“ဘယ်ဓားမှ ဒီကမ္ဘာကြီးထဲမှာ ငါ့ကိုမတိုက်ခိုက်ရဲဘူး။ နာမည်ကြီးဓားတောင်မလုပ်ရဲဘူး”
အပျက်အဆီးများအကြားမှာ လှဲလျောင်းနေရသော ယောင်ယင်ယင် ၀ရုန်းသုန်းကားဖြစ်သံများကိုကြားလိုက်သောအခါ ထရပ်ရန် ကြိုးစားလိုက်သည်။ သို့ပေမယ့် ထိုမျက်နှာဖုံးတပ်နှင့်လူ၏ ရိုက်ချက်မှ ကျန်ရစ်နေခဲ့သော ဓားစွမ်းအင်များက သူမကို တားဆီးထားလေသည်။
“သူက ဘယ်သူလဲ။ ဓားစွမ်းအင်သက်သက်တည်းနဲ့တောင် အကြီးအကဲရှောင်ထက် ပိုပြီး အစွမ်းထက်နေပြီ” သူမ ရေရွတ်လိုက်သည်။
ရှောင်ချိစွေက အဆိုပါ မျက်နှာဖုံးတပ်လူ၏ ဓားတစ်ချက်လေးကိုတောင် မခံနိုင်တာ သူမ မသိပါချေ။
သူတစ်ချက်တည်းဖြင့် ရှုံးသွားရတဲ့အကြောင်းကို မပွချင်လို့ ပိတ်စို့ထားသောကြောင့် သူမ မသိခြင်းပေ။
မျက်နှာဖုံးတပ်နှင့်လူ အိမ်ထဲကနေ ပန်းခင်းဘက်သို့ လျှောက်သွားတာ တွေ့လိုက်ရသည်။ သူမ အလျင်အမြန် နောက်တစ်ကြိမ်ထရပ်ရန်ကြိုးစားလိုက်သော်လည်း သွေးတစ်လုတ်သာ အန်ထုတ်လိုက်ရပါသည်။
အပျက်ဆီးများအောက်၌ ထရပ်ရန်ကြိုးစားနေရင်းနှင့် သူမ၏ အသိစိတ်တဖြည်းဖြည်းပျောက်ကွယ်လာတာကို သတိထားမိလိုက်သည်။ နောက်ဆုံးတော့ လေးလံလာသော မျက်ခုံးတို့ကို မပင့်တင်နိုင်တော့ဘဲ လက်ပစ်ချကာ အမှောင်ထုအောက်မှာ ၀ပ်တွားလိုက်ရ၏။
“ညီမလေးစု…” သို့တောင် အားအင်ချိနဲ့သော လေသံဖြင့် ရေရွတ်နေသေးသည်။
“ပြေး”
… …
“ကလေး။ ဒီဓားကြောင့် နင်နာကျင်မှုတွေ၊ ခါးသီးမှုတွေ မခံစားရဘူးလား”
စုရှင်းရှင်းရှေ့မှာ မျက်နှာဖုံးတပ်လူ ဒူးတုပ်ချပြီး ညှင်သာသော လေသံဖမ်းကာ မေးလိုက်သည်။
“နင့်အရွယ်ကလေးတွေက မိဘတွေစီက မေတ္တာတွေကို ခံစားနေရမှာ။ ဒါကို ဒီလို ကြီးမားတဲ့ တာ၀န်ကြီးထမ်းနေရတယ်။ မကြာခဏ လုပ်ကြံမှုတွေက နင့်ကို မရေမတွက်နိုင်တဲ့ အိပ်ရေးပျက်တဲ့ညတွေ၊ အရသာမရှိတဲ့ ထမင်းတွေဖြစ်အောင် လုပ်ခဲ့မှာပေါ့။ လာနင့်နာကျင်မှုတွေကို ငါယူသွားပေးမယ်။ နင့်အစား ငါခေါင်းခံပေးမယ်”
