Switch Mode

အခန်း (၁၉၂)

မဟာလမ်းစဉ်ရွေးချယ်ခြင်း

စုရှောင်ရှန် ငြင်းလည်းမငြင်းနိုင်လေရာ သိပ်ပြီး မရုန်းကန်ပါတော့ချေ။ စည်းကမ်းကြီးကြပ်သူများ ဝိုင်း၍ ကြည့်ခြင်းကို ခံရခြင်းက ပျော်စရာမကောင်းပါပေ။

ညီလာခံခန်းမရှေ့က လူတွေရဲ့ ဒဏ်ရာကို သူဂရုမစိုက်ပါ။ ဒါပေမယ့် မျက်ကန်းက ကျိုးထျန်းရှန်ကို ပစ်မှတ်ထားမှာတော့ ကြောက်မိ၏။ ဘာပြောပြာ သူ့ကယ်တင်သူနှင့် ဖျက်ဆီးသူဟာသကို အတည်မှတ်ပြီး ကျဲကြောင့် သူယခုလို ဒဏ်ရာရသွားခြင်းဖြစ်ပါသည်။

“ဒီလိုမှန်းသိရင် အဲ့ဒီကောင်ကို မနောက်ခဲ့ပါဘူးကွာ” စုရှောင်ရှန် ငယ်ငယ်က ပုံပြင်တွေထဲကလို နောက်ဆုံးမှာ လိမ်လည်ခြင်း၏ အကျိုးအပြစ်ကိုခံစားနေရသည်။

သူ့လက်ထဲမှ ကောင်မလေးကို အနက်၀တ်လူကိုကမ်းပေးပြီးပြောသည်။ “စိတ်ဝိညာဉ်စာကြည့်တိုက်ဘယ်မှာရှိလဲသိတယ်မလား။ သူမကို အကြီးအကဲစန်းစီပေးလိုက်။ အမြန်ဆုံးကုသပေးရမယ်လို့။ မဟုတ်ရင် သူမဘာဖြစ်သွားမလဲ မသိနိုင်ဘူး”

“ဒါက…”

“မေးခွန်းတွေ မေးမနေပါနဲ့တော့ ကျုပ်လည်း မသိဘူး”

တစ်ခုခု မူမမှန်တာကို ခပ်ရေးရေးလေး စုရှောင်ရှန်ခံစားနေရသည်။

ခပ်ဆိုးဆိုးကောင်မလေး မုကျစ်ရှီ၏ အသက်စွမ်းအင်များက ဒီလောက်များပြားနေတာ ဘာလို့ ရုတ်တရက်ကြီးထပြီး ဖျားနာရတာလဲ။ သို့သော် လူတိုင်း လျှို့ဝှက်ချက်ဆိုတာ ရှိတာကြောင့် ဒီတိုင်းထားတာကောင်းသည်။

သူမ သတိမေ့နေသည်လည်းဖြစ်ရာ သူသိချင်လျှင်တောင် မေးလို့ရမည်မဟုတ်ပါချေ။

အနက်၀တ်လူ မုကျစ်ရှီကိုခေါ်ရန်ရှေ့တက်လိုက်သည်။ ဒါပေမယ့် ထိုကောင်မလေးက စုရှောင်ရှန်၏ အင်္ကျီများကိုသာ မလွှတ်စတမ်း တင်းတင်းကြပ်ကြပ် ကိုင်ထားတော့၏။

စုရှောင်ရှန် “…”

သူမ၏ လက်ကို ကိုင်ပြီး ဖယ်ရာတွင်လည်း လုံး၀ မလှုပ်သည်ကို တွေ့ရသည်။

သူအားနည်းနည်းစိုက်ထုတ်လိုက်ရင် ဖယ်လို့ရမှာဟုတ်ပေမယ့် သူ့အင်္ကျီလည်း ပြဲသွားမည်ဖြစ်ရာ မတန်ပါလေ။

“စုရှောင်ရှန် ကယ်ပါဦး” မုကျစ်ရှီက ကယောင်ကတမ်း ရေရွတ်နေတော့၏။

ထိုအရာကိုကြားသော် စုရှောင်ရှန်ပို၍ ခေါင်းကိုက်သွားရသည်။ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ထဲလူတိုင်း ဘာလို့ တစ်ခုပြီးတစ်ခု မူမမှန်တာတွေ ဖြစ်နေကြရတာလဲ။

