ရှောင်ချိစွေ၏ မျက်နှာထက်၌ စိတ်ပျက်အားလျော့သော အမူအရာရှိနေသည်။
အခြားသူ ကြွားဝါနေခြင်းမဟုတ်တာ သူသိသည်။ ထို့ပြင် သူဘယ်သူလဲသိရာ သူ့စွမ်းဆောင်ရည်များကိုလဲ သိပါသည်။
မျက်နှာဖုံးတပ်လူကို သိသည့်သူများသာ သူက ကြွားလုံးထုတ်နေခြင်းမဟုတ်ဘဲ အမှတ်တရားကို ပြောနေတာ သိနိုင်မည်။
“မင်းရဲ့ဓားက တုန်ခါနေတယ်”
မျက်နှာဖုံးတပ်လူက အသာအယာ ထောက်ပြလိုက်သည်။ ထို့နောက် အံ့အားသင့်သွားသော ရှောင်ချိစွေကို ကြည့်ကာ ဆက်လက်၍ “ဓားသမားတစ်ယောက်က ရန်သူရှေ့မှာ ဓားကိုတောင် ကောင်းကောင်းမကိုင်နိုင်ဘူးတဲ့။ ဒါတောင် ဒီလိုဓားသမားက သူများကို ကာကွယ်ချင်နေသေးတယ်။ ပြီးတော့ရင်ဆိုင်နေရတာကလည်း အကြောက်ရဆုံးရန်သူ…”
သူ့လက်ထဲက စုရှင်းရှင်းကို ရှောင်ချိစွေကြည့်လိုက်ရာ စိတ်တင်းမာသွားရသည်။
မျက်နှာဖုံးတပ်လူပြောတာမှန်သည်။ ရန်သူက သန်မာသည်ဖြစ်စေ မသန်မာသည်ဖြစ်စေ သူ့ဓားကို တုန်ခါခိုင်းစေလို့ မရပါချေ။
“ဒါပေမယ့်…”
မျက်နှာဖုံးတပ်လူက ရှောင်ချိစွေ၏ စိတ်ဆန္ဒကို ချိုးဖျက်ချင်နေသလိုမျိုး ဆက်လက်၍ ဓားအလားချွန်ထက်သော စကားဖြင့် တိုက်ခိုက်လိုက်သည်။ “လက်နက်တွေထဲမှာ ဓားကကြောက်စရာအကောင်းဆုံးပဲ။ မင်းရဲ့ ဓားက တိုက်ပွဲတောင် မဝင်ရသေးဘူး တုန်ခါနေတာကိုကြည့်ပါဦး။ ဒါနဲ့ ငါ့ကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ။ သူတို့လျှောက်နေတဲ့လမ်းကနေ သွေဖယ်သွားတဲ့လူက အဲ့လမ်းစဉ်ကို ဖြတ်ချနိုင်မှာမဟုတ်ဘူး”
ထိုစကားက မိုးကြိုးအလား ရှောင်ချိစွေ၏ အတွေးများကို ဗလာကျင်းသွားစေလိုက်သည်။
“လမ်းစဉ်ကိုဖြတ်ချတယ်…” သူ့ကိုယ်သူ အရှုံးသမားတစ်ယောက်နဲ့ တူနေတာတောင် ဂရုမစိုက်နိုင်တော့ဘဲ ရေရွတ်လိုက်သည်။
“မဟာလမ်းစဉ်အတွက်တိုက်ခိုက်တဲ့နေရာမှာ ခြေတစ်လှမ်းမှားတာနဲ့ သွားပြီပဲ။ ကိုင်ဆောင်တဲ့ဓားကိုတောင် တုန်ခါစေနဲ့သူက ဘယ်တော့မှ ခပ်ဝေးဝေးရောက်မှာမဟုတ်ဘူး။ မင်းအလျော့ပေးလိုက်ပြီး ဘ၀ကို လူဖျင်းတွေလို အေးအေးဆေးဆေး ဖြတ်သန်းဖို့ကောင်းနေပြီ”
