လူတစ်ယောက်ခေါ်ဖို့လာတယ်။
ရဲ့ရှောင်ထျန်း၏ မျက်နှာအမူအရာက လေးနက်သွားကာ လျှိုလင်းလင်းကိုကြည့်လိုက်သည်။ သူမခံမရပ်နိုင်ဖြစ်နေပါသည်။ တစ်ရက်တည်းနှင့် အဖွဲ့အစည်းတစ်ခုက သူတို့စိတ်ဝိညာဉ်နန်းတော်ထဲ ထင်ရာလာဆိုင်းနေကြ၏။
ထို့နောက် ကျန်းပင်းယန်ဘက်လှည့်ကာ “ကြည့်ရတာ သူတော်စင်အစေအပါးထဲက အဆင့်မြင့် အစေအပါးက ကျုပ်တို့ စိတ်ဝိညာဉ်နန်းတော်ကိုလာတိုက်ခိုက်တယ်ထင်တယ်။ သူက ခုကျုပ်တို့ ဂိုဏ်းတံခါးရှေ့မှာ ခန်းမသခင်ကျန်းကိုပဲ ကျုပ်တို့အားကိုးရတော့မှာပဲ”
ကျန်းပင်းယန်ခေါင်းညိတ်လိုက်သည်။ သူထျန်းစန်းနန်းတော်ကိုလာရတာလဲ ဒီအကြောင်းကိစ္စနှင့်ပဲဖြစ်ပါသည်။ ယခု စိတ်ဝိညာဉ်နန်းတော်ကို ကူညီလိုက်ခြင်းက သူ့အတွက်အသုံး၀င်လာပေမည်။
ထို့နောက် ယွဲ့ကျစ်၀မ်ကို ကြည့်မိပြီး တုန့်ဆိုင်းသွားသည်။ ဒီကောင်မလေးကို ဧကရာဇ်နယ်ပယ်များအကြားမှာ တိုက်ပွဲမှာ ၀င်ရောက်ပါဝင်ခိုင်းလို့မရပါချေ။ သူမသာ အနာတရဖြစ်သွားမယ်ဆိုရင်….
ဉာဏ်ထက်တဲ့ ယွဲ့ကျစ်၀မ်ကလည် ကျန်းပင်းယန်၏ စိုးရိမ်မှုကိုသိပါသည်။ “ခန်းမသခင်ကျန်းသွားပါ။ ကျွန်မဒီမှာစောင့်နေမယ်”
ထို့နောက် မျက်ကန်းလူငယ်လေးနှင့် စုရှောင်ရှန်၏ ဓားအိမ်ကိုကြည့်လိုက်သည်။ သူတို့က ယခုတော့ သူမ၏ အဓိကရည်ရွယ်ချက်များဖြစ်လာ၏။
“ကောင်းပါပြီ။ ဂရုစိုက်ပါ”
ကျန်းပင်းယန်၏ အကူအညီကိုရလိုက်ပြီးနောက်မှာ ရဲ့ရှောင်ထျန်း အကြီးအကဲကျောက်ကိုလှည့်ကြည့်လိုက်သည်။ “အမြန် ခန်းမသခင်ကျန်းကို ရှောင့်စီခေါ်သွားလိုက်ပါ”
“ငါတို့နှစ်ယောက်စလုံးကို လိုမှာမလို့လား” အကြီးအကဲကျောက်၏ နှလုံးခုန်နှုန်းမြင်းဒုန်းဆိုင်းသွားသည်။ ရှောင်ချိစွေကိုထည့်တွက်လည်း ယခု တိုက်ပွဲအတွက် ဧကရာဇ်နယ်ပယ် ကျင့်ကြံသူငါးယောက်ရှိပေပြီ။ ထိုမျက်နှာဖုံးတပ်နှင့်လူ တံခါးရှေ့မှာပေါ်လာပြန်ပြီလား။
“မျက်နှာဖုံးတပ်နဲ့လူမဟုတ်ဘူး ဒီတစ်ခေါက်ရောက်လာတာက အခြားသူ… ပြီးတော့ အရမ်းသန်မာတယ်”
အကြီးအကဲကျောက်တွေးနေတာသိသည့်အလား ရဲ့ရှောင်ထျန်းမျက်မှောင်ကြုတ်ပြီးဆိုသည်။ သို့ပေမယ့် ရှောင်ချိစွေထံမှ အချက်ပေးချက်အရတော့ ရန်သူက ဘယ်သူဆိုတာ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းမရှိသေးချေ။
သူကလည်း မျက်နှာဖုံးတပ်နှင့်လူကိုသိရာ ယခုလို စိတ်ဝိညာဉ်နန်းတော်က လူများကို ဆင့်ခေါ်လိမ့်မည်မဟုတ်ချေ။ ထိုလူက တကယ်ကြောက်မက်ဖွယ်ရာကောင်းပြီးသန်မာပေလိမ့်မည်။
“သွားစို့” အကြီးအကဲကျောက်အချိန်ဆွဲမနေတော့ပါ။.
