လေထဲမှ စုရှောင်ရှန်က ထိုအရာများအားလုံးကို လစ်လျူရှူထားလိုက်သည်။
ဒီလောက်ပမာဏထိ သူသွားရဲတာက လျှိုရွှမ်ရှင်းက ခွန်အားအကန့်အသတ်ဖြင့်သာရှိသော ဓားသမားတစ်ယောက်ဆိုတာကို သိ၍ဖြစ်၏။ အခြားတစ်ဘက်မှ သူကတော့ အရှင်သခင်နယ်ပယ်ခန္ဓကိုယ်ရှိသည့်အတွက် မျက်ကန်းထက် ဘယ်နေရာမှာမှ အားနည်းမနေပါချေ။
ဒုတိယ အချက်က ဧကရာဇ်နယ်ပယ် ရဲ့ရှောင်ထျန်းက သူ့နောက်၌ ကျောထောက်နောက်ခံအဖြစ်ရှိလို့ပင်။ ဒါကြောင့် လျှိုရွှမ်ရှင်းဘယ်လောက် ဒေါကန်နေပါစေ တိုက်ခိုက်မယ်ဆိုရင် ဒီအချက်ကို ထည့်ကိုထည့်တွက်ရပေမည်။
“မင်း တိုက်ခိုက်ရဲလား။ မတိုက်ခိုက်ရဲဘူးဆိုရင်လည်း ဟန်ပြလုပ်မနေနဲ့။ မဟုတ်ရင်လည်း ချလိုက်တော့”
လျှိုရွှမ်ရှင်းပို၍ ဒေါသထွက်လာလေလေ စုရှောင်ရှန်ပို၍ စိတ်ချရလေလေ ဖြစ်သည်။
ဒီအကောင်က ရဲ့ရှောင်ထျန်းနှင့်ဆင်တူသည်။ နှစ်ဦးစလုံး ခြိမ်းသာခြောက်ရဲပြီး ဘာမှမလုပ်ရဲသည့် စက္ကူကျားများဖြစ်ကြ၏။
လျှိုလင်းလင်းကို ရှေ့ဆွဲသွားချင်ပေမယ့် ဗလာနယ်ပယ်ထဲမှာ ချုပ်ထိန်းထားခံရသေးတာသိရပြီး ရဲ့ရှောင်ထျန်းကို တစ်ချက်ကြည့်လိုက်သည်။
ချက်ခြင်းဘဲ ရဲ့ရှောင်ထျန်း ပိတ်လှောင်ထားခြင်းကို ဖြေပေးလိုက်၏။ စုရှောင်ရှန်လက်ထဲကနေ လျှိုလင်းလင်း လွတ်ထွက်သွားဖို့ မဖြစ်နိုင်ပါလား။
“အပေးအယူဖြစ်လား” စုရှောင်ရှန် တစ်လှမ်းချင်းရှေ့တိုးလာသည်။
လျှိုရွှမ်ရှင်း စိတ်ထဲတွင် ရုန်းကန်နေရသလိုရှိပြီး ချက်ခြင်း ထိုလေထဲက ကျန် သတိမေ့မျောနေသည့် လူကို တိုက်ခိုက်လိုက်ချင်ပါသည်။ ဒါပေမယ့် ထို တမူထူးခြားစွာ ပြုမူတတ်သည့် ကောင်လေးကို ကြောက်နေရ၏။
သူသာ နောက်တစ်ခါ တိုက်ခိုက်လိုက်မိလျှင် လျှိုလင်းလင်းတော့ သွားချေပြီပဲ။
“ဖြစ်တယ်”
လေထဲကလူကို လျှိုရွှမ်ရှင်း ထိန်းချုပ်ပြီး ရှေ့တက်လိုက်သည်။
သူနောက်ဆုံးတော့ အလောင်းအစားမလုပ်ရဲတော့ဘဲ လက်လျော့လိုက်ရ၏။ ထျန်းစန်းနန်းတော်ကလူအားလုံးပေါင်းတောင် လျှိုလင်းလင်း၏ ဆံနွယ်တစ်မျှင်ထက် တန်ဖိုးမရှိပါပေ။
သူတို့နှစ်ဦး တစ်ဦးစီကို တစ်ဦး ချဉ်းကပ်သွားကြသည်။ မျက်နှာချင်းဆိုင်ကာ ဓားစာခံလဲလှယ်တော့မည့်ပုံရ၏။
ရဲ့ရှောင်ထျန်းက စိုးရိမ်တကြီး စိတ်ချင်းဆက်ပြောလိုက်သည်။ “ငါလုပ်ပေးမယ်”