ရှောင်ချိစွေကို စကားလုံးများဖြင့် မျက်နှာဖုံးတပ်လူက ဆက်လက်တိုက်ခိုက်နေရာ သူက စိုးရိမ်တကြီးနှင့် သတ္တိကင်းမဲ့လာသည့် ပုံတောင်ပေါက်နေလေသည်။
ကောင်းကင်က ကြယ်များတောင် သူ့အတွက် အရောင်မဲ့သွားရသည်။ လရောင်ကိုလည်း မိုးတိမ်တိုက်တို့ ဖုန်းကွယ်လိုက်ကြ၏။
ရွှီး…။
ရှောင်ချိစွေ၏ အရှိန်အဝါ အားနည်းသထက်နည်းလာတော့ရာ မျက်နှာဖုံးတပ်လူက ထေ့ထေ့ငေါ့ငေါ့ ထပ်ဆိုသည်။ “စကားလုံးအနည်းငယ်တည်းနဲ့တောင် လုယူနိုင်နေတာ မင်းရဲ့ လမ်းစဉ်က ဘာမှလည်းမဟုတ်ပါဘူး”
ထိုစကားကြောင့် ရှောင်ချိစွေအသိပြန်လည်လာပြီး ချွေးစေးများထွက်တော့လေသည်။ သူ့လမ်းစဉ်ကနေသွေဖယ်နေတာလား။ သူ့လမ်းစဉ်ကို မျက်နှာဖုံးတပ်လူက လုယူနေတာလား။
ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများအကြား တိုက်ပွဲက အမြဲ မဟာလမ်းစဉ်အဆင့်က တိုက်ပွဲသာဖြစ်သည်။ တစ်ယောက်ယောက်၏ လမ်းစဉ်က အခြားတစ်ယောက်ကြောင့် လွှမ်းမိုးခံလိုက်ရလျှင် ထိုသူတော့ သွားချေပြီး ဘယ်တော့မှ နလံပြန်ထူနိုင်တော့မည်မဟုတ်ပေ။
၎င်းက လူတစ်ယောက်၏ ဘ၀မှာ ယုံကြည်ချက်နှင့် ရည်ရွယ်ချက်တို့ကို ဆုံးရှုံးလိုက်ရတာနှင့်တူ၏။
ရှောင်ချိစွေရော မျက်နှာဖုံးတပ်လူရောက ဓားသမားများဖြစ်ကြသည်။ သို့ပေမယ့် ရှောင်ချိစွေက မျက်နှာဖုံးတပ်လူ၏ ကဲ့ရဲ့မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပျောက်ဆုံးမကဲ့သို့တောင်ရှိနေ၏။ ဒီလိုသာ ဆက်သွားရင် သူ့မဟာလမ်းစဉ်လည်း ပျက်ဆီးရမှာပဲ။ သို့ဆိုရင် ရှောင်ချိစွေ ပြင်းပြင်းထန်ထန်ဒဏ်ရာရတာမဟုတ်ရင် သေတောင်သေသွားနိုင်သည်။
ယခုဖြစ်ပျက်နေသည်များကို သိရပြီး ရှောင်ချိစွေ၏ စိတ်ထဲတွင် သံသယများ ပေါက်ဖွားလာရကာ စိုးတထိတ်ထိတ်ဖြစ်လာသည်။ သူတို့နှစ်ယောက်က ရန်သူဖြစ်ရာ တစ်ခြားသူ၏ လမ်းစဉ်ကို လွှမ်းမိုးဖို့ကြံတာက သာမန်ပဲဖြစ်၏။
ဒါဆို သူအောင်မြင်တော့မှာကို မျက်နှာဖုံးတပ်လူက ဘာဖြစ်လို့ ရပ်လိုက်ရတာလဲ။ မသိရင် သူက လမ်းစဉ်ကို လုယူဖို့ကြိုးစားနေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခုကို အနိုင်ရယူရန် ကြိုးစားနေသလိုလိုနှင့်…။