“နေဦး” သူတို့ထွက်ခွာသွားနေသည့်အချိန် ရဲ့ရှောင်ထျန်း ရုတ်တရက် ထပြောသည်။
ထို့နောက် တစ်ခုခုကိုပြောဖို့ တုန့်ဆိုင်းနေသလိုနှင့်နောက်ဆုံးတော့ သက်ပြင်းချကာ အကြီးအကဲကျောက်၏ မျက်နှာကိုတည့်တည့်ကြည့်ပြီးဆိုလိုက်သည်။ “လိုအပ်လာရင် မင်းလေ့လာနေတဲ့ အစီအရင်ကိုပါ ခင်းကျင်းလိုက်…”
အကြီးအကဲကျောက်၏ မျက်၀န်းများ ၀င်းပသွား၏။
“တကယ်လား”
ထိုနှစ်ဦး၏ လျှို့ဝှက်စကားလုံးများကြားမှာ ကျန်းပင်းယန် ငူငူကြီးရပ်နေရ၏။ သူ့ဘေးနားမှ ထိုပြုံးပြုံးစိနှင့် သက်လက်ပိုင်း အကြီးအကဲကျောက်ကို ကြည့်ပြီး အန္တရာယ်ရှိသလို ခံစားလိုက်ရတော့သည်။
ရဲ့ရှောင်ထျန်း စိတ်ပင်ပန်းနေသလို သက်ပြင်းချကာ “အကောင်းဆုံးတော့ကာကွယ်ပါ။ လူတိုင်းကို မဖောက်ခွဲမိစေနဲ့ဦး”
ရဲ့ရှောင်ထျန်းများ ဆုံးဖြတ်ချက်ကိုပြန်ပြင်မိမှာ စိုးရိမ်သည့်အတွက် အကြီးအကဲကျောက်ချက်ခြင်း အစအနမကျန်ပျောက်ထွက်သွား၏။
ကျန်းပင်းယန် မှင်တက်သွားသည်။
“သွားပါ ဒီနေရာကို ကျုပ်နဲ့ထားခဲ့” ရဲ့ရှောင်ထျန်း၏ အကြည့်က ထိုမျက်ကန်း လျှိုရွှမ်ရှင်းအပေါ်ထပ်ကျသွားသည်။ သူ့ထံမှ မျက်နှာဖုံးတပ်လူ၏ ပုံရိပ်ကို မြင်နေရသလိုလိုနှင့်။
ထိုမျက်နှာဖုံးတပ်နှင့်လူ ယခုထိ ပေါ်မလာသေးတော့ ထိုအဖိုးကြီးစန်း ခံစစ်ကို ကာကွယ်ထားနိုင်သေးတာဖြစ်ရမည်။
ကျန်းပင်းယန်လှည့်ပြီးထွက်သွားသည်။ ရဲ့ရှောင်ထျန်လည်း ထိုမျက်ကန်း လျှိုရွှမ်ရှင်းကို တိုက်ခိုက်တော့မည့်အချိန် နောက်ထပ် ကျောက်တုံးတစ်တုံးထပ်ထုတ်လာတာကိုတွေ့ရ၏။
ရဲ့ရှောင်ထျန်းစွံ့အသွားပေသည်။
သို့မှ မျက်နှာဖုံးတပ်နှင့်လူက တကယ် အကြံအစည်တွေ ကြိုတင်ချထားခဲ့ကြောင်းသိရသည်။ မဟုတ်လျှင် အဘယ်ကြောင့် ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ကို တိုက်ခိုက်နေစဉ်မှာ သာမန် အရှင်သခင်နယ်ပယ်ဓားသမားနှင့် သူ့ကိုလာ တားဆီးထားခိုင်းမတုန်း။
တကယ် ညစ်သည့်လူပင်။
“သူမကိုလွှတ်လိုက်” မျက်ကန်း လျှိုရွှမ်ရှင်းက တည်တည်ငြိမ်ငြိမ်ဆိုသည်။
