ထိုအဖြူရောင်ဓားစွမ်းအင်မှ အလင်းရောင်က လင်းလက်လွန်းလို့ လရောင်ကိုတောင် လုံးလုံးဖုန်းကွယ်သွားပြီး ညကောင်းကင်ကြီးကို ထိန်ထိန်လင်းသွားစေတော့သည်။
“နေထွက်ပြီလား”
အတွင်းစည်းဂိုဏ်းသားများ ထိန်ထိန်လင်းနေသော ကောင်းကင်ယံကြီးကိုကြည့်လိုက်ကြသည်။ အပြင်စည်းမှလူများတောင် ထိုအလင်းကို စိတ်၀င်တစားကြည့်လိုက်ကြပေသည်။
“လခွမ်း။ ဒါက အတွင်းစည်းက တိုက်ပွဲကြောင့်ဖြစ်ပေါ်လာတာလား။ ကြမ်းလိုက်ကြတာကွာ… ပြောစရာစကားတောင်ပျောက်တယ်”
“ကျစ် ကျစ် ကျစ်…။ ဒီလိုအရာမျိုးမြင်ရမယ်လို့မထင်ထားဘူး။ ဒီလောက်ကြမ်းဖို့ဆို အဆင့်ဘယ်လောက်ရောက်နေရမလဲ မသိဘူး”
“ဟမ်။ မင်းက… ဒန်ထျန်တောင်မဖွင့်ရသေးဘဲ ပြောနေလိုက်တာ ဘာလို့ လေလာမပေါဘဲ မြန်မြန်သွားမကျင့်ကြံတာလဲ”
“ဘာကြီး…”
“မင်းတို့ကောင်တွေ ပါးစပ်ပိတ်ထားလို့မရဘူးလား”
ဂိုဏ်းသားသစ်များက ခြံစည်းရိုးနံရံပေါ်မှာ၊ သစ်ပင်များပေါ်မှာ မြေပြင်မှာနေ၍ ကောင်းကင်မှာ ဖြစ်ပျက်နေသည့်အရာကို ကြည့်ပြီး စိတ်လှုပ်တရှား ဆွေးနွေးနေကြသည်။
ပြီးနောက် ကျယ်လောင်သော အသံကြီးတစ်ခုကိုကြားလိုက်ကြရ၏။
အဖြူရောင်ဓားစွမ်းအင်က ကောင်းကင်ယံက လေဟာနယ်ကိုတောင်စုတ်ဖြဲသွားခဲ့ရာ သူတို့တောင် ဆွဲစုပ်ခံလိုက်ရသလို မျောချင်သလိုလိုဖြစ်လာကြတာကြောင့် ထိတ်လန့်ခြောက်ခြားစွာ တံတွေးများမျိုချလိုက်ကြသည်။
“စည်းကမ်းကြီးကြပ်သူ ၀မ်။ ဒါဘာဖြစ်နေတာလဲ”
“အတွင်းစည်းက တိုက်ခိုက်နေတဲ့ ညီအကိုတွေကြောင့်ဖြစ်တာလား”
သူတို့ စည်းကမ်းကြီးကြပ်သူ၀မ်ဟုခေါ်သည့်လူက လက်နောက်ပစ်ကာရပ်နေလေသည်။ သူ့မျက်၀န်းများအတွင်း စိုးရိမ်မှုများကို တွေ့ရပြီး “ဟုတ်တယ် မင်းတို့ ပြန်သွားအိပ်ကြတော့။ ဘာမှမဖြစ်ဘူး”
…
စိတ်ဝိညာဉ်နန်းတော်အပြင်ဘက်၌ …။
ဧကရာဇ်နယ်ပယ်ကျင့်ကြံသူအများကြီးက ကောင်းကင်ပေါ်က အရေတွန့်နေပြီဖြစ်သော ပုစိန်ငယ်တစ်လက်နှင့် အဖိုးကြီးတစ်ယောက်ကို ဝိုင်း၀န်း တိုက်ခိုက်နေကြသည်။
သွေးများနေရာအနှံ့ကို ပြန့်ကျက်နေပြီး မြင်ကွင်းက ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။
တည်ထောင်ကယသူအကြီးအကဲနှစ်ဦးက စတင်၍ အထိနာကျသူများဖြစ်ကာ ကောင်းကင်မှ ခုတ်ရာ၊ ဖြတ်ရာ အပြည့်ဖြင့် ပြုတ်ကျတော့သည်။ မြေပြင်ကိုထိသောအခါ ကျယ်လောင်သော အသံကြီးတစ်ခု ပေါ်လာခဲ့ပြီး သတိလစ်မေ့မျောသွားကြ၏။
