လျှိုရွှမ်ရှင်းကိုရည်ရွယ်ပြီးတော့ စုရှောင်ရှန်ပြောနေတာဆိုပေမယ့် သူ့ရှေ့က ရဲ့ရှောင်ထျန်းလည်း မဆီမဆိုင် စော်ကားသလိုခံစားလိုက်ရသည်။
‘ငါလည်း ငါ့ခေါင်းကိုလှည့်လိုက်တယ်လေ။ မင်းက ငါ့ကိုပါ ပြောနေသလိုပဲ’ စိတ်ထဲက ပြောသည်။
သို့ပေမယ့် စုရှောင်ရှန်၏ နည်းလမ်းကို သူမပိတ်စို့နိုင်ပါ။ ထိုစော်ကားမှုက သူ့ကိုပါ လာထိခိုက်တယ်ဆိုစေဦးတော့ ၎င်းက လျှိုရွှမ်ရှင်းကို ကဲ့ရဲ့ရန်နည်းလမ်းကောင်းဖြစ်၏။
‘ဒီကောင် သိရဲ့သားနဲ့ တမင်ပြောတာတော့မဟုတ်ဘူးမလား…’
ထိုသို့တွေးမိပြီး သူချီးကျုးတော့မယ့်စကားများကို ပြန်မျိုချလိုက်သည်။
အခြားတစ်ဘက်က လျှိုရွှမ်ရှင်းကတော့ ပေါက်ကွဲထွက်တော့မတတ်ကိုဖြစ်နေသည်။
မသိလျှင် အရင်နှစ်အနည်းငယ်အားလုံးပေါင်း၍ ဒီတစ်နေ့တည်းမှာမှ လာပြီး စုပေါင်းကာ စော်ကားလိုက်သလိုလိုနှင့်။
“စုရှောင်ရှန် မင်းတော့ သေတော့မယ်” သူ့မျက်လုံးများကျွတ်ထွက်လာမတတ်ကို လျှိုရွှမ်ရှင်း မျက်လုံးအိမ်ပြူးကျယ်စွာ ဖွင့်လိုက်သည်။
“ဟုတ်လား” စုရှောင်ရှန် စပ်ဖြီးဖြီးပြုံးပြကာ “ ကျောက်တုံးကို ခြေမွတော့မှာလား”
“ငါမလုပ်ရဲဘူးထင်နေတာလား”
“ဟုတ်တယ် မလုပ်ရဲဘူး။ ဒါဖြင့် မလုပ်တာ ကောင်းမယ်”
“…”
လျှိုရွှမ်ရှင်းပြောတော့မယ့် စကားလုံးများ လည်ပင်းမှာ တစ်သွား၏။ သူ့လို စကားပြောခဲသည့် လူက စုရှောင်ရှန်၏ ပြိုင်ဘက်အဘယ်မှာ ဖြစ်နိုင်မတဲ့တုန်း။
အသက်ကို ခပ်ပြင်းပြင်းနှစ်ချက်ရှိုက်ပြီးတာတောင် သူ့စိတ်က မပြေလျော့သွားခဲ့ပါချေ။
အချိန်ကိုတွက်ကြည့်ရလျှင် ခေါင်းဆောင်လည်း သူ့တာ၀န်များပြီးလောက်ချေပြီ။ သူဒီမှာ မနေသင့်တော့ပေ။
လျှိုရွှမ်ရှင်းတိတ်ဆိတ်တာကို ကြည့်ပြီး လေထဲမှ ကျန်ဓားစာခံသုံးယောက်ကို စုရှောင်ရှန်ကြည့်လိုက်၏။ သူတို့ကို ကယ်တင်ရန် ခက်ခဲမှာမှန်းသိနေသော်လည်း စကားတော့ပြောလိုက်ပါသေးသည်။
“ငါကြားတာတော့ မင်းရဲ့ ကျောက်တုံးက ပစ်မှတ်ကို လိုက်တိုက်ခိုက်နိုင်တယ်ဆို”
လျှိုရွှမ်ရှင်း နှာတစ်ချက်သာမှုတ်လိုက်ပြီး ဘာမှ မပြောပါချေ။ စုရှောင်ရှန်နှင့် စကားမပြောတာ အကောင်းဆုံးဖြစ်မည်။