“မတုံးအစမ်းပါနဲ့” ရဲ့ရှောင်ထျန်းက ဟာသ တစ်ပုဒ်ကိုကြားလိုက်ရသည့်အလား ရယ်ကာ “အဲ့ဒီ သာမန်ကျောက်တုံးလေးတစ်တုံးထဲနဲ့ ငါ့ကို တားနိုင်မယ်လို့ထင်နေတာလား”
“မထင်ဘူး။ ပြီးတော့…”
လျှိုရွှမ်ရှင်း သူ့အင်္ကျီထဲလျှောက်နှိုက်ရှာကာ နောက်ထပ် ကျောက်တုံးတစ်တုံးထုတ်ယူလိုက်သည်။ “တကယ်က သာမန် ကျောက်တုံးနှစ်တုံး”
ရဲ့ရှောင်ထျန်း ဘာပြောရမှန်းမသိဖြစ်သွားပေသည်။
စုရှောင်ရှန်လည်း ရယ်ထွက်မိတော့မတတ်။ ထိုသို့ အလေးအနက်မျက်နှာနှင့်ဆိုသည့် ပြက်လုံးများက တကယ် သေစေလောက်အောင်ရယ်ရသည်။ ထိုမျက်ကန်း လျှိုရွှမ်ရှင်းက တကယ် ဟာသဉာဏ်ရှိပါပေ့။
ထို့နောက် လူတိုင်း၏ခေါင်းထဲမှာ ရဲ့ရှောင်ထျန်း၏ အသံကို ကြားလိုက်ရ၏။
“ပြန်ဆုတ်ကျတော့”
၎င်းက စည်းကမ်းကြီးကြပ်သူများ ပါ၀င်နိုင်သည့် တိုက်ပွဲမဟုတ်ပါချေ။
အစက သူတို့ကို ထျန်းရွှမ်တံခါးထဲ၀င်ပြီး ကမ္ဘာငယ်လေးကို ပြန်တည်ငြိမ်အောင်လုပ်ခိုင်းမလို့ပါ။ တိုက်တိုက်ဆိုင်ဆိုင် စုရှောင်ရှန် ကောင်းကင်သစ်ပင်ကို စိုက်လိုက်တာက ထင်မှတ်မထားသည့် အရာဖြစ်သည်။ ထို့နောက် ဤစည်းကမ်းကြီးကြပ်သူများ၏ တာ၀န်က သူလျှိုဖမ်းခြင်းဖြစ်သွားရသည်။
သူတို့က ရဲ့ရှောင်ထျန်းတို့လို အလွန်အမင်း စွမ်းအားကြီးသည့် ကျင့်ကြံသူများတိုက်ပွဲတွင် ဘာမှ လုပ်နိုင်လိမ့်မည်မဟုတ်ချေ။ အနား၌ဆက်နေနေပါက သေသွားဖို့သာရှိ၏။
မျက်ကန်း လျှိုရွှမ်ရှင်းက ကျင့်ကြံမှုသာမရှိရမယ့် အရှင်သခင်နယ်ပယ်ဓားသမားဖြစ်တာကြောင့် အရှင်သခင်နယ်ပယ်ကျင့်ကြံသူများကို အသာလေးအနိုင်ယူနိုင်ပေသည်။
သူ့လက်ထဲမှ ကျောက်တုံးများကိုလည်းမေ့မထားသင့်ပါ။ သူ့ကို စိတ်လိုက်မာန်ပါတိုက်ခိုက်မယ်ဆိုရင် လူအနည်းအကျဉ်းသာ အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ပေမည်။
“သွားစို့”
သူနောက်ဆုံးတော့ ထွက်သွားနိုင်ပြီဆိုတာကြောင့် စုရှောင်ရှန်ပျော်သွားရသည်။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပေမယ့် ကျဲကတော့ မရတော့ပေ။
