Switch Mode

အခန်း (၂၀၁)

တစ်စိတ်လောက် အတွင်းစည်းဘယ်မှာလဲမသိဘူး

အတွင်းစည်း တောင်တန်း အနောက်ဘက် တစ်နေရာ…။

စုရှင်းရှင်းနှင့် ယောင်ယင်ယင်တို့ အနီ၊ အပန်း ရောင်စုံခြယ်လှယ်ထားသော အခန်းအတွင်းရှိ ပျော့စိစိ ကုတင်ကြီးပေါ်၌ ထိုင်နေကြသည်။

“အ‌မယောင်။ ဘာလို့ ခေါင်းဆောင်က အတွင်းစည်းဂိုဏ်းသားတွေကို သွားပုန်းခိုင်းတာလဲသိလား”

“အင်း စိတ်ဝိညာဉ်နန်းတော်အစီအရင်က ထူးဆန်းမှုတွေနဲ့ဆို ငါတို့ အတိုက်ခိုက်ခံနေရတာဖြစ်မယ်”

စုရှင်းရှင်း သူမ၏ ဧရာမ ဓားကြီးကိုကိုင်ပြီး မျက်နှာကျက်ကို ငူငူကြီးစိုက်ကြည့် နေသည်။

သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် အပြင်ဘက်က အရာများကို ကြည့်နေခြင်းဖြစ်ပါသည်။ အစီအရင်က မကြာခဏဆိုသလို တုန်ခါလာတာကို တွေ့ရသဖြင့် စွမ်းအားကြီးအရာတစ်ခုက ၎င်းကို တိုက်ခိုက်နေတာထင်ရှားသည်။ မသိလျှင် အဖွဲ့အစည်းတစ်ခုက လုပ်နေသလိုလို…။

ထိုအစီအရင်က ထျန်းစန်းနန်းတော်ကို ကာကွယ်လာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ယခုလို တစ်ခါမှ စိတ်ဝိညာဉ်စွမ်းအင်တုန်ခါမှုမျိုးကို မပြသဖူးပါချေ။ အရင်တစ်ခေါက်တုန်းက မျက်နှာဖုံးတပ်နှင့်လူ လုပ်တုန်းကသာ တစ်ခါရှိဖူးမည်။

“ကြည့်ရတာ တစ်ယောက်ယောက်က တိုက်ခိုက်ဖို့လုပ်တော့ တံခါးရှေ့မှာ တိုက်ပွဲဖြစ်နေတာနေမယ်။ မစိုးရိမ်ပါနဲ့ သူတော်စင်အစေအပါးတောင် အရင်တစ်ခေါက်တုန်းက အတွင်းစည်းကို၀င်မလာနိုင်တာ ဘာမှ မဖြစ်ပါဘူး”

စုရှင်းရှင်း၏ ခေါင်းလေးကို ယောင်ယင်ယင် ညှင်သာစွာ ပွတ်လိုက်သည်။

ထို့နောက် စုရှင်းရှင်း၏ ဧရာမ ဓားကြီးအပေါ် အကြည့်ရောက်သွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

နာမည်ကြီးဓား…

နာမည်ကြီးဓားဆိုတော့ရော ဘာဖြစ်လဲ။ ၎င်းက ကိုင်ဆောင်သူကို ကံဆိုးခြင်းတွေဆောင်ကျဉ်း‌လာစေရုံမှတစ်ပါး ထူးဆန်းတာမရှိချေ။ သူမသာဆိုရင် ထိုဓားကို တစ်နေရာရာမှာ သွားပစ်လောက်ပြီးနေပြီ။ လောဘသားတွေ အချင်းချင်း အမဲဖြတ်သတ်ဖြတ်ချင် သတ်ဖြတ်ကြပ‌စေပေါ့။