‌အနောက်ကနေ ကပ်ပျက်ကြီးလိုက်လာတော့မှာလား။

မုကျစ်ရှီ၏ ခေါင်းကိုအသာပုတ်လိုက်ရာ သူမ၏ ခေါင်းက ရွေနွေးဆူပွက်နေသလို ကျစ်ကျစ်တောက်ပူနေတာကို တွေ့ရသည်။ အဖျားက ဆက်တက်နေရင် တစ်ခုခု မကောင်းတာဖြစ်လာတော့မည်။

“ပူတူတူးလေး ကုသမှုသွားခံယူပါဦး”

သူမကို ကလေးတစ်ယောက်လိုချော့မော့ပြောရာမှာ မုကျစ်ရှီ၏ လက်က အနည်းငယ်ပြေလျော့သွားကြောင်းကိုတွေ့ရသည်။ ချက်ခြင်းသူမ၏ လက်ကိုဆွဲဖြုတ်ပြီး အနက်၀တ်လူကိုကမ်းပေးလိုက်၏။

“အမြန်။ စိတ်ဝိညာဉ်စာကြည့်တိုက်ကိုသွား။ ဘယ်သူမှမရှိရင် စိတ်ဝိညာဉ်ဆေး၀ါးဆိုင်ရာ ဌာနကိုသွား”

လူတိုင်း မှင်တက်သွားကြသည်။

အနက်၀တ်နှင့်လူ မတုန့်ပြန်နိုင်မှာခင်ပင် မုကျစ်ရှီက ချက်ခြင်းခုန်ထွက်ပြီး စုရှောင်ရှန်၏ ကျောပေါ်ပြန်တွယ်တက်လိုက်တော့သည်။

“ထားမသွားပါနဲ့”

မကျေမချမ်းဖြစ်နေသလို လေသံဖြင့် မုကျစ်ရှီ ပါးစပ်ဟလိုက်ရာ တောက်ပနေသော အစွယ်များပေါ်လာခဲ့၏။

မိုးတိမ်လေပြိုင်ပွဲမှ ဖြစ်ရပ်ကိုပြန်မြင်ယောင်မိပြီး စုရှောင်ရှန် လည်ပင်း၌ ချမ်းစိမ့်စိမ့်ဖြစ်သွားပေသည်။ ထင်တဲ့အတိုင်းပဲ ထိုကောင်မလေးသူ့ကိုကိုက်ကာ အသက်စွမ်းအင်များစုပ်ယူတော့၏။

“ဘယ်လိုသွားတွေလဲ”

စုရှောင်ရှန် အံ့အားသင့်သွားရ‌လေသည်။ ထိုကောင်မလေး၏ သွားတွေက သူ့အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု မထင်ထားပါချေ။

နာကျင်လွန်းသဖြင့် သူမ ‌‌ပါးနှစ်ဖက်ကို ဖိညှစ်လိုက်ရာ ကောင်မလေးက ချက်ခြင်း မကျေမနပ်ဖြစ်လာပြီး သူ့ကျောပေါ်မှာ ကိုကန် ဒီကန်လုပ်တော့သည်။

“ငါ့ကို ဘယ်ချိန်ကတည်းက စားချင်နေမှန်းမသိဘူး” သူ့ကို စားချင်နေတဲ့ ညီမလေးရှိရတာ စုရှောင်ရှန် ခံစားလို့မကောင်းပါချေ။ ဘယ်လိုကြည့်ကြည့် ကြောက်စရာကောင်းနေပေ၏။

“ထားလိုက်ပါတော့ သူ့ကို ကျုပ်နဲ့ပဲထားခဲ့လိုက်တော့ ခင်ဗျားတို့သွားကြ”

ဘာလုပ်ရမှန်းမသိဖြစ်နေကြသော စည်းကမ်းကြီးကြပ်သူများကိုကြည့်ပြီး စုရှောင်ရှန် သက်ပြင်းချလိုက်သည်။

