စာစဥ် (၂၂) အပိုင်း (၂၉၆)

အုပ်စုနှစ်ခု၏ တုံ့ပြန်မှု

အုပ်စုသုံးခုသည် တာအိုရှာဖွေခြင်း ခန်းမကို အလှည့်ကျ အသုံးပြုနေခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် လုစုန့်၏ လက်အောက်မှ တပည့်များသည် နောက်တစ်နေ့ မနက်ခင်းတွင် ခန်းမဆီသို့ ရောက်ရှိ လာခဲ့ကြသည်နှင့် အကြီးအကဲ လုစုန့်အပါအဝင် ခန်းမအတွင်းရှိ လူအားလုံးသည် မူလစဦး နံရံပေါ်ရှိ အပြောင်းအလဲကို ရှာဖွေတွေ့ရှိခဲ့ပြီး အချိန်အတော်ကြာအောင် မှင်တက်နေမိကြသည်။

အသက်ရှိုက်စာ (၆၇၄၃)…

အကြီးအကဲ လုစုန့်သည် တအံ့တသြနှင့် သက်ပြင်းချလိုက်ပြီး သူ၏ခေါင်းကို ခါယမ်း လိုက်သည်။ ဇူယွမ်ဆိုတဲ့ တပည့်လေးက ဘယ်လို အုတ်အော်သောင်းတင်း ဖြစ်အောင် လုပ်ရမလဲဆိုတာ တကယ်သိတာပဲ။ ပထမဆုံး လေ့ကျင့်ရေးနေ့မှာပဲ အားလုံးကို အုတ်အော်သောင်းတင်း ဖြစ်အောင် လုပ်ခဲ့ပြီ။

ခရမ်းရောင် ခါးစည်းတပည့် ပထမထိုင်စရာနေရာတွင် ရှိနေသော လုယန်၏ လှပသော မျက်နှာလေးမှာ အံ့အားသင့်မှု အပြည့်ဖြင့် မူလစဦးနံရံကို စိုက်ကြည့် နေခဲ့ပြီးနောက် မနေနိုင်တော့ပဲ မှတ်ချက်ချလိုက်သည် “သည်ကောင်လေးက အစွမ်းအစ အချို့ရှိတာပဲ”

တပည့်တစ်ယောက်က ရယ်မောကာဖြင့် ပြောလိုက်သည် “ငါကြားခဲ့တာတော့ ဇူယွမ်က လာမယ့် ဂူနန်းယှဉ်ပြိုင်ပွဲမှာ စေတနာ့ဝန်ထမ်း သုံးယောက်ထဲက တစ်ယောက်အဖြစ် ပါဝင်မလို့တဲ့”

ထိုသတင်း အချက်အလက်က လုယန်ကို ကြောင်အသွားစေခဲ့သည်။ ခဏအကြာတွင် သူမ၏ အနီရောင် နှုတ်ခမ်းက အောက်သို့ မဲ့သွားခဲ့ပြီး အထင်အမြင် သေးစွာဖြင့် ပြောလိုက်သည် “ငါသူ့ကို မဆိုးပါဘူးလို့ ခံစားမိယုံပဲ ရှိသေးတယ် သူက မစဉ်းစားပဲ မသိတတ် မိုက်မဲတာကို လုပ်နေပြီ”

ဇူယွမ်၏ မှတ်တမ်းဖြစ်သော အသက်ရှိုက်စာ အကြိမ်(၆၀၀၀)ကျော်က ထိတ်လန့်ဖို့ ကောင်းသော်လည်း သည်အရာက ဘာကိုဆိုလိုသနည်း။

ထိုအရာ၏ အဓိပ္ပာယ်မှာ ဇူယွမ်၏ ကျင့်ကြံမှုနှုန်းက မူလစဦးအဆင့်တွင် ပုံမှန်ထက် ပိုမို မြန်ဆန်မည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ သို့သော်လည်း သူ့အနေဖြင့် ကျင့်ကြံမှုနှုန်းကို လျင်မြန်စေသည့် ရတနာများ ရှိနေသေးသည်ကို သိသင့်ပေသည်။ အခြားသူများက သူ့အား မယှဉ်နိုင်ဘူး ဆိုပေမယ့် အခြားနည်းလမ်း မရှိဘူးဟု အဓိပ္ပာယ်မရပေ။

