“၀မ်မင်”
မျက်နှာဖုံးတပ်လူ မှင်တက်သွားသည်။
ဒီကလေးက အရင်တစ်ခေါက်တုန်းက သူလမ်းမေးခဲ့သည့် ကောင်လေးမဟုတ်လား။ ဘာလို့ ဒီတောင်တန်းထဲမှာပေါ်လာတာလဲ။ ဒါ့အပြင်ကို သူ့ကိုလည်း ဓားနဲ့ ထိုးလိုက်သေးသည်။
စုရှောင်ရှန်၏ ခြေထောက်များပျော့ခွေကျသွားသည်။ သူ့တွက်ချက်မှုများထဲမှာ မျက်နှာဖုံးတပ်လူ ဘာအသိပေးချက်မှ မပြုဘဲ သူ့မျက်နှာဖုံးကိုဆွဲခါလိမ့်မယ်လို့ မပါချေ။
သူလည်း ထိုသို့ ပြန်လုပ်ရမှ တော်ကာကျမည်။
ရွစ်…။
သို့ပေမယ့် မျက်နှာဖုံးတပ်လူ၏ လှုပ်ရှားမှုက ပို၍ မြန်နေခဲ့ပြီး စုရှောင်ရှန်၏ လက်ကို ကိုင်ဆုပ်လိုက်သည်။ ထိုမှ အသားထဲထိ လက်များစိုက်သွား၏။ စုရှောင်ရှန် နာကျင်မှုကြောင့်ပြန်ဆွဲလိုက်ရာ တုတ်တုတ်မျှ မလှုပ်သည်ကို အလန့်တကြားတွေ့လိုက်ရသည်။
ဒါက သူအားနည်းတယ်ဆိုတဲ့ အခြေအနေလား။ လခွမ်း။
မျက်နှာဖုံးတပ်လူသူ့ကို ဖမ်းလိုက်တာနဲ့ ဘာလို့ လှုပ်လို့မရတော့တာလဲ။ အရင်တစ်ခေါက်တုန်းက ဒီလိုမဟုတ်ပါဘူး။ ပြီးတော့ သူ့မှာ အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ရှိတာလေ။ ဘာလဲဟ။
“အမ်… အာ… ဒါက အထင်လွဲတာပါ” စုရှောင်ရှန်ဆိုသည်။
“ပါးစပ်ပိတ်ထားစမ်း”
မျက်နှာဖုံးတပ်လူက အော်ပြီး ဖိလိုက်ရာ စုရှောက်ရှန် ပုံလျက်သားလဲကျသွား၏။
သူ့မျက်နှာက နာကျင်မှုကြောင့် ရဲရဲနီနေပြီး စကားတစ်လုံးကိုတောင် မနည်းဖျစ်ညှစ်ထုတ်ပြီးမှ ပြောလိုက်နိုင်သည်။ “ကျုပ်ဒီပုံစံကြီးမကြိုက်ဘူး”
မျက်နှာဖုံးတပ်လူ သူ့ကို မှင်သေသေကြီးစိုက်ကြည့်နေသည်။
အဟွတ် အဟွတ်…။
မျက်နှာဖုံးတပ်လူပြန်၍ ချောင်းဆိုးလာခဲ့ကာ သွေးများတောင် ပါလာတော့မတတ်ဖြစ်သွားသည်။
အခွင့်အရေးကို အကောင်းဆုံး အသုံးချကာ စုရှောင်ရှန် မျက်နှာဖုံးတပ်လူကို ဒူးဖြင့်တိုက်လိုက်၏။
ဘုန်း…။
အရှင်သခင်နယ်ပယ် အံ့မခန်း ခွန်အားနှင့် ကြော့ကွင်းမှ ပြန်ကန်အားတို့က ကြောက်မက်ဖွယ်ရာအတိ ခွန်အားကို ပေးစွမ်းလိုက်သည်။ ထိုဒူးတိုက်ချက်မှ မျက်နှာဖုံးတပ်လူ လေထဲကို လွင့်ပျံတက်သွားတော့၏။
မျက်နှာဖုံးတပ်လူသူ့ကိုသာ တိုက်ခိုက်ရင် ခုခံနိုင်လိမ့်မှာ မဟုတ်တာ စုရှောင်ရှန် သိသည်။ ဘာဖြစ်ဖြစ် ကြော်ပြီးသာကြက်ဥက ပြန်ပြောင်းလို့မှ မရတော့တာ စွန့်စားရတော့မှာပေါ့။