မျက်နှာဖုံးတပ်လူ နှင်းမြို့တော်၏ အလွမ်းပေါ်ကို လက်တင်လိုက်သည်။ သို့သော် စုရှင်းရှင်းက အံကိုတင်းတင်းကြိတ်ကာ ခေါင်းမာသော အမူအရာဖြင့် ၎င်းကို ဆုပ်ကိုင်ထားစဲဖြစ်၏။
သို့သော် မျက်နှာဖုံးတပ်လူ၏ လက်ဖျစ် တစ်ချက်တည်းဖြင့် ထိုဓားက စုရှင်းရှင်းလက်ထဲမှ ရုန်းထွက်လိုက်လေသည်။
“နှင်းမြို့တော်ရဲ့အလွမ်း…” ထိုဧရာမဓားကြီး၏ အဖြူရောင်မျက်နှာပြင်ကို ပွတ်သပ်ရင်းက မျက်နှာဖုံးတပ်လူ ရေရွတ်လိုက်သည်။
စုရှောင်ရှန်ထိတုန်းကဆိုထိုဓားက မောက်မာသလိုလိုနှင့် အသံပေးကာ ရုန်းထွက်လေသည်။ ယခုတော့ မျက်နှာဖုံးတပ်လူ၏ လက်ထဲမှ တစ်ချက်ကလေးမှ မလှုပ်ရဲဖြစ်နေ၏။
ဒေါက်…။
မျက်နှာဖုံးတပ်လူ ဓားသွားကို တောက်လိုက်ရာ အတွင်းစည်းတစ်လျှောက်လုံးကို ဓားခေါက်သံက ရှင်းရှင်းလင်းလင်းပြန့်ထွက်သွားလေသည်။
ပုန်းခိုနေကြသော ဂိုဏ်းသားတိုင်း ကြက်သီးတဖျင်းဖျင်းထသွားကြ၏။ ခုခံနိုင်စွမ်းငှာမတတ်နိုင်ဘဲ ဓားသွားတစ်ချောင်းက သူတို့၏ ဝိညာဉ်ကိုလာရောက်ထိုးစိုက်သကဲ့သို့ ခံစားလိုက်ရ၏။
“နာမည်ကြီးဓားဆိုပါပေ့။ အတုနဲ့တော့ တကယ်မတူဘူးပဲ”
မျက်နှာဖုံးတပ်လူက အသိအမှတ်ပြုသည့်လေသံဖြင့်တီးတိုးဆိုလိုက်ကာ ဆက်လက်၍ “ငါတကယ်ပြောရရင် ထျန်းစန်းနန်းတော်ကိုမလာခင်က စုမျိုးနွယ်စုစီ သွားပြီးသွားပြီ”
ထိုအချင်းအရာကိုကြားသောအခါ စုရှင်းရှင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုစကားလုံးများမှ တစ်ခုခု မကောင်းတာကြီးကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားခဲ့၏။
“အဖိုးကို ဘာလုပ်လိုက်တာလဲ” ခေါင်းကို ဆတ်ကတည်းမော့ကာ ထိုင်းမနိုင်သိမ်းမရ ဒေါသများတောက်လောင်နေသော မျက်၀န်းများဖြင့်မေးလိုက်သည်။
“နင့်မိသားစုက မပြောပြဘူးပေါ့”
မျက်နှာဖုံးတပ်လူ စိတ်ဝင်တစားရှိသွား၏။ ထိုကောင်မလေး၏ မျက်၀န်းထဲက ဒေါသများကို အသေအချာဆန်းစစ်လိုက်ပြီး အပြုံးတစ်ခုကို ဆင်မြန်းကာ သူမ၏ ခေါင်းပေါ်ကို လက်အသာအယာတင်လိုက်သည်။