သူ့လက်ထဲ ကျောက်တုံးကို အသာအယာ ဆုပ်နယ်ပြီး လျှိုရွှမ်ရှင်း လေထဲက လျှိုလင်းလင်းကို မသိမသာ အချက်ပြလိုက်၏။ သူတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ပြီ။
သူ့ပစ်မှတ်က စပ်ဖြဲဖြဲမျက်နှာနှင့် တကောင့်သားဖြစ်၏။
သူ့ရည်ရွယ်ချက်ကိုရိပ်မိသည့်အလား စုရှောင်ရှန် ခေါင်းလေးအသာစောင်းကာ “ဘာလို့ မင်းလက်ညိုးကို ကွေးလိုက်တာလဲ။ အချက်ပြတာလား”
လျှိုရွှမ်ရှင်း : “…”
လျှိုလင်းလင်း : “…”
ဒီလောက် မသိမသာလေးလှုပ်သွားတာကို သူက လယ်လိုထောက်လှမ်းနိုင်တာလဲ။ တတိယမျက်လုံးရှိနေတာလာ။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
လျှိုရွှမ်ရှင်း ဘာမှ ပြန်မပြောတော့ဘဲ လက်ထဲက ကျောက်တုံးကိုသာ မြင့်မြင့်ကိုင်မြှောက်ပြီး ခြေမွတော့မည့်ဟန်လုပ်လိုက်၏။
ရွှစ်…။
ထိုအခိုက်မှာ ရဲ့ရှောင်ထျန်းနောက်က စုရှောင်ရှန် ပျောက်သွားပြီး လျှိုလင်းလင်း အနောက်မှာ တစ်ဖန်ပြန်ပေါ်လာတော့သည်။
လျှို့ဝှက်နည်းစနစ် လူသားဒိုင်း…။
“တောင်းပန်ပါတယ်”
မှင်တက်နေသော လျှိုလင်းလင်းကို ခါးမှကိုင်ပြီး သူ့လူသားဒိုင်းကာ လုပ်ပစ်လိုက်သည်။
သို့သော် ၎င်းက ရဲ့ရှောင်ထျန်း၏ ကိုယ်ပိုင် ဗလာနယ်လေးဖြစ်ရာ သူဘယ်လောက်လှုပ်လှုပ် လျှိုလင်းလင်းက မရွေ့သွားပါချေ။
စုရှောင်ရှန် : “…”
ကသိကအောက်ဖြစ်ခြင်း။ ရှက်ရွံ့ခြင်း။
ချက်ခြင်း သူမ၏ ပုခုံးကိုကိုင်ကာ နောက်မှ ခေါင်းလေးသာထွက်လိုက်ပြီး အသာအယာ ပြောလိုက်သည်။ “လုပ်စမ်းပါ။ ချစမ်းပါ။ မင်းရဲ့ ဓားစွမ်းအင်က နောက်ကွေ့ပြီး ငါ့ကို တိုက်ခိုက်နိုင်မှာမလို့လား”
လျှိုရွှမ်ရှင်း ဒေါကန်သွားသော်လည်း ကျောက်တုံးကို ဆုပ်ကိုင်ထားသော လက်ကိုဖြေလျော့လိုက်သည်။
“ဒါက…”
အရှက်မဲ့လွန်းသည်။
ပထမဦးဆုံးအနေဖြင့် တစ်စုံတစ်ယောက်ကို သူကျိန်ဆဲမိချင်ခြင်းဖြစ်လေသည်။ သို့သော် သူက လူယဉ်ကျေးလေးဖြစ်ရာ ထိုသို့ ကြမ်းတမ်းသည့်စကားလုံးများကို မသုံးသင့်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းထားလိုက်ရ၏။
“စုရှောင်ရှန် မင်းဘာလိုချင်တာလဲ” မြေပြင်ကို သူ့ လမ်းလျှောက်တုတ်ဖြင့်ထောက်ပြီး လျှိုရွှမ်ရှင်းမေးသည်။