ပြောရရင် မျက်နှာဖုံးတပ်လူက တိုက်ခိုက်မှုကိုသာ အသားပေးပြီး ခုခံမှုကို တိုးတက်အောင် ဘာမှ မစွမ်းဆောင်ထားသလိုလိုနှင့် စုရှောင်ရှန်သူ့ကို တိုက်ခိုက်သောအခါမှာ မျက်နှာဖုံးတပ်လူက ဖျားနာနေသောလူသကဲ့သို့ ဘာကိုပြန်မထိုး ပြန်မခုခံနိုင် ရှိနေသည်။
စုရှောင်ရှန်လည်း မျက်နှာဖုံးတပ်လူ၏ ဒန်ထျန်က သူ့ထက် နိမ့်ကျနေတာကို တွေ့ရ၏။
သူပဲ ထင်ယောင်ထင်မှားဖြစ်နေတာလားမသိ မျက်နှာဖုံးတပ်လူက ပထမတစ်ကြိမ်တွေ့တုန်းကထက် ပို၍ အားနည်းနေသည်ဟု ခံစားနေရသည်။
ထိုစဉ်ကဆို မျက်နှာဖုံးတပ်လူ၏ ဒန်ထျန်က စစ်မှန်ခြင်းနယ်ပယ်လောက်မှာရှိလေသည်။ ယခုတော့ စတင်ခြင်းနယ်ပယ် ဒန်ထျန်သာသာကို ပြောင်းသွားခဲ့၏။
သူတော်စင်အစေအပါးတွေက ပိုပြီးကြမ်းလေလေ ကျင့်ကြံခြင်းအဆင့်နိမ့်လေလေ များလား။
ယခု သူတို့ကြားက အကွာအဝေးက ကွာသွားခဲ့ရကာ စုရှောင်ရှန် ချက်ခြင်းထပြေးရန်လုပ်၏။ လေထဲကို အကန်ခံလိုက်ရပြီးနောက်မှာ မျက်နှာဖုံးတပ်လူက ပြန်ထရပ်ရန်တောင် မနည်းကြိုးစားနေရလေသည်။
ထရပ်လာပြီးနောက်မှာလည်း မျက်နှာဖုံးတပ်လူက သူဓားပျံစစီးစဉ်တုန်းကလို တုန်တုန်ရီရီ ရှိနေတာကို မြင်ရပြီး စုရှောင်ရှန်အံ့အားသင့်သွားသည်။
“နေပါဦး။ သူမပျံနိုင်ဘူးတဲ့။ တကယ် စတင်ခြင်းနယ်ပယ်ကို ကျင့်ကြံမှုက နောက်ပြန်ရစ်သွားတာလားဟ” ဟုရေရွတ်ပြီးနောက်မှာ မီးတောက်အစေ့တစ်စေ့ သိပ်သည်းပြီး မျက်နှာဖုံးတပ်လူထံ ပစ်ကြည့်လိုက်သည်။
ဘုန်းးးး…။
ထိုပေါက်ကွဲမှုမှ မျက်နှာဖုံးတပ်လူ ထပ်မံ လွင့်ထွက်သွားခဲ့၏။
“တကယ် အားနည်းနေတာပဲ” မျက်ခုံးများ ပင့်လိုက်သည်။
သူဘယ်လိုကြည့်ကြည့် ဒီလူက စိတ်ဝိညာဉ်နန်းတော်တစ်ခုလုံးကို တစ်ယောက်တည်း အနိုင်ယူသွားသည့်သူနှင့် မတူသည်လို့ ခံစားရလေလေ ဖြစ်သည်။
: [ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
အသိပေးချက်ကျလာခြင်းနှင့်အတူ စုရှောင်ရှန်၏ မျက်လုံးများ ၀င်းပသွားသည်။ တိုက်ခိုက်မှုက အလုပ်ဖြစ်တယ်ပေါ့။
မဖြစ်ရင် မျက်နှာဖုံးတပ်လူဘာလို့ ကျိန်ဆဲနေမလဲ ဟုတ်တယ်မလား။
