ရဲ့ရှောင်ထျန်း အံ့ဩဘနန်းဖြစ်သွားရသည်။ သူ့စီမှာ တကယ် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ် ရှိနေတာလား။
အရင်တစ်ခေါက်က စုရှောင်ရှန်ကို တွေ့ခဲ့စဉ်က ကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ်က ဒီလောက်မဟုတ်သေးပါချေ။ ထျန်းရွှမ်တံခါးထဲမှာ နဂါးအသွင်ပြောင်းသွားခဲ့တာလား။
ကြည့်ရတာ အကြီးအကဲစန်းက တပြည့်ရွေးချယ်ရာမှာ တော်ပါပေသည်။
အချို့လူများက တမူထူးခြားတယ် လုပ်ထုံးလုပ်နည်းအရမလုပ်ဘူး ဘာဖြစ်လဲ။ တစ်ခါတစ်လေမှာ စည်းဘောင်ဆိုတာ ချိုးဖျက်ရတယ်မဟုတ်ပါလား။
၎င်းကို လျှိုရွှမ်ရှင်းနှင့် ရင်ဆိုင်တွေ့ရခြင်းမှ သိနိုင်သည်။ အကယ်၍ ဒီနေရာမှာ သူ၏ တမူထူးခြားသော အကြံနည်းလမ်းများနှင့် စုရှောင်ရှန်သာမဟုတ်ပါက ထိုသို့အခြေအနေကန ရုန်းထွက်ရန် အင်မတန်ခက်ခဲပေလိမ့်မည်။
“ထားပါ။ မြန်မြန် သွားပုန်းနေတော့။ စိတ်ဝိညာဉ်နန်းတော်က အခု အရေးကြီးအခြေအနေမှာရောက်နေတာ။ အရေးမကြီးရင် လျှောက်သွားမနေနဲ့ဦး” ရဲ့ရှောင်ထျန်း သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
လျှိုရွှမ်ရှင်းကိစ္စကိုဖြေရှင်းပြီးပေမယ့် သူက အရှင်သခင်နယ်ပယ် ခြိမ်းခြောက်မှုသာသာဖြစ်သည်။ ပိုပြီး အရေးကြီးတဲ့ ရန်သူက သူတို့ တံခါးရှေ့ကိုရောက်နေ၏။ ထို့ပြင် အကြီးဆုံးခြိမ်းခြောက်မှုဖြစ်သော မျက်နှာဖုံးတပ်လူက အမှောင်ထဲမှ ချောင်းမြောင်းနေပါသည်။
ဂျစ်…။
ရဲ့ရှောင်ထျန်း၏ စကားကို သက်သေပြန်ရန်အလား စိတ်ဝိညာဉ်နန်းတော်၏ အကာအကွယ်အစီအရင်က ပျက်ဆီးတော့မည့်အလား တုန်ခါလာခဲ့၏။
စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ရဲ့ရှောင်ထျန်းကို အလျင်အမြန်ခေါင်းညိတ်ပြကာ သတိမေ့မျောနေသော လူများကို ခေါ်သွားလိုက်သည်။
ရဲ့ရှောင်ထျန်း ၀င်ပေါက်တံခါးကြီး၌ အကြီးအကဲကျောက်နှင့် အခြားသူများကို သွားကူရပေမည်။
“ဧကရာဇ်နယ်ပယ်တွေအများကြီးတောင်လိုတာ ဘယ်သူဖြစ်နိုင်မလဲ” စုရှောင်ရှန် ကြောက်ရွံ့သွား၏။ သူတော်စင်အစေအပါးများက သန်မာလွန်းပေစွ…။
“ဘယ်သွားနေတာလဲ” စုရှောင်ရှန်ကို မုကျစ်ရှီတအံ့တဩကြည့်လိုက်သည်။ သူမ အိမ်ကိုပြန်ရန် ပြင်လိုက်ပေမယ့်လည်း ၎င်းက မလုံခြုံနိုင်တာတွေးမိပြီး ကြောက်သွားလေသည်။