“မလိုချင်ပါဘူး။ မင်းက အချိန်ဆွဲချင်တယ်။ ငါက လူကယ်ချင်တယ် ဒါပဲ” စုရှောင်ရှန် ညှင်ညှင်သာသာပြုံးပြကာ “ဒါကြောင့် ဓားစာခံခြင်းဖလှယ်ရအောင်…”
“မလဲနိုင်ဘူး”
လျှိုရွှမ်ရှင်း တစ်ချက်ကလေးတောင် တွေဝေမနေဘဲ သူ့အဆိုကို ငြင်းပယ်လိုက်၏။ သူနှင့် အပေးအယူမလုပ်ခင်မှာတောင် ရလဒ်ကို ကြိုသိလို့နေနှင့်ပြီးလေပြီ။
စုရှောင်ရှန်က ပြုံးနေစဲဖြစ်ကာ “သေချာစဉ်းစားပါဦး”
သူ့လက်ငါးချောင်းကို ပူးကပ်ကာ ချွန်ထက်ခြင်းအလင်းများစုလိုက်ပြီး လျှိုလင်းလင်း၏ လည်မျိုကို အသာလေး အပေါ်ယံပိုင်းဖြတ်လိုက်သည်။ သွေးများချက်ခြင်းစီးကျလာ၏။
လျှိုလင်းလင်း : ….
‘နင်တို့ချင်းဖြစ်တာ ဘာလို့ ငါက အစားခံရတာလဲ’
လျှိုရွှမ်ရှင်း၏ မျက်နှာက ခံစားချက်မရှိသလို လုံး၀ တည်ငြိမ်နေကာ “ဒီလိုလုပ်ပြီး ငါ့ကို ခြိမ်းခြောက်နိုင်မယ်ထင်နေတာလား”
“မလုပ်နိုင်ဘူးလား” သူ့အကြောင်းစုံကို သိမြင်ထားသလို မျက်နှာထားဖြင့် စုရှောင်ရှန် ဆက်လက်၍ “အပြင်ပန်းမှာ မင်းက အချိန်ဆွဲပေးသလိုလို ဘာလိုလိုနဲ့ ဒါပေမယ့် မင်းရဲ့ ရည်ရွယ်ချက်အစစ်အမှန်က လူကယ်ဖို့မလား။ ငါတော့ ဒါမင်းရဲ့ အဓိက တာ၀န်လို့ပဲထင်တယ်။ ဆိုတော့ လျှိုလင်းလင်း… သေလို့မဖြစ်သေးဘူး”
သူ့လက်ချောင်းများကို အနည်းငယ် တင်းကြပ်လိုက်ရာ လျိုလင်းလင်း၏ ပင်မသွေးလွှတ်ကြောပြတ်သွားရ၏။ သွေးများ ပို၍ထွက်လာကာ ဤအချင်းအရာကိုကြည့်နေသော ရဲ့ရှောင်ထျန်း၏ မျက်ခုံးများလှုပ်သွားသည်။
‘ဒီကောင် လာရှုပ်နေတာလား’ တွေးလိုက်ပါသည်။
ရဲ့ရှောင်ထျန်းက သူတော်စင်အစေအပါးအတွက် လျှိုလင်းလင်းမှာ အသုံးမလိုလျှင် စွန့်ပစ်လို့ရသည့် နယ်ရုပ်တစ်ရုပ်ဟုတွက်ထားသည်။ ဒါကြောင့် သူမကိုကယ်နိုင်လျှင်ကယ်မည်၊ ကယ်ရန်ခက်ခဲလျှင် စွန့်ပစ်လိုက်မည်ဖြစ်၏။
ဒါကြောင့်လည်း ဓားစာခံများကို နာကျင်အောင်လုပ်ရာမှာ လျှိုရွှမ်ရှင်းလောက် မ၀န့်ရဲခြင်းဖြစ်ပါသည်။ သူ့အမြင်မှာတော့ လျှိုရွှမ်ရှင်း ဖမ်းထားသည့် ဓားစာခံများက လျှိုလင်းလင်းထက်အရေးကြီးပေသည်… လို့ထင်ထားပေမယ့် လျှိုလင်းလင်းကို စုရှောင်ရှန် လည်ပင်းကို အတန်ငယ်ဖြတ်လိုက်သည့်အခါ ထိုမျက်ကန်း၏ မျက်နှာပေါ်၌ဖြစ်ပျက်သွားသော အမူအရာသဲ့သဲ့လေးကြောင့် သူတို့ အလှည့်စားခံထားရတာကို ရဲ့ရှောင်ထျန်းသိလိုက်ရ၏။