တုန့်ဆိုင်းခြင်းမရှိ နောက်ထပ် မီးတောက်ငါးစေ့ကို စုရှောင်ရှန် ထပ်မံ ပစ်လွှတ်လိုက်သည်။
“၀မ်မင်… မင်း…”
ဘုန်း ဘုန်း ဘုန်း…။
ထိုအဆက်မပြတ်ပေါက်ကွဲသံကြီးများက မျက်နှာဖုံးတပ်လူ၏ ဆဲဆိုအော်ဟစ်မှုများကို ဖုံးလွှမ်းသွား၏။ ညကောင်းကင်ယံမှာ မှိုသဏ္ဌာန်တိမ်တိုက်ကြီးပေါ်လာခဲ့ကာ အဝေးက ကြည့်နေသော ရှောင်ချိစွေမှင်တက်သွားခဲ့၏။
“အဲ့တာ စုရှောင်ရှန်မလား။ ဒီကောင် ဒီလောက်သန်မာနေတာ ထျန်းရွှမ်တံခါးထဲမှာတုန်းက လမ်းစဉ်နယ်ပယ်ကို ဖြတ်ချခဲ့တာများလား”
မိုးတိမ်လေပြိုင်ပွဲမှာ ပွဲစဉ်တိုင်းကို ခက်ခက်ခဲခဲ ရုန်းကန်တိုက်ခိုက်ခဲ့ရသည့် ထိုကောင်လေးကို အမှတ်ရပါသေးသည်။ ယခုတော့ မတွေ့လိုက်တာ ရက်အနည်းငယ်လောက်တည်းရှိသေးတယ် ဒီလောက်တောင် သန်မာလာပြီတဲ့လား။
ဒါက ဆေးစားတာထက်တောင် ပိုပြီး သန်မာနေသေးတယ်။
သူမ၏ အမြင်အာရုံများမှားနေသလား စုရှင်းရှင်းလည်း ပါးစပ်ကလေးအဟောင်းသားဖြစ်နေသည်။
ထိုပြိုင်ဘင်ကင်း မျက်နှာဖုံးတပ်လူက ယခုတော့ ပြန်လည်ခုခံနိုင်ခြင်းတောင်မရှိပါဘဲ ထိုးကြိတ်ခံနေရ၏။
သူမ၏ အကိုရှောင်ရှန်ကိုမတွေ့တာ ရက်အနည်းငယ်လောက်ပဲရှိသေးတယ် ဒီလောက်သန်မာလာပြီပေါ့။
“ငါအိပ်မက် မက်နေတာများလား” သူမ၏ ဆရာစီကို လက်လှမ်းမိပြီးမှ မသင့်တော်တာ အသိပြန်လည်လာပြီး ကိုယ့်ပါးကိုယ်ရိုက်လိုက်သည်။
ထိုမှ ကြိမ်းစက်စက်နာကျင်မှုကြောင့် မျက်ရည်ဝဲသွား၏။
“အိပ်မက် မဟုတ်ဘူးဟဲ့” အော်လိုက်သည်။
…
အဖြစ်အပျက်ကို ရှောင်ချိစွေ မြင်ရလေလေ မူမမှန်တာကို သတိထားမိလေလေဖြစ်သည်။
ထို့နောက် စုရှောင်ရှန် ထိုးလွှတ်လိုက်သည့် ကောင်းကင်ပေါ်ကလူကိုလိုက်ကြည့်လိုက်သည်။ စုရှောင်ရှန် သန်မာလာတာမဟုတ်ဘဲ မျက်နှာဖုံးတပ်လူ အားနည်းလာတာဖြစ်ကြောင်းသိလိုက်ရ၏။
သူ့စိတ်ထဲက သံသယများတစ်ခုနှင့်တစ်ခုချိတ်ဆက်သွားပြီးတော့ အခြေအနေကို လုံးလုံးကြီး သဘောပေါက်သွားတော့သည်။
“ဒီလူက ဟန်ထုတ်နေခဲ့တာဟ”
ရှောင်ချိစွေ ဒေါသကြောင့် တဆတ်ဆတ်တုန်ခါနေသည်။ ဒီလောက်ရိုးရှင်းတာလေးကို စုရှောင်ရှန်တောင်မြင်နိုင်ပြီး သူမမြင်နိုင်ခဲ့တာကြောင့် အရှက်ရသွားသည်။