သူတို့တိုက်ခိုက်စွမ်းရည်များ ဆုံးရှုံးသွားလေပြီ။
ရဲ့ရှောင်ထျန်းနှင့် ကျန်းပင်းယန်တို့ ပူးပေါင်းပြီး တိုက်ခိုက်တာတောင် စန်ကျောက်ဖု၏ ကြမ်းတမ်းပြင်းထန်သော တိုက်ခိုက်မှုများကို မနည်း ခုခံနေရ၏။ ထိုပုစိန်က တစ်ချက်တည်းဖြင့် သူတို့အသုံးပြုလိုက်သော လမ်းစဉ်ကို ဖြတ်ချနိုင်နေရာ ခုခံဖို့တကယ် ခဲယဉ်းပါသည်။
“နန်းတော်သခင်ရဲ့။ ကျုပ်အားနည်းတာတော့မဟုတ်ဘူး ဒါပေမယ့် တကယ် အကန့်အသတ်ကို ရောက်နေပြီ”
ကျန်းပင်းယန် ရင်ဘက်ကိုကိုင်၍ ဟောဟဲဆိုက်နေရင်းကပြောသည်။ ဆက်လက်တိုက်ခိုက်နေရင် သူတကယ် နှလုံးဖောက်သွားတော့မည်။
“ကျုပ်ရဲ့ အကူအညီတောင်းစာထဲမှာ အသေအချာကို သူတော်စင်အစေအပါးက အမြင့်ပိုင်း ရန်သူတွေလာမယ်လို့ သေချာထည့်ရေးပေးလိုက်တယ်လေ”
ရဲ့ရှောင်ထျန်း လှည့်၍တောင်မကြည့်ဘဲ ကောင်းကင်ပေါ် ပျံတက်သွားသည်။
သူ၏ စကားကို အတည်မမှတ်ယူဘူးဆိုတာသိရင် မြင့်မြတ်နတ်ဘုရားနန်းတော်ကို အကူအညီတောင် မတောင်းခဲ့ပါဘူး။ ရဲ့ရှောင်ထျန်း စိတ်ထဲကသာ ကျိန်ဆဲလိုက်ပြီး ပါးစပ်ကြီးပိတ်နေသည်။
မြင့်မြတ်နတ်ဘုရားနန်းတော် ဤအရေးကိစ္စကို ပေါ့သေးသေးမှတ်ယူတာ သူမကျေမနပ်ဖြစ်နေသည်။ ထိုသို့ ဖြစ်လိမ့်မယ်ဟု သူလည်းထင်မှတ်ထားခြင်းမရှိခဲ့ရာ အကြီးအကဲစန်းပြောတာများ တကယ် မှန်နေခဲ့သလားလို့ အတွေး၀င်သွား၏။
၎င်းကမြင့်မြတ်နတ်ဘုရားနန်းတော်သည် သူတော်စင်အစေအပါးတို့၏ အကြံအစည်ကို အရေးမလုပ်ဘူးဆိုတဲ့ သက်သေပဲဖြစ်ပေသည်။
ကျန်းပင်းယန်၏ မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။ သူလည်း ဒီလောက်ကြီး ဆိုးရွားနေမယ်လို့ မထင်ခဲ့ပါချေ။
သူတော်စင်အစေအပါးတွေရဲ့ စွမ်းပကားကို သူသာ မျက်စိဖြင့်ကိုယ်တိုင်မမြင်ရလျှင် ယခင်ကကဲ့သို့ လွယ်လင့်တကူ ဖြေရှင်းလို့ရသည့် အဖွဲ့အစည်းလေးတစ်ခုသာဟု ထင်နေပေဦးမည်။
“မီးစလေးတစ်ခုက တောတစ်ခုလုံးကို မီးလောင်တိုက်သွင်းနိုင်တယ်ဆိုတာ ဒါမျိုးများလား”
နောက်ထပ် ပုစိန်ဖြင့်ခုတ်တာခံရ၍ နောက်ပြန်လွင့်လာသော ရဲ့ရှောင်ထျန်းနောက်ကို အမှီလိုက် လိုက်သည်။ သူ၏ ယခင်က ဆံဖြူများက သွေးဖြင့် ရဲရဲနီနေတာကိုကြည့်ပြီး ဘာပြောရမယ်မှန်းမသိတော့ပေ။