“နင့်အဖိုး သေပြီ”
ရွှစ်…။
ဆောင်းလေညှင်းလို အေးစက်စက် အရှိန်အဝါက ကောင်းကင်တစ်လျှောက်ကို ပြန့်နှံ့သွားခဲ့၏။ ပန်းခင်းကြီးလည်း ထိုအရှိန်အဝါအောက်မှာ လူးလွင့်သွားပေမယ့် မြေပြင်၌ ကြံကြံခိုင်အမြစ်တွယ်နေစဲသာ။
စုရှင်းရှင်း၏ လက်ချောင်းများက မြေကြီးထဲသို့တောင် ဖောက်၀င်သွားချေပြီ။
သူမ၏ ကိုယ်ထဲက ဓားစွမ်းအင်များ ဒေါသတပြင်းထွက်လာကြပြီး ချက်ခြင်း ထရပ်လိုက်လေသည်။
ဘုန်း…။
ထိုဓာန္ဒပေါက်ကွဲမှုကြောင့် မျက်နှာဖုံးတပ်လူ အနောက်သို့ ယိမ်းယိုင်သွားသည်။
ကြက်သွေးရောင်ပုံရိပ်ယောင်ပန်းအစေ့များလည်း ကောင်ကင်သို့ ပျံတက်သွားပြီး လေထဲမှာ ပေါက်ကွဲကုန်ကြသည်။ မြောက်များစွာသော ဓားစွမ်းအင်များထွက်လာရာ ရင်းမြစ်ဖြစ်သော စုရှင်းရှင်း၏ အနက်ရောင်ဆံနွယ်များက တလူးလူး လွင့်နေတော့သည်။
“ဆိုတော့ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒ နောက်ဆုံးအဆင့်မှာပေါ့လေ”
မျက်နှာဖုံးတပ်လူ သူတွေ့ချင်တာ တွေ့လိုက်ရပြီဖြစ်ပေမယ့် အနည်းငယ်တော့ စိတ်ပျက်မိသေး၏။
“မကြိုက်ဘူး။ တကယ် မလုံလောက်သေးဘူး။ ဒါနင်အတတ်နိုင်ဆုံးဆိုရင် ငါ့ကို ထိခိုင်အောင်လုပ်နိုင်ဦးမှာမဟုတ်ဘူး”
“သတ်ပစ်မယ်” စိတ်လွတ်ထွက်သွားသလို စုရှင်းရှင်းက ဒေါသတကြီးအော်လိုက်ပါသည်။ မျက်နှာဖုံးတပ်လူ၏ စကားလုံးများက သူမ၏ ကျိုးကြောင်းဆီလျော်မှုကို ပျောက်ဆုံးသွားစေခဲ့၏။
သူမ၏ လက်ကိုဆန့်ထုတ်လိုက်ရာ နှင်းမြို့တော်၏ အလွမ်းက မျက်နှာဖုံးတပ်လူလက်ထဲမှ ရုန်းထွက်ရန်ကြိုးစားနေသလို ချက်ခြင်းတုန်ခါလာခဲ့ပေသည်။
သို့ပေမယ့် သူ့အကြည့်တစ်ချက်တည်းဖြင့် ပြန်ငြိမ်ကျသွားခဲ့၏။
“သူ့ကိုသတ်စမ်း” စုရှင်းရှင်းအမိန့်ပေးလိုက်သည်။
ဓားက သူမစကားနားမထောင်နေတာတောင် စုရှင်းရှင်းကြောက်ရွံ့မှုတစ်စုံတစ်ရာ မပြပါလေ။ သူမအထက်မှာ ဓားစွမ်းအင်များစုစည်းလာပြီးတော့ ဧရာမ ဓားသဏ္ဌာန်ပေါ်လာကာ မျက်နှာဖုံးတပ်လူထံ တိုး၀င်သွားသည်။