သူမရှေ့က ကလေးမလေး နှစ်နှစ်ခြိုက်ခြိုက်တောင် တစ်ညမှ အိပ်ခဲ့ရလား မသိရပါချေ။

စုရှင်းရှင်း၏ ဆံနွယ်များကို ပွတ်သပ်နေရင်း ယောင်ယင်ယင် သူမအစား ရင်ထဲက စူးအောင့်အောင့်ခံစားလိုက်ရသည်။ စုရှင်းရှင်းက ထိုပွတ်သပ်မှုအောက်မှာ ‌စိတ်ချမ်းသာနေပုံပေါက်ပေသည်။ အိပ်ယာပေါ်တွင်လှဲလိုက်ပြီး ဓားကြီးကိုတစ်ဘက်၌ချလိုက်၏။

“နင်သာ ဒီဓားကြီးရဲ့ သခင် ဖြစ်မလာရင် မကောင်းဘူးလား…”

ထိုကလေးမလေး အခုမှ စိတ်သက်သာရာရနိုင်တာကိုမြင်ပြီး ယောင်ယင်ယင် ရေရွတ်လိုက်သည်။

နာမည်ကြီးဓားကို‌ကိုင်ဆောင်ဖို့ဆိုတာ စုရှင်းရှင်းလို ကလေးမလေး ထမ်းဆောင်နိုင်သည့် တာ၀န်၀တ္တရားမဟုတ်ပါချေ။ ဒီလို စွမ်းအားမျိုးကိုကိုင်ဆောင်တယ်ဆိုတာ အနောက်က ပေးဆပ်မှုကတော့ အမြဲပါသည်။

ထိုဓားကြီးကို ‌ကိုင်ဆောင်လိုက်စဉ်ကတည်းက စုရှင်းရှင်းက ကလေးဘ၀ ပျော်ရွှင်မှုတို့ကို ဆုံးရှုံးလိုက်ရ၏။

“မဟုတ်ဘူး”

စုရှင်းရှင်းက ခေါင်းကလေးအသာရမ်းကာ အလေးအနက်ပြောလိုက်သည်။ “ဒီဓားကြီးကိုကိုင်ဆောင်တဲ့ တာ၀န်ကို ကျေပွန်အောင်ထမ်းဆောင်ရမယ်။ တစ်နေ့ စုမျိုးနွယ်စုကို တဖန် အမြင့်ကို ပြန်ရောက်လာအောင်လုပ်မယ်။ အဲ့နေ့ရောက်လာခဲ့ရင်… သူ… သူလည်း ပျော်နေမှာပါ”

စုရှင်းရှင်း၏ ပါးနှစ်ဖက်ကို ယောင်ယင်ယင် လက်နှစ်ဖက်ဖြင့် ညှစ်လိုက်သည်။ ကလေးမလေး၏ တမ်းတဆွေးမြေ့မှုတို့ကို သူမ ခံစားရပါ၏။

ဒီဓားအတွက် တိုက်ပွဲမှာ သူမ၏ အဖေက သေဆုံးခဲ့ရလေသည်။ တကယ် တန်လို့လား။

“ဟုတ်ပါပြီ အနာဂါတ်‌ဆိုတာကို စိတ်ပူမနေပါနဲ့။ ဒီညသာ ကောင်းကောင်းအိပ်။ဟုတ်ပြီလား။ မနက်ဖြန်မနက်နိုးထလာရင် နင့်ဆရာက အရာအားလုံးကို ဖြေရှင်းပြီးသား ဖြစ်နေမှာပါ”

ထိုစိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာကို ပြောနေတာ ရပ်တန့်လိုက်ဖို့ ပြုံးကာ ယောင်ယင်ယင်က ဆိုသည်။

ထို့နောက် ‌ကလေးမလေး၏ ၀မ်းဗိုက်စီကို လက်ရောက်သွားပြီး ကလိထိုးလိုက်သည်။ စုရှင်းရှင်း တစ်ခစ်ခစ်ထရယ်ပြီး ယောင်ယင်ယင်ကို ရပ်တန့်ဖို့ တောင်းပန်တော့၏။