တကယ်တော့ များစွာသော မူလစဦးချီများကို ပြန်လည် သယ်ဆောင် လာနိုင်ခဲ့ခြင်းက ဇူယွမ်မှာ သာမန်တပည့် တစ်ယောက် မဟုတ်သည်ကို ပြသနေသော်လည်းပဲ ထိုအရာကို နှစ်သက် နေရလောက်အောင်အထိ အရည်အချင်း မပြည့်မီသေးပေ။

ထိုကြောင့် လုယန်၏ အမြင်တွင် ဇူယွမ်၏ လုပ်ရပ်များမှာ တော်တော်လေးကို ရူးနှမ်းပေသည်။

မူလစဦးချီများကို နင်ဘယ်လောက်များများ သယ်ဆောင် လာနိုင်လာနိုင် ကိစ္စမရှိဘူး နင်ကအခုမှ မူလစဦး ဒုတိယအဆင့်ပဲ ရောက်သေးတယ်။ ပြီးတော့ နှိုင်းယှဉ်ကြည့်ရင် ဂူနန်း ယှဉ်ပြိုင်မှုမှာ ဘယ်သူတွေ ပါဝင်ယှဉ်ပြိုင်မယ်လို့ နင်ထင်နေတာလဲ။ သည်ပွဲမှာ ပါဝင်မယ့် အခြား အုပ်စုနှစ်ခုက တပည့်တွေက လွမ်းမိုးနိုင်စွမ်းရှိတဲ့ ရွှေရောင်ခါးစည်းတပည့်တွေပဲ…

သည်လူတွေအားလုံးက မူလစဦး ပဉ္စမအဆင့်တွေကြားက လက်ရွေးစင်တွေပဲ။

ဇူယွမ်အနေဖြင့် မူလစဦိး စတုတ္ထအဆင့်ဖြစ်သော လုဖန်းကို တောင်ထွတ် ရွေးချယ်မှု အခမ်းအနား၌ ရှုံးနိမ့်စေခဲ့စေလျှင်ပင် သည်ကဲ့သို့သော တိုက်ပွဲများတွင် ဝင်ရောက် စွက်ဖက်နိုင်စွမ်း မရှိသေးပေ။

ထိုအကြောင်းအရာ များကြောင့် လုယန်က ဇူယွမ်၏ လုပ်ရပ်များမှာ အမှန်တကယ် ရူးနမ်းပြီး စဉ်းစား ဆင်ခြင်ဉာဏ်မရှိဟု ခံစားရခြင်း ဖြစ်သည်။

“သဘောတူတယ်” ထိုတပည့်က ခေါင်းညိတ်ပြီး လုယန်၏ စကားကို ထောက်ခံလိုက်သည်။ “အကြီးအကဲ စိန်းလက်အောက်က စီနီယာ တပည့်တွေလဲ အဲကိစ္စနဲ့ ပတ်သက်ပြီး မပျော်မရွှင် ဖြစ်နေကြတယ်လို့ ငါကြားခဲ့တယ်။ အထူးသဖြင့် ဇူယွမ်ကို အစားထိုးမဲ့နေရာက ချောင်းစူည်က အဆိုးဆုံးပဲတဲ့”

“ချောင်းစူည်… ဟမ့်။ ငါကြားခဲ့တာတော့ သူကတော်တော်လေး ကောင်းမွန်တဲ့ လူတစ်ယောက်ပါ” လုယန်က မှတ်ချက်ချလိုက်သည်။

“ဇူယွမ်ရဲ့ တောင်းဆိုချက်အရ သူနဲ့ချောင်းစူည်းအတွက် ယှဉ်ပြိုင်ပွဲတစ်ခု လုပ်မယ်ဆိုပြီး အဆုံးသတ် လိုက်ကြတယ်။ သူတို့က နောက်လေးရက် အကြာမှာ တိုက်ခိုက်ကြပြီးတော့ အနိုင်ရတဲ့သူက ဂူနန်းယှဉ်ပြိုင်ပွဲမှာ ဆရာစိန်းရဲ့ အဖွဲ့ကနေ ဝင်ပြိုင်ရလိမ့်မယ်”

