သူတို့တစ်ဦးကိုတစ်ဦး တုန်လှုပ်နေသည့်မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
စိတ်ဝိညာဉ်ကျင့်ကြံသူများက စစ်မှန်တဲ့ နတ်ဘုရားများမဟုတ်ကြပါ။ မဟာလမ်းစဉ်မှာအလင်းပေါက်ပြီး ဧကရာဇ်နယ်ပယ်သို့ဆက်တက်သွားကြသူများက အသက်ရှည်စေတယ်ဆိုရုံလောက်လေးပင်။ အလွန်ဆုံး အသက် (၂၀၀) ကျော်လောက်ပေါ့။
ကျင့်ကြံမှုမှာ အဆင့်အမြင့်ဆုံးဖြစ်သည့် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများက ကိုယ်ပိုင် “လမ်းစဉ်နယ်ပယ်” နှင့်အထိုက်အလျောက် အသက်ရှည်ကြသည်။
သူတို့ ငါးယောက်စလုံးက လမ်းစဉ်နယ်ပယ်၌ ဖြစ်ကြသည်။ သူတို့ယှဉ်ပြိုင်ကြတာက ထိုလမ်းစဉ်ကို ဘယ်လောက်နားလည်သဘောပေါက်သလဲ၊ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ရောက်နေကြသလဲဖြစ်၏။
တည်ထောင်သူအကြီးအကဲနှစ်ဦးက သာမန် လမ်းစဉ်ကိုသာ ရွေးချယ်မိလိုက်ကြသည့်အတွက် ဆက်လက်တိုးတက်ဖို့ လမ်းစပျောက်သွားကြသည်။ ၎င်းက ကျင့်ကြံခြင်းမှာ သူတို့အမြင့်ဆုံးရောက်နိုင်သည့် အဆင့်ဖြစ်နိုင်ပေသည်။ ထို့ပြင် မကြာခင်လည်း သက်တမ်းကုန်ဆုံးကာ အနိစ္စရောက်ပေနိုင်လေ၏။
ထိုလမ်းစဉ်နယ်ပယ်၏ အလွန်ကတော့ တကယ် ဆန်းကြယ်သည်။
လမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားကြသည့် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများက အဆင့် သေးတစ်ခုတက်နိုင်မည်ဖြစ်ကာ ထိုအဆင့်က လမ်းစဥ်ကို ဖြတ်ချသည့်နယ်ပယ်ဖြစ်သည်။ ထိုအခါ ကျင့်ကြံခြင်း အဆင့်မြင့်မြင့်မားမား တက်သွားနိုင်ရုံသာမက အသက်ကလည်း (၁၀) ဆလောက် ပိုတိုးသွားနိုင်ပေသည်။
အဖိုးကြီးက ဆံဖြူတည်ထောင်သူအကြီးအကဲနှစ်ယောက်ကိုတောင် ကောင်လေးလို့ခေါ်တယ်ဆိုတော့ သူက လမ်းစဉ်နယ်ပယ်ကို ဖြတ်ချနိုင်လိုက်သည့် ဧကရာဇ် ကျင့်ကြံသူတစ်ယောက်ပေလော။
ထိုဝါးလုံးနှင့် ခါးမှ ပုစိန်ငယ်တို့ကို ကျန်းပင်းယန်တစ်ချက်ကြည့်ပြီး တံတွေးကိုခက်ခက်ခဲခဲမျိုချလိုက်သည်။
