Switch Mode

အခန်း (၂၀၄)

သတ္တိရှိတာလား မိုက်ရူးရဲဆန်တာလား

“အရှင်သခင်နယ်ပယ်ဓားသမား”

စိတ်ဝိညာဉ်စာကြည့်တိုက်ကိုသွားနေသည့် စုရှောင်ရှန် အတွင်းစည်းတောင်တန်းအနောက်ဘက်ကို လည်ပြန်ကြည့်လိုက်သည်။

ထို့နောက် တိတ်တခိုးနာကျင်ခြင်းကို ဓားအိမ်ထဲပြန်ထည့်ပြီး ကိုယ်နှင့် အနီးကပ်၌ ကိုင်ထားလိုက်၏။

ရဲ့ရှောင်ထျန်းထံမှ အသိအမှတ်ပြုချက်ဖြင့် အနက်ရောင်ဓားအိမ်ကို ဖွက်ထားစရာမလိုတော့ဘဲ ပေါ်တင် ထုတ်သုံးနိုင်ပေပြီ။

“စုရှောင်ရှန် အရှင်သခင်နယ်ပယ်ဓားဆန္ဒကို တစ်ယောက်ယောက်ကျွမ်းကျင်သွားတာလား”

မုကျစ်ရှီသိချင်သွားပြီးမေးသည်။ လျှိုရွှမ်ရှင်းနှင့်ရင်ဆိုင်ရပြီးနောက်မှာ အရှင်သခင်နယ်ပယ် ဓားဆန္ဒဘယ်လောက်ကြောက်စရာကောင်းသလဲကို သူမ သိလိုက်ရလေပြီ။

ထိုမျက်ကန်းက ဧကရာဇ်နယ်ပယ်နှင့် ရင်ဆိုင်ရတာတောင် ခလုတ်မထိ ဆူးမညိ ပြန်ထွက်သွားနိုင်၏။

ရဲ့ရှောင်ထျန်း၏ ကောင်းကင်ခုန်ကူးခြင်းကြောင့် လျှိုရွှမ်ရှင်းဘာဖြစ်သွားမည်မှန်းမသိသော်လည်း အသက်ရှင်နေသေးရင်တော့ အနာဂါတ်မှာ စွမ်းအားကြီးလူတစ်ယောက်အနေနှင့် ပြန်လာမှာကို သိပေသည်။

စုရှောင်ရှန် သူမ၏ အမေးကို ခေါင်းညိတ်ပြလိုက်သည်။ ယခုသူခံစားလိုက်ရသော ဓားန္ဒက လျှိုရွှမ်ရှင်းထက် စွမ်းပကားက တစ်စက်ကလေးမှ မနိမ့်ကျပါချေ။ ၎င်းက အရှင်သခင်နယ်ပယ်ဖြစ်လာစမို့လား ကြမ်းတမ်း ချောမွေ့မှုမရှိဘူးဆိုပေမယ့် သူ့အတွက်တော့ လက်လှမ်းမမှီနိုင်သေးသည့်အရာဖြစ်သည်။

“စိတ်ဝိညာဉ်နန်းတော်ထဲမှ ဒီလို အရှင်သခင်နယ်ပယ်ဓားသမားဖြစ်လာနိုင်တာ အနည်းငယ်ပဲရှိမယ်။ တောင်တန်းအနောက်ဘက်က လာတယ်ဆိုတော့ စုရှင်းရှင်းများ ဖြစ်နေမလားပဲ”

ထိုအတွေးဖြင့် တဆတ်ဆတ် တုန်လှုပ်သွားရသည်။

သူတော်စင်အစေအပါးတွေ လာတိုက်ခိုက်ချိန်မှာ စုရှင်းရှင်း အရှင်သခင်နယ်ပယ်ဓားသမားဖြစ်လာတာ တိုက်ဆိုင်လွန်းမနေဘူးလား။ မဖြစ်နိုင်ပါချေ။

တောင်တန်းအနောက်ဘက်မှာ တစ်ခုခုဖြစ်နေတာသာ ဖြစ်ရမည်။

အခြေအနေကို နားလည်ဖို့ စုရှောင်ရှန် ပြောင်းလဲစဉ်းစားတွေးကြည့်သည်။ သူသာသူတော်စင်အစေအပါးဆိုရင် လျှိုလင်းလင်းကိုကယ်ဖို့ ဒီလောက်ကြီးမားတဲ့ အကြံအစည်ကြီးကို ချပါ့မလား။