“ငါ့ရဲ့အထင်တော့ ခရမ်းရောင် မူလဂူနန်းကို ဘယ်သူပိုင်ဆိုင်ရမလဲ ဆိုပြီး အငြင်းပွားမှုတွေ ရှိခဲ့မယ်နဲ့တူတယ်။ အကြီးအကဲ စိန်းက ဇူယွမ်ကို မြင့်မားစွာ မျှော်လင့် ထားခဲ့ပေမယ့် အခြားတပည့်တွေက ကန့်ကွက်နေလို့ ဇူယွမ်က ရွေးချယ်စရာမရှိပဲ ယှဉ်ပြိုင်ပွဲကို လက်ခံလိုက်ရတဲ့ပုံပဲ။ ဘာလို့လဲဆိုတော့ ဂူနန်း ယှဉ်ပြိုင်ပွဲမှာ ပါဝင်တဲ့ သုံးယောက်ထဲက တစ်ယောက်ကပဲ ဂူနန်းကို ပိုင်ဆိုင်ခွင့်ရှိတာလေ”

လုယန်ကပြောလိုက်သည် “အကြီးအကဲ စိန်းရဲ့အဖွဲ့က အစကတည်းက နိုင်ဖို့ အခွင့်အရေးကောင်းမှ မရှိတာ။ ဇူယွမ်လို အပိုလူနဲ့သာ ဆိုလို့ကတော့ ခရမ်းရောင် မူလဂူနန်းကို ရဖို့ ဘယ်လို ဖြစ်နိုင်တော့မှာလဲ။ ”

ထိုတပည့်က ရယ်မောကာဖြင့် ပြန်ပြောလိုက်သည် “သူတို့ကံကောင်းဖို့ မျှော်လင့်နေတာ ဖြစ်ရင်ဖြစ်မှာပေါ့။ သူတို့မှာ နောက်ထပ် ပါဝင်သူ နှစ်ယောက် ရှိသေးတယ်လေ။ သူတို့သာ အနိုင်ရခဲ့ရင် ဇူယွမ်ရှုံးနိုမ့်လဲ နိုင်နိုင်သေးတယ်လေ”

လုယန်၏ မျက်ခုံးများက တွန့်ကွေးသွားပြီး ပြောလိုက်သည် “သည်လိုသာ ဆိုရင် သူက တကယ်ကို အရှက်မရှိတာပဲ”

သူက ခေါင်းခါယမ်း လိုက်သည်။ အစောပိုင်းတွင် ဇူယွမ်၏ အသက်ရှိုက်စာ အကြိမ် (၆၀၀၀) ကျော် အတွက် အံ့အားသင့်မှုများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“ကြည့်ရတာ ဇူယွမ်ကို အကြီးအကဲ စိန်းလက်အောက်ထဲကို ဇူယွမ်ကို ပို့ပေးလိုက်ရတာ ကောင်းသွားတယ်။ မဟုတ်ရင် ငါတို့က သူများပြောစရာ အကြောင်း ဖြစ်သွားလိမ့်မယ်”

“စိတ်ထဲမထားပါနဲ့။ နောက်ဆုံးမှာ အရှက်ကွဲမယ့်သူ ပေါ်လာပါလိမ့်မယ်။ သူတို့လုပ်တဲ့အရာ အားလုံးကို သူတို့ ခံစားရမှာပဲ”

ထိုစကားလုံးများကြောင့် သူမ၏ ရင်ထဲတွင် ဝမ်းမြောက် သွားတော့သည်။

သုံးရက်မြောက်သောနေ့။

သည်တစ်ခေါက် တာအိုရှာဖွေသူ ခန်းမ၏ မနက်ခင်းအတန်းမှာ လုဟုန်း၏ အလှည့် ဖြစ်သည်။

လုဟုန်းက မူလစဦး နံရံကို တစ်ချက်မျှသာ လှမ်းကြည့် လိုက်ပြီးနောက် သူ၏ အကြည့်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူ၏ မျက်နှာမှာ မထုံတတ်သေးပင် ရှိနေပေသေးသည်။ အခြားသော တပည့်များမှာ ထိုနေရာသို့ တိတ်တခိုး လှမ်းကြည့် လိုက်ကြသော်လည်း ထိုအကြောင်း ကြားရပြီးသား ဖြစ်သဖြင့် မည်သည့်ဆွေးနွေးပြောဆိုမှုမှ မရှိကြပေ။

လုဟုန်း၏ အောက်ဘက်တွင် ယွမ်ဟုန်းဟုခေါ်သော လူငယ်လေးက ခရမ်းရောင် ခါးစည်း တပည့်များ၏ ပထမနေရာတွင် ထိုင်နေခဲ့ပေသည်။ သူ၏ မြင့်မားသော ပုံရိပ်ကြီးမှာ အခြားသူများအား တောင်တစ်လုံးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်ကို ပေးစွမ်းလေသည်။

