: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဘာကြီး…”
စန်ကျောက်ဖု မသိစိတ်က လွှတ်မိလိုက်တဲ့ စိတ်ဝိညာဉ်အနှစ်ကြောင့် စုရှောင်ရှန်၏ မျက်နှာထက်၌ နာကျင်နေသောအမူအရာပေါ်လာခဲ့ပြီး လှုပ်မရဖြစ်သွားခဲ့သည်။
ထိုအဖိုးကြီးကတကယ်ထူးဆန်းသည်။ စုရှောင်ရှန် သူ့ကို ဝင်တိုက်မိပြီးနောက်မှာတောင် ပြောင်သလိုလို နောက်သလိုလို စကားထွက်လာနိုင်သေး၏။
ထို့နောက် ထိုအဖိုးကြီး၏ ထေ့ငေါ့သောစကားပြီးနောက်မှာ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများရောက်လာတာကို တွေ့ရသည်။ သူတို့အားလုံးက လေထဲ၌ တုန်လှုက်ခြောက်ခြားဖွယ်ရာကောင်းသော အရှိန်အဝါများဖြင့် ရပ်နေကြ၏။
သို့ပေမယ့် သူတို့အားလုံး၏ ကိုယ်များက ခုတ်ရာပြတ်ရာများဖြင့် သွေးအလိမ့်လိမ့် လူးနေကြသည်။ သူတို့ကိုကြည့်ပြီး စုရှောင်ရှန်တောင် ပြောစရာစကားများပျောက်ရှသွားရ၏။
“ဘာဖြစ်တာလဲဟ”
ထို့နောက်မှ စန်ကျောက်ဖု၏ သွေးစွန်းထင်းနေသော ပုစိန်ငယ်လေးကိုတွေ့ပြီး ဇာတ်ရည်သွားလေသည်။
ထိုပုစိန်ကိုင်အဖိုးကြီးနှင့် မငြင်းခုန်တာကောင်းပေလိမ့်မည်။ သူကလည်း သူတော်စင်အစေအပါးမှ ဖြစ်နိုင်လောက်ပြီး ရဲ့ရှောင်ထျန်းတို့ကို ခုတ်ချလာတာဖြစ်ရမည်။
စုရှောင်ရှန်၏မျက်နှာဖြူရော်သွားပြီး သူ၏ အရှိန်အဝါများလည်းပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် တုန်တုန်ရင်ရင်ဖြင့် စန်ကျောက်ဖုကို ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ် ကျုပ်က ဖြူကောင်”
ထိုသို့ တကယ် အဖြေရလိမ့်မည်ဟုထင်မထားသည့်အတွက် စန်ကျောက်ဖု စွံ့အသွားရသည်။
သူ့ရှေ့က ပိုးမွှားအလား မူလနန်းတော်နယ်ပယ် စုရှောင်ရှန်ကို လစ်လျူရှူလိူက်ပြီး သူ့ရှေ့ ဖြစ်ပျက်နေသော တိုက်ပွဲကို အာရုံစိုက်လိုက်၏။
အကြီးအကဲစန်းက မျက်နှာဖုံးတပ်လူ၏ ကြောက်ဖွယ်ရာ ဓားအလင်းတန်းကို လက်ထဲ၌ ဖမ်းဆုပ်ထားလေသည်။ ထိုမှ ကြောက်မက်ဖွယ်ရာ အင်အားက လူတိုင်းကို ကျောချမ်းသွားစေဖို့လုံလောက်၏။
ခရက် ခရက်
ထိုဓားအလင်းတန်းတွင် အက်ကြောင်းများထလာခြင်းနှင့်အတူ ကောင်းကင်လည်း ပြိုလဲတော့မည့်ဟန် ပေါ်လာသည်။ နောက်တော့လည်း ဘာမှ မဖြစ်လိုက်ဘဲ လေထဲမှာသာ တိတ်တဆိတ်ပျောက်ကွယ်သွား၏။
ငရဲမီးတောက်ကောင်းကင်မီးလျှံက တကယ် အရာအားလုံးကို လောင်ကျွမ်းနိုင်စွမ်းရှိပေသည်။
အကြီးအကဲစန်း ထိုဓားအလင်းတန်းကို ဖျက်ဆီးလိုက်သည့်မြင်ကွင်းက စန်ကျောက်ဖုကို ကြက်သီးများတဖျင်းဖျင်းထသွားစေခဲ့သည်။