စုရှောင်ရှန် ခေါင်းလေးအသာစောင်းပြီး ခါရမ်းကာ သူ့ကို မျက်စိတစ်ဖတ်မှိတ်ပြလိုက်၏။
ရဲ့ရှောင်ထျန်း : “…”
‘မင်းက ဘာကို ဆိုလိုချင်တာလဲ။ လျှို့ဝှက် အချက်ပြတာလား။ ငါမှ နားမလည်တာ။ ဘယ်တုန်းကကော ဆွေးနွေးဖူးလို့လည်း။ ငါစိတ်ဖတ်နိုင်တယ်ထင်နေတာလား’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
သူလုပ်နိုင်သည်က သတိကြီးကြီးထားကာ ကြိုတင်ပြင်ဆင်မှုများလုပ်ဖို့သာ။
ဓားစာခံလဲလှယ်မှုက ထင်သလောက် ချော့မွေ့လိမ့်မည်တော့မဟုတ်ချေ။
သူတို့နှစ်ဦးနီးကပ်လာသောအခါ လျှိုရွှမ်ရှင်း၏ အရှိန်အဝါပို၍ သန်မာလာခဲ့သည်။ သူလည်း နောက်ဆုတ်မည့်ဟန်မပေါ်ကာ စုရှောင်ရှန် တစ်လှမ်းတက်တာနဲ့ တစ်လှမ်းလိုက်တက်လိုက်သည်။
မကြာခင်မှာ မျက်ကန်း၏ အရှိန်အဝါရပ်တန့်သွားရပြီး လူလည်း ရပ်လိုက်သည်။
ဟူးးးး…။
အကြောင်းက စုရှောင်ရှန်၏ အသက်ရှိုက်ထုတ်မှုက သူ့မျက်နှာကိုတောင်လာထိရိုက်သောကြောင့်ဖြစ်သည်။
အနည်းငယ်နီးမြန်းသွားသောမျက်နှာဖြင့် လျှိုရွှမ်ရှင်းနောက်ခြေတစ်လှမ်းဆုတ်လိုက်သည်။ ဒီလောက်နီးနီးကပ်ကပ်ကြီး သူမနေရဲပါချေ။
ဤဆုတ်ခွာမှုနှင့်အတူ သူတည်ဆောက်လာသော ကြီးမြတ်သည့်အရှိန်အဝါလည်း ပျောက်ပျက်သွားပေသည်။
နောက်ဆုံးသည်းမခံနိုင်တော့သော လျှိုရွှမ်ရှင်းအံကိုတင်းတင်းကြိတ်ကာ “စုရှောင်ရှန် မင်းဘယ်လို လဲလှယ်ချင်လဲ”
“တစ်ချိန်တည်းမှာ ဓားစာခံချင်း လဲမယ်”
လျှိုရွှမ်ရှင်း “…”
“မရဘူး လျိုလင်းလင်းကိုအရင်ပေး” သူပြောသည်။
“ရတယ်လေ”
လျှိုလင်းလင်းက စုရှောင်ရှန်၏တိုက်ခိုက်မှုမှ သွေးထွက်လွန်ပြီး သတိမေ့မျောနေပြီးဖြစ်၏။ သူ့မျက်နှာပေါ်က ရိုးသားသောအမူအရာနှင့် သွေးများပေကျံနေသော လက်ကိုဆန့်ထုတ်လိုက်သည်။
“ရိုးသားတယ်ဆိုတာ သက်သေပြဖို့ လက်ချင်း ဆွဲနှုတ်ဆက်ရအောင်”
လျှိုလင်းလင်းကို သူ့လက်က ထုတ်ချင်းဖောက်ထား၏။
လျှိုရွှမ်ရှင်းဒေါသတို့ဖြင့် ပေါက်ကွဲထွက်မတတ်ဖြစ်နေသည်။ လမ်းလျှောက်တုတ်ကို ကိုင်ထားသော သူ့လက်များတောင် တုန်တုန်ရင်ရင်ဖြစ်နေခဲ့ပြီး လျှိုလင်းလင်းကို အရင်ကယ်ရန်သာ စိတ်က ပြောနေခဲ့၏။
‘စိတ်ထိန်း စိတ်ထိန်း။ စိတ်လိုက်မာန်ပါ လုပ်ရမယ့် အချိန်မဟုတ်ဘူး’