လုဟုန်းက အောက်သို့ လှမ်းကြည့်လိုက်ပြီးနောက် ကွဲပြားခြင်းမရှိသော လေသံဖြင့် ပြောလိုက်သည် “ဝေယိုရွှမ်း၊ ဖုန်းယု၊ ချိန်းယွင်း၊”

လုဟုန်း၏ ခေါ်သံကို ကြားရချိန်တွင် အနီးကပ်ဆုံး ရွှေရောင်ဖျာများ ပေါ်တွင် ထိုင်နေကြသော လူငယ်သုံးယောက်က လေးစားစွာ ပြန်ဖြေလိုက်ကြသည်။

“ရှိပါတယ်”

လုဟုန်းကပြောလိုက်သည် “မင်းတို့သုံးယောက်က အခုလာမယ့် ဂူနန်းယှဉ်ပြိုင်မှုမှာ ပါဝင်ရလိမ့်မယ်။ မင်းတို့အားလုံး ယုံကြည်ချက်ရှိလား”

ရွှေရောင်ခါးစည်း တပည့်များ၏ ပထမနေရာတွင် ထိုင်နေသော အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဝေယိုရွှမ်းက ညင်သာစွာ ရယ်မောလိုက်ပြီးနောက် ပြန်ဖြေလိုက်သည် “ဆရာလု စိတ်ပူဖို့ မလိုပါဘူး။ အကြီးကဲ စိန်းထိုက်ယွမ်ရဲ့ အုပ်စုက ရွှေရောင်ခါးစည်း တပည့်တွေက စိုးရိမ်စရာ မရှိပါဘူး”

သူက ခဏမျှ ရပ်တန်ခဲ့ပြီးနောက် ဆက်ပြောလိုက်သည် “ဇူယွမ်ကတော့ ချောင်းစူည်ရဲ့ နေရာကနေ နောက်ဆုံးမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြားထားတယ်။ အဲ့တစ်ယောက်နဲ့ ပတ်သက်ပြီးတော့ သိပ်မသိရသေးဘူး”

“အဲ့တစ်ယောက်က လူရွင်တော်လေး တစ်ယောက်ပါ သူ့ကို ဂရုစိုက်နေဖို့ မလိုအပ်ဘူး။ စိန်းထိုက်ယွမ်တို့ အုပ်စုက သူတို့ အရှက်သူတို့ခွဲချင်နေမှတော့ သူတို့ ဖြစ်ချင်တဲ့ အတိုင်း အရှက်ခွဲ ပေးလိုက်ကြတာပေါ့။ ” ဟုဟုန်းက ပြောလိုက်သည်။

ဝေယိုရွှမ်းက ခေါင်းညိတ်ခဲ့သည်။

ထိုကိစ္စကို ပြောဆိုပြီးနောက်တွင် လုဟုန်းက ယွမ်ဟုန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ ပျော့ပျောင်းသွားကာ ပြောလိုက်သည် “ယွမ်ဟုန်း။ တပည့်ခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်ပွဲက ဒီနှစ်ကုန်ရင် ကျင်းပပြီ။ မင်းရှုံးနိုမ့်လို့ မဖြစ်ဘူး”

ယွမ်ဟုန်းက သူ၏ မျက်လုံးများကို ဖွင့်ခဲ့ပြီးနောက် ဓားအလင်းများက မျက်ဝန်းအိမ်ထဲ တွင်ပင် ထက်ရှသော အလင်းဖြင့် တည်ရှိ၍ နေပေသည်။ သူက အသာအယာ ခေါင်းညိတ် လိုက်ပြီးနောက် ပြောလိုက်သည် “စိတ်မပူပါနဲ့ ဆရာလု။ အခြားအုပ်စုနှစ်ခုမှာ ဇူထိုက်နဲ့ လုယန်ပဲ ရှိပါတယ်။ သူတို့က သန်မာပေမယ့် ကျွန်တော့်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ နောက်ဆုံးတော့ တပည့်ခေါင်းဆောင်ရဲ့ နေရာက ကျွန်တော့်လက်ထဲမှာပဲ”