၎င်းက သူ့အင်္ကျီထဲမှ လျှပ်စစ်နှင့်ထိတွေ့သွားသည့် သံဘောလုံးအလား စိတ်လှုပ်ရှားမှုတို့ဖြင့် အဆက်မပြတ် တုန်ခါနေပေသည်။
စည်းကမ်းကြီးကြပ်သူများ စတင်၍ ဆုတ်ခွာကုန်ကြသည်။ သို့သော် လျှိုရွှမ်ရှင်းက သူတို့ကို ဒီတိုင်းလွှတ်ပေးမတဲ့လား။ သူတို့ကို အသက်ရှင်လျှက် ဓားစာခံများ အနေဖြင့် ဖမ်းထားရပေမည်။ ဒီတိုင်းလွှတ်ပေးလိုက်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် မထူးခြားမနား။
ရုတ်တရက် မြေပြင်စတင်၍ ကျယ်ကျယ်လောင်လောင်တုန်ခါလာပြီး ကျောက်စရစ်ခဲများ လေထဲသို့ ပျံတက်လာကြသည်။ အဆုံးမရှိသော ဓားစွမ်းအင်များလည်း ဘယ်ကပေါ်လာမှန်းမသိ ကောင်းကင်တစ်လျှောက်ကိုဖုန်းလွှမ်းသွားပြီး ဓားပင်လယ်ကြီးအလား စည်းကမ်းကြီးကြပ်သူများကို ဝိုင်းထားလိုက်ကြတော့၏။
အရှင်သခင်နယ်ပယ် ဓားဆန္ဒ…။
သို့ဖြင့် စည်းကမ်းကြီးကြပ်သူများ ပိတ်လှောင်သွားကြတော့သည်။ ဓားစွမ်းအင်ထည့်သွင်းထားသည့် ကျောက်စရစ်ခဲများက လေထဲတွင် ပျံဝဲနေပြီး လူ့အသားကို စုတ်ဖြဲပစ်နိုင်တဲ့ ခက်ထန်သည့် ဓားဆန္ဓတို့ကို ထုတ်လွှတ်နေသည်။
“ဒါက ဓားသခင်၊ ဓားထိန်းချုပ်ခြင်းမဟုတ်လား”
စုရှောင်ရှန် ထိုအကွက်ကိုသိပါသည်။
သူနှင့် မီးခိုးမြူပုံရိပ်တို့ ထျန်းရွှမ်တံခါးအတွင်းချကြစဉ်က သူ့ဓားထိပ်သီးကို အဆင့်မြှင့်ခဲ့လေသည်။ ရလဒ်အနေဖြင့် မဟာလမ်းစဉ်ကိုနားလည်မိသလို သစ်ရွက်ပေါင်းတစ်သောင်းလောက်က စုစည်းပြီး သူ့ဓားဖြစ်လာခဲ့သည်။
ထိုသို့ ဓားကွက်မျိုးကို လုပ်ဆောင်ရန် မျက်ကန်း လျှိုရွှမ်ရှင်းအချိန်ကြာကြာ မယူလိုက်ရပါချေ။
စုရှောင်ရှန်သူ့ယှဉ်ပြိုင်လိုစိတ်ကို ဖိနှိပ်ပြီး မုကျစ်ရှီထံ ပြေးသွားလိုက်သည်။ ၎င်းက အရေးကြီးအခြေအနေဖြစ်ပါသည်။ ဒါကြောင့် လုံခြုံတဲ့တစ်နေရာမှာသွားပုန်းဖို့က သူ့အတွက် အဓိက ရည်ရွယ်ချက်ဖြစ်လာတော့၏။
“အမြန် ငါတို့ စိတ်ဝိညာဉ်စာကြည့်တိုက်ကိုသွားကြမယ်”