“ စုရှောင်ရှန်။ မင်းရဲ့ ဒီနေ့ လက်ဝါးချက်ကြောင့် နောင်တရစေရမယ်”
သူ့လက်တစ်ဖက်က ကျောက်တုံးကို တုန်တုန်ရင်ရင် ကိုင်ထားခြင်းဖြစ်ကာ အခြားတစ်ဖက်က ကိုင်းထားသော ရတနာလို သတ်မှတ်ထားသည့် လမ်းလျှောက်တုတ်ကိုလွှတ်ချလိုက်၏။ ထို့နောက် လျှိုလင်းလင်းစီလက်လှမ်းလိုက်တော့သည်။
ဒါပေမယ့် သူမထိရသေးခင်ဆက်ကြားလေးမှာ စုရှောင်ရှန် ပြန်ဆွဲလိုက်၏။
“လျှိုရွှမ်ရှင်း မင်းငါနဲ့ လက်ဆွဲပြီးတောင်မနှုတ်ဆက်ချင်တာ ဘယ်လို ဓားစာခံလဲဖို့ ငါက စိတ်ချရမှာလဲ။ ဒါနဲ့များ လျှိုလင်းလင်းကို ခေါ်သွားချင်နေတယ်။ မင်းကိုယ်မင်းဘာလို့ ကိုလျှိုပြီးပြည့်စုံတဲ့အကြံလို့မခေါ်တာ” စုရှောင်ရှန် ကဲ့ရဲ့လိုက်သည်။
လျှိုရွှမ်ရှင်း တိုးတိုးတိတ်တိတ် သူ့ဟာသူ တစ်ခုခု ရေရွတ်လိုက်ပါသည်။ ထို့နောက် သူ့လက်ထဲက လူကိုစုရှောင်ရှန်ထံပစ်ပေးပြီး လျှိုလင်းလင်းကိုလည်း တစ်ချိန်တည်းဆွဲယူလိုက်သည်။
စုရှောင်ရှန်က စကားတည်သူဖြစ်ရာ သူ့ကိုတားဆီးဖို့ ရည်ရွယ်ချက်မရှိပါချေ။ ဓားစာခံလဲမည်ဆိုမှတော့ လဲမည်ပေါ့။
“ငါ၀န်ခံရမယ်။ မင်းရဲ့ လမ်းလျှောက်တုတ်က တကယ်လှတယ်”
လျှိုရွှမ်ရှင်း ထိတ်လန့်သွားသည်။ ထို့နောက် လေထုက အေးခဲသွားသလို စက္ကန့်ပိုင်းလောက်ရပ်တန့်သွားပြီးနောက်မှာ ပေါက်ကွဲသံကြီးကြားလိုက်ရ၏။
“စုရှောင်ရှန်သေစမ်း”
ရုတ်တရက် နီးကပ်လာသော သူတို့နှစ်ဦးစလုံးထံမှ ဓားစွမ်းအင်နှစ်ခု တစ်ပြိုင်တည်းလွှတ်လိုက်ကြ၏။ သူတို့နှစ်ဦးစလုံး အရာအားလုံးက ဓားကို ပြိုင်တူ အသုံးပြုနေကြခြင်းဖြစ်ပါသည်။
လျှိုရွှမ်ရှင်း အံ့အားသင့်သွားသည်။ စုရှောင်ရှန်များ သူ့သုံးတော့မယ့် နည်းစနစ်ကိုသိလို့ တူညီတဲ့ နည်းစနစ်သုံးလိုက်တာလား။
ဒါပေမယ့် သူက ဘာလို့ ခေါင်းဆောင်ရဲ့ နည်းစနစ်ကိုသိနေရတာလဲ။
သို့မှ ထိုဓားစွမ်းအင်ထည့်ထားသော ကျောက်စရစ်ခဲများမှ အဖြစ်ကို ပြန်မြင်ယောင်လိုက်ရ၏။
ချီး…။