“ဒီက စီနီယာရဲ့ မျိုးရိုးနာမည်က မဟုတ်မှလွဲရော စန် များဖြစ်နေမလား” ထို့နောက်ကောက်ချက်ချလိုက်ပြီးနောက်မှာ မေးသည်။
ချက်ခြင်းပဲ အဖိုးကြီးကို လေးလေးစားစား ပြောဆိုဆက်ဆံလိုက်၏။ ထိုလူက ရန်သူဖြစ်တယ်ဆိုပေမယ့် ကျန်းပင်းယန်၏ လေသံမှ သူဘယ်လောက် အံ့အားသင့်နေရကြောင်းသိသာသည်။
အဖိုးကြီး၏ မျက်၀န်းများ ၀င်းပသွားပြီး “ဟေ့ တယ်ဟုတ်ပါလား။ ငါ့ကို သိနေတဲ့သူရှိသေးတယ်ပေါ့”
အခြားဧကရာဇ်နယ်ပယ်လေးယောက်လည်း အံ့အားသင့်သွားကြပြီး ချက်ခြင်း ကျန်းပင်းယန်ကို နားမလည်နိုင်စွာကြည့်လိုက်သည်။
“သူဘယ်သူလဲ”
ကျန်းပင်းယန်အသက်ပြင်းပြင်းရှိုက်လိုက်ပြီးတာတောင် မြင်းဒုန်းဆိုင်းနေသည့် နှလုံးခုန်နှုန်းက နှေးကွေးမသွားပါချေ။
“စန်ကျောက်ဖု”
အဖိုးကြီးက ငြင်းဆိုခြင်းမရှိ အသိအမှတ်ပြုသလို ခေါင်းညိတ်လိုက်သည်။
အခြားလေးယောက်လည်း တုန်လှုပ်သွားကြပြီး တစ်ပြိုင်တည်း ကျန်းပင်းယန်လို ခံစားလိုက်ကြရသည်။
အကြီးအကဲကျောက် ထိုအဖိုးကြီး၏ ခါး၌ချိတ်ဆွဲထားသော ပုစိန်ကို ကြည့်ပြီး အရာအားလုံးကို နားလည်သွားခဲ့သည်။ “သူက ဒဏ္ဌာရီလာ သစ်ခွေသမား ကျောက်ဖု၊ စန်ကျောက်ဖုလား” သူမေးသည်။
ကျန်းပင်းယန်ခေါင်းညိတ်ပြလိုက်တာတောင် သူ့စိတ်ထဲမှာ ခံစားနေရသော အံ့အားသင့်မှူများကြောင့် ထပ်မအံ့ဩသွားရပါချေ။
ကမ္ဘာကြီးထဲမှာ စိတ်ဝိညာဉ်ကျင့်ကြံသူပေါင်းများစွာရှိပါသည်။ သို့ပေမယ့် ကံကြမ္မာကို ကျော်လွန်၍ ဒဏ္ဌာရီများဖြစ်လာကြသည့် လူက အနည်းငယ်သာရှိပါသည်။
သစ်ခွေသမား ကျောက်ဖုက ထိုသူများထဲက တစ်ဦးဖြစ်သည်။
ဒဏ္ဌာရီတွေအရတော့ သစ်ခွေသမားကျောက်ဖုဟာ သူ့ဘ၀ကို အိမ်နဲ့ သစ်တော၊ သစ်တောနှင့်အိမ် အကြိမ်ကြိမ်သွားလာ၍ ၀မ်းစာဖြည့် ဖြတ်သန်းခဲ့ရသည့် သာမန်လူဟူ၍ အဆိုရှိသည်။ သူ့နေ့စဉ်အလုပ်များက သစ်ခွေတယ်၊ စည်ပိုင်းထဲ ရေပြည့်အောင်ခတ်တယ် ဒါပဲရှိသည်။ အသက်တစ်ရာကျော်လောက်ကို ထိုသို့ဘ၀ဖြင့်နေထိုင်ခဲ့၏။