“ကျုပ်တို့ အလျာ့ …” ကျန်းပင်းယန် စကားမစရသေးခင်မှာ ရဲ့ရှောင်ထျန်းက တစ်ချက်စောင်းကြည့်ပြီး ပြန်ပျောက်သွားသည်။
ဒီနေရာက သူ၏ စိတ်ဝိညာဉ်နန်းတော်ပါ။ ကျုပ်တို့ဆိုတဲ့ စကားက သူပြောချင်တိုင်းပြောလို့မရပါချေ။
ဘုန်းးးး…။
ရုတ်တရက် လင်းလင်းလက်လက်တောက်ပလာသော အဖြူရောင်အလင်းတန်းတစ်ခုကြောင့် သူတို့အားလုံး ချက်ခြင်း ရပ်တန့်သွားခဲ့သည်။ သူတို့က ကောင်းကင်ယံမှာ ထိန်လင်းတောက်ပနေသည့် နှင်းမြို့တော်၏ အလွမ်းကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါသည်။
“ဒီဓားက ရှင်းရှင်းရဲ့ဓားမလား”
သူ့လက်ထဲက အစီအရင်ပဲ့ကိုင်က တိုက်ခိုက်မှုအားလုံးကို ဆုံးရှုံးသွားခဲ့လေပြီး ၎င်းကို ချက်ခြင်း ပြန်သိမ်းလိုက်ပါသည်။
ရဲ့ရှောင်ထျန်း၏ မျက်၀န်းများအတွင်း၌လည်း ဒေါသမီးလျှံတို့တောက်ပလာသည်။ သူ့သွားများ တင်းတင်းကြပ်ကြပ်ကြိတ်နေသံကြီးကို ဘေးကတောင်ကြားရနိုင်သည်။
“ငါတို့ ကျရှုံးသွားသေးတာပေါ့”
ရဲ့ရှောင်ထျန်း စိတ်အားပျက်လျော့စွာ ခါးသက်သက်ခံစားနေရ၏။ သူတို့အစီအစဉ်အရတော့ အကြီးအကဲစန်းက စုရှင်းရှင်းကို ကာကွယ်ရန်မဟုတ်ပါလား။ သူတောင် မျက်နှာဖုံးတပ်လူကို မတားဆီးနိုင်ဘူးလား။
စန်ကျောက်ဖုလည်း ထိုကြောက်မက်ဖွယ်ရာအတိ ဓားဆန္ဒကြောင့် မှင်တက်သွားခဲ့သည်။ သူသိရသလောက်တော့ ၎င်းက မျက်နှာဖုံးတပ်လူ အစွမ်းကုန် ရေကုန်ရေခမ်း တိုက်ခိုက်ခြင်းမှသာ တွေ့မြင်နိုင်ခြင်းဖြစ်သည်။
“ဒီကောင်လေး ရူးသွားပြီလား။ သူ့ဒဏ်ရာတွေဘယ်လောက်ပြင်းထန်လဲ မသိတာလဲမဟုတ်ဘဲနဲ့။ ကိုယ့်ကိုယ်ကိုယ်သတ်သေနေတာလားဟ။ စိတ်ဝိညာဉ်နန်းတော်ထဲမှာ သူ့ကို ဘယ်သူများ ဒီလို ရန်စရဲရတာလဲ”
စန်ကျောက်ဖု၏ မျက်နှာထက်၌ သံသယများပေါက်ဖွားလာသည်။ အခြားရွေးချယ်စရာလည်းမရှိတော့ရာ ထိုမုန်တိုင်းအလယ်ကို ပျံသန်းသွားလိုက်ပါသည်။
ရဲ့ရှောင်ထျန်း သူခံစားနေရသော ဒဏ်ရာများကို အတင်းဖိနှိပ်လိုက်ရာ နာကျင်မှုကြောင့် ညည်းညူသံများတောင်ထွက်လာရသည်။
“စန်ကျောက်ဖုနောက်ကို လိုက်ကြ”
……
တောင်အနောက်ဘက်တွင်…။
အကြီးအကဲစန်းရပ်နေရာကို စုရှောင်ရှန် အပြေးလေးသွားလိုက်သည်။