“နင့် ဓားစွမ်းအင်ကိုတောင် သဏ္ဌာန်ဖော်နိုင်နေပြီပဲ…”
အနက်ရောင်မျက်နှာဖုံးအောက်မှာ အပြုံးဖျော့ဖျော့ မသိမသာလေးဖြစ်ပေါ်လာသည်။ သူ့လက်နှစ်ချောင်းကို ဆန့်ထုတ်ပြီး ထိုဓားစွမ်းအင်ကို အသာအယာပဲခုခံလိုက်၏။
ဘုန်း…။
သို့ဖြင့် ထိခိုက်မှုကြီးဖြစ်သွားကာ ပေါက်ကွဲသံကြီးထွက်ပေါ်လာလေသည်။ ထိုမှ ထိရောက်မှုက အံ့မခန်းပင်။ ထိုမိုးခြိမ်းသံအလား ပေါက်ကွဲမှာကြီးက ခြံလေးကို ကာထားသည့် အစီအရင်နှင့်တကွ အနီရောင်ပန်းခင်းကြီးကို ဗလာကျင်းသည်အထိ ဖျက်ဆီးပစ်လိုက်တော့သည်။
လရောင်၏ တောက်ပနေသော အလင်းရောက်အောက်မှာ မျက်နှာဖုံးတပ်လူက ဧရာမ ဓားစွမ်းအင်ကို လက်နှစ်ချောင်းတည်းဖြင့် ညှပ်ထားလိုက်၏။ ထို့နောက် စုရှင်းရှင်း၏ ရဲရဲနီနေသော မျက်၀န်းများကိုစိုက်ကြည့်လိုက်သည်။
ရယ်သံဖျော့ဖျော့လေးက တိတ်ဆိတ်နေသော ညကလေးကို ပဲ့တင်သံထပ်ဖြိုခွဲသွားလေသည်။
“နင့်အဖိုးတစ်ယောက်တည်းမဟုတ်ဘူး။ နင့်ဦးလေ၊ အဒေါ် အကုန်ငါ့ကိုတိုက်လိုက်ရဲသမျှလူတွေ ဘယ်သူမှ အသက်မရှင်ဘူး။ ငါ့လက်ထဲမှာ သေရတာက ဓားသမားတစ်ယောက်ရဲ့ အကြီးမြတ်ဆုံး ဂုဏ်တစ်ခုပဲ”
မျက်နှာဖုံးတပ်လူက ၎င်းက အမှန်တရားလို ပြောနေပေသည်။ သူ့ ဘာမဟုတ်သလို လေသံက စုရှင်းရှင်းကို မီးစာထပ်ထည့်ပေးလိုက်၏။
သူမ ဘ၀ကို လုပ်ကြံမှုများအကြားမှာ ရှင်သန်ဆို ရှင်သန်နိုင်ပါသည်။ သူတို့ တနည်းနည်းနဲ့အောင်မြင်သွားရင်တောင် မျက်ရည်ကျလိမ့်မည်မဟုတ်ချေ။
သူမ၏ မျိုးနွယ်စုကိုတောင်ကာကွယ်ဖို့ စုမျိုးနွယ်စုကနေ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကထွက်လာခဲ့၏။ သို့ဖြင့် သူမ လုံခြုံလိမ့်မယ်ဟု ထင်သော ထျန်းစန်းနန်းတော်၌ လာရောက်ပုန်းခိုလေသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ထဲက ခြေတစ်လှမ်းမှတောင်မထွက်ရဲခဲ့ချေ။ သူမ၏ လွတ်လပ်မှုကို အဆုံးရှုံးခံပေးဆပ်ခဲ့တာတောင် ယခုတော့ အရာအားလုံးက သဲထဲရေသွန်ဖြစ်သွား၏။