ထို့နောက် သူ ဇီဝိန်ချုပ်တော့မည့်အချိန်မှာ အလင်းပေါက်သွားခဲ့ပြီး တစ်ညတည်းဖြင့် ဧကရာဇ် လမ်းစဉ်ကို ဖြတ်ချခြင်း နယ်ပယ်သို့ ရောက်သွားခဲ့ပေသည်။ ထိုနေ့မှစ၍ သူ့ဝါးလုံးနှင့် ပုစိန်ငယ်လေးတို့ဖြင့် ကမ္ဘာတစ်လွှာနာမည်ကျော်ကြားလာခဲ့ပြီး ဒဏ္ဌရီတွင်သွားခဲ့သည်။
စိတ်ဝိညာဉ်ကျင့်ကြံသူများကတော့ တစ်ဘ၀လုံးသူစုဆောင်းလာသည့် အတွေ့အကြုံများကြောင့် အလင်းပေါက်သွားတယ်လို့ ဆိုကြသည်။ ဒါကြောင့် တစ်ချက်တည်း ကျင့်ကြံခြင်းလမ်းစဉ်၏ အထွတ်အထိပ်ကိုရောက်သွားခဲ့ရ၏။
တကယ်စစ်မှန်တဲ့ ပါရမီရှင်ဆိုတာ အနည်းအကျဉ်းသာရှိပြီး ရှစ်ယောက်မြောက် ဓားနတ်ဘုရားကလည်း သူတို့ထဲမှ တစ်ဦးဖြစ်သည်။ ဒီအဖိုးကြီး၏ ကျင့်ကြံခြင်းလမ်းစဉ်ကတော့ အများနှင့်မတူ တမူထူးခြားသည်။
အဖိုးကြီးဘယ်သူဆိုတာ သိသောအခါ လူတိုင်း၏ မျက်လုံးများအတွင်း ကူကယ်ရာမဲ့နေသော အကြည့်များပေါ်လာကြသည်။
သူတို့ ဒီလူကို မတိုက်ခိုက်နိုင်ပါချေ။ သူက နှစ်ရာပေါင်းများစွာက ဒဏ္ဌရီ၀င်လူသားကြီးဖြစ်ပါသည်။
သူက လူတိုင်းကို အမဲလိုက်ခဲ့သည့် ဒိုင်နိုဆောကြီးဖြစ်၏။ သူတို့ အရေအတွက် နှစ်ဆရှိရင်တောင် ဒီဒိုင်နိုဆောကြီးကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။
“စီနီယာစန်။ ခင်ဗျား လောကနဲ့အဆက်ဖြတ် တော၀င်သွားတာမဟုတ်ဘူးလား။ ဘာလို့ ထျန်းစန်းနန်းတော်ရှေ့ ရောက်လာရတာလဲ” ကျန်းပင်းယန်မေးသည်။
စန်ကျောက်ဖု ဝါးလုံးကွဲရယ်ကာ “ငါ၀င်သွားတယ်လေ။ ဒါပေမယ့် လူငယ်တွေရဲ့ စကားလုံးလှလှလေးတွေအောက်မှာ ကျရှုံးသွားရတော့ ဒီကိုရောက်လာရတော့တာပေါ့”
“ခင်ဗျားပြောချင်တာက… အဲ့ဒီ မျက်နှာဖုံးတပ်လူလား”
“ဟုတ်တယ်”
ကျန်းပင်းယန် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့မှ လူငယ်နှစ်ယောက်တည်းကို သူခေါ်လာသောအခါ ဘာလို့ ရဲ့ရှောင်ထျန်း စိတ်ဆိုးသွားရသလဲ နားလည်တော့သည်။
အကူအညီတောင်းသည့် စာရောက်လာခဲ့သောအခါ သူကိုယ်တိုင် ကိုယ်ထင်ပြကူညီတာက စိတ်ဝိညာဉ်နန်းတော်ကို ကယ်တင်ဖို့ လုံလောက်နေပြီထင်နေ၏။
စိတ်ဝိညာဉ်နန်းတော်က ဤသို့သော စွမ်းအားကြီးရန်သူနှင့် ရင်ဆိုင်နေရမည်ဟု ထင်မထားပါချေ။