ဒီလိုအခြေအနေမှာ မုကျစ်ရှီက သူ့စီက ခွာမည့်ပုံမပေါ်ချေ။ သူတို့က ဆရာတူမောင်နှမဖြစ်တာကြောင့်လည်း သူမကို ဒီတိုင်းထားခဲ့လို့ရမည်မဟုတ်။

စည်းကမ်းကြီးကြပ်သူများကို တာ့တာပြပြီး ညီလာခံခန်းမရှိရာဘက်သို့ စုရှောင်ရှန်ပျံသွားသည်။

အနား၌ဘယ်သူမှမရှိတာတွေ့တော့မှ မုကျစ်ရှီ၏ ပါးစပ်ကို ဖွင့်ကာ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားထည့်ပေးလိုက်သည်။

“ဒီမှာစား အမြန်”

သူ့အကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို စုရှောင်ရှန်ပြန်ရသွားပြီး “ရော့ ငါ့ကိုကိုက်တဲ့အတွက်”

“အု”

တံဆိပ်ပြားကို မုကျစ်ရှီ ကိုက်ရင်းခွဲဖို့ဆိုတာ မဖြစ်နိုင်ပါပေ။ သို့ဖြင့် ပါးဖောင်းဖောင်းကြီးဖြစ်သွားကာ သွားရေများစီးကျလာတော့သည်။

အစက အနည်းငယ်ရုန်းကန်နေသေးပေမယ့် ထိုအရာက စုရှောင်ရှန်ထက် အသက်စွမ်းအင်ပိုများတယ်ဆိုတာသိပြီးနောက် ငြိမ်ကျသွားသည်။

“ဟီး ဟီး” သူမထံမှ နှလုံးသားအနက်ရှိုင်းဆုံးထဲက ပျော်ရွှင်သော အသံများထွက်လာပါသည်။

စုရှောင်ရှန် : “…”

ဒီကောင်မလေးနှင့် ပတ်သက်ပြီး တစ်ခုခုတော့ မှားနေရမည်။ ဘာလို့ အကြီးအကဲစန်းက ဒီလိုတပြည့်မျိုးလက်ခံလိုက်တာလဲ။ ဦးနှောက်ချောင်သွားလို့လား။

ညီလာခံခန်းမရှေ့…။

ဓားစွမ်းအင်ဖြင့် အလောင်းကောင်လိုဖြစ်နေသော ခန္ဓာငါးခု လေထဲ ပေါလော ပျံဝဲနေသည်။ ဒီလူငါးဦးသေတော့မသေသေးပါ။ မဟုတ်လျှင် ရဲ့ရှောင်ထျန်း ထိန်းချုပ်မှုမရှိ သူ့ကို တိုက်ခိုက်ပေလိမ့်မည်။

လျှိုရွှမ်ရှင်းက အရှင်သခင်နယ်ပယ် စည်းကမ်းကြီးကြပ်သူ ငါးယောက်ကို ထိန်းချုပ်ထားပြီး ရဲ့ရှောင်ထျန်းက လျှိုလင်းလင်းကို ဖမ်းချုပ်ထားသည်။ မျှခြေကညီနေ၏။

မျက်ကန်း၏ ရည်ရွယ်ချက်က ထင်ရှားသည်။ လျှိုလင်းလင်းကို ကယ်တင်ခြင်းဆိုတာထက် ရဲ့ရှောင်ထျန်းကို အချိန်ဆွဲထားရန် ပို၍ ဖြစ်ပုံရ၏။

အတွင်းစည်း၏ ခေါင်းဆောင်အနေနဲ့ ရဲ့ရှောင်ထျန်း၏ တိုက်ခိုက်စွမ်းရည်က အခြားအကြီးအကဲများထက် အပုံကြီးသာတာ ‌သိသာသည်။

ဒါကို သူတော်စင်အစေအပါးဘက်က ကျင့်ကြံမှုမရှိတဲ့ ကျောက်တုံး (၃) လုံးဖြင့် ဓားသမားကိုသာလွှတ်လိုက်၏။

