ထိုလူက တကယ်ကန်းနေသလို လမ်းလျှောက်တုတ်ဖြင့်စမ်း၍ ရှေ့သို့တက်လာနေ၏။
သို့ပေမယ့် ကျင့်ကြံသူတစ်ယောက်က စစ်မှန်ခြင်းနယ်ပယ်ကိုရောက်တဲ့အခါ စိတ်ဝိညာဉ်အာရုံဆိုတာ ပွင့်လာတယ်လေ။ ဘာလို့ လမ်းလျှောက်ဖို့တုတ်လိုဦးမှာလဲ။
ဒါမှမဟုတ် သူက တကယ် သာမန် မျက်ကန်းတစ်ယောက်ပဲလား။
လူတိုင်း သူတို့စိတ်ဝိညာဉ်အာရုံများဖြင့် ထိုမျက်ကန်းကို ဆန်းစစ်ကြည့်လိုက်ကြသည်။ ထိုတွင် ဘာကျင့်ကြံမှုကိုမှ အာရုံခံလို့မရပါချေ။ သူ့ခန္ဓာကိုယ်မှာ ဘာစိတ်ဝိညာဉ်အရိပ်အယောင်တစ်စွန်းတစ်စမှ ရှိမနေဘဲ သာမန်လူများအလား အားနည်းလွန်းသည်။
ဟာသပဲ။ အရှင်သခင်နယ်ပယ်လေးယောက်က ဒီသာမန်လူကြောင့် မြေပြင်ပေါ်မှောက်သွားတာလား။
လူတိုင်း၏ မျက်နှာထက်တွက် နားမလည်နိုင်မှုများပေါ်လာခဲ့ပြီး စုရှောင်ရှန်လည်း သူတို့နည်းတူ ပဟေဠိဖြစ်ရသည်။
သူ့စိတ်ဝိညာဉ်အရုံနှင့် အကြားအမြင်တို့ပေါင်းလျှင် လူတိုင်း၏ ကျင့်ကြံမှုနယ်ပယ်ကို ထိုးဖောက်မြင်နိုင်မည်ဖြစ်သည်။
သို့သော် ထိုမျက်ကန်းကို စစ်ကြည့်ရမှာ ကျောက်တုံးကို ပင်လယ်ထဲသို့ ပစ်ချလိုက်သည့်အလား ဘာရလဒ်ကိုမှ မရပါချေ။
“သူကတကယ် ကျင့်ကြံခြင်းနယ်ပယ်သိုဝှက်တဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရမယ်”
အသိပေးချက်ခေါင်းလောင်းများညံသွားပြီးကျောက်တိုင်နောက်မှ သူ့နေရာထံစုရှောင်ရှန် ပြန်ကျုံ့သွား၏။ ထိုမျက်ကန်းနှင့်ပတ်သက်ပြီး တစ်ခုခုမူမမှန်တာကိုသူပြောနိုင်သည်။
ရဲ့ရှောင်ထျန်းလည်း ထိုမျက်ကန်းကိုကြည့်နေပါသည်။ နောက်ဆုံးလူတိုင်းရှေ့ရောက်လာမှ သူ့ ဒေါက်ဒေါက်ဟူသည့်အသံက ရပ်သွား၏။
“မင်းကဘယ်သူလဲ” ရဲ့ရှောင်ထျန်းမေးသည်။
“သူတော်စင်အစေအပါး၊ လျှိုရွှမ်ရှင်း”
ထိုမျက်ကန်း၏ အသံက အက်အက်ကြီးဖြစ်ပေမယ့် နား၀င်တော့ချိုသည်။ မသိလျှင် နှိစ်သိမ့်နေသလိုလိုပဲ လူတိုင်းကို စိတ်အေးသွားစေ၏။
ထိုမျက်ကန်း၏ မျက်နှာကတော့ မြင်မကောင်းအောင် စုတ်ပြတ်သတ်နေသည်။ ဒီလိုအသံက ဤသို့မျက်နှာဖြင့်တွဲလျှက်ရှိနေတာကြောင့် လူတိုင်းသူ့ကိုသနားသွားကြ၏။
နှမျောစရာပဲ။ ဒီလိုချိုသာတဲ့အသံက ဒီလိုမျက်နှာစီမှာ အဆုံးသတ်ရတယ်လို့။
“လျှိုရွှမ်ရှင်းဟုတ်လား” ထိုထူးထူးဆန်းဆန်းနာမည်ကိုကြားဖူးသကဲ့သို့ အကြီးအကဲကျောက်ပြန်အမှတ်ရရန် စဉ်းစားကြည့်လိုက်သည်။ အတန်ငယ်ကြာသောအခါ သူ့မျက်နှာထက်၌ အံ့အားသင့်နေသော အမူအရာပေါ်လာခဲ့ပြီး “အစနာမည်က လျှိုဆိုတော့ မင်းက လျှိုမိသားစုကလား”