သူ့စွမ်းရည်ကို အထင်ကြီး မာန်တက်မိတာ ယခုတော့ ဒုက္ခတွင်းထဲ လုံးလုံးကျပေပြီ။
ဒီလိုမှန်းသိရင် နောက်ထပ် ဆယ်ယောက်လောက်ခေါ်လာလောက်မည်။ သို့တောင် အဖိုးကြီးကို တိုက်ခိုက်နိုင်မလားဆိုတာ မသေချာသေးချေ။
ကျန်းပင်းယန် အဖြေကိုသိနေတာတောင်မှ မေးလိုက်သေးသည်။ “စီနီယာက တကယ် သူတော်စင်အစေအပါးထဲကို ဝင်လိုက်တာလား”
“ကောင်လေး။ မင်းရဲ့ မေးခွန်းတွေက မေးနေလို့ အကျိုးထူး မနေဘူး။ နတ်ဘုရားနန်းတော်ကိုပြန်ပြီး ဒီသတင်းကိုသာ ဖွလိုက်။ မကြာခင် မင်းတို့ ရုံးချုပ်ကိုတောင် ငါလာရင် လာနေမှာ”
ထိုစကားလုံးများကို ဘာမှ မဟုတ်သလို ပုံမှန် အမူအရာဖြင့် ပြောနေသည့် စန်ကျောက်ဖုက ကြောက်မက်ဖွယ်ရာကောင်းလှသည်။
သူတို့ငါးဦးစလုံး၏ မျက်နှာများမဲမှောင်သွားသည်။ ဒါသတင်းဆိုးပဲ။
သူတော်စင်အစေအပါးအဖွဲ့အစည်းက ဒီလောက်တောင် တိုးချဲ့လာတာ စန်ကျောက်ဖုလို အစွမ်းထက် လူကိုတောင် အနားယူခြင်းကနေ ထွက်လာနိုင်စေတယ်လား။
ဘုတ်…။
အဖိုးကြီးဘာမှ ပြောမနေတော့လဲ မြေပြင်ကို ဝါးလုံးဖြင့် ထောက်လိုက်ရာ စိတ်ဝိညာဉ်နန်းတော်၏ အစီအရင်ချင်ခြင်း အပြင်းအထန် တုန်ခါသွားခဲ့၏။
“တကယ်က ငါလူမသတ်တာကြာပြီ။ အဲ့တော့ သွေးမစွန်းချင်ဘူး။ ဒီအစား ကစားပွဲလေးတစ်ခုကစားကြမယ်ဆိုရင်ရော”
“ဘာကစားပွဲလဲ”
ကျန်းပင်းယန်တို့ငါးဦး အဖိုးကြီးကို တုန်လှုပ်ခြောက်ခြားစွာကြည့်လိုက်ကြသည်။ ကြက်သီးဖျင်းဖျင်းထသွားကြပြီး ခန္ဓာကိုယ်များတောင့်တင်းသွားကြတာ ခံစားလိုက်ရပေသည်။ တိုက်ခတ်နေသည့် လေညှင်းလေးကတောင် ဓားသွားများအလား သူတို့ကို တဆတ်ဆတ်တုန်ခါသွားစေခဲ့၏။
စန်ကျောက်ဖု သာတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လျှင် သူတို့ထဲက တစ်၀က်လောက်ကို တစ်ချက်တည်းဖြင့် ကိစ္စတုံးလိုက်နိုင်ပေမည်။
သူတို့အမူအရာများကိုမြင်သောအခါ အဖိုးကြီး ပြုံး၍ ပုခုံးတွန့်လိုက်သည်။ “အဲ့လောက် မတင်းမာနေကြပါနဲ့။ ငါတိုက်ခိုက်ဖို့ဆန္ဒမရှိပါဘူး။ ဒါပေမယ့် မင်းတို့ ငါးယောက်နဲ့ဆက်ရောက်လာဦးမယ့် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတွေကိုတော့ တားဖို့ တာ၀န်ကိုထမ်းဆောင်ရဦးမယ်လေ။ ပြောရရင် မင်းတို့အားလုံး… ဒီမှာ ပိတ်မိနေပြီ”