“မင်းဘယ်သူလဲ” စန်ကျောက်ဖုမေးသည်။
သူရှေ့က ထိုကောက်ရိုးခမောက်နှင့်အဖိုးကြီးက သူရင်ဆိုင်ခဲ့ရသော လူငယ်မျိုးဆက်များနှင့် အကွာကြီးဖြစ်တာ သိသာထင်ရှားသည်။
အကြီးအကဲစန်းအသုံးပြုလိုက်သည့် နည်းစနစ်မျိုးကို မြင်ဖူးတယ်ဆိုပေမယ့် ဘယ်မှာလဲဆိုတာ အဖြေရှာမရဖြစ်နေသည်။
ဒါဖြင့် ဒီလူလည်း ယခု ခေတ်က လူသစ်ဖြစ်ကြောင်းမဟုတ်နိုင်လောက်ဟု စန်ကျောက်ဖု ကောက်ချက်ချလိုက်၏။
“စန်ကျောက်ဖုလား” အကြီးအကဲစန်းအံ့အားသင့်သွားသည်။
စန်ကျောက်ဖုက အကြီးအကဲစန်းကိုမသိပေမယ့် အကြီးအကဲစန်း၏ မျက်နှာအနေအထားအရတော့ သူက စန်ကျောက်ဖုကို သိသည့်ပုံပေါ်သည်။
“မင်းဒီမှာဘာလုပ်နေတာလဲ” အကြီးအကဲစန်းမေးသည်။
အကြီးအကဲစန်း၏ ရင်းနှီးသကဲ့သို့ လေယူ လေသိမ်းကြောင့် စန်ကျေက်ဖု နားမလည်နိုင်ဖြစ်သွားရသည်။
ကြည့်ရတာ သူ့ကို လူအတော်များများသိပုံရ၏။
ထို့နောက် မျက်နှာထက်မှာ ဂုဏ်ယူနေသော အမူအရာပေါ်လာပြီး ကိုယ်ကိုယ် ကိုယ်တိုင်တောင်မသိဘဲ ကိုယ်ကိုအလိုလိုမတ်လိုက်မိလေကာ မေးသည်။ “ငါ့ကိုသိလို့လား”
အကြီးအကဲစန်း ဘာမှ မပြောတော့ဘဲ မျက်နှာဖုံးတပ်လူကိုသာ လှည့်ကြည့်လိုက်သည်။ သူ့ခမောက်ကို ဆွဲချလိုက်ရာ မျက်နှာကို အမှောင်ဖုံးသွားတော့၏။
“မင်းကို စိတ်ဝိညာဉ်နန်းတော်နဲ့ ဝေးဝေးမှာ နေဖို့ ငါပြောတယ်မလား”
မျက်နှာဖုံးအောက်မှ သူ၏ အမူအရာပြောင်းလဲသွားရပြီး ချက်ခြင်းအော်လိုက်သည်။ “ကျောက်ဖု”
စန်ကျောက်ဖု မျက်နှာဖုံးတပ်လူကို နားမလည်နိုင်စွာကြည့်လိုက်၏။
ထိုကောက်ရိုးခမောက်နှင့် အဖိုးကြီး၏ စကားအရတော့ သူတို့ကို ထွက်သွားခွင့်ပေးမနေမှာ သိသာသည်။
“ဟီးဟီး မင်းလည်း ကြွားဝါရတာကြိုက်တယ်ပေါ့”
ရှဲ ရှဲ
စကားပြောနေရင်း သူ့အနီးအနားက အပူချိန်တိုးမြင့်လာတာကို စန်ကျောက်ဖု ခံစားလိုက်ရသည်။ မြေပြင်က ချက်ခြင်းခြောက်သွေ့သွားခဲ့ပြီး ကောင်းကင်ကလည်း နေအလွန်အမင်းပူပြင်းတဲ့အခါလို လျှပ်တပြက်တပြက်ဖြစ်လာသည်။
ရှဲ…….။
မြေပြင်ကနေ အဖြူရောင်မီးလျှံတစ်ခု အဝိုင်းသဏ္ဌာန်တောက်လောင်လာခဲ့ပြီး သူတို့ သုံးဦးသားကို ပိတ်လှောင်လိုက်၏။
ထိုမှ ထိုမီးလျှံများက သတိမပေးဘာမပေး မီတာရာနှင့်ချီအောင် ထိုးတက်သွားတော့သည်။
ကောင်းကင်ယံတစ်လျှောက်မှာလည်း အပူချိန်ကတဟုန်ထိုး တိုးမြင့်သွားပြီး သလင်းကျောက်တစ်တုံးကို မီးထိုးလိုက်သည့်အခါ တန်ပြန်ထွက်လာသည့် အလင်းများလို မျက်စိကြိမ်းစဖွယ်ဖြစ်လာခဲ့၏။
“နဂါးလောင်မြိုက်ခြင်းနယ်ပယ်”