မျက်ကန်းလူငယ်လေးပြန်မဖြေပါချေ။ ဒီတိုင်းသာထိုနေရာတွင်ရပ်နေပြီး အပေါ်ကိုခေါင်းမော့လိုက်၏။ လူတိုင်း လျှိုလင်းလင်းကိုသူကြည့်နေတာ သိလိုက်ကြသည်။
လျှိုလင်းလင်းက တကယ် မျက်ရည်များရွှန်းလဲ့နေပြီး သနားစရာကောင်းနေတော့သည်။ မသိလျှင် အနိုင်ကျင့်ခံရသည့်အတွက် သူမ၏ အကိုကြီးကို အသည်းအတန် တိုင်တန်းနေသလိုမျိုးဖြင့်။
“ငါဒီမှာ”
ထိုစကားသုံးလုံးက ရိုးရှင်းသော်ငြား သူမ၏ ရင်ထဲက အပူကိုငြိမ်းကျသွားစေ၏။ လျှိုလင်းလင်း၏ မျက်နှာထက်၌ မျက်ရည်စီးကြောင်းနှစ်ခုကျလာရပါသည်။
ယွဲ့ကျစ်၀မ်၏ လှပသော မျက်လုံးလေးများကလည်း ထိုမျက်ကန်းလူငယ်လေးကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေမိ၏။ “သူ အသက်ရှင်နေသေးတာလား”
ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့ ကျန်းပင်းယန်ကို တစ်ပြိုင်တည်းလှည့်ကြည့်လိုက်ကြသည်။ ကျန်းပင်းယန်လည်း တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချကာပြောလိုက်၏။ “ကျုပ်ထင်တာမမှားရင်တော့ ဒီမျက်ကန်းက သူပဲ”
ထိုသေချာနေသောလေသံက သူတို့ မျက်လုံးများကို အလန့်တကြား ပြူးကျယ်သွားစေလေသည်။
ယွဲ့ကျစ်၀မ်လည်း နောက်သို့ဆုတ်သွားမိ၏။ သူမ၏ မျက်၀န်းများက ဗလာကျင်းနေကာ ငယ်ရွယ်စဉ်ကကြားခဲ့ရသော အေးစက်စက် ရက်စက်သည့်စကားများကို ပြန်မြင်ယောင်သွားသည်။
“လျှိုမိသားစုက အသူရာချောက်နက်ကျွန်းကို အပိုင်သိမ်းချင်နေတာ။ ဒီအပြစ်ကကြီးမြတ်တယ်။ ချက်ခြင်းအမြစ်ဖြတ်သုတ်သင်စေ”
၎င်းက နှစ်ပေါင်းများစွာကြာခဲ့လေပြီ။ ယွဲ့ကျစ်၀မ်က ထိုစဉ်က သူမ၏ ဆရာလက်ထဲမှ ဘာမှမသိသေးသော ကလေးငယ်သာသာ ရှိသေးချေသည်။ ပြီးတော့ ကုန်းမြေတစ်လျှောက်လုံးက အကြမ်းဆုံးအဖွဲ့အစည်းဆိုတဲ့ မြင့်မြတ်နတ်ဘုရားနန်းတော်၏ စွမ်းအားအစစ်အမှန်ကိုလည်း တွေ့ခဲ့ရသည်။
၎င်းက နတ်ဘုရားတစ်ပိုင်း လျှိုမိသားစုကဲ့သို့ ရှေးဦးမိသားစုကိုတောင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်စေခဲ့သည်။
ထိုသွေးသံတရဲရဲ ပုံရိပ်များက နှစ်ပေါင်းများစွာကြလာတော့ တဖြည်းဖြည်းဝေဝါးသွားခဲ့ပါသည်။ ယွဲ့ကျစ်၀မ်မှတ်မိသည်က လျှိုမိသားစုဝင်တစ်ချို့လွတ်မြောက်သွားခဲ့သည်ကိုပင်။ ဒါပေမယ့် ထိုအသက်ရှင်လျှက်ထွက်သွားနိုင်သည့် သူများက ဒုက္ခိတများနှင့် ထူးမခြားမနား။
