Switch Mode

အခန်း (၁၉၈)

သူတော်စင်အစေအပါးတို့ရဲ့ ရည်ရွယ်ချက်

“ပြေးချင်တာလား”

ရဲ့ရှောင်ထျန်း အေးစက်စက်ရယ်မောလိုက်သည်။ ရွှေရောင် နေရာကူးပြောင်းခြင်း ပုတီးလုံးက တန်ဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်ဆိုပေမယ့် ဗလာနယ်ပယ်ဓာတ်စွမ်းအင်ရှိသည့် လူတစ်ယောက်ရှေ့မှာ သုံးဖို့ဆိုတာကြတော့…

သူတို့ လွတ်မြောက်နိုင်မယ်ဆိုရင်တောင် တန်ဖိုးတစ်ခုတော့ပေးရမည်။

ရဲ့ရှောင်ထျန်းချက်ခြင်း ထိုလူနှစ်ယောက်ပျောက်ကွယ်သွားသည့်နေရာမှာ ပြန်ပေါ်လာခဲ့ပြီး နေရာတစ်ဝိုက်ကို အာရုံခံကြည့်လိုက်၏။ ထို့နောက် လက်သီးဖြင့် လေထဲကို ထိုးထည့်လိုက်သည်။

“ကောင်းကင် ခုန်ကူးခြင်း”

ပေါက်ကွဲသံကြီးတစ်ခုကိုကြားလိုက်ရပြီး ညီလာခံခန်းမကြီးလည်း ပြာမှုန်အဖြစ်သို့ပြောင်းသွားကာ ပတ်ပတ်လည် မီတာရာအနည်းငယ်ကျော်လည်း အက်ကွဲသွား၏။ လေထဲတွင် အနက်ရောင်စုပ်ခွက်ကြီးတစ်ခုပေါ်လာခဲ့သည်။

မုကျစ်ရှီကို ချက်ချင်းဆွဲပြီး စုရှောင်ရှန် အဝေးတစ်နေရာ ခေါ်သွားလိုက်သည်။ ထို့နောက် လေထဲက အနက်ရောင်စုပ်ခွက်ကြီးထဲမှာ ရပ်နေသည့် ဆံနွယ်များလူးလွင့်‌နေသည့် ရဲ့ရှောင်ထျန်းကို အလန့်တကြား လှည့်ကြည့်လိုက်၏။

မပြီးသေးပါချေ။

ရဲ့ရှောင်ထျန်းလက််က ဗလာနယ်ကိုဖောက်ထွင်းသွားပြီး ဆွဲလိုက်သည်။ သွေးသံတရဲရဲနှင့် ပုံရိပ်နှစ်ခု ထိုဆွဲတဲ့အထဲပါလာတာကို စုရှောင်ရှန်တွေ့လိုက်ရ၏။

“ဟ လခွမ်း”

သူ့ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။ နေရာခုန်ကူးသွားသည့်သူ‌များကိုတောင် အတင်းအကြပ်ပြန်‌ဆွဲခေါ်နိုင်ပါလား။

သူတို့ကို အသက်ရှင်ဖို့ အခွင့်အရေးလေးတောင် မပေးတော့ဘူးလား။

ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအင်က တကယ့်ကို နာမည်အတိုင်း အစွမ်းထက်ပါပေ့။

စုရှောင်ရှန် အံ့အားသင့်နေသည့်အချိန်အတွင်းမှာ မျက်ကန်းက နောက်ထပ် ပုတီးလုံး တစ်လုံးကိုထုတ်ယူကာ ချက်ခြင်း နေရာခုန်ကူးသွားပြန်သည်။

“…”

“လခွမ်း။ ဒီကောင့်မှာ ပုတီးလုံးတွေရှိသေးတယ်ဟ”

ဤမြင်ကွင်းကိုမြင်‌သော စုရှောင်ရှန်အံ့အားသင့်သွားရသည်။ သူ့မျက်လုံးထဲမှ ရမက်မီးများက အပြင်ကိုတောင်ထွက်၍ တောက်လောင်လာတော့မလို။

သူ့ကိုယ်သူ ထျန်းရွမ်တံခါးအတွင်းမှ ရတနာလေးပါးကိုရလာတာကြောင့် ချမ်းသာပြီထင်နေတာ တကယ်ချမ်းသာတာဘာလဲဆိုတာ ခုမှ အမြင်ကျယ်သွားတော့သည်။