စိတ်ဝိညာဉ်နန်းတော်ထဲမှာ လုံခြုံတဲ့နေရာအနည်းငယ်ဆိုလို့ စိတ်ဝိညာဉ်စာကြည့်တိုက်အပါအ၀င် အခြားနေရာ အနည်းငယ်သာရှိတော့သည်။
အကြီးအကဲစန်းတောင်စာကြည့်တိုက်ထဲမှာ ဆေးလုံးတွေဖော်စပ်နေသေးတာဖြစ်နိုင်၏။ သူနှင့်ဆို မျက်နှာဖုံးတပ်နှင့်လူ သူ့ကိုရှာတွေ့လျှင်တောင် လာပြန်ပေးဆွဲမှာ စုရှောင်ရှန် ပူစရာမလိုချေ။
မုကျစ်ရှီ ကျောက်တိုင်တစ်ခုကိုမှီကာလှဲနေရသည်။ သူမက အလွန်အမင်းနာကျင်သလို မျက်နှာထားဖြင့် စုရှောင်ရှန်ပြောတာကို မတုန့်ပြန်ပါပေ။
“ဘာဖြစ်လို့လဲ”
“နာတယ်…” ထိုကောင်မလေး၏ မျက်၀န်းများက တင်းတင်းကြပ်ကြပ်ပိတ်နေပြီး မျက်နှာကလည်း သွေးဆုတ်ဖြူရော်နေသည်။
စုရှောင်ရှန် မှင်တက်သွားသည်။ အရေးကြီးအခြေအနေကြီးမှာ သူမက ဘာထဖြစ်တာလဲ။
“ဘယ်နားနာတာလဲ”
တုံ့ခနဲရပ်သွားပြီးနောက်မှာ မသေချာမရေရာစွာမေးသည်။ “ဗိုက်ကအောင့်တာလား”
မုကျစ်ရှီမှာ စွံ့အသွားရတော့၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“ငါ့ခေါင်း”
စုရှောင်ရှန် လက်ဆန့်ထုတ်ပြီး သူမ၏ နဖူးကိုစမ်းကြည့်ရာ ပူကျစ်နေတာကိုတွေ့ရ၏။ ဘာဖြစ်တာလဲ။ စောနကမှ မုကျစ်ရှီအကောင်းကြီးပါ။
“နင့်ခေါင်းဘာဖြစ်နေတာလဲ”
သူမက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ဦးပါ။ ဖျားနာတာမျိုးမဖြစ်သင့်ပါလေ။
မုကျစ်ရှီ နာကျင်မှုကိုသာ ခံစားနေရသည်။ ထို့နောက် ဆဲဆိုဖို့တောင် မစွမ်းနိုင်တော့သလို ခေါင်းကိုပိုက်ထားရ၏။
“စုရှောင်ရှန် ကယ်ပါဦး… အားးး”
စုရှောင်ရှန် ရွှေနီဆေးရည်တစ်ချို့ကို ချက်ခြင်းတိုက်လိုက်သည်။ မုကျစ်ရှီကိုဘာဖြစ်နေသလဲသူမသိပါချေ။ ယခု ထိုကပ်စေးစေး ပျားရည်လို ရွှေနီဆေးရည်ကသာ သူမအသက်ကိုကယ်နိုင်တော့မည်။
သူမ ခေါင်းကိုက်နေတာ ပျောက်ပါစေဟု ဆုတောင်းလိုက်၏။
“တောင့်ထားဦး။ နင့်ကို စိတ်ဝိညာဉ်စာကြည့်တိုက်က အကြီးအကဲစန်းစီခေါ်သွားမယ်။ သူကတော့ နင့်ကိုကယ်နိုင်မှာ”