မျက်နှာဖုံးတပ်လူက သူမြင်လိုက်ရတဲ့အရာကြောင့် မှင်တက်သွားပြီး အလန့်တကြားထအော်သည်။ “မင်းရူးသွားပြီလား”
အပြင်ဘက်ကလူများလည်း ထိုအံ့မခန်းမီးလျှံတံတိုင်းကြီးကိုကြည့်ပြီး အံ့အားသင့် ကြက်သေသေသွားခဲ့၏။ ထိုနောက်မှာ နဂါးလောင်မြိုက်ခြင်းနယ်ပယ်က စိတ်ဝိညာဉ်အာရုံကိုတောင် လောင်ကျွမ်းနိုင်တာသိလိုက်ရပြီး အထဲ၌ဘာဖြစ်နေသလဲဆိုတာ မမြင်နိုင်တော့ပေ။
ဘာလို့လဲတော့မသိ စုရှောင်ရှန်၏ အကြားအမြင်က ထိုမီးလျှံများကိုဖောက်ထွင်းသွားနိုင်၏။ သို့ပေမယ့် ၎င်းကအလွန်ပူပြင်းနေရာ သူ့တစ်ကိုယ်လုံးကိုတောင် မီးလာဆွဲမတတ်ခံစားလိုက်ရသည်။
: [အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
: [အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]
“ဘာကြီး…”
အသိပေးချက်ဖန်သားပြင် ထိအသိပေးချက်များဖြင့် ထပ်ခါ တလဲလဲ အသစ်ပြောင်းနေလေရာ စုရှောင်ရှန်တောင် စိုးရိမ်သွားရသည်။
ချက်ခြင်း အကြားအမြင်ကိုပိတ်လိုက်ချင်ပေမယ့် ပင်ကိုယ်စွမ်းရည်ဖြစ်နေရာ သူသုံးချင်တဲ့အခါသုံး ပိတ်ချင်တဲ့အခါ ပိတ်ဖို့ မဖြစ်နိုင်ပေ။
“အဖိုးကြီးက တကယ် ကြမ်းတယ်ဟ”
ထိုမှ အကြီးအကဲစန်းတစ်ခါမှ သူ့ရှေ့မှာ တိုက်ခိုက်တာမမြင်ဖူးတာ သတိထားမိသွားသည်။ ထိုကြမ္မာငင်သည့်ညကလည်း မျက်နှာဖုံးတပ်လူကို လျှပ်တပြက်အတွင်းသာ ဖြေရှင်းသွားခဲ့၏။
ယခုမှ အကြီးအကဲစန်း တိုက်ပွဲ၀င်တာကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။
လေညှင်းကလေးတိုက်ခတ်သွားမှုဖြင့်အတူ အကြီးအကဲကျောက် စုရှောင်ရှန်အနားကို ရောက်လာခဲ့သည်။
“စုရှောင်ရှန် မင်းဒီမှာ ဘာလုပ်နေတာလဲ”
ရဲ့ရှောင်ထျန်းလည်း စုရှောင်ရှန်ကို ဒီမှာတွေ့လိုက်ရတာကြောင့် အံ့အားသင့်သွားခဲ့သည်။
ဘာလို့ ဒီကောင်လေးကိုနေရာတိုင်းမှာ တွေ့နေရတာလဲ။
လျှိုရွှမ်ရှင်းနှင့်သတ်ပြီး သူလျှိုမဖြစ်ကြောင်းသက်သေပြချင်တာ အားမရသေးလို့ မျက်နှာဖုံးတပ်လူကိုပါ လာပြီး ပညာပြတာလား။
စစ်မှန်ခြင်းနယ်ပယ်က တစ်စုံတစ်ယောက်အတွက်တော့ တကယ်ရဲတင်းလွန်းပေသည်။
“မင်းကိုသွားပုန်းနေဖို့ ငါပြောတယ်မလား” ရဲ့ရှောင်ထျန်း ကျေနပ်မနေသော လေသံဖြင့် မေးလိုက်သည်။
“ဟုတ်တယ်လေ။ ကျုပ်လည်းပုန်းဖို့လာတာပဲ” စုရှောင်ရှန် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုမင်းက ဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ။ အထုအထောင်းခံချင်နေတာလား”