သူတို့အားလုံးမှင်တက်သွားကြသည်။ အချိန်ဆွဲရန်ပဲလား။
အကြီးအကဲကျောက်နှင့် ရှောင်ချိစွေတို့ အကြည့်ခြင်းဖလှယ်လိုက်ကြသည်။ အခြေအနေမဟန်တော့ပေ။ အဖိုးကြီးက အချိန်ဆွဲဖို့သက်သက်ဆို ဘယ်သူက အဓိက တိုက်ခိုက်သူလဲ။
အဖြေက နေ့အလား ထင်ရှားနေပေသည်။ မျက်နှာဖုံးတပ်နှင့်လူ။
“လာ လာ။ လာထိုင်ကြ”
စန်ကျောက်ဖု မဟော်ဂနီဖြင့်ပြုလုပ်ထားသော စစ်တုရင်ခုံနှင့် စစ်တုရင်ရုပ်တွေထည့်ထားသည့် သတ္တာသေးသေးလေးနှစ်လုံးကိုထုတ်ယူလိုက်ပြီး စတင်၍ စစ်တုရင်အရုပ်တွေ စီလိုက်သည်။
“ဒါတွေကို ငါငယ်ငယ်လေးကတည်းက လုပ်ထားတာ။ မင်းတို့ စစ်တုရင်တစ်ပွဲကစားတာနဲ့တောင် အလင်းပေါက်နိုင်တယ်။ ဒီ့ထက်ကောင်းတာရှိဦးမလား။ လာ လာ အေးအေးဆေးဆေး ဆွေးနွေးစကားပြောရင်း စစ်တုရင်ကစားရအောင်”
ထို့နောက် သူ့ဝါးလုံးကို ကိုင်ပြီး အတွေးနက်သလိုလို ရှိသွားသည်။ “ဟင်… တစ်ခုခုလိုနေသလိုပဲ”
ခဏကြာ သတိရသွားဟန်ဖြင့် သူ့မျက်လုံးများ၀င်းပသွားကာ “မင်းတို့မှာ မြေပဲဆားလှော် ရှိလား”
လူတိုင်း တိတ်ဆိတ်သွားကြသည်။
သူတကယ် စစ်တုရင်ကစားရင်း မြေပဲဆားလှော် စားချင်နေတာလား။ စိတ်ဝိညာဉ်နန်းတော်က အခက်အခဲကြားမှာရောက်နေတာနော်။ ဘယ်သူက ဒီအဖိုးကြီးလို အေးအေးဆေးဆေး ဇိမ်ခံ စစ်တုရင်ကစားနိုင်မှာတဲ့လဲ။
သွေးဆူလွယ်သည့် အကြီးအကဲနှစ်ဦး သည်းမခံနိုင်တော့ချေ။ သူတို့ အစော်ကားခံမည့်အစား အသေသာခံလိုက်မည်။ ယခုလို တည့်တိုးကြီး စော်ကားနေတော့ ဘယ်သူက သည်းခံနိုင်မှာလဲ။
တည်ထောင်သူ အကြီးအကဲနှစ်ဦး တစ်ယောက်နှင့် တစ်ယောက်ကြည်ပြီး စိတ်ဝိညာဉ်အနှစ်များထုတ်လွှတ်လိုက်ကြသည်။ ချက်ခြင်းလက်ငင်း စန်ကျောက်ဖုတစ်ဖက် တစ်ချက်စီသို့ ရောက်သွားကြ၏။