ငှက်နှစ်ကောင်ကို ခဲတစ်လုံးနှင့် သတ်ဖို့ဆိုရင်တော့ သူလုပ်ကောင်းလုပ်နိုင်သည်။ ထိုသို့တွေးမိပြီး တစ်စုံတစ်ခုကို နားလည်သွားသလို သူ့မျက်ဆံများ ကျုံ့သွားခဲ့သည်။

“နှင်းမြို့တော်ရဲ့အလွမ်း” ရေရွတ်လိုက်ပါသည်။

မျက်နှာဖုံးတပ်လူ အရင်တစ်ခေါက်က ပေါ်လာတုန်းကလည်း ဒီနာမည်ကြီးဓားကို လိုချင်လို့မဟုတ်ပါလား။ ယခုတစ်ခေါက်လည်း ဓားကို ထပ်လုယူဖို့ လာတယ်ဆိုတာ စုရှောင်ရှန် ယုံကြည်သည်။

“ညီမမု စာကြည့်တိုက်ကိုသွားပြီး အဖိုးကြီးကိုရှာကြည့်။ ရှိတယ်ဆိုရင် တောင်တန်းအနောက်ဘက်ကို သွားဖို့ပြောလိုက်။ မတွေ့ရင်လည်း စာကြည့်တိုက်ထဲကနေ မထွက်မိစေနဲ့” ကလေးမလေးကို စုရှောင်ရှန်ညွှန်ကြားလိုက်သည်။

“နင်အဲ့ဒီကိုသွားမလို့လား” မုကျစ်ရှီ ချက်ခြင်း စိုးရိမ်တကြီး ဆက်လက်၍ “နင်သွားပြီးဘာလုပ်မှာလဲ။ အသေခံမလို့လား”

: [ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

ထိုတည့်တိုးမှတ်ချက်ကြောင့် စုရှောင်ရှန် အာစေးမိသွားသည်။

ဘာလို့ ဒီ‌ကလေးမလေးက ခုမှလာပြီး လိမ္မာပါးနပ်နေရတာလဲ။ ဘာလို့ တည့်တိုးကြီးပြောရဲတာလဲ။

သူထိုလူများကို အနိုင်မယူနိုင်ဘူးဆိုပေမယ့် သွားတာက သွားရပေမည်။ အဆုံးမှာ သူ့အိမ်က ထိုနားတစ်ဝိုက်မှာ မဟုတ်ပါလား။

ဒါ့အပြင်ကို စုရှင်းရှင်းကလည်း ထိုနေရာတွင်ရှိနေရာ ထိုကလေးမလေးကို စိတ်ပူမိချေသည်။

သူ့ အချက်အလက်ဖန်သားပြင်ကို စစ်ကြည့်လိုက်သည်။

: [ပင်ကိုယ်မှတ် : ၁၅၉၄၄]

ထျန်းရွှမ်တံခါးထဲက ထွက်လာပြီး‌နောက်မှာ ထောင်နှင့်ချီ၍ ပင်ကိုယ်မှတ်များကို စုဆောင်းထားပြီးပေပြီ။ သို့ပေမယ့် အများစုက ဓားစွမ်းအင်ကျောက်တုံးက လာခြင်းဖြစ်၏။

ထိုပစ္စည်းတစ်ခုတည်းက အမှတ် ၁၀၀၀၀ လောက်ပေးလိုက်သည်။

သို့ပေမယ့် လက်ရှိ သူ့အခြေအနေကြီးနှင့်တော့ ထိုအမှတ်များက လုံလောက်မှု မရှိပါချေ။

စုရှောင်ရှန် စွမ်းရည် အပိုင်းကိုကြည့်လိုက်သည်။

: [ပင်ကိုယ်လက်သီး(စွမ်းအင် ၃.၁၄%)]

၎င်းက သူ့ပင်ကိုယ်ဓာတ်စွမ်းအင်များကို စားသုံးပြီးနောက်မှ စနစ်က ပေးလိုက်သော စွမ်းရည်ဖြစ်ပါသည်။ ထိုအရာနှင့်မရင်းနှီးပေမယ့် အစွမ်းအင်မတန်ထက်မယ်လို့ ယုံကြည်ပေသည်။

အရင်တစ်ခေါက် သူစစ်ကြည့်တုန်းကတောင် ၎င်းက ၂.၁၁ ရာခိုင်နှုန်းမှာသာရှိနေသေးသည်။ ထိုအရာကို အနက်ရောင်ချောက်ကမ်းပါး၌ ဓားစွမ်းအင်များကို ခုခံပြီးမှရလာတာဖြစ်သည်။