ရှောင်ချိစွေ၏ မျက်နှာထက်တွင် ပဟေဠိဖြစ်နေသော အမူအရာပေါ်လာပြီး အတွေးနက်သွားတော့သည်။
အကယ်၍ တခြားတစ်ယောက်သာ မျက်နှာဖုံးတပ်လူ၏ နေရာမှာဆို ရှောင်ချိစွေ၏ ယုံကြည်မှုကို ကိုင်လှုပ်ဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ တကယ်က ဧကရာဇ်နယ်ပယ်မှာ အခြားတစ်ယောက်၏ လမ်းစဉ်ကို အောင်အောင်မြင်မြင်လုယူနိုင်တာက ကောက်ရိုးပုံအကြားအပ်ပျောက်ရှာရသလို ရှားပါးလှသည်။
သူ့ရှေ့မှ မျက်နှာဖုံးတပ်လူဖြင့်လူက စိတ်ပိုင်းဆိုင်ရာအရ သူ့ကို လမ်းစဉ်ကိုဆုံးအောင်လျှောက်နိုင်ပါစေဦး ဘာတတ်နိုင်မှာလဲ ဆိုတဲ့ အတွေးအမြင်ရောက်လာအောင်လို့ ပြောနေသည်။
“အဲ့တော့ ဘာဖြစ်လဲ”
ရှောင်ချိစွေသူ့ဓားကို တင်းတင်ကြပ်ကြပ်ကိုင်ဆုပ်လိုက်သည်။ သူ့မျက်၀န်းများက အမှောင်ထုကို အလင်းပေးစွမ်းနေသည့် လများအလား တောက်ပေနေ၏။
မျက်နှာဖုံးတပ်လူ၏ ဖိအားမရှိဘဲနှင့် ဤသို့သော အသိအမြင်ကို သူရနိုင်လိမ့်မည်မဟုတ်ချေ။ သူ့စိတ်က ရှင်းလင်းသွားခဲ့ပြီး ဘာတွေဝေခြင်း အတွေးတိမ်ဆိုင်မှ မရှိတော့ပေ။
ဓားသမားတို့၏ လမ်းစဉ်ကိုက သူတို့ နတ်ဘုရားများလို့ထင်သည့်လူများကို သတ်ဖြတ်ခြင်းဖြစ်သည်။ သူ့ရှေ့က မျက်နှာဖုံးတပ်လူကို နတ်ဘုရားတစ်ပါးအနေနှင့် သူက သတ်မှတ်ထားရာ ထိုလမ်းစဉ်ကိုလိုက်ရပေမည်။
“ဓားကိုချလိုက်”
၎င်းကို တတိယအကြိမ်မြောက်ပြောခြင်းဖြစ်ပြီး ပြောင်းလဲမှုက သိသာထင်ရှားသည်။ သူ့ဓားကို ခိုင်ခိုင်မာမာဖြင့် ညကောင်းကင်ကိုထိုးဖောက်တော့မလို မြှောက်လိုက်၏။
“ဟားဟား”
မျက်နှာဖုံးတပ်လူ ကျယ်ကျယ်လောင်လောင် ရယ်လိုက်ပါသည်။ ထို့နောက် ရှောင်ချိစွေကို လှည့်တောင်မကြည့်ဘဲ ထွက်သွားရန်ပြင်လိုက်သည်။ “ဒီကလေးမလေးကိုခေါ်သွားပြီး သွားတော့ ငါဒီည လူမသတ်ချင်ဘူး”
ထိုအချင်းအရာကြောင့် ရှောင်ချိစွေ မှင်တက်သွားရသည်။
ဘာဖြစ်ဖြစ်တိုက်ခိုက်ရန်ဆိုပြီး ကြံလိုက်ပေမယ့် ကျိုးကြောင်းဆီလျော်မှုက ၀င်တားသည်။ ဘာလို့ဆို သူ့ရှေ့ကလူက…။
သို့ပေမယ့် သူ့လမ်းစဉ်နှင့်ပတ်သက်၍ အလင်းပေါက်သွားခဲ့ရာ ရှေ့ဆက်တိုးလိုက်၏။