မျက်နှာဖုံးတပ်နှင့်လူတိုက်ပွဲမှ သူတို့တစ်စုံတစ်ခုကိုသိလိုက်ရသည်။ သူတို့ ခွန်အားက အကန့်အသတ်နှင့်သာရှိပေသည်။ ဒါကြောင့် မီးထဲ၀င်တိုးသည့် ပိုးဖလံများဖြစ်နေကြရင်လဲ ဂရုမစိုက်ကြပါတော့ချေ။ စိတ်ဝိညာဉ်နန်းတော်၏ အနာဂါတ်အတွက် သူတို့ ဘာမဆို အကုန်လုပ်ကြပေမည်။
စန်ကျောက်ဖုကို ဒဏ်ရာရအောင်လုပ်လိုက်နိုင်တယ်ဆိုရင်ပဲ ဧကရာဇ်နယ်ပယ် ဓားသမားတစ်ယောက်ဖြစ်သည့် ရှောင်ချိစွေက ပိုမိုအဆင့်မြင့်သည့် ကျင့်ကြံသူကိုတိုက်ခိုက်နိုင်ရာ အဖိုးကြီး သတ်ဖို့ အခွင့်အရေး ရကောင်းရနိုင်သည်။
ဘုတ်။ ဘုတ်။
စန်ကျောက်ဖု သူ့ဝါးလုံးကို လွှဲရမ်းလိုက်ပြီး တည်ထောင်သူအကြီးအကဲတစ်ယောက်ကို ရိုက်ထုတ်ပစ်လိုက်ကာ အခြားတစ်ယောက်ကို မြေပြင်ပေါ် ရိုက်ချပြီး သက်ပြင်းချလိုက်သည်။
“သွေးဆူလွယ်တဲ့ ကောင်လေးတွေပဲ…”
ထိုမြင်ကွင်းက စည်းကမ်းကြီးကြပ်သူများ၏ မျက်ခုံးများကို အပြင်းအထန် လှုပ်သွားစေလိုက်၏။
တည်ထောင်သူအကြီးအကဲများကို တစ်ချက်တည်း အနိုင်ယူလိုက်သည်လား။
သူတို့ဘာကိုတိုက်ခိုက်နေကြရတာလဲ။ လူမှ ဟုတ်ရဲ့လား။
တည်ထောင်သူအကြီးအကဲများက လမ်းစဉ်နယ်ပယ်မှာဖြစ်၍ စန်ကျောက်ဖုက လမ်းစဉ် ဖြတ်ချခြင်း နယ်ပယ်မှာ ရှိပြီး တစ်ဆင့်သာကွားသည်ဆိုစေငြား သူတို့က ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများသာ ဖြစ်ကြသေးချေသည်။ အနည်းဆုံးတော့ စိတ်ဝိညာဉ်အနှစ်များကို ပြီးပြည့်စုံအောင်ထုတ်လွှတ်လိုက်သင့်သည်မဟုတ်ပါလား။
ဘာလို့ ဝါးလုံးနဲ့ရိုက်တာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားကြရတာလဲ။
ဘုတ်…။
ကျောက်စန်းဖု ဝါးလုံးကို နောက်တစ်ကြိမ် ထပ်ထောက်လိုက်ရာ စိတ်ဝိညာဉ်နန်းတော်၏ အစီအရင်က အပြင်းအထန်တုန်ခါလာခဲ့ပေသည်။
သူ့ထောက်ချက်များက တစ်ချက်ထက်တစ်ချက် ပို၍ ပြင်းထန်လာပြီး နောက်တစ်ချက်ဆို အစီအရင်တောင် ပျက်ဆီးသွားတော့မကဲ့ရှိနေသည်။
ဤသို့သော အစီအရင်ကို ပြန်ပြင်ဖို့ လွယ်သည်မဟုတ်ရာ အကြီးအကဲကျောက်၏ မျက်နှာ မဲမှောင်သွားသည်။
“စီနီယာ စိတ်ဝိညာဉ်နန်းတော်ကို မတိုက်ခိုက်ဘူးလို့ ကတိပေးထားတယ်မဟုတ်ဘူးလား။ အစီအရင်က …”