“နာမည်ကြီးဓားကိုင်ဆောင်ထားတာ ကျွန်မလေ။ ဘာလို့ ကျွန်မ မိသားစုကို ဒုက္ခပေးရတာလဲ” စုရှင်းရှင်း၏ မျက်၀န်းများအထဲ မျက်ရည်များရွှန်းလဲ့လာခဲ့သည်။
မျက်နှာဖုံးတပ်လူ သူမကိုကြည့်ပြီး ဖြေးညှင်းစွာ ပြောလိုက်သည်။ “ဘယ်လိုတောင် တုံးအလိုက်တဲ့ ကောင်မလေးလဲ။ ကမ္ဘာကြီးက နင့်အနားမှာ လည်ပတ်နေတာမဟုတ်ဘူး။ နင်လိုချင်သလို ကံကြမ္မာက အကြောင်းဖန်ပေးမယ်ထင်နေတာလား”
“ နေ့တိုင်း စု မျိုးနွယ်စုကို အလည်အပတ်သွားတာ ငါတစ်ယောက်တည်းမဟုတ်ဘူး။ တကယ်က နင့်ကို စိတ်ဝိညာဉ်နန်းတော်မှာ လာလုပ်ကြံတာထက်တောင် မနည်းဘူးလို့ပြောလို့ရတယ်။ ပိုချင်တောင်ပိုနေမှာ။ ဘာလို့ဆို စုမျိုးနွယ်စုထဲ ၀င်ရတာက ပိုလွယ်တယ်လေ”
စုရှင်းရှင်း သူပြောတာ ဘာမှ နားမလည်ပါချေ။ အသံအက်အက်ကြီးဖြင့် အော်လိုက်သည်။ “ဒါပေမယ့် နာမည်ကြီးဓားက ကျွန်မစီမှာလေ”
မျက်နှာဖုံးတပ်လူ လက်ညိုးဖြင့် တောက်ထုတ်လိုက်ရာ ဧရာမဓားသဏ္ဌာန်စွမ်းအင်ကြီးက ချက်ခြင်းပျက်ပြယ်သွားခဲ့သည်။ ထို့နောက် စုရှင်းရှင်း၏ ခေါင်းပေါ်လက်တင်ကာ “ကလေး။ မှတ်ထား။ ဒီကမ္ဘာကြီးထဲမှာ နင့်ကို ချစ်ကြသေးတဲ့လူတွေရှိပြီး သူတို့ အချစ်တွေကို နင်မမြင်ရဘူး။ ငါတောင် တစ်ချို့ နာမည်ကြီးဓားအတုတွေနဲ့ လှည့်စားတာခံလိုက်ရသေးတယ်။ စုမိသားစုကနေတောင် အတုတစ်ချို့ရလိုက်တာ။ ပြီးတော့ ထျန်းစန်းစီရင်စုထဲမှာလည်း ပြန့်နေကြတာပဲ”
ခံစားချက်ပေါင်းစုံရောထွေးနေသော စုရှင်းရှင်း၏ ခန္ဓာကိုယ်လေးက တုန်ခါမှုမရပ်တန့်သွားခဲ့ပါပေ။ နောက်ဆုံးတော့ မခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျသွားသည်။
“မဖြစ်နိုင်တာ။ လိမ်နေတာ။ ဘယ်သူမှ အဲ့လို ဖြစ်နေတယ်လို့မပြောကြဘူး။ လိမ်နေတာ”
သူမ အမြဲဖော်ပြလေ့ရှိသည့် မျက်နှာဖုံးအောက်မှာတော့ အသက်တောင်မပြည့်သေးသည့် (၁၆) နှစ်အရွယ်ကောင်မလေးသာ။
သူမကို သနားသော လူများက သူတို့အတောင်အောက်မှာ ခိုလှုံခွင့်ပေးထားခဲ့လေသည်။ သို့ဖြင့် ကမ္ဘာကြီး၏ တကယ် ရက်စက်သောအဖြစ်မှန်ကို ကလေးမလေးက နားမလည်ခဲ့ချေ။