သူထရပ်လိုက်ချင်ပေမယ့် မဟာလမ်းစဉ် ပျက်တီးနေတာက လွယ်လင့်တကူ တားလို့ရသည့် အရာမဟုတ်ပါလား။
ရှောင်ချိစွေ စိတ်ပျက်အားလျော့သွားပေသည်။
တိုက်ပွဲထဲမှာ ဇီဝိန်ချုပ်ရတယ်ဆိုရင်တောင် နောင်တမရှိဘဲ ဖြေသာဦးမည်။ ယခုဟာ ဒီလို သေရမယ်ဆိုတော့ မခံမရပ်နိုင်အောင်ဖြစ်သွား၏။
“ငါ့ကို ကယ်လို့ မဖြစ််နိုင်တော့ဘူးပေါ့လေ”
ကောင်းကင်ကြီးကို ငူငူငိုင်ငိုင်ကြီးမော့ကြည့်လိုက်ပါသည်။
ရှပ်…။
ရှောင်ချိစွေနှင့် စုရှင်းရှင်း ခြေသံတစ်ခုကြားလိုက်ရ၏။ ထိုအသံက သူတို့အနားလေးမှ လာခြင်းဖြစ်သည်။
ရှောင်ချိစွေ တုန်လှုပ်သွားပြီး လှည့်မကြည့်နိုင်ခင်မှာပင် အရည်တွန့်နေသော အဖိုးကြီးတစ်ဦးက ဆေးပုလင်းတစ်လုံးကိုင်ကာ သူ့ရှေ့၌ ပေါ်လာခဲ့သည်။
“ဒုခေါင်းဆောင်” စုရှင်းရှင်း တအံ့တအောထအော်သည်။ သူ၏ လက်ထဲက ဆေးပုလင်းကို မြင်ပြီး ပျော်ရွှင်မှုတို့ဖြင့် မျက်ရည်များရွှန်းလဲ့လာ၏။
သူမ၏ ဆရာရှောင်ချိစွေကို ကယ်နိုင်လေပြီ။
အကြီးအကဲစန်း သူ၏ ခမောက်ကို အနည်းငယ်အောက်ချလိုက်သည်။ မကျေမချမ်းဖြစ်နေသော အမူအရာဖြင့် အဝေးတစ်နေရာသို့ သားကောင်ကို ချောင်းနေသည့် သိမ်းငှက်အလားကြည့်လိုက်လေသည်။
“လမ်းမှာ အနှောက်အယှက်ရှိနေလို့ ငါနောက်ကျသွားတယ်”
…
ပေါက်ကွဲမှုက ဖုန်မှုန့်များကြောင့် စုရှောင်ရှန်ဘာကိုမှ မမြင်နိုင်ပါတော့ချေ။
သို့ပေမယ့် ၎င်းက သူ့ကို မသက်ရောက်ပါချေ။ အကြားအမြင်ဖြင့် သွေးသံတရဲရဲနှင့် ခန္ဓာကိုယ် ယို့ယွင်းနေသော မျက်နှာဖုံးတပ်လူ လူးလိမ့်ထလာသည်ကို တွေ့လိုက်ရသည်။
မျက်နှာဖုံးတပ်လူက အစွမ်းထက်သောတိုက်ခိုက်မှုများရှိကောင်းရှိပေလိမ့်မည်။ သို့သော် အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်မရှိသဖြင့် ယခုကဲ့သို့ ရူးရူးနှမ်းနှမ်းတိုက်ခိုက်မှုများကို ခံနိုင်လိမ့်မည်မဟုတ်ချေ။
ထိုနောက်မှာ ထိုမျက်နှာတပ်လူအနား၌ ဓားဆန္ဒများ ပေါ်လာခဲ့ပြီး သူ၏ အကြောအဆစ်လွဲသွားသော ခန္ဓာကိုယ်ကို အကောင်းအတိုင်း ပြန်တည့်ပေးတာ မြင်လိုက်ရသည်။
“ဘယ်လို လုပ်လိုက်တာတုန်းဟ။ နည်းစနစ် တစ်ခုခုလာ”
ထို့နောက်မှ ဓားလက်ချောင်းဆယ်ခန်းထဲမှ ဓားဖြင့်ထိန်းချုပ်ခြင်းကို ပြန်မြင်ယောင်မိပြီး ဒီလိုပါလား သဘောပေါက်သွားတော့သည်။