ဒီကောင့် ခပ်ကြောင်ကြောင် မျက်နှာကြောင့် လှည့်စားခံလိုက်ရ၏။ ထိုစဉ်ကတည်းက သူက အံ့မခန်းဓားဆန္ဒရှိသည့် ဓားသမားတစ်ယောက်ဆိုတာ သိသင့်ပေသည်။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်၏ မျက်နှာတွင် စပ်ဖြဲဖြဲ အပြုံးတစ်ခုရှိနေ၏။ သူတို့နှစ်ဦးစလုံး အရာအားလုံးကဓားကြောင့် လှုပ်မရဖြစ်သွားကြသည်။ ထိုစဉ်ရလိုက်သောစက္ကန့်ပိုင်းအချိန်အတွင်း ရဲ့ရှောင်ထျန်းကို အချက်ပြပြီးပြီဖြစ်ရာ အခြေအနေကို ထိန်းချုပ်လိုက်နိုင်မည်ဟု ထင်သည်။
နေပါဦး။ ခေါင်းဆောင်ဒီချိန်ဆို စလှုပ်ရှားသင့်ပြီမလား ဘာဖြစ်နေတာလဲ။
ရဲ့ရှောင်ထျန်း၏ မျက်နှာကို အကြားအမြင်ဖြင့်ကြည့်လိုက်သောအခါ အခြေအနေက သူတွက်ထားတာကနေ သွေဖယ်သွားမှန်း သိလိုက်ရ၏။ ရဲ့ရှောင်ထျန်းက သူ့အချက်ပေးမှုကို သိတောင်မသိချေ။
ဘယ်လိုလုပ် သူတို့အကြားမှာ ဘာနားလည်မှုမှမရှိရတာလဲ။
စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ဒီမျက်ကန်းဓားသမားကို ဓားဆန္ဒအပေါ်မှီခို၍ သူအနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။
သူထင်သည့်အတိုင်း လျှိုရွှမ်ရှင်းက စက္ကန့်ပိုင်းအတွင်း ထိန်းချုပ်မှုပြန်ရသွားသည်။ လျှိုလင်းလင်းကို လက်တစ်ဖက်က ပိုက်ပြီး နောက်လက်တစ်ဖက်က ကျောက်တုံးကို ကိုင်မြှောက်လိုက်၏။
ထိုအရေးကြီးသည့်အခိုက်မှာ စုရှောင်ရှန် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကို အားပြုပြီး ရုန်းထွက်လိုက်သည်။ ကျောက်တုံးကို မခြေမွနိုင်ခင်မှာ စုရှောင်ရှန်၏ ရင်ဘက်ကနေ သံလုံးတစ်လုံး လျှိုရွှမ်ရှင်း၏မျက်နှာကိုသွားရိုက်ခတ်ကာ သွေးထွက်သွားစေလိုက်သည်။
“ခေါင်းဆောင်”
သူ့စူးစူးရှရှအော်ခေါ်သံပြီးနောက်တောင် ဘာမှ တုန့်ပြန်မှုမရှိချေ။ သို့မှ သူထင်သလိုမဟုတ်ဘဲ ရဲ့ရှောင်ထျန်းကို တစ်စုံတစ်ခုက နှောက်ယှက်ထားဟန်ရသည်ကို တွေ့လိုက်ရပါသည်။
ရဲ့ရှောင်ထျန်း၏ မျက်လုံးနှစ်ဖက်က တစ်ခုက ဖြူပြီး တစ်ခုက မည်းနေသည့် မြူခိုးများကာထားသည်။ မသိလျှင် သူ့စိတ်ကပဲအထိန်းချုပ်ခံထားရသလို ငူငူကြီးရပ်နေ၏။
“ပုံရိပ်ယောင်။ မျက်လုံးနည်းစနစ်”
ဧကရာဇ်နယ်ပယ်ကကျင့်ကြံသူကိုတောင် ထိန်းချုပ်နိုင်ရလောက်အောင် ဒီနည်းစနစ်က ဘယ်လောက်ကြမ်းလိုက်သလဲ။ ဒီမှာ တခြားဘယ်သူမှလဲမရှိပါဘူး။
စုရှောင်ရှန် သို့ဖြင့် လျှိုရွှမ်ရှင်းကိုသာ တုန်လှုပ်နေသော အမူအရာဖြင့် အထိတ်တလန့်ကြည့်လိုက်၏။
