခြား၏။
“မင်းရှေ့မှာ ရပ်နေတာ ဘယ်သူလဲ သိရဲ့လား” စန်ကျောက်ဖုမေးသည်။
စိတ်ဝိညာဉ်နန်းတော်ကလူများနှင့်မတူဘဲ စန်ကျောက်ဖုကတော့ စုရှောင်ရှန်၏ စကားကြောင့် ရယ်ချင်သွားခဲ့သည်။
“အို ဘယ်သူတုန်း”
၎င်းက သူ့ကိုလည်း ခေါင်းစားနေစေခဲ့တာကြာပြီဖြစ်ရာ စုရှောင်ရှန်မေးလိုက်သည်။ မျက်နှာဖုံးတပ်လူ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းပြောစေဖို့ ဆုတောင်းဖြစ်လိုက်၏။
“သူက…”
မျက်နှာဖုံးတပ်လူက စန်ကျောက်ဖုကို လက်ပြပြီး တားလိုက်သည်။
ယခု ဤနေရာမှာ အပြင်လူတစ်ယောက်ရှိနေရာ သူ့သရုပ်မှန်ကို မဖော်ချင်ပါချေ။
ယခုတော့ စုရှောင်ရှန်ဖော်ပြတဲ့ ယုံကြည်မှုကြောင့် မျက်နှာဖုံးတပ်လူပို၍ သဘောကျသွားခဲ့သည်။ စုရှောင်ရှန်က တကယ် ထူးခြားပေသည်။
“မင်းလျှိုရွှမ်ရှင်းကို တွေ့ပြီးလောက်ရောပေါ့။ ငါနဲ့လိုက်ခဲ့ ဒီလို ပါရမီရှင်တွေ မြောက်များစွာတွေ့ရလိမ့်မယ်” မျက်နှာဖုံးတပ်လူက အလျော့မပေးဘဲ စုရှောင်ရှန်ကို ဆက်လက်တိုက်တွန်းနေသည်။
“မျက်ကန်းလား” စုရှောင်ရှန်မေးလိုက်ပြီး ရပ်တန့်သွားသည်။ အတန်ကြာမှာ “သူအသက်ရှင်နေသေးတယ်ပေါ့”
အရှင်သခင်နယ်ပယ်ဓားသမားသာဖြစ်၍ ရဲ့ရှောင်ထျန်း၏ ဗလာနယ်ပယ်နှောက်ယှက်မှုကြောင့် လျှိုရွှမ်ရှင်း အသက်ရှင်ဦးမယ်လို့ မထင်ထားပါချေ။
မျက်နှာဖုံးတပ်လူလည်း အံ့အားသင့်အပြီးမှာ ဘာမှ ပြန်မပြောရသေးခင် စုရှောင်ရှန်ကပဲဆက်လိုက်သည်။
“သူအသက်ရှင်နေသေးတယ်ဆိုရင်လည်း စိတ်ကို ကျင့်ထားဖို့ပြောပေးပါဦး။ ခုက ဒေါသထွက်လွယ်ပြီး စိုက်လိုက်မာန်ပါလုပ်လွန်းတယ်”
ရဲ့ရှောင်ထျန်း ပြုံးပြုံးကြီးဖြစ်သွားသည်။ စုရှောင်ရှန်၏ စကားပြီးနောက်မှာ သူသူတော်စင်အစေအပါးနှစ်ယောက်ရဲ့ မျက်နှာထားကိုတောင် မှန်းဆနိုင်၏။
ထင်တဲ့အတိုင်း ထိုစကားကြောင့် လေထဲက စန်ကျောက်ဖု ယိုင်တိုင်တိုင်ဖြစ်သွားသည်။
ထိုမျက်ကန်းက သူ့ကို စီနီယာဟု ခေါ်သော်လည်း အဆက်အဆံပြုခဲ၏။ ဒါတောင် မျက်ကန်းက သူသိသမျှ လူငယ်တွေထဲမှာ အတည်ငြိမ်ဆုံးဖြစ်မည်။
စိတ်လိုက်မာန်ပါလုပ်တယ်တဲ့လား။
နောက်နေတာဖြစ်ရမယ်။
မျက်နှာဖုံးတပ်လူလည်း ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားချေသည်။
ကြည့်ရတာ စုရှောင်ရှန်နှင့် လျှိုရွှမ်ရှင်းတို့တွေ့ဖူးရုံသာမက တိုက်တောင်တိုက်ခိုက်ဖူးကြချေသည်။