သူတို့၏ ခွန်အားက မတူညီဘူးဆိုပေမယ့် လျှိုရွှမ်ရှင်း မျှခြေအခြေအနေကို ရထားသည်။ ဒါက ရဲ့ရှောင်ထျန်းလို ပါရမီကို ပျိုးထောင်လိုသည့် ဧကရာဇ်နယ်ပယ်က ကျင့်ကြံသူက ဓားစာခံများကို မဆုံးရှုံးချင်၍ဖြစ်သည်။

ဓားစာခံငါးယောက်ဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်ဘဲ။

တစ်ချက်မှားတာနဲ့ တစ်ယောက်ကတော့ သေနိုင်သည်။

စုရှောင်ရှန် ပြန်ရောက်လာသောအခါ သူ့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့အားသင့်သွားပေသည်။ သူတို့က တစ်ဦးကိုတစ်ဦး ခေါင်းမာစွာ တိတ်တဆိတ်ကြည့်နေကြ၏။

ငါတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေက ဟာသလား။

“စုရှောင်ရှန်” လေထဲမှ လျှိုလင်းလင်း စုရှောင်ရှန်ကိုမြင်လိုက်သောအခါ စိုးတထိတ်ထိတ်ဖြစ်လာခဲ့သည်။

သူဒီမှာဘာလာလုပ်နေတာလဲ။

ဒီ‌ ရှေ့တိုးဆုတ်မသာ အခြေအနေလေးကို ဖျက်တော့မလို့လား။

“စုရှောင်ရှန်” ရဲ့ရှောင်ထျန်းလည်း အတန်ငယ် အံ့အားသင့်သွားသည်။ ဒီကောင်လေး ပြန်လာပြီး ဘာလုပ်ချင်နေတာလဲ။ ဒါပေမယ့် စုရှောင်ရှန်က ထူးခြားသည့်လှည့်ကွက်များရှိရာ ယခု အခြေအနေအတွက် ကောင်းပေမည်ဟု တွက်ဆလိုက်သည်။

“မင်းဘာလုပ်ချင်လဲ။ လုပ်စရာရှိတာလုပ်လိုက်။ ငါဒီငါးယောက်ကို ကာကွယ်ထားပေးမယ်” ရဲ့ရှောင်ထျန်း စိတ်ချင်းဆက်ပြောလိုက်သည်။ သူက တိုက်ခိုက်ဖို့လူလည်းလိုနေရာ စုရှောင်ရှန်က အချိန်ကိုက်ရောက်လာခဲ့သည်ဟုပြောနိုင်သည်။

ရဲ့ရှောင်ထျန်းလို ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဓားသမားတစ်ယောက် တားဆီးတာခံထားရတယ်တဲ့လား။ စုရှောင်ရှန် စပ်ဖြီးဖြီး ဖြစ်သွားပြီး မျက်နှာဖုံးတပ်နှင့်လူ လာတိုက်ခိုက်သည့်ညက ရဲ့ရှောင်ထျန်းကို အကြီးအကဲစန်း စိတ်ပိုင်းဖြတ်ဖို့ပြောခဲ့တာ သတိရသွား၏။

ရဲ့ရှောင်ထျန်း ဘယ်လောက် ပြတ်ပြတ်သားသား မဖြစ်သလဲကိုသူမသိပါချေ။ ယခု အခြေအနေကိုကြည့်သလောက်ကတော့ အဖိုးကြီးစန်း ထိုသို့အကြံပေးတာ မဆန်းပါတော့ပေ။

အခြားသူများ၏ အမြင်မှာတော့ ရဲ့ရှောင်ထျန်းလုပ်နေတာကလည်း မှားချင်မှားနေပေလိမ့်မည်။ ဒါပေမယ့် ရဲ့ရှောင်ထျန်း၏ ချဉ်းကပ်ပုံက စုရှောင်ရှန်ပိုသဘောကျပါ်သည်။

အကြီးအကဲစန်း ငယ်ရွယ်စဉ်ကဆိုရင်တောင် ဤအခြေအနေမှာ မျက်ကန်းတစ်ယောက်မဆိုထားဘိ ‌‌ဘယ်နှစ်‌ ယောက်လာလာ ပွဲသိမ်းပစ်လိုက်‌ပေမည်။

“ဒါက မဟာလမ်းစဉ်ရွေးချယ်မှုကြားက ကွာခြားချက်လား”