“နင့်အဖျားပြန်ကျသွားပြီလား” သူမ၏ အမေးကိုမဖြေဘဲ နဖူးကို စုရှာင်ရှန် သွားကိုင်ကြည့်လိုက်ရာ အဖျားပျောက်သွားတာကိုတွေ့လိုက်ရ၏။ ဘာလဲဟ…
“ဟာသပဲ။ နင့်အဖျားက ထူးဆန်းလိုက်တာရော။ ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့”
မုကျစ်ရှီ ရှက်ကိုးရှက်ကန်း သူ့လက်ကို ခါထုတ်လိုက်သည်။ “ဘာအဖျားလဲ”
“နင်မသိဘူးလား”
မုကျစ်ရှီ၏ မျက်၀န်းများ၌ နားမလည်သလိုအကြည့်များရှိနေပါ၏။
ဒီကောင်မလေးရဲ့ အမူအရာကြောင့် စုရှောင်ရှန် စွံ့အသွားသည်။
ရဲ့ရှောင်ထျန်းကို မုကျစ်ရှီ အကျဉ်းအကြပ်ထဲမှ ကယ်လိုက်တာ သူ ပြန်မြင်ယောင်သွားသည်။ ထိုအကူအညီမပါလျှင် ရန်သူက အခြေအနေကို တစ်မျိုးလှန်ပြောင်းသွားနိုင်ပေသည်။
“နင့်မှာ နောက်ကြောင်းရာဇ၀င်တစ်ခုခုရှိနေတာလား” စုရှောင်ရှန်မေးသည်။
“ဘာရာဇ၀င်လဲ” သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပြသည်။
စုရှောင်ရှန် တစ်ဘက်သို့လှည့်ကာ သက်ပြင်းချလိုက်၏။ သူအရှုံးပေးပါပြီ။ ဒီကောင်မလေး တကယ်မသိတာလား ဟန်ဆောင်နေတာလား မသိပါတော့ချေ။
“ထားလိုက်တော့ အချိန်ရမှ သွားသောက်ရင်းပြောရအောင်”
မုကျစ်ရှီ ပြောစရာစကားများပျောက်ရှသွားရသည်။
“ငါ အသက်မပြည့်သေးဘူး”
သူမကို ခေါင်းအစခြေအဆုံးတစ်ခေါက်ကြည့်ပြီး “အေး ငါသိတယ်”
မုကျစ်ရှီ တစ်ဖန် စွန့်အသွားရပြန်သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“သွားမယ် စိတ်ဝိညာဉ်စာကြည့်တိုက်မှာ အဖိုးကြီးရှိနေလား သွားကြည့်ရအောင်” စုရှောင်ရှန် ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ စိတ်ဝိညာဉ်နန်းတော်၏ အစီအရင်တုန်ခါနှုန်းက တစ်စထက်တစ်စ အလျင်အမြန် တိုးလာခဲ့ရာ စိတ်မပူဘဲ မနေနိုင်ပါတော့ချေ။
“ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ပါစေနဲ့”
…
ထျန်းစန်းနန်းတော်က အနီးနားတစ်ဝိုက်ရှိ တောင်များအကြားတွင် အမြင့်ဆုံးတောင်ထိပ်မှာ တည်ထားသည်။ ထိုနေရာက စိတ်ဝိညာဉ်စွမ်းအင်များ အသိပ်သည်းဆုံးလည်းဖြစ်၏။ နန်းတော်၏ တံခါးက အရှေ့အရပ်ကို မျက်နှာမူထားပြီး စိတ်ဝိညာဉ်နန်းတော်ထဲက စိတ်ဝိညာဉ်စွမ်းအင် အ၀င်အထွက်ဖြင့် လေကို အေးမြစေနေတော့သည်။