ယခုတော့ ထိုဓားစွမ်းအင်ကျောက်တုံးတစ်ခုတည်းက ၁ ရာခိုင်နှုန်း‌များတောင်ပေးလိုက်၏။

“ဒါကို ငါနဲ့နယ်ပယ်တူ တိုက်ပွဲအတွက် နောက်‌ဆုံး ဝှက်ဖဲအနေနဲ့သုံးဖို့ကြံထားတာ။ ဒါပေမယ့် ဘယ်သူသိနိုင်မှာလဲ။ ဒီလောက်တောင် ခက်ခက်ခဲခဲစုစည်းထားရတာဆိုတော့ သူတော်စင်အစေအပါးတွေနဲ့ တိုက်ခိုက်တဲ့အခါမှာ တစ်ခုခုတော့ ဆန်းကြယ်တာဖြစ်နိုင်လောက်မှာပါ”

ဆုံးဖြတ်ချက်တစ်ခုကို ချဖို့တွေဝေနေပေသည်။ နောက်ဆုံးတော့လည်း လှုပ်ရှားရန်သာ ဆုံးဖြတ်လိုက်၏။

တစ်စုံတစ်ယောက်က တိုက်ပွဲ၀င်တော့မည်ဆို ပြင်ဆင်မှုများကို အသေးစိတ်ကျကျလုပ်ဆောင်ထားဖို့လိုသည်။ ဒါမှ အဓိက အခိုက်အတန့်တွေမှာ ခေါင်းမော့ရင်ကော့ကာ ရယ်မောနိုင်ပေမည်။

ဤသို့ စိတ်အခြေအနေမျိုးက တစ်စုံတစ်ယောက်၊ သူငယ်ချင်း၊ ကာကွယ်လိုသည့်သူ ဘယ်သူဖြစ်ဖြစ်ကို ကာကွယ်ရန် လိုအပ်ချက်ဖြစ်သည်။

“အဖိုးကြီးစီကိုသွား။ အမြန်။ ဒါနင့် တာ၀န်ပဲ”

မုကျစ်ရှီပါးစပ်လေးကိုဖွင့်ဟလိုက်သော်လည်း စိတ်ထဲဗလာကျင်း‌နေတာကြောင့် ဘာမှ မပြောနိုင်လိုက်ပါချေ။

တကယ်ပြောရလျှင် ရဲ့ရှောင်ထျန်းကို ပုံရိပ်ယောင်ထဲက ထုတ်ဖို့တောင် ဘယ်လိုလုပ်လိုက်လဲမသိ ကြက်ကန်းဆန်အိုးတိုးပြီးအောင်မြင်သွားခဲ့ခြင်းဖြစ်သည်။ သူမသိသည်က ကံကြမ္မာကို လက်ပုံမအပ်ချင်ဘူးဆိုတာပင်။

သို့ပေမယ့် ယခုလိုအချိန်မှာတော့ ခေါင်းငုံ့ စိတ်လျော့ကာ သဘောတူရုံမှ တစ်ပါးမရှိပါချေ။

သူမ၏ ဆရာကိုရှာနိုင်လျှင် စုရှောင်ရှန် အသက်ရှင်ဖို့က ပိုသေချာပေမည်။ ထိုသို့တွေးလိုက်ပြီး စတင်၍ လှုပ်ရှားတော့၏။

သူမ ထွက်ခွာသွားတာကိုမြင်လျှင် စုရှောင်ရှန်လည်း စိတ်သက်သာရာရသွားပြီးချက်ခြင်းလက်ငင်း တောင်အနောက်ဘက်သို့ သူလည်းပြေးသွားလိုက်၏။

“ငါတစ်ယောက်တည်း မျက်နှာဖုံးတပ်လူက နှင်းမြို့တော်ရဲ့အလွမ်းကို ယူဖို့သွားမယ်ဆိုတာ မယုံဘူး။ အဖိုးကြီးတို့ အကြီးအကဲရှောင်နဲ့ အခြားသူတွေလည်း သိပြီး စုရှင်းရှင်းကို ကာကွယ်ဖို့ သွားတောင် သွားနေလောက်ပြီ”

ဒါနဲ့ အခုသူတို့ဘယ်မှာလဲ။ စုရှင်းရှင်းကို သွားမကယ်နိုင်ကြအောင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

“ငါအဝေးကနေပဲ အခြေအနေကို ကြည့်ပြီး လှုပ်ရှားရမယ်။ သွားလောလို့မဖြစ်ဘူး။ သူမက ငါ့ကို အကိုရှောင်ရှန်လို့ ခေါ်တယ်ဆိုပေမယ့် ငါတို့အကြားမှာ ဘာ နက်နက်ရှိုင်းရှိုင်းဆက်နွယ်မှ မရှိတာ။ ငါ့အသက်တော့ အသေမခံနိုင်ပါဘူး။ ဟုတ်တယ်။ ဒီလိုလုပ်ရမယ်။ အခြေအနေက လုံး၀အဆင်မပြေဘူးဆိုရင်တောင် သူမရဲ့ အလောင်းကို ကောက်မယ့်သူက ရှိမှာပါ”