ထိုသို့ တစ်ယောက်နှင့်တစ်ယောက်စနောက်နေကြရင်း တောင်အနောက်ဘက်ကနေ ကြောက်မက်ဖွယ်ရာ အသံကြီး‌ ပေါ်လာတာကြောင့် နှစ်ယောက်သား အလန့်တကြားဖြစ်သွားကြ၏။

ဘုန်းးး..။

တောင်တန်းအနောက်ဘက်ကို ဘယ်အပြင်လူမှ ခွင့်ပြုချက်မရှိဘဲ ၀င်ခွင့်မရှိပါချေ။ စုရှောင်ရှန်ကတော့ ချွင်းချက် အရင်တစ်ခေါက်တုန်းက ကျူးကျော်လာခဲ့၏။ သူပြန်လာတာလား။

“အကိုလူဆိုးလေးလား။ လာလေ” စုရှင်းရှင်း ရွှင်မြူးစွာ ခေါ်လိုက်သည်။

ယောင်ယင်ယင် မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်လောက်အရေးကြီးနေပါစေ စုရှောင်ရှန်လာမယ်ဆိုရင်တောင် အရှေ့ဘက် တံခါးကနေ လာမှာဖြစ်သည်။ ခုက ဘာလို့ တောင်အနောက်ဘက်ကလာတာလဲ။

တောင်တန်းအနောက်ဘက်က ရေပူစမ်းက အနက်ရှိုင်းဆုံး အဝေးဆုံးနေရာဖြစ်သည်။ ဘယ်က ဘယ်လို အဲ့‌နေရာကို ရောက်နေရတာလဲ။

“ဘယ်သူလဲ”

အ‌ခြေအနေက တင်းမာမှုတို့ဖြင့် လေးလံသွားခဲ့သည်။ ထိုအချိန်မှာ ကိုယ့်နှလုံးခုန်သံတောင် ပြန်ကြားရလောက်နိုင်၏။

စုရှင်းရှင်း ရင်တထိတ်ထိတ်ဖြစ်သွားရသည်။ လုပ်ကြံသူလား။

သူမ၏ နှင်းမြို့တော်၏ အလွမ်းကို ချက်ခြင်း ကိုင်ဆုပ်လိုက်သည်။ ထိုဓားက သူမကို ခွန်အားပေးသလိုဖြင့် မျက်၀န်းများအတွင်း အေးစက်စက်အလင်းတို့ ဖြတ်သန်းသွားပြီး စိတ်ပြန်ငြိမ်ကျသွားခဲ့၏။

ဒေါက် ဒေါက် ဒေါက်…။

တံခါးခေါက်လေးကို ကြားလိုက်ရသည်။ အချိန်အတန်ကြာ တုန့်ပြန်မှုမရှိ‌တာကြောင့် တံခါးလေးက ကျွီကတည်း အလိုလို ပွင့်လာခဲ့၏။

“တောင်းပန်ပါတယ်။ ငါ လမ်းပျောက်ပြန်ပြီထင်တယ်။ စိတ်မရှိရင် အတွင်းစည်း ဘယ်ကလဲဆိုတာ တစ်စိတ်လောက် ပြောပြလို့ရမလား”

ထိုလူက ရေမသောက်ရတာ ဆယ်စုနှစ်တစ်ခုလောက်ကြာသကဲ့သို့ အက်ကွဲကွဲလေသံဖြင့်ပြောသည်။ ၎င်းက ကြမ်းပြင်ကို ဓားနဲ့ခြစ်နေသလို ဘာလိုလို အသံဖြင့် ကြက်သီးတဖျင်းဖျင်းထောင်ထသွားစေနိုင်၏။