“စိတ်လောတယ်ပေါ့လေ။ ဟက်”
မျက်နှာဖုံးတပ်လူ တီးတိုး ရေရွတ်နေပြီး စုရှောင်ရှန်ကို စိတ်ပြောင်းစေနိုင်လောက်မယ့် စကားတစ်ခုခုကို ရှာလိုက်သည်။ သို့သော် အချည်းနှီးသာ။
“ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်”
မျက်နှာဖုံးတပ်လူက ပင့်သက်ရှိုက်လိုက်ပြီး အလေးအနက်ဆိုသည်။ “ငါနဲ့လိုက်ခဲ့။ မင်းတစ်နှစ်အတွင်း အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်ဖြစ်လာစေရမယ်လို့ ကတိပေးတယ်”
ဟူးးးး…။
ထိုအဆိုပြုချက်ကြောင့် လူတိုင်း မှင်တက်သွားကြ၏။
အရှင်သခင်နယ်ပယ်ဓားသမား။
တစ်နှစ်အတွင်းတဲ့။
ထိုအရာထက် ဆွဲဆောင်ဖွယ်ရာမရှိတော့ပါလား။
ဓားဆန္ဒကို လေ့ကျင့်ခြင်းဆိုတာ ကိုယ်တိုင်ကြိုးစားအားထုတ်မှုအပေါ်မှာသာ မူတည်ပြီး ကံကောင်းရုံနှင့်မရတာ လူတိုင်းသိသည်။
ဤသို့ မက်လုံးထုတ်ရဲသည့် မျက်နှာဖုံးတပ်လူက ဘယ်လောက် သန်မာသလဲသိနိုင်၏။ ရှောင်ချိစွေလည်း ကြက်သေသေသွားခဲ့သည်။
သူတောင် ဒီလို ကတိမျိုးမပေးရဲချေ။ သူကိုယ်၌က အကုန် အစက ပြန်စရင်တောင် မျက်နှာဖုံးတပ်လူ ပြောသလို မလုပ်နိုင်မှာသိသည်။
“တစ်နှစ်ဟုတ်လား”
စုရှောင်ရှန်ခေါင်းကိုငုံ့လိုက်ပြီး ရေရွတ်နေတာ လူတိုင်းတွေ့လိုက်ရသည်။
သူစိတ်၀င်စားသွားတာလား။
စုရှောင်ရှန် သူ့မှာ ပင်ကိုယ်မှတ် (၅၀၀၀၀) ရဖို့ တစ်နှစ်လောက်မလိုမှာကိုသိပေသည်။ ဒါဆိုဘာလို့ ဦးနှောက်သွားအခြောက်ခံမလဲ။ တစ်လလောက်အတွင်း ထိုပမာဏကို စုစည်းနိုင်ပြီး ရွှစ်ကတည်း ဓားထိပ်သီးကို အရှင်သခင်နယ်ပယ် ရောက်သွားအောင်လုပ်နိုင်ပေသည်။
“တစ်နှစ်က ကြာလွန်းတယ်”
စုရှောင်ရှန် ခေါင်းကိုခါရမ်း၍ ပြောလိုက်၏။ လူတိုင်း ထိုစကားကြောင့် ငိုရမလားရယ်ရမလားမသိ သူ့ကို ငူငူကြီးဝိုင်းကြည့်လိုက်ကြ၏။ စုရှောင်ရှန် ချက်ခြင်း ရှင်းပြလိုက်သည်။ “ဘာတွေကြည့်နေကြတာလဲ။ ကျုပ်က အမှန်တရားကိုပြောနေတာ။ အထင်မမှားနဲ့”
မျက်နှာဖုံးတပ်လူ မှင်သေသေကြီးဖြစ်သွားသည်။
သူက ဘာကိုအထင်မှားရမှာလဲ။ အထင်မှားစရာကောရှိလို့လား။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၇]
ထိုအခိုက်မှာ သူတော်စင်အစေအပါးနှစ်ယောက်သာမက စိတ်ဝိညာဉ်နန်းတော်ကလူများတောင် စုရှောင်ရှန် လေကြီးလေကျယ်လုပ်နေတယ်ထင်သွားကြ၏။