“သူတို့က ဒီလောက်ချမ်းသာကြလား။ တိုက်ခိုက်တာတောင်မဟုတ်တော့ဘူး။ ပိုက်‌ဆံတွေကို မီးရှို့နေကြတာပဲ။ မင်းဒီဟာတွေကို သုံးတော့မယ်ဆိုလဲ ကြိုပြောပေါ့။ ဒီဟာတွေနဲ့ လျှိုလင်းလင်းကိုလဲဖို့ ငါကြံပေးမှာပေါ့” စုရှောင်ရှန် အတွေးများ ရောက်ရက်ခက်နေ၏။

ရတနာတွေအများကြီးကိုသူတို့ ဒီအတိုင်းသုံးလိုက်၏။ ဘယ်လိုတောင် လက်ဖွာလိုက်ခြင်းလဲ။

လျှိုရွှမ်ရှင်း ထွက်သွားပြီးနောက်မှာ အခြေအနေက နောက်ဆုံးတော့ ငြိမ်ကျသွားခဲ့သည်။

စုရှောင်ရှန်၏ အရှေ့၌ ရဲ့ရှောင်ထျန်းပြန်ပေါ်လာခဲ့သည်။ “နှမျောစရာကောင်းလိုက်တာ။ ငါသူတို့ကိုမိတော့မှာ” ဟုပြောပြီး သက်ပြင်းချလိုက်၏။

“သူတို့ဒဏ်ရာရသွားကြတယ်မလား” ထိုသွေးသံတရဲရဲပုံရိပ်များက သူအမြင်မှားနေတာလား စုရှောင်ရှန် မသိပါချေ။

ရဲ့ရှောင်ထျန်းခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ နေရာခုန်ကူးခြင်းကို အပြင်ဘက် အားတစ်ခုက လာနှာက်ယှက်တော့ အတွင်းပိုင်း ဗလာနယ်ပယ် စီးကြောင်းတွေပျက်ဆီးသွားပြီး ဒုက္ခအကြီးအကျယ်ရောက်သွားကြတာပေါ့။ နှမျောစရာပဲ။ အဲ့ဒီ ရွှေရောင်နေရာခုန်ကူးခြင်း ပုတီးလုံးတွေက…”

“ဈေးကြီးတယ်မလား” မျက်ခုံးများကို ပင့်ပြီး စုရှောင်ရှန်မေးသည်။

“အေး… ငါတောင် အစီအရင်ဆရာသခင်တစ်ယောက်နဲ့ ပူးပေါင်းမယ်‌ဆိုရင် ဒီလို ပုတီးမျိုးရဖို့ တစ်နှစ်အထက်ကြာမယ်”

စုရှောင်ရှန် ပင့်သက်ရှိုက်လိုက်သည်။ ဗလာနယ်ပင်ကိုယ်ဓာတ်စွမ်းအင်ရှိတဲ့ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူက အစီအရင်ဆရာသခင်တစ်‌ယောက်နဲ့ပေါင်းရင်တောင် တစ်နှစ်အထက်ကြာမှ ထိုသို့ ပုတီးတစ်လုံးကိုရမတဲ့လား။

ထိုရွှေရောင်ပုတီးလုံး၏ တန်ဖိုးက စိတ်ကူးပင်မယဉ်ရဲစရာကောင်းလှသည်။

မျက်ကန်း၏ လက်ဖွာခြင်းက သာမန် လက်ဖွာခြင်းမဟုတ်ပါလေ။

စုရှောင်ရှန်တွေးနေတာ သိသည့်အလား ရဲ့ရှောင်ထျန်းက ဆိုလိုက်သည်။ “အဲ့ဒီ ပုတီးနှစ်လုံးပဲမဟုတ်ဘူး။ သူအသုံးပြုသွားတဲ့ ရတနာတစ်ခုချင်းစီတိုင်းက တစ်ခုမှ အဖိုးမဖြတ်နိုင်ဘူး”

ထို့နောက် မျက်မှောင်ကြုတ်၍ ဆက်လက်ကာ “လျှိုလင်းလင်းကိုကယ်ဖို့ သူတော်စင်အစေအပါးတွေက ဒီလောက် သုံးဖြုန်းမယ်ဆိုတာ မယုံနိုင်စရာပဲ”

“သူမက အဲ့ဒီ မျက်နှာဖုံးတပ်လူရဲ့ တရားမ၀င်သမီးနေမှာပေါ့” စုရှောင်ရှန်ခန့်မှန်းလိုက်၏။