ဖက်…။
ခြေတစ်လှမ်းပဲရှေ့တက်ရသေးချိန်မှာ သူ့လက်ထဲက ကောင်မလေးက သူ့အင်္ကျီကော်လံကို လှမ်းဆွဲသည်။ သူငုံ့ကြည့်လိုက်ရာ စုရှင်းရှင်းက နှုတ်ခမ်းများကိုကိုက်ပြီး ခေါင်းခါရမ်းပြနေတာ တွေ့ရသည်။
ရှောင်ချိစွေလုပ်တော့မည့်အရာကြောင့် စုရှင်းရှင်း ရွေးချယ်စရာနှစ်ခုကို ရင်ဆိုင်လိုက်ရသည်။ နာမည်ကြီးဓားလား သူမဆရာ၏ အသက်လား။ ၎င်းက ရွေးချယ်ရန်ခက်ခဲပေမယ့် အဖြေကို သိနှင့်ပြီးနေပြီ။
သို့ပေမယ့် ရှောင်ချိစွေလည်း တွေဝေနေရ၏။
သူ့အသက်လား မဟာလမ်းစဉ်လား။
ရှောင်ချိစွေ ဘာကိုရွေးချယ်ရမလဲ ခေါင်းခြောက်သွားပြီး ဆိတ်ငြိမ်ကျသွားသည်။
ချမ်းစိမ့်စိမ့် ညလေညှင်းကလေးက တောင်တန်းများအကြားမှာ တိုက်ခိုက်နေပြီး ပန်းပွင့်ကလေးများကို အရှေ့အနောက် ယိမ်းယိုင်နေစေလေသည်။ ပုရစ်ကောင်များ၏ အော်သံများကိုလည်း ညအခါမို့ ကြားနေရ၏။
မျက်နှာဖုံးတပ်လူ၏ အရိပ်က တဖြည်းဖြည်းရှည်ပြီး ပျောက်ကွယ်စပြုလာသည်။ သူက ကျောပေးထားတယ်ဆိုပေမယ့် သတိတော့ ချပ်ထားသေးပြီး သူ့နောက်က လူတိုက်ခိုက်လာမှာကို စောင့်နေပေသည်။
သို့သော် အဝေးသို့ရောက်သည့်တိုင်အောင် သူ့နောက်က ဘာလှုပ်ရှားမှုကိုမှ မခံစားရချေ။
မျက်နှာဖုံးတပ်လူ ခေါင်းကိုခါရမ်းပြီးသက်ပြင်းချလိုက်သည်။ ထောင့်တစ်ခုသို့ရောက်သောအခါ ချိုးကွေ့လိုက်ရာ သူ့ပုံရိပ်က ပျောက်သွားခဲ့လေသည်။
“မင်းကို ဆွဲနှောင်ထားတဲ့အရာတွေကများနေတယ်။ မင်းက ဓားသမားတစ်ယောက်ဖြစ်လာဖို့ မထိုက်တန်ဘူး။ အလျော့ပေးလိုက်တော့”
ဂျိမ်းကတည်းမြည်သံကြီးနှင့်အတူ ရှောင်ချိစွေ၏ အားကောင်းလာသော မဟာလမ်းစဉ်က ထိုစကားကြောင့် ပြန်အက်ကွဲသွားရသည်။ ထို့နောက် တစ်စချင်းစီ ပျက်ဆီးပျောက်ကွယ်ကုန်၏။
သူ့ဓားကိုတင်းတင်းကြပ်ကြပ်ကိုင်ထားပြီး မျက်၀န်းများက သံသယတို့ဖြင့် ပြည့်နေသည်။ သူ့ယုံကြည်မှုက ပျက်ဆီးသွားရပြီး နလံပြန်ထူဖို့ဆိုတာ ခက်ချေတော့မည်။
စုရှင်းရှင်း စိုးတထိတ်ထိတ်ဖြစ်နေရ၏။ ခြေလှမ်းတစ်လှမ်းက ရှောင်ချိစွေကို သေခြင်းနှင့် ရှင်သန်ခြင်းအကြားမှာ လွန်ဆွဲသွားစေမည်ဟု မထင်ထားပါလေ။