လူတစ်ယောက် ကြွားဝါတယ်ဆိုတာ အကန့်အသတ်တော့ရှိသင့်တယ်မလား။
ဟားဟား… ဟားဟားးးဟားဟား…။
အကြီးအကဲကျောက်မအောင့်နိုင်တော့ဘဲ ဝါးလုံးကွဲထရယ်သည်။ ထို့နောက် စုရှောင်ရှန်ကို လက်မောင်းဖြင့် ပိုက်ညှစ်လိုက်ကာ “ရှောင်ရှန်။ အကန့်အသတ်လေးတော့ထားဟ။ မင်းဟာက လွန်လွန်းတယ်”
သူက ဘာကိုလွန်နေလို့လဲ။
စုရှောင်ရှန်ထိုမှ မီးတောက်မတတ် မျက်နှာဖုံးတပ်လူ၏ မျက်၀န်းများကို မြင်ပြီး အကြီးအကဲကျောက်နောက် အလျင်အမြန်ပုန်းလိုက်သည်။ ထို့နောက် ခေါင်းထွက်ကာ “အဲ့တာလေးများ ကျုပ်တောင် တစ်လတည်းလုပ်နိုင်တယ်”
ဟမ်။
ငါတို့နားကြားမှားသွားတာလား။
“နှစ်၀က်ဆိုရင်ရော”
“နှစ်၀က်အတွင်း အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ကတိပေးရင် … စဉ်းစားပေးမယ်” စုရှောင်ရှန် မသေမချာ ဖြေလိုက်သည်။
စန်ကျောက်ဖုဘာတွေခံစားနေရသလဲတော့မသိ မျက်နှာတစ်ခုလုံးက ဖြူဖက်ဖြူရော်ကြီးဖြစ်နေသည်။
“မျိုးမစစ်ကောင် ငါတို့ကို ဘာထင်နေတာလဲကွ”
ဒေါတကြီး သူ့ပုစိန်ကိုတောင် ကိုင်မြှောက်လိုက်၏။
ရှဲ ရှဲ
စုရှောင်ရှန်ကို မခုတ်ရသေးခင်မှာ သဏ္ဌာန်မဲ့မီးလျှံများပြန်လည်တောက်ပလာခဲ့သည်။ စန်ကျောက်ဖု အလန့်တကြား ပုစိန်ပြန်ချပြီး တစ်ကိုယ်လုံးကို လက်များဖြင့် ခါထုတ်လိုက်၏။
“မလုံလောက်သေးဘူးလား”
အကြီးအကဲစန်းက စန်ကျောက်ဖုကို ရှုတ်ချလိုက်သည်။ ဆက်တိုက်ခိုက်ချင်သေးတယ်ဆိုရင်တော့ သူကလည်း ပျော်ပျော်ကြီးလုပ်ပေးရတာပေါ့။
သို့ပေမယ့် ထျန်းစန်းနန်းတော်တစ်ခုလုံးပြာကျသွားနိုင်သည်။ ဘာဖြစ်ဖြစ် နောက်ထပ် နန်းတော်တစ်ခုထပ်တည်ဆောက်ပြီး တပြည့်တွေမွေးလို့ရသေးတာပဲ။ အေးဆေးပေါ့။
မျက်နှာဖုံးတပ်လူ တိတ်ဆိတ်နေခဲ့သည်။ အစက စုရှောင်ရှန်က သူကမ်းလှမ်းတာ မကျေနပ်လို့များငြင်းဆန်နေတာလားလို့ ယခုလို မောက်မာမှုက အခြားနယ်ပယ်တစ်ခုကိုရောက်သွားခဲ့၏။
“မင်းကိုကြည့်တော့ ငယ်ငယ်တုန်းက ငါ့ကိုယ်ငါတောင် ပြန်မြင်ယောင်မိသွားတယ်”
“ကျေးဇူး”
စုရှောင်ရှန် ခပ်ပြတ်ပြတ် ပြောလိုက်ပြီး ခဏရပ်တန့်သွားကာ ဆက်လက်၍ “ကျုပ်ကို အဲ့လိုပြောတာ ခင်ဗျားက ဒုတိယမြောက်ပဲ”
“ဟမ်”
မျက်နှာဖုံးတပ်လူ ပဟေဠိဖြစ်သွားကာ “ဘာလို့ ဒုတိယမြောက်လဲ”
စုရှောင်ရှန် ဘေးနားက ဖြစ်ပျက်နေသမျှကို ပွဲကြည့်သူတစ်ယောက်လို ရပ်ကြည့်နေသည့် အကြီးအကဲစန်းကို စောင်းကြည့်လိုက်သည်။