စုရှောင်ရှန် မျက်နှာဖုံးတပ်လူအနားမှ ရင်းရင်းနှီးနှီးရှိသော စွမ်းအင်ကို ကြည့်လိုက်၏။
“သာမန်အတွေးစွမ်းအင်လား။ မဟုတ်ဘူး သာမန်နဲ့မတူဘူး”
၎င်းက သူသိပါသော သာမန်အတွေးစွမ်းအားထက် အဆင့်ပိုမြင့်သည့်ဟန်ရသည်။ အကြားအမြင်ဖြင့် ကြည့်လိုက်ရာမှာ သူ့ဝိညာဉ်တောင် နာကျင်မှုကိုခံစားလိုက်ရ၏။
“ဒါဆို အဆင့်မြင့် အတွေးစွမ်းအင်လား “
ဘာဖြစ်ဖြစ် မျက်နှာဖုံးတပ်လူက ပြိုလဲတော့မည့်ဟန်ရတာကြောင့် စုရှောင်ရှန်ထိုအတွေးများကို ခေါင်းထဲက ထုတ်လိုက်သည်။ ထို့နောက် ဆေးမီးဖိုအိုးကြီးကို ထုတ်ယူကာ ပြေးတော့၏။
“ရပ်လိုက်”
သူ့ခေါင်းထဲမှ မောပန်းနွမ်းနယ်သလိုလို အသံတစ်ခုကိုကြားလိုက်ရတဲ့အခါ စုရှောင်ရှန်၏ တိုက်ခိုက်ချင်စိတ်များအားလုံး ရေအေးနှင့် လောင်းချလိုက်သလို ပျောက်သွား၏။
အကြီးအကဲစန်းလား။
ထို့နောက် စိတ်လျော့လိုက်ပြီးမှ ကောင်းကင်ပေါ်က ကျလာနေသည့် မျက်နှာဖုံးတပ်လူကို သေချာကြည့်လိုက်ရာ အကြောအခြင်များ ထောင်ထသွားတော့သည်။
လခွမ်း…။
ငါအခု ဘာလုပ်ဖို့ကြိုးစားနေတာလဲဟ။
တိုက်ခိုက်မှုမှာ အသာစီးရနေရာ သူက ပွဲသိမ်းတိုက်ကွက်ကို ပေးလိုက်တော့မလို့ ကြံနေခဲ့၏။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရလာပြီးနောက်မှာ သူတကယ် အောက်ခြေလွတ်သွားခဲ့ပါသည်။
မျက်နှာဖုံးတပ်လူကို တကယ် ပွဲသိမ်းပစ်လို့ရမယ် ထင်နေ၏။
“၀မ်မင်။ မင်းငါ့စိတ်ကို လာစွနေတာပဲ”
ဂျုန်းဂျုန်းဂျိမ်းဂျိမ်းမြည်ဟီးသံများ ထွက်ပေါ်လာပြီး လရောင်ကိုဖုန်းကွယ်လိုက်သော နေရောင်သကဲ့သို့ အဖြူရောင်ဓားစွမ်းအင်များ တောင်တန်းကြီးတစ်ခုလုံးကို လင်းလက်တောက်ပသွားစေတော့သည်။
နှင်းဖြူရောင် ဧရာမဓားကြီးလည်း အနည်းငယ်တုန်ခါသွားပြီး လေထဲကို ထိုးတက်ကာ ညကောင်းကင်ကို ဖောက်ခွင်းသွားခဲ့သည်။
: [နာမည်ခေါ်ခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူဘယ်လောက် ရဲတင်းခဲ့သလဲ နောင်တရသွားပြီး စုရှောင်ရှန်၏ မျက်နှာ သွေးဆုတ်ဖြူရော်သွား၏။
ချက်ခြင်းနောက်လှည့်ပြေးကာ သံကုန်ဟစ်တော့သည်။
“တောင်းပန်ပါတယ် မရည်ရွယ်ပါဘူး။ ကယ်ကြပါဦးးးးး”