သူမ၏ ငယ်သူငယ်ချင်း အသက်ရှန်ကျန်နေသေးတယ်ဆိုတာသိရတော့ ၀မ်းသာမိပါသည်။ သို့ပေမယ့် ထိုမျက်ကန်း၏ သွင်ပြင်ရုပ်ဆင်ကြောင့် သူမ မှင်တက်သွားရသည်။
သူမတောင် မမှတ်မိနိုင်တော့သော ထိုအမာရွတ်များဖြင့် မျက်နှာကို ယွဲ့ကျစ်၀မ်ကြည့်ပြီး နှလုံးသားထဲမှ ခံစားချက်များဖြင့် စူးအောင့်သလို ခံစားလိုက်ရသည်။ သူမ၏ ခေါင်းထဲမှ ပြင်းပြင်းထန်ထန်နာကျင်မှုကြောင့် မြေပြင်မှာ ခေါင်းကိုပိုက်ပြီး ဒူးထောက်ကျသွား၏။
ကျန်းပင်းယန် စိတ်ဝိညာဉ်အနှစ်များအသုံးပြု၍ သူမကို ဖေးမပေးလိုက်သည်။ ထို့နောက် နှစ်ကိုယ်ကြားသာ ကြားလောက်သော လေသံဖြင့် တီးတိုးပြော၏။ “အတိတ်မှာ မနစ်မွန်းစေနဲ့။ လျှိုမိသားစုက မိစ္ဆာသားရဲတွေနဲ့ပူးပေါင်းလို့ ဒဏ်ပြန်ခံရတာ။ သူတို့ကိုယ်တိုင်က မိစ္ဆာတွေပဲ”
“နားလည်ပါပြီ” ယွဲ့ကျစ်၀မ် ညှင်ညှင်သာသာ ဆိုလိုက်သည်။
ထို့နောက် မျက်လုံးကို တင်းတင်းကြပ်ကြပ်ပိတ်ကာ နှုတ်ခမ်းသားများကို ကိုက်ပြီး အလေးအနက်ခေါင်းညိတ်လိုက်၏။ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ ဘာတွေဝေနေမှုမှမရှိတော့ဘဲ ကြည်လင်ရှင်းတောက်နေခဲ့သည်။
ရဲ့ရှောင်ထျန်း ကျန်းပင်းယန်နှင့် ယွဲ့ကျစ်၀မ်တို့ထံမှ အကြည့်လွှဲလိုက်သည်။ မြင့်မြတ်နတ်ဘုရားနန်းတော်ထံမှ ဤသို့ အံ့အားသင့်ဖွယ်ရာ သတင်းအချက်အလက်ကို ရလိမ့်မယ်လို့မထင်ပါချေ။ သို့သော် ယခုအခြေအနေက အလွန်အရေးကြီးနေရာ ထိုကိစ္စကို မေးမနေတော့ပါ။
“သူတော်စင်အစေအပါးက စိတ်ဝိညာဉ်နန်းတော်ကိုတိုက်ခိုက်ပြီး နောက်တစ်ခါ လူလွှတ်လိုက်ဦးရဲမယ်လို့မထင်ထားဘူး” မျက်ကန်းလူငယ်လေးကိုကြည့်ကာ ရဲ့ရှောင်ထျန်းပြောသည်။
လျှိုရွှမ်ရှင်း ခေါင်းကိုအသာစောင်းလိုက်သည်။ သူ့မျက်လုံးအိမ်မရှိသော အဖြူရောင်မျက်၀န်းများက ရဲ့ရှောင်ထျန်းကို တည့်တည့်စိုက်ကြည့်လိုက်၏။ ထို့နောက် တည်ငြိမ်သောလေသံဖြင့် တုန့်ပြန်သည်။ “ဘာလို့မလွှတ်ရဲရမှာလဲ”
ရဲ့ရှောင်ထျန်း မှင်တက်သွားသည်။ ထိုမှ မျက်နှာဖုံးတပ်နှင့်လူ သူ့လက်ကို အသာအယာဖြတ်ခဲ့တာ မြင်ယောင်မိပြီး ဒေါသအမျက်တထောင်းထောင်းထလာတော့၏။
ဤနေရာမှာ မျက်နှာဖုံးနှင့်လူဆိုပါက ဒီလို အပြုအမူနှင့်စကားပြောတာကို ဂရုစိုက်လိမ့်မည်မဟုတ်ပါချေ။ သို့ပေမယ့် ယခုတော့ ကျင့်ကြံခြင်းတောင်မရှိတဲ့ လူငယ်လေးတစ်ယောက်က သူ့ကို ဒီလိုပြောရဲတယ်လား။
“မင်းကိုယ်မင်းဟုတ်လှပြီမထင်ပါနဲ့။ မင်းက သာမန် အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်သာသာပါပဲ” ရဲ့ရှောင်ထျန်းဆိုသည်။