တောင်တစ်ခုလုံးကိုလည်း ကောင်းကင်ဘုံအလား မြူခိုးတိမ်များက ၀န်းရံထားပြီး ကြိုးကြာ၊ ဗျိုင်များလည်း ရှိကြ၏။ သာမန်လူများအတွက်တော့ နတ်ဘုရားများ နားခိုရာ နေရာသာ။
ပြောရရင် သာမန်လူတွေအတွက် စိတ်ဝိညာဉ်ကျင့်ကြံသူများက မဟာလမ်းစဉ်ကိုနားလည်သဘောပေါက်ထားသည့် နတ်ဘုရားများဖြစ်ကြသည်။
ထိုသို့ နတ်ဘုရားများက ထျန်းစန်းနန်းတော်တံခါးအရှေ့မှာ နာကျင်မှုကြောင့် ညည်းညူ လူးလိမ့် အော်ဟစ်နေကြ၏။ သူတို့က စည်းကမ်းကြီးကြပ်သူများဖြစ်ကြပါသည်။
ထိုအော်သံများအကြားမှ ခါးအနည်းငယ်ကုန်းနေသော အဖိုးကြီးက တံခါးလေးစီ ဦးတည်၍ လမ်းလျှောက်လာနေခဲ့သည်။
သူ့ကျောပေါ်၌ ဝါးလုံးတစ်လုံးနှင့် ခါးတွင်လည်း ပုစိန်အသေးလေးတစ်လက်ကိုချိတ်ထားသည်။ သူ့ပုံစံက သစ်တောနှင့် ရင်းနှီးနေသည့် သာမန် အဖိုးကြီးတစ်ဦးအလားသာ။
ဆိုရလျှင် ထိုဝါးလုံးမှာ မီးဖိုဖို့ ထင်းများချိတ်ထားလျှင် တကယ် သစ်ခွေသမားပုံပေါက်ပေတော့မည်။
ထိုအဖိုးကြီးလမ်းလျှောက်လာရာလမ်းတစ်လျှောက်ရှိ မြေပြင်၌ လဲနေကြသည့်လူများ နာကျင်မှုကိုတောင်မေ့သွားကြကာ ထိတ်ထိတ်ပျာပျာ ဘေးကိုရှောင်တော့သည်။ ထိုအဖိုးကြီးအား အဆိုးရွားဆုံး အိပ်မက်ဆိုးအလား ကြည့်လိုက်ကြ၏။
အဖိုးကြီး၏ မျက်နှာထက်၌ အပြုံးတစ်ခုကိုဆင်မြန်းရင်း မညီညာသော တောင်စောင်းလေး၏ လမ်းအတိုင်းတက်လာခဲ့သည်။ ကြီးကြပ်သူတစ်ယောက် ထရပ်ရန်ပြင်လိုက်စဉ်အဖိုးကြီးက အသာအယာ မြေပြင်၌ ပြန်၀ပ်သွားအောင် ရိုက်ချပေးလိုက်ပြီး ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်သည်။
“မင်းတို့လူငယ်တွေ တကယ်တော်ကြတယ်။ ငယ်ငယ်လေးနဲ့ ကျင့်ကြံမှုနယ်ပယ်အတော်မြင့်နေကြပြီ။ မင်းတို့ အနာဂါတ်လမ်းတွေကတော့ တောက်ပ သဟေ့။ ငါဆိုမင်းတို့အရွယ်တုန်းကဘာကောင်မှ မဟုတ်ဘူး။ တောင်တက်တယ်၊ ဆင်းတယ်။ ထင်းခုတ်တယ်၊ ခွေတယ်။ အဲ့လိုနဲ့ ၀မ်းစာဖြည့်ဖို့ကြိုးစားလာရတာ ပြန်စဉ်းစားကြည့်ရင်ကွာ …”