မျက်နှာဖုံးနှင့်လူကို တိုက်ခိုက်တာရပ်ဖို့ အကြီးအကဲစန်း အချိန်ကိုက်တားလိုက်ပေလို့ ကံကောင်းသွားတာပေါ့။
မဟုတ်ရင် ထိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအောက်မှာ အစအနမကျန်အောင်တောင်ဖြစ်သွားနိုင်သည်။
စုရှောင်ရှန် အသိပြန်လည်လာခဲ့ပြီး မျက်နှာဖုံးတပ်လူကလည်း တကယ်ကို ဒေါသတထောင်းထောင်းထနေပါသည်။
၎င်းက ပထမဆုံးအကြိမ်အဖြစ် ပြင်းပြင်းထန်ထန် အရိုက်အနှက်ခံရခြင်းဖြစ်သည်။ ဒီကောင်လေးသူ့ အားနည်းချက်ကို ဖောက်မြင်နိုင်တာ ၀န်ခံရပေမည်။
၎င်းက စုရှောင်ရှန်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် စွမ်းဆောင်ရည်တို့ကို သက်သေပြလိုက်၏။
သူ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီ ဆက်တိုက် တိုက်ခိုက်နေတာ သူတောင် ဒူးထောက်ကျတော့မတတ်ဖြစ်သည်။
သူတို့အရင်တစ်ခေါက်တွေ့တုန်းကထက်လည်း အသက်က ကြီးမလာပါဘူး။ ဘာလို့ ဒီလောက် တိုက်ခိုက်မှုတွေက ကြမ်းတမ်းနေရတာလဲ။
ဘာဖြစ်ဖြစ် တစ်ခုမှ အရေးမပါတော့ပါ။
မျက်နှာဖုံးတပ်လူ ဒေါသတပြင်းအော်လိုက်ရာတွင် ကောင်းကင်ယံတွင်ရှိ နှင်းမြို့တော်၏ အလွမ်းက တုန်ခါလာခဲ့ပြီး နာမည်ကြီးဓားဆိုတာ ဘာကောင်လဲ ခွန်အားကို ပြသလိုက်သည်။
အဖြူရောင်ဓားစွမ်းအင်များဆက်တိုက် သိပ်သည်းလာနေခဲ့ပြီး ညကောင်းကင်ကို နေ့အလား ထိန်လင်းနေစေခဲ့သည်။ နေရာတစ်ဝိုက်ကိုလည်း အေးစက်စက် အရှိန်အဝါများက နေရာယူထား၏။ ထို့နောက် ရေခဲတမျှ အေးစက်စက် ဓားဆန္ဒက ကောင်းကင်ယံကို ထပ်မံ၍ တိုးကာ ထိန်လင်းစေမည့် ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြန်သည်။
ရွှစ်…။
ထိုဓားအလင်းတန်းကြောင့် စုရှောင်ရှန်၏ ဒူးများပျော့ခွေသွား၏။
ထိုအရာထံကနေ ဘယ်လို ထွက်ပြေးနိုင်မှာလဲ။ အစက မျက်နှာဖုံးတပ်လူနှင့် သူ့အကြား အကွာအဝေးတစ်ခုကိုခြားထားတာကြောင့် အကြီးအကဲစန်းစီ အရှင်သခင်နယ်ပယ် လျင်မြန်မှုဖြင့် အလွယ်တကူပြေးလို့ရမယ်မှတ်နေသည်။
သူတကယ် အတွက်အချက်မှားခဲ့ချေ၏။
ထိုမှ သူ့စွမ်းဆောင်ရည်နှင့် အခြားသူများ၏ ခွန်အားကို မတိုင်းတာသင့်ကြောင်း သိလိုက်ရသည်။ ပိုးဖလံကောင်က အဘယ်မှာ ဘီလူကြီး၏ ခွန်အားကို မှန်းဆနိုင်ပါမည်နည်း။