ထိုအခိုက်မှာ ရဲ့ရှောင်ထျန်း ဘာပြောရမှန်းတောင် မသိတော့ချေ။

“သူတော်စင်အစေအပါးတွေရဲ့ ဒီနှစ်‌တွေအတွင်း လှုပ်ရှားမှုတွေအရတော့ တတ်နိုင်သလောက် လူအင်အား၊ သုံးဖြန်းမှုအင်အားတို့ကို အနည်းဆုံးဖြစ်အောင်လုပ်ကြတာပဲ။ ဒီတစ်ခါမှ ဒီလောက် ငွေပမာဏ အများကြီးကိုသုံးတယ်။ ဒါသူတို့ လုပ်နေကြပုံစံမဟုတ်ဘူး”

ထို့နောက် စုရှောင်ရှန်ကို တည့်တည့်ကြည့်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ဒါတွေထားပါ။ မင်းရဲ့ အနက်ရောင်ဓားအိမ်ကိုပဲ… သေချာစောင့်ရှောက်ပါ”

စုရှောင်ရှန် အေးခဲသွားသည်။ ရဲ့ရှောင်ထျန်းက ဓားအိမ်ကို ဘာလို့ အလေးအနက်ထားပြောရမှန်းမသိချေ။

ဒါပေမယ့် မကောင်းဘူးလား။ သူ့သူလျှိုဆိုတဲ့နာမည်လည်းပျောက်သွားပြီး အခြားရတနာ သုံးခုကိုလည်း ဆက်လက်၍ ဖုန်းကွယ်ထားနိုင်ပေမည်။

ချက်ခြင်းပဲ ရဲ့ရှောင်ထျန်း၏ အဆိုကို ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံလိုက်၏။

ထို့နောက် ဆိတ်ငြိမ်ကျသွားခဲ့သည်။ ပေါက်ပြဲ‌သွားသော ဗလာနယ်က မဟာလမ်းစဉ်၏ ညွှန်ပြမှုအောက်မှ တဖြည်းဖြည်း ပြန်ကောင်းလာနေသည်။ ညီလာခံခန်းမကတော့ အသစ်ပြန်တည်ဆောက်ရမည့်ပုံပေါက်‌ပေသည်။

ထို့ပြင် ဒီမြေတစ်ဝိုက်မှာ သစ်ပင်များလည်း ပြန်စိုက်ရလောက်သည်။

ယခုကဲ့သို့ အခြေအနေပြီးနောက်မှာ ဘာတစ်ခုမှ မဖြစ်ဘဲ ကျန်ရှိနေသည့် အရာက ရွှေရောင်အလင်းများ၏ ကာကွယ်မှုအောက်က ရှေးဦးသစ်ပင်ကြီးဖြစ်သည်။ တစ်ခုခုတော့ မူမမှန်ဘူး။

သူ့ရှေ့က စုရှောင်ရှန် မကောင်းတာ ကြံနေတယ်ဆိုတာ ရဲ့ရှောင်ထျန်းမသိပါဘဲ သူ့အတွေးထဲ၌ သူသာ နစ်မျောနေရှာသည်။

“သူတော်စင်အစေအပါး။ ကြည့်ရတာ မြင့်မြတ်နတ်ဘုရားနန်းတော် ကောက်ချက်ချထားသလို ကြီးမားတဲ့ အဖွဲ့အစည်းကြီးမဟုတ်ဘဲ စွမ်းအားမြင့်လူအနည်းငယ်တည်းနဲ့ ဖွဲ့စည်းထားတာမျိုးလား” ရေရွတ်လိုက်သည်။

စု‌ရှောင်ရှန်လည်း ထိုစကားကြောင့် အတွေးနက်သွား၏။ သူတော်စင်အစေအပါးမှ သူတွေခဲ့ရသည့် လူသုံးယောက်လုံးက တကယ် လူအများကြားမှ နဂါးများဖြစ်ကြ၏။

လျှိုလင်းလင်းတောင် အတွင်းစည်းမှာ သူမ၏ မျိုးဆက်မှ ဂိုဏ်းသားများကို အလွန်အလှမ်းဝေးကွာစွာနောက်ချန်ထားခဲ့သည့် အသန်မာဆုံးသူ ဖြစ်လာနိုင်သေးသည်မဟုတ်ပါလား။

သူတော်စင်အစေအပါးဆိုတာကို စုရှောင်ရှန် အကြီးအကျယ်စိတ်၀င်စားသွားတော့သည်။ သို့ပေမယ့် အကြီးအကဲစန်းစီက ယခင်တစ်ခေါက်ကလည်း ဘာအချက်အလက်မှ မရပါချေ။ ယခု ရဲ့ရှောင်ထျန်းပြောလာပြီဆိုမှတော့ စကားနှိုက်လို့များရမလား။