စုရှောင်ရှန်၏ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်ရှိလိုရှိငြား ရဲ့ရှောင်ထျန်း အကဲခတ်လိုက်သည်။ သို့ပေမယ့် သူ၏ ရှုပ်ပွနေသော အ၀တ်အစားမှလွဲလျှင် ဘာဒဏ်ရာဒဏ်ချက်မှမရှိတာကိုတွေ့ရသည်။
“ပုန်းတယ်ဆိုတော့ ကိုယ့်အိမ်ကိုယ်ပြန်ပေါ့ ဟုတ်တယ်မလား။ ကျုပ်အိမ်က ဒီအနီးနားမှာပဲလေ။ အဲ့တော့ ဘယ်သွားရမှာ” စုရှောင်ရှန် ရိုးရိုးသားသားဖြေလိုက်သည်။
ရဲ့ရှောင်ထျန်း သူ့ကို မကျေမနပ်ကြည့်လိုက်ပြီး တစ်ဘက်သို့ ခေါင်းလှည့်လိုက်၏။
မကြာခင် အကြီးအကဲစန်း၏ ဆေးလုံးကိုစားပြီးနောက်မှာ လမ်းစဉ်ပျက်ဆီးတာကနေ ပြန်သက်သာလာသော ရှောင်ချိစွေလည်း စုရှောင်ရှန်တို့ရှိရာ လျှောက်လာသည်။
“တော်တယ်” ရှောင်ချိစွေက စုရှောင်ရှန်ကိုပြောသည်။
ရဲ့ရှောင်ထျန်းလည်း ရှောင်ချိစွေ၏ ပုခုံးကို အသိအမှတ်ပြုသလို ပုတ်လိုက်၏။ သူထင်သည်က ရှောင်ချိစွေကြောင့် စုရှောင်ရှန်အသက်ရှင်နေနိုင်သေးတယ်ပေါ့။
သို့ပေမယ့် ရှောင်ချိစွေက ခေါင်းခါရမ်းပြကာ စုရှောင်ရှန်ကို ပဟေဠိဆန်ဆန်ကြည့်လိုက်သည်။ ထို့နောက် အတန်ငယ်တွေဝေနေပြီးနောက်မှာ သက်ပြင်းချကာဆိုလိုက်၏။
“ငါဘာမှ မလုပ်လိုက်ရဘူး။ ဒီကလေးကြောင့်သာမဟုတ်ရင် ငါအခု သေသွားလောက်ပြီ”
ရှောင်ချိစွေ၏ စကားကိုကြားသောအခါ လူတိုင်း အံ့ဩဘနန်းဖြစ်သွားကြသည်။ နောက်ကျမှရောက်လာသော ကျန်းပင်းယန်လည်း ထိုအချင်းအရာကိုကြားပြီး အံ့အားသင့်သွား၏။
စစ်မှန်ခြင်းနယ်ကယ်က ကလေးတစ်ယောက်က မျက်နှာဖုံးတပ်လူနဲ့ ဘယ်လိုတိုက်ခိုက်နိုင်တာလဲ။
သူ့အနီးနားက လူအများ၏ မယုံကြည်နိုင်သော အကြည့်များကြောင့် စုရှောင်ရှန်လည်း ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။ ထို့နောက် ပြုံးချင်သလိုလို မပြုံးချင်သလိုလိုနှင့် မီးလျှံတံတိုင်းကြီးကို ညွှန်ပြကာ မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီးဆိုလိုက်၏။
“တွေ့လား။ အဲ့ဒီမျက်နှာဖုံးတပ်လူပေါ်က ဒဏ်ရာတွေက ကျုပ်လုပ်ထားတာလေ”
ထိုအခိုက်အတန့်ကလေးမှာ အချိန်တောင်ရပ်တန့်သွားသလို လူတိုင်း အေးခဲသွားကြ၏။
အကြီးအကဲကျောက် စုရှောင်ရှန်၏ ခေါင်းကိုထုလိုက်သည်။ သူတို့သာ အရေးကြီးတဲ့အခြေအနေအတွင်းမှာ မဟုတ်ခဲ့ရင် ဝါးလုံးကွဲ တဟားဟား ထရယ်နေပြီးလောက်ပြီ။
“မင်း… လေကြီးလေကျယ်တွေပြောနေပြန်ပြီ” အကြီးအကဲကျောက် နှာရှုတ်လိုက်သည်။
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃]