မျက်နှာဖုံးတပ်လူ၏ တိုက်ခိုက်မှုကနေ ထွက်မပြေးနိုင်ပေမယ့် အကြီးအကဲစန်းစီ လမ်းတစ်၀က်ကိုရောက်နှင့်နေပြီဖြစ်သည်။ ထိုဓားအလင်းတန်းက သူ့ထံကိုရောက်လာပြီဖြစ်ရာ ထိပ်တိုက်ရင်ဆိုင်ရုံမှလွဲ၍ တခြားမရှိတော့ချေ။
“ဘာဖြစ်ဖြစ်ကွာ … ရှိသမျှ အကုန်သုံးမယ်”
သူ့တံတောင်ဆစ်ကိုကွေးညွှတ်ပြီး ပင်ကိုယ်လက်သီးကို ထုတ်လွှတ်ရန် ပြင်လိုက်၏။
ထိုအခိုက်မှာ အကြားအမြင်မှ အကြီးအကဲစန်းက သူ့ခမောက်ကို အသာအယာ မတင်လိုက်တာ တွေ့လိုက်ရသည်။ ထိုဓားအလင်းတန်းက ဖုန်းကွယ်ထားခဲ့သော အကြီးအကဲစန်း၏ မျက်လုံးအိမ်ထဲ၌ ပေါ်လာလေသည်။
“မင်းတော့ သေချင်နေတာပဲ”
အကြီးအကဲစန်း ဒေါသထွက်သွားသည်။ သူသဘောကျသည့် လူများကို တိုက်ခိုက်ခွင့်ပေးမည်မဟုတ်ဘဲ စုရှောင်ရှန်က သူ၏ တပြည့်ဖြစ်နေရာ ပိုလို့တောင်ဆိုး၏။
ဘုန်းးး…။
အကြီးအကဲစန်း ထိုဓားအလင်းတန်းကို လက်သီးချက်ဖြင့် ပစ်ထိုးရင်ဆိုင်လိုက်ရာမှာ နားစည်ကွဲမတတ် ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာခဲ့သည်။ ပတ်ပတ်လည်ရှိ အရာအားလုံးလည်း မီတာရာနှင့်ချီ၍ ကျော်အောင် ကောင်းကင်ယံပျံတက်သွားခဲ့သည်။
လေဟာနယ်လည်း စုတ်ပြဲလာခဲ့ပြီး မသိရင် ရှေးဦးသတ္တဝါကြီးတစ်ကောင်က မာန်ခဲပြကာ အရာအားလုံးကို ဝါးမျိုတော့မလိုနဲ့ စုပ်ယူတော့၏။
စုရှောင်ရှန်လွင့်ပျံထွက်သွားသည်။
အကြီးအကဲစန်းနှင့် ထိုဓားအလင်းတန်းတို့ ထိပ်တိုက်တွေ့ဆုံရာနေရာကိုကြည့်ပြီး အကြီးအကဲစန်းသာ သူ့ကိုတွန်းမလွှတ်လိုက်ရင် မျက်နှာဖုံးတပ်လူ၏ ဓားအလင်းတန်းကို ပင်ကိုယ်လက်သီးလေးဖြင့် ခုခံနိုင်မှာမဟုတ်ဘူးဆိုတာ သိလိုက်ရသည်။
“ကြမ်းလိုက်တာ ကြက်သီးတောင်ထတယ်”
ထိုဓားအလင်းတန်းသာသူ့ကိုထိမှန်သွားရင် အစအနတောင်ကျန်လိမ့်မည်မဟုတ်ချေ။ စုရှောင်ရှန်လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်၏။
ပင်ကိုယ်စနစ်၏ ထောက်ပံ့ပေးထားသော ပင်ကိုယ်စွမ်းရည်များနှင့် သူ့လေ့ကျင့်မှူများဖြင့်တောင် ထိုသို့ ဓားချက်ကိုခုခံရန်က အိမ်မက်အလား။
စုရှောင်ရှန် သူ့ကိုယ်သူ ဘ၀င်ခိုက်နေတာ ရပ်သွားသည်။
သူ့ပင်ကိုယ်စွမ်းရည်များဘယ်လောက် နတ်ဘုရားသဖွယ်ဖြစ်နေပါစေ နယ်ပယ်တူလောက်မှသာ ကောင်းကောင်းမွန်မွန် အသုံးတည့်နိုင်ပေမည်။