ထိုသူစိမ်းက အနက်ရောင်တစ်ကိုယ်လုံး၀တ်ဆင်ထားပြီး မျက်နှာတွင်လည်း မျက်နှာဖုံးတစ်ခုတပ်ထားကာ လက်အိတ်များစွပ်ထားသည်။ မသိလျှင် လေတစ်ချက်တိုက်ခတ်သွားတာနဲ့ ပြာကျသွားတော့မှာ ကြောက်သလိုလိုနှင့်…။

သူ့တစ်ကိုယ်လုံးမှာ ထုတ်ဖော်ပြသထားတာဆိုလို့ သူ၏ နက်နက်ရှိုင်းရှိုင်း နက်မှောင်နေသော မျက်လုံးများသာရှိသည်။ သူတို့က လူသေမျက်လုံးများသကဲ့သို့ မျက်အိမ်ကဖြူရမယ့်အစား ဝါညစ်ညစ်ဖြစ်နေ၏။

“မျက်နှာဖုံးတပ်လူ…”

ထိုလူ့ကို မှတ်မိကြသော မိန်းမငယ်လေးနှစ်ယောက်၏ နှလုံးခုန်နှုန်းများ မြင်းဒုန်းဆိုင်းသွားရသည်။

သူတော်စင် အစေအပါးတွေက စိတ်ဝိညာဉ်နန်းတော်ကို ထပ်ဖောက်ထွင်းဖို့လုပ်နေပြန်ပြီလား။

အပြင်ဘက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်နေချိန်ဤ မျက်နှာဖုံးတပ်လူက စုရှင်းရှင်းကို ဖမ်းဖို့ ရောက်လာလေပြီ။

ယောင်ယင်ယင်ချက်ခြင်းသူမ၏ ဓားကို ကိုင်ကာ စုရှင်းရှင်းရှေ့၌ ကာရပ်လိုက်သည်။ ထို့နောက် တုန်တုန်ရင်ရင်ဖြစ်နေသောအသံဖြင့် မေးလိုက်၏။ “ရှင်ဘယ်သူလဲ။ ဘာလို့ ကျွန်မတို့အခန်းထဲ ၀င်လာတာလဲ”

မျက်နှာဖုံးတပ်လူက သူတို့ကို အရေးမထားတော့ဘဲ ထိုအဖြူရောင်ဧရာမ ဓားကြီးကိုသာ စူးစူးရှရှ ကြည့်လိုက်ပေသည်။ သူ့မျက်၀န်းများအတွင်း ပျော်ရွှင်မှု၊ အံ့အားသင့်မှုတို့က အထင်းသား။

“ဘေးဖယ်”

ယောင်ယင်ယင်က စုရှင်းရှင်းရှေ့မှာ ခေါင်းမာစွာ ရပ်နေသေးသည်။ သူမ၏ လက်ကိုဝေ့ရမ်းလိုက်သောအခါ အခန်းအတွင်း၌ အပန်းရောင် မြူခိုးများ ပေါ်လာတော့၏။

“ပုံရိပ်ယောင်ပါလား”

မျက်နှာဖုံးတပ်လူ၏ မျက်၀န်းများအတွင်း ထူးဆန်းသော အကြည့်တစ်ခု ဖြတ်သွားပေသည်။ သူက ယောင်ယင်ယင်ကို နောက်ဆုံးတော့ စိုက်ကြည့်လိုက်ကာ “ငါ့ကိုဒီလောက် ပုံရိပ်ယောင်လေးနဲ့ တားလို့ရမယ်ထင်နေတာလား။ နောက်တစ်ခါထပ်မပြောချင်ဘူး ဘေးဖယ်”

ယောင်ယင်ယင် ဘာမှ ပြန်မပြော‌ပေ။ သူမ၏ မျက်၀န်းများက အေးစက်နေကာ လက်ကွက်များကို ‌အလျင်အမြန် ပြုလုပ်လိုက်သည်။