“သူတော်စင်အစေအပါးဆိုတာ ဘာတည်ရှ်ိမှုကြီးလဲ”

ကောင်းသည်၊ ဆိုးသည်ဆိုတဲ့ အတွေးအခေါ်ကြားမှာ ဒီအဖွဲ့အစည်းက ထူးဆန်းသည့်အရာများအကြားပါဝင်ခဲ့တယ်ဆိုပေမယ့် တကယ် လူဆိုးများနှင့်မတူပါချေ။

လူတိုင်းကို ယခင်တစ်ခေါက်က ဖိနှိပ်လိုက်သည့် မျက်နှာဖုံးတပ်နှင့်လူတောင် တစ်ယောက်မှကို မသတ်ခဲ့ပါလား။

ယနေ့ လျှိုလင်းလင်းကို လာကယ်သော လျှိုရွှမ်ရှင်းလည်း လူတစ်ချို့ကို ဓားစာခံလုပ်လိုက်တယ်ဆိုပေမယ့် လူတစ်ယောက်မှ မသတ်ခဲ့ပေ။

ဒါဆို သူတို့ရည်ရွယ်ချက်ကဘာလဲ။

သူတော်စင်အစေအပါးတို့ အားနည်းသူကို အထင်အမြင်သေးတာ စုရှောင်ရှန် မတွေ့ဖူးသေးပါချေ။ သူတို့ကိုကြည့်ရတာ လူ့အသက်ကို အလွန်မြတ်နိုး တန်ဖိုး ထားသည့်ပုံဖြင့်…။

လျှိုလင်းလင်းနှင့် မျက်နှာဖုံးတပ်လူတို့ သူ့ကို သူတို့အဖွဲ့ထဲ ၀င်စေဖို့ခေါ်တာကလည်း ဒါနဲ့ ပတ်သက်နေမလား။

ထိုရှူထောင့်မှ ကြည့်လျှင် ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ကတောင် သူတော်စင်အစေအပါးတို့ထက် ပို၍ လူကောင်းဆန်နေသလိုလိုနှင့်…။

“အေး ဖြစ်နိုင်တယ်ဟ…”

ထိုအတွေးကြောင့်စုရှောင်ရှန် မှင်တက်သွား၏။ ဒါဆိုရင် ဘယ်တစ်ခုက မကောင်းတဲ့ အဖွဲ့အစည်းလဲ။

စုရှောင်ရှန် အပေါ်ယံကိုသာ တွေ့ရသေးတာဖြစ်နိုင်၍ ထိုအတွေးများကို ခေါင်းထဲက ခါရမ်းထုတ်ပစ်လိုက်သည်။

စုရှောင်ရှန်၏ အမေးကိုကြားသောအခါ ရဲ့ရှောင်ထျန်း အတွေးရေယဉ်စီးကြောထဲက ထွက်လိုက်သည်။ ထို့နောက်ပြုံးကာ ပြော၏။ “သူတော်စင်အစေအပါးတွေက အစွန်းရောက်တဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ ငါလည်းသူတို့နဲ့ ပတ်သက်ပြီးစိုးရိမ်ရတာ လွန်နေတယ်။ မင်းတို့က ဘာမှ မဖြစ်ပါဘူး”

“အစွန်းရောက်တယ်” စုရှောင် နောက်မှ ထပ်ရွတ်လိုက်ကာ “ဒါပေမယ့် သူတို့က ဘယ်သူ့ကိုမှ သတ်ချင်တဲ့ပုံရမဘူး။ ဘယ်မှ အစွန်းရောက်တာလဲ”

ထို‌အမေးက ရဲ့ရှောင်ထျန်းကို မှင်တက်သွားစေ၏။

“ငါလည်းမသိဘူး။ ပိုပြီးသိချင်တယ်ဆိုရင်တော့ ဒီနှစ်တွေမှာ သူတော်စင်အစေအပါးဘာလုပ်သလဲဆိုတာ မြင့်မြတ်နတ်ဘုရားနန်းတော်ကပဲသိလိမ့်မယ်။ပြောရရင် သူတို့ရည်ရွယ်ချက်က သာမန် မကောင်းတဲ့ အဖွဲ့အစည်းတွေနဲ့ ကွဲပြားနေသလိုပေါ့”