စတင်ခြင်းနယ်ပယ်ပင်ကိုယ်စွမ်းရည်က စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ်နည်းစနစ်နှင့် မယှဉ်နိုင်ပါချေ။ ၎င်းကို မိုမိုနှင့် အပြင်စည်းမှာ တိုက်ခိုက်တုန်းက သက်သေပြခဲ့ပြီးချေပြီ။
မျက်နှာဖုံးတပ်လူကို ရင်ဆိုင်နိုင်မယ်လို့ ဘယ်အရာက သူ့ကို သွေးနာထင်ရောက်သွားစေတာလဲ။
သူ့စိတ်အားထက်သန်မှုကလား။ မျက်နှာဖုံးတပ်လူက သူ့ကို မမှတ်မိနိုင်ရင် လုပ်ချင်တာလုပ်လို့ရမယ်လို့ ဘယ်လို ဦးနှောက်နဲ့များ တွေ့ခဲ့ပါလိမ့်။
ထိုမှ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ပြန်လည်နိုးထလာသော စုရှောင်ရှန် ချွေးစေးများထွက်လာတော့သည်။
ထျန်းရွှမ်းတံခါးထဲကို၀င်ပြီးနောက် အတော်အတင့် အစွမ်းထက်လာသည့်အတွက် ဘ၀င်ခိုက်နေခြင်းက ထိုဓားတစ်ချက်တည်းဖြင့်ပျောက်သွားသည်။
မီးခိုးမြူပုံရိပ်က သူ့ကို တစ်ခါနှိမ်ချပေးပြီးတာကို မမှတ်သေးဘဲ ဆက်လက်၍ ဘယ်လိုများ ရူးရူးမိုက်မိုက်လုပ်ဖို့ စိတ်ကူးပေါက်ရဲရတာလဲ။
“ငါမတိုက်ခိုက်ခဲ့သင့်ဘူး။ အဖိုးကြီးလည်း သူ့ကိုမနိုင်ရင် ငါတော့ ဂွမ်းပြီ”
ဘုန်း…။
စုရှောင်ရှန် တစ်စုံတစ်ခုကိုတိုက်မိပြီး လွင့်ထွက်လာရာလမ်းကြောင်းက သွေဖယ်သွားတော့သည်။
အကြီးအကဲစန်းကြောင့် သူက လွင့်ထွက်သွားကာ အနက်ရောင်စုပ်ခွက်ကြီးစုပ်ယူတာ မခံလိုက်ရခြင်းဖြစ်ပါသည်။ ထိုမှ အကြီးအကဲစန်း ဘယ်လောက် သန်မာသလဲသိနိုင်သည်။
စုရှောင်ရှန် နောက်ကိုလည်ပြန်ကြည့်လိုက်ရာမှာ သွေးသံတရဲရဲဖြင့် ပုစိန်ငယ်တစ်လက်ကိုင်ထားသော အရေတွန့်အဖိုးကြီးတစ်ဦးကို တွေ့လိုက်ရသည်။
“လခွမ်း ဒီလူ့ကိုတိုက်မိသွားတယ်လို့တော့မပြောနဲ့”
စန်ကျောက်ဖုလည်း ထိုလူငယ်လေးကို တအံ့တဩကြည့်လိုက်သည်။
ဧကရာဇ်နယ်ပယ် ကျင့်ကြံသူအများကြီးနှင့် တိုက်ပွဲမှာတောင် သွေးတစ်စက်ကလေးမကျခဲ့တာ ယခု ဒီကလေးနှင့်တိုက်မိတော့ ခေါင်းတောင်ကွဲသွားခဲ့တယ်တဲ့။ ဘယ်လိုဖြစ်နိုင်မှာလဲ။
ဒါ့အပြင်ကို ထိရုံလေး တိုက်မိလိုက်ချိန် တစ်ကိုယ်လုံးမှာလည်း ဓားခုတ်ရာ ပြတ်ရာများ ရသွားခဲ့သည်။
ထိုကလေးကများ ထိတိုက်မိသည့် အချိန်စပ်ကြားလေးမှာ နည်းစနစ်တစ်ခုခုကို လျှက်တပြက် သုံးလိုက်သလားမသိရချေ။
စန်ကျောက်ဖန် မနေနိုင်တော့ဘဲ မေးလိုက်သည်။
“မင်းက ဖြူကောင်လားဘာလား”