“ဆရာ…” အားအင်ချိနဲ့စွာ သူမ ခေါ်လိုက်သည်။
ရှောင်ချိစွေ၏ မျက်နှာထက်၌ နာကျင်နေသော အမူအရာပေါ်လာပြီး အံကိုတင်းတင်းကြိတ်လိုက်သည်။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလာခဲ့၏။
“ဆရာ အဆင်ပြေပါတယ်… အဟွတ်”
ရှောင်ချိစွေ စကားပြောလိုက်သောအခါ ထိန်းမထားနိုင်တော့ဘဲ စုရှင်းရှင်း၏ ကြောက်ရွံ့နေသော မျက်နှာပေါ် သွေးများအန်ကျသွားသည်။ သူမ၏ ဆရာက အဆင်ပြေပါတယ်ပြောနေပေမယ့် သေခြင်းရှင်ခြင်း ဖြတ်မျဉ်းပေါ်မှာ ယိုင်တိုင်တိုင်ရှိနေပါသည်။
ဘုတ်ကတည်းက ရှောင်ချိစွေ မြေပြင်ပေါ်ကိုဒူးထောက်ကျသွားပြီး သူ့အရှိန်အဝါက သေတော့မည့်လူတစ်ယောက်အလား အားအင်ချိနဲ့လာခဲ့သည်။
စုရှင်းရှင်းလည်း ဘေးတစ်ဘက်ကိုလှိမ့်ကျသွား၏။ ကောင်မလေးက မျက်ရည်များရွှဲနေပြီး သူ့ကို ဖေးမပေးရန် ထရန်ဖို့ ကြိုးစားနေသည်။
“အဲ့မှာပဲ နေ”
ရှောင်ချိစွေ စိတ်ပျက်မှုများ၊ နောင်တ တရားများပြည့်နေသော အမူအရာဖြင့် မြေပြင်ပေါက်ကို ဓားစိုက်ချပြီး အားယူလိုက်သည်။
မှားသွားပြီ။
သူမှားသွားချေပြီ။
နောက်ဆုံးတော့ လူမသတ်ဘဲနှင့် စိတ်ကိုသတ်သည့် လူကို တွေ့ဖူးလေပြီ။
ပထမဆုံး မျက်နှာဖုံးတပ်လူက ရှောင်ချိစွေကို မဟာလမ်းစဉ်ဖြင့် လွှမ်းမိုးပြီး သူ့ကို တိုက်ခိုက်ရဲမှာ မဟုတ်တာ သိတာကြောင့် “ဘာဖြစ်ဖြစ် နတ်ဘုရားကိုသတ်မယ်” ဆိုသော အတွေး၀င်လာအောင်လုပ်သည်။
ထို့နောက် နောက်လှည့်ကာထွက်သွားသည်။ နောက်က ရှောင်ချိစွေ လိုက်မမှီနိုင်ဘဲ ဓားထုတ်လိုက်မယ်ဆိုရင် သူ့တရားမျှတမှုလမ်းစဉ်ကို ငြင်းပယ်လိုက်သလို ဖြစ်သွားပေမည်။
ရှောင်ချိစွေက အရူးလုပ်ခံလိုက်ရပေသည်။
“အဟွတ်”
ရှောင်ချိစွေပို၍ အားအင်ချိနဲ့လာခဲ့ပြီး သေခြင်းအရှိန်အဝါက ပို၍ ထူထပ်လာခဲ့သည်။
တစ်စုံတစ်ယောက်က လမ်းစဉ်ကို ဆုံးရှုံးသွားမယ်ဆိုရင် နလံပြန်ထူဖို့ အင်မတန်ခက်ခဲပေလိမ့်မည်။
ထို့ပြင် သူ့ပြိုင်ဘက်က မျက်နှာဖုံးတပ်လူဖြစ်နေရာ ပိုလို့ဆိုးပြီး အစကတည်းက ပျက်ဆီးဖို့ကို အကြောင်းဖန်လာရပါသည်။
“ဆရာ”