သို့သော် စုရှောင်ရှန်၏ ခေါင်းကိုရိုက်လိုက်သောအခါ ပြန်တွန်းကန်အားတစ်ခုကိုခံစားလိုက်ရတာကြောင့် အကြီးအကဲကျောက် သူ့လက်ကို တအံ့တအော ငုံ့ကြည့်လိုက်သည်။
ထို့နောက် အရင်ကနှင့် ကွဲပြားနေဟန်ရသော စပ်ဖြီးဖြီးအပြုံးနှင့် စုရှောင်ရှန်ကို ကြည့်လိုက်သည်။
ရှောင်ချိစွေလည်း အသက်ကို ခပ်ပြင်းပြင်းရှိုက်ကာ ဆိုလိုက်၏။ “သူတကယ်ပြောနေတာ အဲ့ဒဏ်ရာတွေက သူ့ကြောင့်ဖြစ်တာ”
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃]
အသိပေးချက်ဖန်သားပြင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ စုရှောင်ရှန်ခေါင်းခါရမ်းလိုက်သည်။
၎င်းနှင့် အသားကျပြီးဖြစ်သည်။ သူက အမှန်ကိုပြောနေရင်တောင် လူတွေက ယုံကြည်ဖို့ ငြင်းဆန်ကြ၏။
သူတို့၏ အမူအရာများက မယုံသင်္ကာဖြစ်ခြင်းမှ တုန်လှုပ်မှုအဖြစ်သို့ ပြောင်းသွားတာကိုမြင်သောအခါ ရေရွတ်လိုက်သည်။ “ဓားတစ်ချက်လေးပဲကို ဘာတွေ ဖြစ်နေကြတာလဲ”
ဘယ်သူမှ ဘာမှ မပြောကြပေ။
ရှောင်ချိစွေ သူ့ကို စူးစူးရှရှကြည့်လိုက်၏။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“သူတို့မချကြသေးဘူးလား ဒီတိုင်းကြီးပဲ ရပ်နေကြတယ်”
သူ့ဘေးနားက ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများကို အပမထားတော့ဘဲ အဖြူရောင်မီးလျှံတံတိုင်းကြီးကိုကြည့်ပြီး စုရှောင်ရှန်ပြောလိုက်သည်။ သူတို့လည်း မီးလျှံတံတိုင်းကြီးကို စုရှောင်ရှန်၏ စကားကြောင့်ကြည့်လိုက်ကြ၏။
ထိုပြိုးပြိုးပြက်ပြက် တောင်လောင်နေသည့် မီးလျှံများက မျက်လုံးကြိမ်းစေလောက်အောင် လင်းထိန်နေပေသည်။ ငရဲမီးတောက်ကောင်းကင်မီးလျှံက သဏ္ဌာန်မဲ့ကာ အရောင်လည်းမဲ့ပေသည်။ ၎င်းကို စုရှောင်ရှန် သဏ္ဌာန်ပေါ်လာတာ ဒုတိယအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်၏။
ပထမတစ်ကြိမ်က ငရဲမီးတောက်ကောင်းကင်နည်းစနစ်ကို ပထမဆုံးလေ့ကျင့်စဉ်က ဖြစ်သည်။
“မူလဇစ်မြစ်ကို ပြန်သွားခြင်းပေါ့လေ”
စုရှောင်ရှန် အတွေးနက်နေသည့်အချိန်မှာ အကြီးအကဲကျောက်က နောက်တစ်ကြိမ် ခေါင်းထပ်ထုလိုက်သည်။
စုရှောင်ရှန် သူဘာအမှားမှလည်း မလုပ်မိတာကြောင့် မကျေမချမ်းဖြစ်သွား၏။ ထိုခေါင်းထုမှုက မနာကျင်ပေမယ့် သူ့ကို အငိုက်ဖမ်းလိုက်လေကာ လန့်ဖျပ်သွားရပေသည်။
“ဘာလို့ရိုက်တာလဲ” သူဘာမှလည်း မလုပ်မိချေ။
အကြီးအကဲကျောက်သူ့မျက်စိထောင့်စွန်းက မျက်ရည်များကို သုတ်ပြီး ဆိုလိုက်သည်။ “မင်းက အကြွားသန်နေတာကိုးကွ။ ငါတောင်ဘာမှ မမြင်ရတာ မင်းက အားလုံးကို မြင်နေရသလိုလိုနဲ့ ပြောနေတယ်”