ရဲ့ရှောင်ထျန်း ရယ်ကာ ဆက်လက်၍ “လူတိုင်းက ဒီလိုတွေးထင်ထားကြတာပဲ။ ဘာလဲ မင်းက သူတို့က တရားမျှတတဲ့ အဖွဲ့အစည်းကထင်လို့လား”

“မသိနိုင်ဘူးလေ…” စုရှောင်ရှန် ရေရွတ်လိုက်သည်။ သူက စိတ်ဝိညာဉ်နန်းတော်မှာနေ နေတယ်ဆိုရင်တောင် ဘက်ရွေးမည့်သူမဟုတ်ချေ။

အနည်းဆုံးတော့ သူတော်စင်အစေအပါးတွေက သူထင်သလောက် မဆိုးရွားကြတာကို သိ၏။

“သူတို့ရည်ရွယ်ချက်ကဘာလဲ” စုရှောင်ရှန်မေးသည်။

“ငါလည်း ကောလဟာလတွေအရပဲသိတာ။ သိပ်မသေချာဘူး…” ရဲ့ရှောင်ထျန်း တုံ့ခနဲရပ်သွားကာ စကားကို ဆုံးအောင်ပြောရမည်လား ဘာလား တုန့်ဆိုင်းနေဟန် ပေါက်သွားသည်။

“ဘာပြောလဲ” စုရှောင်ရှန့် သိချင်စိတ် ထကြွလာရသည်။

ရဲ့ရှောင်ထျန်းက နောက်ဆုံးတော့လည်း ပြောရန်ဆုံးဖြတ်လိုက်၏။ “မိစ္ဆာသားရဲ။ သူတော်စင်အစေအပါးတွေရဲ့ ရည်ရွယ်ချက်က မိစ္ဆာသားရဲတွေနဲ့ ပတ်သက်နေရမယ်”

စုရှောင်ရှန် ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်ခါသွားသည်။

မိစ္ဆာသားရဲ။ မီးခိုးမြူပုံရိပ်လိုလား။

သူတော်စင်အစေအပါးတွေက ဘာလို့ ဒီအရာတွေကို လိုက်ရှာနေရတာလဲ။ အမြစ်ဖြတ်သုတ်သင်ဖို့လား။

… ဒါဆိုရင် အဲ့တာက ကောင်းတာလုပ်နေတာမဟုတ်ဘူးလား။

စုရှောင်ရှန်၏ အမူအရာကြောင့် ရဲ့ရှောင်ထျန်းလည်း အံ့အားသင့်သွားရကာ “မိစ္ဆာသားရဲတွေက ဘာလဲ မင်းသိနေတာလား”

ဒီလောက်ကျင့်ကြံမှုလေးနဲ့ စုရှောင်ရှန်က ဘယ်လိုလုပ် မိစ္ဆာသားရဲတွေရဲ့အကြောင်းကို သိနေရတာလဲ။

စုရှောင်ရှန်တည်တည်ငြိမ်ငြိမ်ခေါင်းညိတ်ကာ “ဟင့်အင်း။ မသိဘူး”

ရဲ့ရှောင်ထျန်း စွံ့အသွားရသည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“မင်းကြားဖူးရင်ကြားဖူးမှာပေါ့။ ဒါပေမယ့်မှတ်ထား အဲ့ဒီစူးစမ်းလိုစိတ်ကြောင့် မင်းသေသွားနိုင်တယ်။ ဒါကြောင့် ဒီအရာတွေနဲ့ မပတ်သက်နဲ့ဦး။ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထား။ မင်းရဲ့ အလားအလာက အလွန်ကြီးမားတယ်။ အလကားမဖြစ်သွားစေနဲ့”

ထိုလူငယ်၏ လုံး၀ သက်သာပျောက်ကင်းသွားပြီဖြစ်သော လက်ကို ရဲ့ရှောင်ထျန်းကြည့်လိုက်ပြီး “အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်လား”

“အင်း” စုရှောင်ရှန်ခေါင်းညိတ်ပြလိုက်ပေမယ့် သူ့အာရုံက တခြားကိုရောက်နေ၏။

ဒီကမ္ဘာကြီးက တိုက်ဆိုင်မှုတွေက တမင်တကာကြီးလုပ်ထားသလားအောင့်မေ့ရသည်။ သူကြုံတွေ့ခဲ့ရသော အရာများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေတာ ခံစားလိုက်ရ၏။

မိစ်ဆာသားရဲ။

မိုမိုများလား။

Comment

Leave a Reply

Options

not work with dark mode
Reset