မျက်ကန်းက မျက်လုံး နည်းစနစ်သုံးနိုင်တယ်တဲ့။
မဖြစ်နိုင်တာ။ ဒီကောင်က ဓားသမားရောဟုတ်ရဲ့လား။
“သေပြီဆရာ”
အချက်အလက်မှားကောက်ပြီး တွက်ချက်မှုက သူ့အသက်ကို ဆုံးစေတော့မည်။ တုန့်ဆိုင်းခြင်းအလျင်းမရှိ စုရှောင်ရှန် နောက်လှည့်ကာ ပြေးတော့၏။
ဂျစ်…။
ထိုအခိုက် မြေပြင်က ခရမ်းဖျော့လမ်းလျှောက်တုတ် အတန်ငယ်တုန်ခါသွားပြီ စိတ်ဝိညာဉ်ဓားလို အသံစပေးလာခဲ့သည်။
ခရက်ဟူသည့် မည်သံဖြင့် လမ်းလျှောက်တုတ်၏ မျက်နှာပြင် ဖြည်းဖြည်းချင်း အက်ကွဲလာခဲ့ပြီး အတွင်းမှ အလွန်ပါးလွှာသော ဓားကို လှစ်ဟာပြလိုက်၏။
ထိုဓားက ငွေရောင်အတိဖြစ်သည်။ ပါးလွှာကာ အနည်းငယ် ကောက်သည်။ ကြည့်လိုက်တာနဲ့ စိတ်နှလုံးတက်ကြွသွားစေမည့် နဂါးရုပ်ပူံလွှာကိုလည်း ထွင်းထား၏။
ပုံရိပ်ယောင် လေပွေကြီးထဲကို တစ်စုံတစ်ယောက်၏ ဝိညာဉ်ကိုပဲ စုပ်ယူသွားစေနိုင်သလိုလိုနှင့်။
စုရှင်းရှင်း၏ နှင်းမြို့တော်၏ အလွမ်းကို စတွေ့စဉ်ကလို ခံစားချက်ကို ခံစားရပြီး စုရှောင်ရှန်လန့်ဖျပ်သွား၏။
“နာမည်ကြီးဓားတစ်ချောင်းလား လခွမ်း…”
သူ့ရင်ထဲကို နတ်သားရဲကြီးထောင်နှင့်ချီ၍ ဖြတ်ပြေးသွားသလို ခံစားလိုက်ရ၏။ သူတော်စင်အစေအပါးတွေက ဘယ်လိုလူတွေလဲ။ စုရှောင်ရှန်တကယ် ကျိန်ဆဲပစ်ချင်နေပါသည်။
မျက်ကန်းလို ကျင့်ကြံမှုမရှိသည့်လူကတောင် လူကယ်၊ အချိန်လာဆွဲကာ ဧကရာဇ်နယ်ပယ်ကို ထိန်းချုပ်နိုင်နေသည်။
ဒါ့အပြင်ကို ကုန်းမြေတစ်ခုလုံးက နာမည်ကြီးဓား(၂၁) ချောင်းထဲက တစ်ချောင်းတောင်ရှ်ိလိုက်သေး၏။
လူတိုင်း ဒုက္ခိတဆိုပြီး အထင်သေးထားတာ မှားသွားကြပြီ။ သူတော်စင်အစေအပါးမှလာတာ ဒုက္ခိတတောင် မှင်တက်ရလောက်ပါလား။
“စိတ်မပူပါနဲ့ ပြီးသွားပြီ”
မလှမ်းမကမ်းမှ လျှိုရွှမ်ရှင်းက လျှိုလင်းလင်း၏ ဖျော့တော့နေသော ပါးပြင်ကိုပွတ်ပြီး လေသံနိမ့်နိမ့်လေးဖြင့် တီးတိုးပြောလိုက်သည်။
စုရှောင်ရှန်ကို သူ့ခေါင်းတောင်ထောင်မကြည့်လိုက်ချေ။
မျက်ကန်းဖြစ်နေလို့ လူသတ်တာ မသက်ရောက်ပါလေ။
လျှိုရွှမ်ရှင်းလက်ကိုဝေ့ရမ်းလိုက်သောအခါ ခရမ်းရောင်လမ်းလျှောက်တုတ်ပုံစံဓားက ငွေရောင်အလင်းတန်းတစ်ခုအဖြစ်အသွင်ပြောင်းပြီး ကောင်းကင်ပေါ်ပျံတက်သွား၏။
“နှုတ်ဆက်ပါတယ်”