အဖိုးကြီး၏ မျက်နှာထက်၍ လွမ်းဆွတ်တမ်းတဟန်ပေါ်လာပြီး တုံ့ခနဲရပ်သွားတော့သည်။ “ဟူး… အခြားသူတွေကို သတ်လိုက်၊ ထိုးလိုက် လုပ်စရာမလိုတဲ့ အဲ့ဒီနေ့တွေကို သတိရလိုက်တာ”
မျက်နှာတစ်ခုလုံးယောင်ကိုင်းနေသော ကြီးကြပ်သူတစ်ယောက် အဖိုးကြီးနားကနေ မြန်မြန် ဆုတ်ခွာသွားဖို့ ကြိုးစားလိုက်ပေမယ့် နောက်ကျသွားချေကာ ဝါးလုံးစာကြောင့် လေထဲ လွင့်ပျံတက်သွား၏။
ဘုတ်…။
ထိုလူပြုတ်ကျသည်မှ သက်ရောက်မှုကြောင့် ဖုန်များ လေထဲလွင့်ပျံသွားကြပေသည်။
လူတိုင်း၏ နှလုံးခုန်သံများ မြင်းဒုန်းဆိုင်းသွား၏။ ထို့နောက် ဖူးယောင်ကိုင်းနေတာ၊ သွားများကျိုးထွက်နေတာ မဟုတ်ရင် ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း တစ်ခုခုတော့ ဖြစ်နေသည့် စည်းကမ်းကြီးကြပ်သူများ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။
… ထိုအရာများအားလုံးက ထိုဝါးလုံးမှ ပေးလာခြင်းဖြစ်သည်။
အဖိုးကြီး ရပ်လိုက်၏။ တောင်ထွတ်သို့ရောက်သွားချေကာ သူ့ရှေ့၌ လူငါးယောက်ပေါ်လာကြသည်။
သူတို့က ရှောင်ချိစွေ၊ ကျောက်ကျန်းရှီ၊ ကျန်းပင်းယန်နှင့် စိတ်ဝိညာဉ်နန်းတော်တည်ထောင်သူ ဆံဖြူအဖိုးကြီးနှစ်ဦးဖြစ်သည်။
သူတို့ငါးဦးလုံးက ဧကရာဇ်နယ်ပယ်ကျင့်ကြံသူများဖြစ်ကြ၏။
“ဟားဟား။ သနားစရာပဲ။ တကယ်သနားစရာပဲ…”
အဖိုးကြီးက သူ့ရှေ့က ကြောက်မက်ဖွယ်ရာ အရှိန်အဝါနှင့် လူငါးဦးကိုကြည့်ပြီး ထင်မှတ်မထားစွာ ထရယ်လိုက်သည်။ ထို့နောက် သူ့ဝါးလုံးကို မြေပြင်ပေါ် အသာအယာ ထောက်လိုက်ရာ စိတ်ဝိညာဉ်နန်းတော်၏ အစီအရင် တုန်ခါသွားခဲ့၏။
“ဘာသနားစရာကောင်းတာလဲ”
ထိုအဖိုးကြီးပြသလိုက်သောခွန်အားက ပေါ့သေးသေးမဟုတ်ရာ အကြီးအကဲကျောက်၏ မျက်နှာထက်၌ လေးနက်သော အမူအရာပေါ်လာသည်။
သို့မှ ရှောင်ချိစွေက ဘာလို့ တပ်ကူခေါ်ရမှန်းသိရ၏။ သူတို့ငါးယောက်ပေါင်းတောင် ထိုအဖိုးကြီး၏ ပြိုင်ဘက်မဟုတ်လောက်ချေ။
“သူတို့ နှစ်ယောက်အတွက်…”
အဖိုးကြီးက တည်ထောင်သူ ဆံဖြူအကြီးအကဲနှစ်ဦးကို လက်ညိုးထိုးပြလိုက်ပြီး “ဒီကောင်လေးနှစ်ယောက်ကိုကြည့်ပါဦး။ အသက်က ဘယ်လောက်မှ မရှိသေးဘူး။ ဆံပင်တွေဖြူစွတ်နေကြပြီ။ သနားစရာမကောင်းဘူးလား။ ဒီထက်သနားစရာကောင်းတာ ရှိပါ့ဦးမလား”