စုရှင်းရှင်း အသံတစ်ဆုံး အော်ဟစ်လိုက်သည်။ သူမ၏ ဓားကိုစွန့်လွှတ်ရခြင်း ရည်ရွယ်ချက်ကိုက ဆရာ့ကို ကယ်တင်ရန်ဖြစ်ကာ ယခုတော့ အခြေအနေက ပိုဆိုးလာသောကြောင့် ထိတ်လန့်ကြောက်ရွံ့သွားရသည်။
သေခါနီးမှ သူ၏ ချစ်တပြည့်ကိုကြည့်ပြီး တစ်စုံတစ်ခုကို သိလိုက်ရတာကြောင့် ရှောင်ချိစွေ ခါးခါးသီးသီးရယ်လိုက်သည်။
တကယ်က ယခုလို ဖြစ်နေရတာက မျက်နှာဖုံးတပ်လူ၏ အမှားမဟုတ်ရပါချေ။ သူသာ သူ့ဓားကို ခိုင်ခိုင်မြဲမြဲကိုင်နိုင်ခဲ့မယ်ဆိုရင် သူ့လမ်းစဉ်ကိုတောင် အောင်အောင်မြင်မြင် ဖြတ်ချကောင်းဖြတ်ချနိုင်ပေလိမ့်မည်။
ထို့နောက် မျက်နှာဖုံးတပ်လူ၏ ပုံရိပ် ပျောက်ကွယ်သွားသည့်ဘက်သို့ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ငေးကြည့်လိုက်သည်။ အခွင့်အရေးက သူ့ရှေ့မှာရှိနေတာကို အတွက်အချက်မှားသွား၏။
“နေ နေ အဲ့ဒီမှာပဲနေ။ ငါ ရတယ်…”
ရှောင်ချိစွေ၏ မျက်လုံးများက နာကျင်မှုကြောင့်ပိတ်သွားရ၏။ ၎င်းက သူ့အတွက် လမ်းဆုံးပေလော။
ဘုန်းးး…။
ရုတ်တရက် မလှမ်းမကမ်းမှ မျက်နှာဖုံးတပ်လူ ၀င်သွားသော လမ်းကလေးမှပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
မျက်ရည်များဖြင့် ဆရာတပြည့်နှစ်ယောက် အလန့်တကြား ထိုအသံကြားရာဘက်ကို လှည့်ကြည့်လိုက်ကြ၏။
ထိုနေရာတွင် ဧရာမ အက်ကြောင်းကြီးများ မြေပြင်၌ထလာပြီး ဖုန်၊ မှုန်များ ကွယ်သွားသောအခါ ရင်ဘက်မှာ စိုက်နေသည့် အနက်ရောင်ဓားတစ်ချောင်းကို ကိုင်ထားသော မျက်နှာဖုံးတပ်လူကို တွေ့ရသည်။ ထိုမြင်ကွင်းက သူတို့ နှစ်ယောက်ကို ကြက်သေသေသွားစေပါသည်။
ဒက်…။
ဒက်…။
တိတ်ဆိတ်သော ညကလေးဖြစ်ရာ သွေးစက်ကျသံများကို ရှင်းရှင်းလင်းလင်း သူတို့ ကြားရပေသည်။
မျက်လုံးအိမ်မှ ရှောင်ချိစွေ၏ မျက်လုံးများ ထွက်ကျမတတ် ပြူးကျယ်သွားတော့သည်။ သူမြင်လိုက်ရသည့်အရာက ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှတာကြောင့် ပျက်ဆီးနေသော သူ၏ မဟာလမ်းစဉ်တောင် ရပ်တန့်သွား၏။
တစ်စုံတစ်ယောက်က မျက်နှာဖုံးတပ်နှင့်လူ၏ ရင်ဘက်ကို ဓားဖြင့်ထိုးလိုက်လေသည်။
“လခွမ်း”