ညအချိန်လေးဖြစ်ရာ လေညှင်းကလေးက အေးစက်မှုတို့ကို ဆောင်ကျဉ်းလာသည်။

အရှင်သခင်နယ်ပယ် ဓားဆန္ဒက နေရာတစ်ခုလုံးကို ထိုးဖောက်၀င်ရောက်နေသည်။ လေထဲတွင်လည်း ထောင်နှင့်သောင်းနှင့်ချီသော ဓားစွမ်းအင်တို့ ပျံဝဲနေကာ ကျောချမ်းဖွယ် ခံစားချက်ကို ပေးသည်။

ထိုဓားစွမ်းအင်များအားလုံးကို ဖျက်ဆီးပြီး စုရှင်းရှင်း၏ နဖူးကို မျက်နှာဖုံးတပ်လူ တောက်လိုက်၏။ သွေးများထွက်လာခဲ့သည်။

ဘုတ်…။

ကလေးမလေး၏ ခန္ဓာကိုယ်ထဲက ခွန်အားများပျောက်ဆုံးသွားကာ မြေပြင်၌‌ ပျော့ခွေ လဲကျသွားပြီး သတိမေ့သွားတော့သည်။

မျက်နှာဖုံးတပ်လူထိုသို့ အတန်ကြာရပ်နေပြီးနောက် ခေါင်းငိုက်စိုက်ချကာ သက်ပြင်းချလိုက်သည်။

“ကလဲ့စားဆိုတာ လူတစ်ယောက်ကို အဆင့်တက်စေဖို့ အရူးအမူး မောင်းနှင်ပေးတဲ့ အရာတစ်ခုပဲ” ထိုသတိမေ့မျောနေသောကောင်မလေးကို သူပြောသည်။

ဘုန်း ဘုန်း ဘုန်း…။

ဓားဆန္ဒတို့ ၎င်းတို့နှင့် သက်ဆိုင်သည့် နေရာများကို ပြန်ကျသွားပြီး လေထဲကို ဖုန်မှုန့်များ တထောင်းထောင်းထသွားစေလိုက်သည်။

အရှင်သခင်နယ်ပယ်ဓားဆန္ဒနှင့် စုရှင်းရှင်းတောင် မျက်နှာဖုံးတပ်လူနှင့် ရင်ဆိုင်ရတဲ့အခါ ချက်ခြင်း ရှုံးနိမ့်သွားရပေသည်။

“အချိန်မရှိတော့လို့ သွားလိုက်ပါဦးမယ်။ ဒါပေမယ့် ဓားကိုတော့ ငါယူသွားမယ်။ နင် အလုံအလောက်သန်မာလာတဲ့ နေ့ကြ ပြန်လာယူပေါ့”

မြေပြင်ပေါ်မှ အဖြူ၀တ်ကလေးမလေးကို ကြည့်ပြီး မျက်နှာဖုံးတပ်လူ ပြောလိုက်သည်။ ထို့နောက် ဧရာမဓားကြီးကိုကောက်ယူကာ သူ့နောက်ကျော၌ လွယ်လိုက်ပြီး လေထဲကို တက်သွားတော့သည်။

သူဝေးဝေးမသွားလိုက်ရသေးခင်မှာ ရုတ်တရက် ပါးစပ်နှင့် နှာခေါင်းတို့ကို ပိတ်ကာ ချောင်းအပြင်းအထန်ဆိုး၏။

အဟွတ် အဟွတ် အဟွတ် …။

အနက်ရောင်တိမ်တိုက်များက လ‌‌ ကိုဖုန်းကွယ်ထားသဖြင့် မှောင်နေပေရာ ထိုအမှောင်ထုထဲမှာ မျက်နှာဖုံးအသစ်တစ်ခု အမြန်လဲလိုက်ပြီး သွေးများပေနေသော မျက်နှာဖုံးကို ခြေမွပြီး မြေပြင်ပေါ်ပစ်ချလိုက်လေသည်။

“အခုတော့ လုပ်စရာတစ်ခုပဲရှိတော့တယ်…”

သူ့မျက်လုံးထဲ၌ စိတ်၀င်စားသောအလင်းတဖြတ်လက်သွားပြီး ကောင်းကင်ပေါ်က တိမ်ဆိုင်များကို ကြိုးစားဖောက်ထွင်းလာနေသည့် လရောင်ကိုကြည့်လိုက်သည်။