ထို့နောက် မုကျစ်ရှီကို ပွေ့ချီလိုက်၏။ သူမက တကယ် သေးသေးကွေးကွေးအရာလေးဖြစ်သည်။ ထျန်းရွှမ်တံခါးအတွင်း၌ ပို၍ သေးငယ်သွားခဲ့ရပြီးနောက်မှာ သူ့လက်ထဲဘာမှ မသယ်ထားရသလိုတောင်ခံစားလိုက်ရသည်။
အတွေးတစ်ခုရပြီး စုရှောင်ရှန် စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို ထုတ်ယူကာ သူမ၏ အင်္ကျီစကို အနည်းငယ်ဟပြီး အထဲသို့ ထည့်လိုက်၏။
“တောင့်ထားဦး”
…
စည်းကမ်းကြီးကြပ်သူများ ရင်တထိတ်ထိတ်ဖြစ်နေကြရသည်။ အရှင်သခင်နယ်ပယ် လေးဦးနှင့် ကျောက်ကျစ်တုံ့လဲကျသွားခြင်းနှင့်အတူ သူတို့ ရုတ်တရက်ကြီး ခေါင်းဆောင်မဲ့သွားခဲ့သည်။
ဘယ်သူမှ စုရှောင်ရှန့် လုပ်ရပ်နှင့်ပတ်သက်ပြီး အရေးလုပ်မနေကြပေ။ လက်ရှိ အကြပ်အတည်းထဲက ထွက်ပြေးဖို့ကိုသာ အာရုံစိုက်ထားကြ၏။
ဓားစွမ်းအင်သွင်းထားသည့် ကျောက်စရစ်ခဲများက သူတို့ ခုခံနိုင်သည့်အရာမဟုတ်ပါချေ။ ထို့ပြင် ၎င်းတို့က အသိရှိသည့်အလား သူတို့မလှုပ်မယှက်ရှိနေရင် ဒီတိုင်းပျံဝဲနေပြီး နည်းနည်းလေးလှုပ်ရှားလိုက်ရင် သူတို့မျက်နှာကိုလာထိပြီး သွေးများထွက်သွားစေသည်။
လေညှင်းကလေးက ရဲ့ရှောင်ထျန်း၏ အဖြူရောင်ဆံနွယ်များကို အနည်းငယ် လှုပ်ရမ်းသွားစေသည်။ မြေပြင်၌ လဲကျနေသော စည်းကမ်းကြီးကြပ်သူများကိုကြည့်ပြီး သူဒေါသထွက်သွားရ၏။
ဒီမျက်ကန်း လျှိုရွှမ်ရှင်းက သူရှိတာတောင် ဂရုမထားတာလား။
သူဘာမှမလုပ်ရသေးခင်မှာ လျှိုရွှမ်ရှင်းက စကားထပ်ပြောသည်။ “မေ့တော့မလို့။ ကျုပ်တို့ ခေါင်းဆောင်က စကားပါးခိုင်းလိုက်တယ်”
ရဲ့ရှောင်ထျန်း နှာခေါင်းရှုံ့ကာ “ဘာစကားလဲ”
“ပြတ်သွားတဲ့ လက်ကိုပြန်ဆက်ပြီးပြီလားတဲ့”
ထိုစကားကြောင့် သူ့လက်ပြတ်ထွက်သွားသည့်နေရာမှ နာကျင်မှုကို ရဲ့ရှောင်ထျန်းတစ်ဖန်ပြန်ခံစားလိုက်ရသည်။
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရာ လက်အရိုးအဆစ်များမှ တဖျောက်ဖျောက်မြည်သံများ ထွက်လာတော့၏။ ထို့နောက် သွားကြားထဲမှ ဖျစ်ညှစ် ထွက်လာသောလေသံမျိုးဖြင့် “စိုးရိမ်ပေးတာကျေးဇူးပါလို့။ နောက်တစ်ခါလည်း သူတော်စင်အစေအပါးကို ခုတ်ချနိုင်ဦးမှာပါလို့ ပြန်ပါးလိုက်”