စန်ကျောက်ဖု ပုခုံးတွန့်ကာ အသာအယာပြောလိုက်သည်။ “သတိပေးရုံလေးပါ။ အေးဆေးပေါ့ မင်းရဲ့ အစီအရင်ကို မဖျက်ဆီးပါဘူး။ ဒါပေမယ့် အခြားတစ်ဘက်ကလူကို ငါတို့တိုက်ပွဲ ပိုပြင်းထန်လာသလို ခံစားရအောင်လုပ်ရမယ်လေ။ မဟုတ်ရင် ဘယ်သူက မင်းတို့ကိုလာကယ်လိမ့်မတုန်း”
ဘာကြီး။ လူတိုင်း အံ့အားသင့်သွားကြသည်။
ဒါကြောင့် အစီအရင်ကို မကြာခဏ တိုက်ခိုက်နေခဲ့သည်လား။
အကြီးအကဲကျောက် စိတ်ထဲမှ ကောက်ကျစ်တဲ့အဖိုးကြီးဟု ကျိန်ဆဲလိုက်ကာ ဘယ်တပ်ကူမှ ရောက်မလာပါစေနဲ့လို့ ဆုတောင်းလိုက်သည်။ မဟုတ်ပါက ဤအဖိုးကြီးနှင့် သူတို့အားလုံး ပိတ်မိနေကြပေမည်။
ရွှစ်…။
ထိုအခိုက်မှာပဲ ပုံရိပ်သေးသေးလေးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်သေးသေးလေးက ထွက်လာသည့် စွမ်းအားကြောင့် လေထဲတွင် ဆံနွယ်များလူးလွင့်နေတော့၏။
“ဘယ်သူက ငါတို့မြေကို ကျူးကျော်ရဲတာလဲ”
အရှင်ခင်နယ်ပယ် ဓားသမားလေးတစ်ယောက်ကိုတောင် မတားဆီးနိုင်တာကြောင့် ရဲ့ရှောင်ထျန်း လွန်လွန်ကျူးကျုး မကျေမနပ်ဖြစ်နေသည်။ တံခါး၌ပေါ်လာသည့် ကျူးကျော်သူက မျက်နှာဖုံးတပ်နှင့်လူမဟုတ်သ၍ သင်ခန်းစာကောင်းကောင်းကြီးပေးပစ်လိုက်မည်ဟု ကျိန်ဆိုထားသည်။
ဘယ်သူကမှ သူပေါ်လာလို့ ပျော်ရွှင်မသွားကြပါချေ။ ထိုအစား မျက်လုံးများသာ အရောင်ပို၍ မှိန်းသွားကြပြီး ၀မ်းနည်းမှုများပေါ်ပေါက်လာခဲ့သည်။
ရဲ့ရှောင်ထျန်း ကြက်သေသေသွားသည်။ သူ့လူတွေ စိတ်လုံးလုံး ပျက်လျော့ရအောင် အရိုက်ခံထားကြရတာလား။
သူနေရာတစ်ဝိုက်ကို ပြန်စီစစ်ကြည့်ရာတွင်လည်း တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ထားသည့် အရိပ်အယောင်များ မတွေ့ပါလေ။
“ဘာဖြစ်နေကြတာလဲ”
“ဟိုး ဟိုး နောက်ထက် ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါလား” စန်ကျောက်ဖု ပီတိဖြာသွားသည်။ သူ့ဝါးလုံးကို မြေပြင်ပေါ်ထပ်ထောက်လိုက်ပြီး စစ်တုရင်ခုံကိုကိုင်ကာ ထိုင်ချပစ်လိုက်၏။
“လာ ငါနဲ့ စစ်တုရင် လာကစားလှည့်ချည်”