နေရာလေးက အပ်ကျသံတောင်ကြားရလောက်အောင် ပြန်၍ ဆိတ်ငြိမ်ကျသွားပြန်၏။
အကြီးအကဲစန်း ရှက်ကိုးရှက်ကန်း ခမောက်ကို ဆွဲချပြီး မျက်နှာကိုဖုံးလိုက်သည်။
ဒီကောင်လေး။ မိတ်ဆွေဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် လျှာစောင်းထက်တာ မချန်ပါလား။
ဟားဟားဟား… အစ်…။
အကြီးအကဲကျောက်ရယ်နေပြီးမှ ဘယ်သူမှ လိုက်ရယ်မနေတာတွေ့သောအခါ လျှာကိုကိုက်ပြီး ပြန်ရပ်လိုက်ရ၏။
အကြီးအကဲစန်း၏ မကောင်းမြင်သည့်ဘက်ကိုရောက်တာက မျက်နှာဖုံးတပ်လူကို စော်ကားခြင်းထက်ပို၍ ကြောက်မက်ဖွယ်ရာကောင်းပေသည်။ အကြီးအကဲစန်းက စိတ်ဝိညာဉ်နန်းတော်တစ်လျှောက်လုံးမှာ သူ့ဘ၀လေးကို သနားစရာကောင်းသွားအောင်လုပ်နိုင်ပေ၏။ ထိုအတွေးကတောင် ကြောက်ဖို့ကောင်းနေပြီ။
လူတိုင်း အဝေးကောင်းကင်ယံကို ပြန်ကြည့်လိုက်ကြသည်။
ကျန်းပင်းယန် ၀မ်းသာသွားကာ “သူတို့ရောက်လာကြပြီ”
သူတော်စင်အစေအပါး နှစ်ယောက်၏ မျက်နှာများမဲ့ရွဲ့သွားခဲ့သည်။ မြင့်မြတ်နတ်ဘုရားနန်းတော်က လာနေကြတဲ့သူတွေ ရောက်လာတာကြောင့် ကြာကြာဆက်နေလို့ မဖြစ်တော့ကြောင်းကို သိလိုက်ကြ၏။
“ငါတို့သွားရမယ်”
စန်ကျောက်ဖု မျက်နှာဖုံးတပ်လူကို လောလိုက်သည်။ သူတို့သာ ဆက်နေနေသေးရင် ထွက်ပြေးဖို့ အခွင့်အရေးလေး ပျောက်သွားရပေမည်။
မျက်နှာဖုံးတပ်လူက အလျော့မပေးချင်သေးဘဲ အော်လိုက်သည်။ “၀မ်မင်”
“ခင်ဗျားပြောတော့ စောနက နောက်ဆုံးအခွင့်အရေးပါဆို။ ခုကြ ဘာဖြစ်” စုရှောင်ရှန် ဖြေလိုက်သည်။
မျက်နှာဖုံးတပ်လူ ပြန်လည် တိတ်ဆိတ်သွား၏။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူအရှူံးပေးပါပြီ။ သူကိုယ်တိုင်က ဘာလို့ ခေါင်းမာစွာ စုရှောင်ရှန်ကို ခေါ်သွားချင်နေမှန်းမသိရချေ။ တကယ် ထူးဆန်းပေသည်။
သို့သော် အားလုံးက အချည်းနှီးသာ။
မျက်နှာဖုံးတပ်လူ သက်ပြင်းချပြီး ထွက်သွားရန်ပြင်လိုက်ကြချိန်မှာ စုရှောင်ရှန် ထဖောက်၏။ “ကျုပ် ခင်ဗျားတို့နဲ့လိုက်နိုင်ပါတယ်”
လူတိုင်း စုရှောင်ရှန်ကို စူးစူးရှရှ စိုက်ကြည့်လိုက်ကြ၏။ စုရှောင်ရှန် ထိုအကြည့်များကြောင့် လန့်ဖျပ်သွားပေမယ့် ဆက်လက်ကာ စိတ်ကိုတင်းထားလိုက်သည်။ အဝေးမှ မူမမှန်မှုကိုသူလည်းခံစားမိပါသည်။ သန်မာသည့်လူများက လာနေတယ်ဆိုရင် ဘာလို့ ဒီ သူတော်စင်အစေအပါးနှစ်ယောက်ကို ဒီမှာ ခေါင်းမချခိုင်းလိုက်တာလဲ။