သူ့ရှေ့က အခြေအနေကိုကြည့်၍ အကြီးအကဲစန်း၏ ဦးနှောက်ဆေးသည့် သင်ခန်းစာတို့ကို စုရှောင်ရှန်တွေးမိပြီး တစ်စုံတစ်ခုကိုနားလည်သွားခဲ့သည်။

ကျင့်ကြံခြင်း ပိရမစ်ဆိုတာ သူတို့ဖောက်သည့် လမ်းကို သူတို့တက်ရခြင်းဖြစ်သည်။ အောက်ခြေကလူတွေက အပေါ်တက်ရာမှာ အကူအညီပေးမည့် ကမ်းပေးမယ့်လက်တစ်စုံကိုလိုချင်ကြ၏။

ထိုသို့ အထက်သို့တက်ရာမှာ ရွေးချယ်စရာ အများကြီးရှိသည်။ ရွေးချယ်စရာတစ်ခုကိုပြုလုပ်လိုက်လျှင် အခြားတစ်ခုကို ဆုံးရှုံးသွားရပေမည်။

အကြီးအကဲစန်းက အထီးကျန်ဆန်သည့်လမ်းကို ရွေးချယ်လိုက်ရာ “မေတ္တာ” ဆိုတဲ့အရာက သူ့ကို တားဆီးနိုင်စွမ်းငှာ မစွမ်းသာပါတော့ပေ။ ဒါကြောင့် သူက တစ်ယောက်တည်းရှေ့ဆက်တက်သည့်သူဖြစ်ရာ အောက်ခြေမှ လူများ သူ့ကို မကြိုက်ကြပါချေ။

ရဲ့ရှောင်ထျန်းက အရာအားလုံးကို လိုက်လံဆောင်ရွက်ပေးသည်။ ဒါကြောင့်လည်း သူ့လမ်းစဉ်က နှေးကွေးသည်ဟု ဆိုရမည်။ ဆိုရသော် ပိရမစ်ထိပ်ပိုင်းက တစ်စထက်တစ်စ သေးငယ်ကျဉ်းမြောင်းလာရာ လူအနည်းစုသာ ရောက်နိုင်ကြပေသည်။

“ရွေးချယ်စရာ… သက်ရှိတို့ တည်ရှိမှု”

စုရှောင်ရှန် တစ်ခုခုကို နားလည်လိုက်သလို အလင်းပေါက်သွား၏။ အစက ဘယ်လိုဘယ်ပုံ စကားပြော၍ အကောင်းဆုံး ရလဒ်ရအောင်လုပ်ရမလဲ ဗျာ‌များနေပေမယ့် ခုတော့ စိတ်သက်သာရာရသွား၏။

ကမ္ဘာကြီးမှာ ပြီးပြည့်စုံတဲ့ ရွေးချယ်စရာဆိုတာမရှိပါဘူး။ အပင်တိုင်းက အရွက်မတူကြသလို ဘယ်သူမှလည်း မပြည့်စုံကြပါချေ။ လမ်းတစ်လျှောက်မှာ မှောင်နိုင်သည်။ ကိုယ်ကြည့်သည့်ရှူထောင့်က ကိုယ်မြင်ရသည့်အရာဖြစ်သည်။

သူက လျှိုရွှမ်ရှင်းကိုကြည့်လိုက်သလို ထိုမျက်ကန်းကလည်း သူ့ဘက်ကို ခေါင်းလှည့်လာပါသည်။

“နေကောင်းလား”

ထိုအသံက အရင်ဆုံးထွက်‌ ပြေးသွားသည့်သူထံမှဖြစ်၏။ ဒါပေမယ့် သူ့ကို ဘာလို့နှုတ်ဆက်နေရလဲကို လျှိုရွှမ်ရှင်းမသိပါချေ။

စုရှောင်ရှန်က တည့်တိုးပဲ လေထဲမှာ‌မျောနေသည့် အလောင်းကောင်လို လူများကို လက်ညိုးထိုးပြကာ “မင်းမှာ လူငါးယောက်တောင်ရှိတာ တစ်ယောက်လောက်ငါ့ကိုပေးပါလား”

Comment

Leave a Reply

Options

not work with dark mode
Reset