သူ၏ လေသံမှာ တည်ငြိမ်နေပြီး သံသယ ကင်းစင်သော ယုံကြည်မှုတို့ ပါဝင်နေပေသည်။

လုဟုန်းက ကျေနပ်စွာ ရယ်မောလိုက်ပြီး “ဒါကောင်းတယ်။ မင်းသာ တပည့်ခေါင်းဆောင် ဖြစ်သွားရင် အလုံးစုံသောသူတော်စင် စိတ်ဝိညာဉ် ဝိဇ္ဇာပညာကို လေ့လာဖို့ အရည်အချင်း ပြည့်မီသွားပြီ။ အနာဂတ်မှာ ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက် ထဲမှာတောင် ပါဝင်လာနိုင်တယ်”

ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ယောက်ဟု ပြောလိုက်စဉ်တွင် ယွမ်ဟုန်း၏ မျက်လုံးအစုံမှာ တောက်ပ လာခဲ့တော့သည်။ သူ၏ အမြင်တွင် တပည့်ခေါင်းဆောင် နေရာမှာ သူနှင့် ယှဉ်ပြိုင်နိုင်သူ များစွာမရှိသည့် အတွက် သူ့အတွက်ပင် ဖြစ်သည်။ အခြားသော အုပ်စုနှစ်ခုမှ တပည့်များမှာ တော်တော်လေး အသုံးမကျသူများဖြစ်ပြီး သာမန်မျှသာ ဖြစ်ကြသည်။

ထင်ရှားသူများမှာ လုယန်နှင့် ဇူထိုက်လောက်သာ ရှိသော်လည်း သူတို့နှစ်ယောက်လုံး၏ တည်ရှိမှုက သူ့အား ပြဿနာ မပေးနိုင်ပေ။

ထိုအကြောင်းအရာများကြောင့် လုဟုန်း၏ နောက်မှနေ၍ မူလသူတော်စင် တောင်ထွတ်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူသာ တပည့်ခေါင်းဆောင် ဖြစ်လာခဲ့ပါက ဝိဇ္ဇာပညာ ခုနစ်ခုထဲမှ တစ်ခုဖြစ်သော အလုံးစုံသော သူတော်စင်ဝိညာဉ် ဝိဇ္ဇာပညာကို ကျင့်ကြံခွင့် ရရှိမည် ဖြစ်သည်။

သူက ဓားကပ်ဘေး တောင်ထွတ်ရှိ တပည့်များကြားတွင် တတိယအဆင့် တပည့် ဖြစ်ခဲ့သော်လည်း ပထမအဆင့်ဖြစ်သော ခုန်းစိန်အား မဆိုထားနှင့် ဒုတိယ အဆင့်ရှိသူကပင် သူထက်များစွာ သာလွန်နေခဲ့ပြီး အစမှ အဆုံးထိ ဖိနှိပ်ထားနေခဲ့ပေသည်။

ခုန်းစိန်းက ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ယောက်၏ ရာထူးမှာ ဆင်းသွားခဲ့လျှင်ပင် ဒုတိယအဆင့်မှ သူက ထိုနေရာအား အစားထိုး ယူပေလိမ့်မည်။ ထိုထက် ပိုအရေးကြီးသည်က တောင်ထွတ်ဆရာသခင် လင်ကျွမ်းက ထိုသူအား များစွာ တန်ဖိုး ထားနေခြင်းပင် ဖြစ်သည်။

ထိုကြောင့် ယွမ်ဟုန်းအနေဖြင့် ဓားကပ်ဘေး တောင်ထွတ်တွင် ဆက်နေလျှင်ပင် ထိုအနန္တ ရတနာ တစ်ပါးကဲ့သို့ ကျင့်စဉ်ကို လေ့ကျင့်ဖို့ အခွင့်အရေးရမည် မဟုတ်ပေ။

ယွမ်ဟုန်း၏ မျက်လုံးထဲတွင် ထိုရလဒ်ကို လက်ခံနိုင်ခြင်း မရှိပေ။

“အနာဂတ်မှာ မူလသူတော်စင် တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဖြစ်လို့ အလုံးစုံသော သူတော်စင်ဝိညာဉ် ဝိဇ္ဇာပညာကို ကျွမ်းကျင် တတ်မြောက်သွားပြီးရင် ငါ ယွမ်ဟုန်းက အခြားသူတွေထက် အားမနည်းဘူးဆိုတာ တောင်ထွတ် ဆရာသခင် လင်ကျွမ်းတို့လူစု နားလည် သွားစေရမယ်”


Comment

Leave a Reply


Options

not work with dark mode
Reset