“၀မ်မင်။ မင်းဘယ်မှာလဲ”

ရွှင်းးးး…။

၎င်းက ဓားအိမ်မှ ဓားဆွဲထုတ်သည့်အသံဖြစ်သည်။

မျက်နှာဖုံးတပ်လူလှည့်ကြည့်လိုက်ရာ သွေးသံတရဲရဲရပ်နေသည့်လူကိုတွေ့လိုက်ရ၏။ ထိုသူ့ကို သူသိပါသည်။

သူ့ကိုဓားနှင့် ချိန်ရွယ်ဖူးသည့်သူကို မေ့နိုင်မတဲ့လား။

“မင်း ပြန်သက်သာလာပြီပေါ့လေ” မျက်နှာဖုံးအောက်က သူ့နှုတ်ခမ်းထောင့်ကွေးတက်သွားသည်။

ရှောင်ချိစွေ၏ ကိုယ်က တဆတ်ဆတ်တုန်ခါနေခဲ့သည်။ မျက်နှာဖုံးတပ်လူကို ဘာမှ မပြောဘဲ တိုက်ခိုက်ရန်ပြင်လိုက်၏။

၎င်းက အရင်တစ်ခေါက်က သူအသုံးပြုလိုက်သည့် အကွက်ပဲဖြစ်ပေမယ့် သူ့စိတ်နေသဘောထားကတော့ မတူညီပါပေ။

ဒီတစ်ခါ သူ ရှောင်ချိစွေက သူ့အတွက် သူ့ဓားကို ဆွဲထုတ်နေခြင်းမဟုတ်ဘဲ စုရှင်းရှင်းအတွက် ထုတ်ခြင်းဖြစ်ပေသည်။

“မင်းကို ကြည့်ရတာ ငါ့ကိုသိတဲ့ပုံပါပဲ။ ဒါတောင် ဓားရွယ်ရဲသေးတယ်နော်” မျက်နှာဖုံးတပ်လူ ရယ်မောပြီး မေးလိုက်သည်။

“ဓားကိုချလိုက်” ရှောင်ချိစွေ ဒေါသတကြီးအော်သည်။

“ဟက် မင်းက ဒေါသထွက်တာတော့ လွယ်သားပဲ”

မျက်နှာဖုံးတပ်လူက မြေပြင်ပေါ်က စုရှင်းရှင်းကို လည်ပြန်ကြည့်ပြီး “ငါသူ့ကိုမသတ်ဘူး။ ဒါပေမယ့် ဓားတော့ယူသွားမယ်”

နှင်းမြို့တော်၏အလွမ်းက သူ့နောက်ကျော၌ဖြစ်သည်။ သာမန်ကြိုးဖြင့် လွယ်ထားတယ်ဆိုပေမယ့် ၎င်းက ရုတ်ရုတ် ရုတ်ရုတ်မလုပ်ရဲပေ။

‌စိတ်ဝိညာဉ်အနှစ်များဖြင့် စုရှင်းရှင်းကို သူ့ထံ ရှောင်ချိစွေ ဆွဲမပြီး ခေါ်ယူလိုက်သည်။ ထို့နောက် သွေးကြောကိုအလျင်အမြန်စစ်ကြည့်ပြီးမှ ဒဏ်ရာပြင်းပြင်းထန်ထန်မရတာသိပြီး စိတ်သက်သာရာရသွားလေသည်။

သူမ အန္တရာယ်ကင်းလို့ တော်သေးတာပေါ့။

သို့ပေမယ့် နာမည်ကြီးဓားကို ဒီအတိုင်းယူသွားခွင့်မပေးနိုင်ပါချေ။

“ဓားကိုချလိုက်” သူထပ်မံ ပြောကြားသည်။

မျက်နှာဖုံးတပ်လူကို ကြည့်ရတာ သူ့ကို ကစားချင်နေသလိုနှင့် ရှေ့ကို တက်လိုက်သည်။‌ ရှောင်ချိစွေ ထိတ်လန့်သွားတယ်ဆိုပေမယ့် နောက်မဆုတ်ဘဲ မြဲမြဲမြံမြံ ရပ်လိုက်၏။

“စိတ်၀င်စားစရာပဲ။ ငါ့ရန်သူတွေထဲမှာ မင်းတစ်ယောက်တည်းဘဲ ငါ့ကို ဓားနဲ့ နှစ်ကြိမ်ရွယ်ရဲတယ်”

Comment

Leave a Reply

Options

not work with dark mode
Reset