အဖိုးကြီး၏ စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။ ကောင်လေးတွေတဲ့လား။
သူတို့လို အသက်တစ်ရာကျော်နေထိုင်လာသည့် အဖိုးကြီးများကို ကောင်လေးတွေလို့ခေါ်လိုက်တယ်တဲ့။
ဒီအဖိုးကြီး တမင်လုပ်တာလား ဒါမှ မဟုတ် တကယ် ကောင်လေးတွေလို့ ခေါ်ရလောက်အောင် ကြီးတာလား။
တည်ထောင်သူအကြီးအကဲများ ဒေါသူပုန်ထသွားကြသည်။ ၎င်းက ပထမဦးဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်က သူတို့ကို ထိုသို့ဆက်ဆံရဲခြင်းဖြစ်ပါသည်။ သူ့အသက်အရွယ်မှာ ဆံပင်ကို အနက်ရောင်ဖြစ်အောင် ထိန်းသိမ်းထားနိုင်တာနဲ့ လုပ်ချင်တာလုပ်လို့ရမယ်ထင်နေတာလား။
“မတိုက်ကြနဲ့ဦး”
ရှောင်ချိစွေ တည်ထောင်သူအကြီးအကဲ နှစ်ဦး စိတ်လိုက်မာန်ပါမလုပ်နိုင်ခင်မှာ တားလိုက်သည်။ ထို့နောက် ကျန်းပင်းယန်ကို စောင်းကြည့်ကာ “ခန်းမသခင်ကျန်း ဒီအဖိုးကြီးကိုခင်ဗျားသိလား”
ကျန်းပင်းယန်လည်း အဖိုးကြီးကို လေ့လာနေတာ ကြာပါပြီ။ သို့ပေမယ့် ခုထိ ဘယ်သူဆိုတာ မပြောနိုင်သေးပါချေ။
မြင့်မြတ်နတ်ဘုရားနန်းတော်၏ ခန်းမသခင်တစ်ယောက်အနေနဲ့ သူ့တွင် သူမတူသော အချိတ်အဆက်နှင့် ကြွယ်၀သော ဗဟုသုတတို့ရှိပါသည်။ ကုန်းမြေပေါ်က ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတိုင်းကို သိတယ်လို့ မဆိုနိုင်ပေမယ့် တစ်၀က်ကျော်ကျော်လောက်ကိုတော့ သိတာ ယုံကြည်ချက်ရှိသည်။
ဒါတောင် သူ့ရှေ့က အဖိုးကြီး ဘယ်သူဘယ်ဝါမှန်း မမှန်းဆနိုင်သေးပါချေ။
“ကျုပ်မသိဘူး။ အရင်ရာစုနှစ်က ဧကရာဇ်နယ်ပယ်ရောက်တဲ့လူတိုင်းကို သိပေမယ့် ဒီအဖိုးကြီးက…”
“ဟားဟား… အရင်ရာစုနှစ်ဟုတ်လား” အဖိုးကြီးက ကျန်းပင်းယန်ကို ရုတ်တရက် ထရယ်ပြီး ကြား၀င်ဖြတ်လိုက်သည်။ “ငါအပြင်ဘက်လောကကြီးနဲ့ အဆက်ဖြတ်တာ ရာစုနှစ် တစ်ခုမကတော့ဘူး။ အရင် နှစ်တစ်ရာကျော်လောက်ကတည်းက ဧကရာဇ်နယ်ပယ်ဖြစ်ပြီးနေတဲ့ ကျင့်ကြံသူတိုင်းကိုသိလို့လား”
သူ့ကျောပေါ် ဝါးလုံးကို ပြန်တင်ပြီး ကျန်းပင်းယန်ကို မျှော်လင့်တကြီးကြည့်လိုက်သည်။ ဒီကောင်လေး သူဘယ်သူဖြစ်မယ်မှန်းသိမလား စိတ်၀င်တစားရှိသွား၏။
အခြားသူများအားလုံးလည်း အလန့်တကြားထခုန်ကြသည်။
“နှစ်ပေါင်းတစ်ရာကျော်ကတည်းကဟုတ်လား”