စုရှောင်ရှန် ဒါကို ဖြတ်မြင်နိုင်နေတာများလား။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၂]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“…”
သူ့အသိပေးချက်ဖန်သားပြင်က အသိပေးချက်များဖြင့် ညံနေသည်။ ယခုလက်ရှိလူများစိတ်ထဲမှာ ဘာဖြစ်နေကြသလဲကိုမှန်းဆရန်မခက်ခဲပါချေ။ စုရှောင်ရှန် စိတ်ရှည်ရှည် စောင့်နေလိုက်သည်။
သူမမှာ သူ့လို အရှင်သခင်နယ်ပယ် ခန္ဓာကိုယ် မရှိတာကြောင့် လျှိုလင်းလင်း သေသွားမည်စိုးရိမ်၍ သူလည်း အားများများမထည့်ရဲပါချေ။
လျှိုလင်းလင်းဘယ်လို အရေးပါသလဲကို သူသိရတဲ့အကြောင်းအရင်းက ထျန်းရွှမ်တံခါးအတွင်းမှာ သူ့ကို သူတော်စင်အစေအပါးထဲ အတင်းခေါ်သွင်းချင်နေပြီး ထွက်သွားနိုင်မယ်ဆိုတာ သေချာနေသော သူမ၏ အပြုအမူကြောင့်ဖြစ်၏။
သူတော်စင်အစေအပါးထဲမှာ လျှိုလင်းလင်းက သာမန် နယ်ရုပ်တစ်ရုပ်မဖြစ်လောက်ပါချေ။
“ဓားစာခံတွေလဲချင်ရင် လဲမယ်” လျှိုရွှမ်ရှင်း နောက်ဆုံးတော့ အောင့်အီးမနေနိုင်တော့ဘဲ ပြောသည်။
သူထင်တာမှန်နေသည့်အတွက် စုရှောင်ရှန်၏ နှုတ်ခမ်းကွေးတက်သွားပေသည်။
“မဟုတ်ဘူးလေ။ မင်းမှာ ဓားစာခံသုံးယောက်တောင်ရှိတာ။ ငါက တစ်ယောက်တည်း။ နှစ်ယောက်ကိုအရင်လွှတ်လိုက်။ ပြီးရင် လဲမယ်”
“မင်းးး….”
စုရှောင်ရှန်နှင့် စကားပြောနေရင် ဒေါသထွက်ရမှာသိရဲ့သားနဲ့ သူဘာလို့များ ဆက်ပြောနေမိတာလဲ။
“ဘယ်သူက ပိုအရေးကြီးလဲ။ လျှိုလင်းလင်းလား မင်းလက်ထဲက ဓားစာခံတွေလား။ သေချာစဉ်းစား။ တကယ်က ငါသာ လူကောင်းတစ်ယောက်မဟုတ်ရင် ဒီသုံးယောက်ကိုတောင် ကယ်နေမှာမဟုတ်ဘူး။ သူတို့ကိုသိတောင်မသိ…”
ရဲ့ရှောင်ထျန်း၏ အကြည့်ကိုခံစားရတာကြောင့် စုရှောင်ရှန်၏ အသံ တိုးလျော့သွားခဲ့သည်။
လျှိုရွှမ်ရှင်းတွေဝေသွား၏။ သူ ဓားစာခံနှစ်ယောက်ကို လွှတ်ပေးလိုက်ရင် လျှိုလင်းလင်းက အရေးကြီးတယ်ဆိုတာ ထင်ပေါ်မသွားပေဘူးလော။