လျှိုရွှမ်ရှင်းအသာအယာရယ်လိုက်ကာ “ကျုပ်တို့ခေါင်းဆောင်က ခင်ဗျား လက်ပြန်ဆက်ပြီးရင်တောင် ဒုတိယ တစ်ကြိမ်ထပ်ခုတ်နိုင်ဦးမှာပဲတဲ့”
“ဟားဟားဟား”
ရဲ့ရှောင်ထျန်း တဟားဟားထရယ်လိုက်သည်။ သူ့မျက်၀န်းများအတွင်း မီးများတောက်နေတော့ကာ “သူသာ လူကိုယ်တိုင်ရှ်ိနေရင် တကယ် ခြိမ်းခြောက်မှုလို့ မှတ်လိုက်မယ်။ ဒါပေမယ့် ခုလို ကျောက်တုံးလေးနဲ့ မင်းဘာလုပ်နိုင်မှာလဲ။ ကန်းနေတာကို လျှောက်ပစ်ဦးမလို့လား”
ကဲ့ရဲ့ခံရသည့်အတွက် လျှိုရွှမ်ရှင်းဒေါသမထွက်သွားပါချေ။ သူ့လက်ထဲမှ ကျောက်တုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး အချိန်မရွေးခြေမွလိုက်တော့မည့်ပုံစံဖြင့် “ပစ်မှတ်ကို လိုက်တိုက်ခိုက်နိုင်တယ်”
လက်ရှိမှာ ရှိနေကြတဲ့ စည်းကမ်းကြီးကြပ်သူများ ကြက်သေသေသွားကြသည်။ ဒါဆို စောနက လွဲသွားတဲ့ တစ်ချက်က စိတ်ဝိညာဉ်နန်းတော်ရဲ့ အစီအရင်ကို ပစ်မှတ်ထား ထားတာပေါ့။
ဆိုလိုတာက သူတိုက်ခိုက်ချင်သည့် လူကို တိုက်ခိုက်နိုင်သည်မဟုတ်ပါလား။
စောနက တိုက်ခိုက်မှုမှတော့ ရဲ့ရှောင်ထျန်းတောင် ကာကွယ်ရန် ခက်ခဲလိမ့်မည့်ဟန်ရသည်။
သူတို့အနားရှိ ဓားစွမ်းအင်ထည့်သွင်းထားသော ကျောက်စရစ်ခဲများက ဒုတိယ ဓားစွမ်းအင်လှိုင်းအဖြစ် နောက်တစ်ခါထုတ်လွှတ်ပြီး ကျောက်စရစ်ခဲများကို မြေပြင်ပေါ်ပြန်ကျသွားစေလိုက်သည်။
ထိုအခိုက်မှာပဲ လူငယ်တစ်ယောက်က ညီလာခံခန်းမအရှေ့ကနေဖြတ်ပြေးသွားခဲ့၏။ သူ့မျက်နှာထက်တွင် ထိတ်ထိတ်ပျာပျာဖြစ်နေဟန်ရှိနေကာ သူ့လက်ထဲတွင်လည်း မိန်းမငယ်တစ်ဦးရှိသည်။ ထို့နောက် လျှိုရွှမ်ရှင်းကို ဘေးနားမှဖြတ်ပြေးသွားကာ သူလာခဲ့သော လမ်းကျဥ်းကလေးကို တည့်တည့်ဦးတည်သွားလိုက်၏။
“တောင်းပန်ပါတယ်ဗျို့။ အရေးကြီးကိစ္စလေးရှ်ိနေလို့သွားလိုက်ပါဦးမယ်။ ခင်ဗျားတို့က စကားဆက်ပြောနေကြပါ”