သူမ၏ တိုက်ခိုက်မှုကိုမပြုလုပ်ရသေးခင်မှာပင် စုရှင်းရှင်း၏ လက်ထဲက ဧရာမဓားကြီးက အပြင်းအထန်တုန်ခါလာခဲ့၏။ ပြီးနောက် အေးစက်စက်စွမ်းအင်များကိုထုတ်လွှတ်ကာ ယောင်ယင်ယင်ကို သွားရိုက်လေသည်။ ထိုမှ သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး သက်ရောက်မှုအားကြောင့် မျက်နှာဖုံးတပ်လူ‌ဘက်သို့ လွင့်ပျံသွား၏။

မျက်တောင် တစ်ချက်မခတ်ဘဲ မျက်နှာဖုံးတပ်လူက သူမကို ဖြတ်ရိုက်လိုက်ရာ ဘေးတစ်ဘက်နံရံဘက်သို့ လွင့်ထွက်သွားပေသည်။

ဘုန်းး…။

နံရံက နှစ်ခြမ်းပြိုကျသွား၏။

စုရှင်းရှင်း သူမ၏ လက်ထဲက ဓားကို မယုံကြည်နိုင်မှုတို့ဖြင့် ကြည့်လိုက်၏။ ထိုဓားက သူမ၏ မိသားစု၀င်လိုဖြစ်နေတာကို ဘာလို့ ရုတ်တရက်ကြီး ထိန်းချုပ်မှု လွတ်ကင်းသွားရသလဲ မသိပါချေ။

“ညီမ ညီမ မလုပ်ဘူး…”

“ပြေး”

သူမတွင်ကျန်ရှိသော ခွန်အားလက်ကျန်လေးဖြင့် ယောင်ယင်ယင် အော်လိုက်သည်။ စုရှင်းရှင်း သူမကို တိုက်ခိုက်လိမ့်မည်မဟုတ်တာကိုသိပါသည်။

၎င်းက မျက်နှာဖုံးတပ်လူ၏ ပရောဂ ဖြစ်၏။ သူက အစွမ်းထက်လွန်းလေရာ သူတို့အကြား ကမ္ဘာခြားနေပေသည်။ ဘယ်လောက် နှင်းမြို့တော်၏အလွမ်းက စုရှင်းရှင်းနှင့် ရင်းနှီးပေသည် ဆိုစေငြား မျက်နှာဖုံးတပ်လူက အကြည့်တစ်ချက်တည်းဖြင့် ထိန်းချုပ်နိုင်လေသည်။

“ဒီဓားက နှင်းမြို့တော်ရဲ့ အလွမ်းမလား”

မျက်နှာဖုံးတပ်လူ၏ မျက်၀န်း ပို၍ နက်မှောင်လာခဲ့ပြီး စုရှင်းရှင်းလက်ထဲက ဓားကို အမြတ်တနိုးတန်ဖိုးထားသလို ကြည့်လိုက်၏။

“ငါ့ကို… တစ်ချက် ပေးကြည့်” ရှေ့တက်ပြီး ဓားကို လက်ဆန့်ထုတ်တောင်းလိုက်သည်။

ထိုလက်အိတ်၀တ် လက်ကိုကြည့်ပြီး စုရှင်းရှင်း နှလုံးသားအနက်ရှိုင်းဆုံးထဲမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

မျက်နှာဖုံးတပ်လူ၏ လက်က သာမန်လူ၏ လက်နှင့်တူမနေဘဲ သိသိသာသာကြီး လက်ချောင်းများမရှိသလို ပြားနေခဲ့၏။

“မပေးဘူး”

စုရှင်းရှင်း ခြေတစ်လှမ်းနောက်ဆုတ်ကာ သူမ၏ ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ရှေ့က မျက်နှာဖုံးတပ်လူကို ကြည့်လိုက်သည်။ စိတ်ဝိညာဉ်နန်းတော်ကို လာတိုက်ခိုက်သည့်သူများအကြားမှာ သူက အဆိုးဆုံးရန်သူဖြစ်လောက်၏။