မျက်နှာဖုံးတပ်လူခေါင်းခါရမ်းလိုက်သည်။ သူ့မျက်၀န်းများက တည်ငြိမ်နေစဲဖြစ်၏။
သူက အမှန်တရားများကိုပြောနေခြင်းဖြစ်ပြီး ထိုအမှန်တရားက စုရှင်းရှင်းအတွက် အလွန်ရက်စက်လောက်ပေမည်။ သို့ပေမယ့် ဒီလိုအမှန်တရားကို ရင်မဆိုင်ရဲဘူးဆိုရင် သူမ၏အနာဂါတ်တက်လမ်းကြောင်းကလည်း ပြိုကျသွားရပေလေမည်။
“တစ်ခါတစ်ရံ ချစ်တယ်ဆိုတာ စကားလုံးနဲ့ ဖော်ပြစရာမလိုဘူး”
“မဟုတ်ဘူး အလိမ်အညာတွေ” စုရှင်းရှင်း၏ ကိုယ်ကလေး မယုံကြည်နိုင်မှုတို့ဖြင့် တဆတ်ဆတ်တုန်ရင်နေ၏။ သူမ လက်မခံနိုင်ပါချေ။
“ရှင်လိမ်နေတာ။ ဟုတ်တယ် ကျွန်မကို လှည့်စားဖို့ကြိုးစားနေတာ”
ထို့နောက် မျက်နှာဖုံးတပ်လူကို မျက်လုံးနီနီရဲရဲကြီးများဖြင့် မျက်တောင်မခတ်စတမ်း စိုက်ကြည့်လိုက်ပါသည်။
သူက ရန်သူဖြစ်သည်။ သူ့စကားများကို မယုံကြည်သင့်ပေ။
သူမ၏ စိတ်ထဲတွင် မုန်းတီးမှုတို့ ပေါက်ဖွားလာကြသည်။ သူမ၏ တစ်ကိုယ်လုံးကို ဒေါသတပြင်း ဖြတ်သန်းစီးဆင်းနေသည့် ဓားစွမ်းအင်တို့က ကြီးမားသော နာကျင်မှုကိုပေးနေ၏။ ရုတ်တရက် ထိုဓားစွမ်းအင်များကို တစ်စုံတစ်ခုက ဆွဲဆောင်သကဲ့သို့ သူမ၏ ကိုယ်အပြင်ဘက်သို့ တိုးလျှိုး ထွက်ကုန်ကြသည်။
တစ်ပြိုင်တည်းပဲ ထိုကြက်သွေးရောင်ပုံရိပ်ယောင်ပန်းအစေ့များမှ ဓားစွမ်းပင်များလည်း ပေါက်ကွဲထွက်လာကြ၏။ ထို့နောက် မြောက်မြားစွာသော ဓားစွမ်းအင်များက လေထဲမှာ သဏ္ဌာန်ဖြစ်ပေါ်လာပြီး မျက်နှာဖုံးတပ်လူကို ဦးတည်ထိုးထားလိုက်ကြသည်။
ဓားသောင်းနှင့်ချီ၍ တိုက်ခိုက်ရန်အမိန့်ကိုစောင့်နေကြ၏။
စုရှင်းရှင်း လက်ထဲမှာ ဓားမကိုင်ထားဘူးဆိုပေမယ့် ထျန်းစန်းနန်းတော်နှင့် တောင်တန်းတစ်လျှောက်လုံးကို စူးစူးရှရှ ဓားအော်မြည်သံများ ပဲ့တင်ပြန့်နံ့သွားပေသည်။
ရွှင်းးးးးး…။
ထျန်းစန်းနန်းတော်ဘယ်နေရာမှာဖြစ်ဖြစ် ဓားသမားများ ချက်ခြင်း သူတို့ဓားများကို တစ်ပြိုင်တည်း ကိုင်ထားလိုက်ကြရသည်။
“ဓားအရှင်”