မျက်နှာဖုံးတပ်လူ ပဟေဠိဖြစ်သွား၏။
“ဘာလဲ စိတ်ပြောင်းသွားပြီလား” ထို့နောက် မျက်နှာဖုံးတပ်လူက မေးသည်။
မျက်နှာဖုံးတပ်လူ၏ မျက်၀န်းများက သံသယများကိုမြင်သောအခါ စုရှောင်ရှန်က လေးလေးနက်နက်ဆိုသည်။ “ဒါပေမယ့် တောင်းဆိုချက် ရှိတယ်”
“ဘာလဲ”
မျက်နှာဖုံးတပ်လူပြုံးလိုက်သည်။ ဘယ်လောက် စိတ်မ၀င်စားသလိုလိုနေပါစေ စုရှောင်ရှန် လိုချင်တပ်မက်မိရတာပဲမဟုတ်လား။
“ခင်ဗျားလက်ထဲကဓားပေးရင် ကျုပ်လိုက်မယ်” စုရှောင်ရှန်ဖြေလိုက်သည်။
ထိုစကားကြောင့် လူတိုင်း အံ့ဩဘနန်းဖြစ်သွားကြချိန် အကြီးအကဲစန်းကတော့ သူဘာကြံနေသလဲသိသဖြင့် ပြုံးစိစိဖြစ်သွား၏။
“ကောင်စုတ်လေး။ မင်းတောင်းဆိုတာ မလွန်လွန်ဘူးလား”
စုရှောင်ရှန်၏ အဓိပ္ပာယ်မရှိသော တောင်းဆိုမှုကြောင့် စန်ကျောက်ဖု မာန်မဲလိုက်သည်။ ထိုကလေးက သူ့ကိုယ်သူအဟုတ်ကြီးလား ပြုမူပြီး မောက်မာလွန်းလှသည်။ ဓားတစ်ချောင်းမဆိုထားဘိ ဓားက ဆံမျှင် တစ်မျှေင်မျှတောင် မတန်ချေ။
နပေါဦး။
ဘာတွေ လျှောက်တွေးနေတာလဲ။ ဓားမှာ ဆံမျှင်မှမရှိတာ။
မျက်နှာဖုံးတပ်လူ ခပ်သဲ့သဲ့ ရယ်လိုက်ကာ “ရတယ်လေ ငါနဲ့လိုက်ခဲ့ ဓားကိုပေးမယ်”
စန်ကျောက်ဖု ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး “မင်းရူးနေပြီလား”
“ဓားကိုအရင်ပေး ပြီးရင် လိုက်ခဲ့မယ်” စုရှောင်ရှန်၏ အကြည့်များက မယိမ်းယိုင်သွားပါလေ။
ဟက်…။
“ငါ့ကို လာလှည့်စားချင်နေသေးတယ်ပေါ့”
မျက်နှာဖုံးတပ်လူ သူ့ရှေ့က ကောင်လေးက သူနှင့်လိုက်ဖို့ စိတ်မ၀င်စားဘဲ လှည့်စားရန်လာကြံရွယ်နေခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။
သူ့လက်ထဲက ဧရာမ ဓားကြီးကိုကိုင်မြှောက်၍ စုရှောင်ရှန်ထံ တက်လှမ်းသွား၏။
“စိတ်ထိန်း”
စန်ကျောက်ဖု မျက်နှာဖုံးတပ်လူကို အလျင်အမြန် ဆွဲထားလိုက်ရသည်။ သူတို့ဒီမှာဆက်နေနေလျှင် အန္တရာယ်ရောက်ချေတော့မည် ဘာလို့ ကလေးတစ်ယောက်နဲ့ ငြင်းခုံနေမှာလဲ။
“လွှတ်”
“ငါတို့ ထွက်သွားဖို့လိုနေပြီလို့”
“လွှတ်လို့ပြောနေတယ်နော်”
“ဟ သွားတော့မယ်လို့”
မျက်နှာဖုံးတပ်လူ၏ မျက်၀န်းများက မှေးမှိန်သွားခဲ့ပြီး ဒေါသကြောင့် တုန်တုန်ရင်ရင် ဖြစ်နေသော လေသံဖြင့် “ကောင်လေး သတိထား။ မင်းက မီးနဲ့ ကစားနေတာပဲကွ”