သူမလည်း မပြေးနိုင်ပေ။ မဟုတ်ရင် ယောင်ယင်ယင် ဘာဖြစ်သွားလိမ့်ပေမည်နည်း။

“မစိုးရိမ်ပါနဲ့။ ငါ ထိခိုက်စေဖို့မရည်ရွယ်ပါဘူး။ ဒီတိုင်းကြည့်ချင်ရုံပါ…”

စုရှင်းရှင်း အချက်ပေးခေါင်းလောင်းသံများကို နားမခံနိုင်တော့တဲ့အလား ဧရာမ ဓားကြီးကို အပေါ်မြှောက်လိုက်ရာ ၀န်းကျင်တစ်ဝိုက်ရှိ လေဟာနယ်အတွင်း အပူချိန်ကျဆင်းသွားလေသည်။

မျက်နှာဖုံးတပ်နှင့်လူ ဤအရာကြောင့် မျက်လုံးများ လိုချင်တပ်မက်မှုတို့ဖြင့် ပို၍ ၀င်းပသွားပေသည်။

“နာမည်ကြီးဓားဆိုတဲ့ အတိုင်းပါပဲ။ ငါ…”

“အနားကပ်မလာနဲ့” စု‌ရှင်းရှင်းအော်လိုက်သည်။ သူမခံစားနေရသော ကြောက်ရွံ့မှုနှင့် ဒေါသတို့ ထကြွပေါက်ကွဲကုန်ပြီး ဓားကိုကြီး ‌အောက်စိုက် ရိုက်ချလိုက်သည်။

“ဂူသင်္ချိုင်း”

ကောင်းကင်ကနေ အနက်ရောင် အုတ်ဂူကြီးတစ်ခု၏ ပုံရိပ်ကျလာခဲ့သည်။ ၎င်းက စုရှင်းရှင်း၏ ဧရာမ ဓားကြီးနှင့် ပေါင်းစပ်သွားပြီး လေထုကိုတောင် ရှံ့တွသွားစေလိုက်၏။

သို့သော် ထိုဧရာမဓားကြီးက မျက်နှာဖုံးတပ်လူနှင့် ဆယ်ပေအကွာရောက်တော့ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာအတိဖြစ်သော စွမ်းအင်တစ်ခုက စုရှင်းရှင်းကို ပြန်ရိုက်ခတ်လိုက်၏။ ချက်ခြင်းပဲ မျက်နှာကျက်ကို ဖောက်ထွက်ပြီး အပြင်ဘက်ရှိ ပန်းခင်းကြီးထဲကို ကျသွားလေသည်။

ဓားကိုကိုင်ထားသောလက်များအက်ကွဲလာခဲ့ပြီး သွေးများစီးကျလာပါသည်။ သို့ပေမယ့် ဓားကို မြဲမြံစွာကိုင်ထားစဲဖြစ်၏။

မျက်နှာဖုံးတပ်လူက ပေါက်ထွက်‌သွားသော မျက်နှာကျက်မှ ကောင်းကင်ကြီးကို ခါးသက်သက်ကြည့်လိုက်သည်။ အချိန်တစ်ခုကြာမှ ပန်းခင်းထဲက စုရှင်းရှင်းကို တစ်ချက်ကြည့်ပြီး ခေါင်းခါရမ်းလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မနေနဲ့။ နင်ပဲ နာကျင်ရလိမ့်မယ်…။ ဒီကမ္ဘာကြီးထဲမှာ ဘယ်ဓားမှ ငါ့ကို မတိုက်ခိုက်ရဲဘူး။ နာမည်ကြီးဓားတောင်မလုပ်ရဲဘူး”

Comment

Leave a Reply

Options

not work with dark mode
Reset