သူမမြင်နိုင်ရင်တောင်မှ လေထဲက သွေးနံ့ဖြင့် စုရှောင်ရှန်ဘာလုပ်လိုက်သလဲကို သိပါသည်။
ဇွက် ဇွက်
ဓားစွမ်းအင်များပေါက်ကွဲသွားပြီး သွေးသံတရဲရဲ ပုံရိပ်နှစ်ခု မြေပြင်ပေါ် ဘုတ်ကတည်း ကျသွားသည်။
“ရတယ်လေ လွှတ်ပေးမယ်”
သူတို့နှစ်ယောက်ကို လွှတ်ပေးလိုက်တယ်ဆိုပေမယ့် သူ့တို့အခြေအနေက အသက် ဖျော့ဖျော့ရှူနိုင်တယ်ဆိုရုံလောက်လေးသာ။
စုရှောင်ရှန် ချက်ချင်း အေးတိအေးစက် ဖြစ်သွားကာ “မင်းဒါဘာလုပ်တာလဲ”
“မျက်လုံးတစ်လုံးအတွက် တစ်လုံး၊ သွားတစ်ချောင်းအတွက် တစ်ချောင်း ပြန်ပေးဆပ်တာလေ”
အခြေအနေက ဆိတ်ငြိမ်ကျသွားခဲ့သည်။
ရွှစ်ကတည်းဟူသည့်အသံဖြင့် စုရှောင်ရှန်၏ လက်ဖဝါးက လျှိုလင်းလင်းနောက်ကနေ ထုတ်ချင်းဖောက်သွားပြီး သွေးများပန်းထွက်တော့၏။
“တောင်းပန်ပါတယ်။ ငါလည်းမလုပ်ချင်ပါဘူး။ နင်ရဲ့ အဖော်က တွန်အားပေးလို့ပါ”
ထို့နောက် တုံ့ကတည်းရပ်သွားကာ အသံခပ်နိမ့်နိမ့်လေးဖြင့် ရှင်းပြလိုက်သည်။ “စိတ်မပူပါနဲ့ ငါက အတွေ့အကြုံရှိပါတယ်။ အဓိက နေရာတွေကို ရှောင်ပေးထားတယ်”
လျှိုလင်းလင်း၏ လှပသောမျက်နှာလေးက သွေးဆုတ်ဖြူရော်နေခဲ့ပြီး သူ့စကားကိုကြားသောအခါ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာတော့၏။
ထိုနေရာရှိလူများလည်း အံ့အားသင့်သွားကြသည်။ ဘာလို့ ဒီနှစ်ယောက်က ဘာမပြောညာမပြော လူတွေကို လိုက်တိုက်ခိုက်နေကြတာလဲ။ ဓားစာခံတွေကို ကယ်တာကနေ အခြေအနေက ဘာတွေဖြစ်သွားတာ။
ရဲ့ရှောင်ထျန်းလည်း အခြေအနေမဟန်တော့တာသိပေမယ့် စုရှောင်ရှန်ကို ရပ်တန့်ရန် မကြိုးစားလိုက်ပါချေ။ သူယုံကြည်ဖို့ရွေးချယ်ထားမှတော့ အဆုံးစွန် ယုံကြည်ရပေမည်။
လျှိုရွှမ်ရှင်း၏ ခန္ဓာကိုယ်ထံမှ ဓားစွမ်းအင်ထောင်ပေါင်းများစွာထွက်လာပြီး အဖြူရောင်ဓားစွမ်းအင်တွေအဖြစ်ကို သိပ်သည်းကာ လေထဲ၌ ပျံဝဲသွားကြသည်။
ညီလာခံခန်းမ၊ ရှေးဦးသစ်ပင်ကြီးနှင့် အနားရှိ တဲလေးတို့အတွင်းမှာ ဓားစွမ်းအင်များက ပျံတက်ရန် အဆင်သင့်ဖြစ်နေကြသည်။
အရှင်သခင်နယ်ပယ် ဓားဆန္ဒက ခွန်အားအပြည့်ဖြင့် ရိုက်ခတ်ဖို့ ရှ်ိနေ၏။
ကောင်းကင်နှင့် မြေကမ္ဘာတို့ တုန်ဟီးသွားပေသည်။