အရှင်သခင်နယ်ပယ်ဓားသမား။
လူတိုင်း ထိုထုတ်ဖော်ချက်ကြောင့် မှင်တက်သွားကြ၏။ မျက်ကန်းလူငယ်လေးက ကျင့်ကြံခြင်းတောင်မရှိတာ ဘာလို့ အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်ဖြစ်ရတာလဲ။
စုရှောင်ရှန်လည်း မယုံကြည်နိုင်ဖြစ်ကာ ထိုမျက်ကန်းကို နောက်တစ်ခေါက်ထပ်ပြီး အကြားအမြင်ဖြင့် စစ်ကြည့်လိုက်သည်။ တကယ်ပဲ ရဲ့ရှောင်ထျန်းပြောသလိုဆို ကျင့်ကြံမှုမရှိသည့် အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်ဖြစ်နေ၏။
စုရှောင်ရှန်၏ခေါင်းထဲမှာ အတွေးတစ်ခုပေါ်လာသည်။
ထိုလူငယ်လေးက ဓားအရာမှာ အင်မတန် ပါရမီပါတာမလို့ အသက်ငယ်ငယ်လေးနှင့် အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်ဖြစ်လာခဲ့တာ ဖြစ်ရပေမည်။ ထို့နောက် စုရှင်းရှင်းကိုတွေးမိသည်။ ထိုကလေးမလေးက လက်ရှိမှာ အသက်အလွန်ငယ်သေးလေရာ နောက်ဆယ်နှစ်အတွင်း အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်ဖြစ်မလာဘူးဟု မပြောနိုင်ပါချေ။
ဟုတ်တယ်။ ဓားဆန္ဒဆိုတာ ကျင့်ကြံမှုအဆင့်အပေါ်တွင်မူတည်မနေပါချေ။
ဓားသမားတစ်ယောက်က ကျင့်ကြံမှုမှာ အရှင်သခင်နယ်ပယ်ရောက်သွားလို့ အရှင်သခင်နယ်ပယ်ဓားသမားလို့ခေါ်လို့မရပါပေ။ သူ့တွင် အရှင်သခင်နယ်ပယ်ဓားဆန္ဒကို ပိုင်နိုင်ကျွမ်းကျင်ထားဖို့လိုသေးသည်။
ထိုမှ ဘာကျင့်ကြံခြင်းမှမရှိဘဲ မျက်ကန်းလူငယ်လေး အရှင်သခင်နယ်ပယ်စည်းကမ်းကြီးကြပ်သူလေးဦးကို ဘယ်လိုအနိုင်ယူနိုင်လိုက်လဲ စုရှောင်ရှန်သိရသည်။ သူက ဓားဆန္ဒဖြင့် သက်သက် တိုက်ခိုက်ခြင်းလမ်းစဉ်ပေါ်က လူတစ်ယောက်ဖြစ်နေပေ၏။
ထိုမျက်နှာဖုံးတပ်နှင့်လူ၏ တပြည့်တပန်းတောင်ဖြစ်နိုင်လောက်သည်။
လျှိုရွှမ်ရှင်းတိတ်ဆိတ်သွားပြီး မြေင်ပြင်တွင်တုတ်ထောက်ကာ လမ်းရှာ၍ စည်းကမ်းကြီးကြပ်သူများအရှေ့၌ ရပ်လိုက်သည်။
“ဖယ်ပေးပါဦး”
သူ့ကိုကြည့်လိုက်သည့်လူတိုင်း မအံ့ဩဘဲကိုမနေနိုင်ပါ။ မျက်ကန်းလူငယ်လေးက စည်းကမ်းကြီးကြပ်သူများကို မျက်စိထဲတောင်ထည့်သည့်ပုံမပေါ်။ သူ့အိမ်လိုလိုနှင့် ဘေးဖယ်ပေးဖို့တောင်ပြောလိုက်သေး၏။
“ရပ်လိုက်စမ်း” စည်းကမ်းကြီးကြပ်သူတစ်ယောက် ခုန်ထွက်လာပြီးအော်လိုက်သည်။ သို့သော် သူ့အသံက အနည်းငယ် တုန်တုန်ရင်ရင်ဖြစ်နေပေသည်။
လျှိုရွှမ်ရှင်းသူ့ကို ပတ်၍ ကျော်သွားလိုက်ပြီး စည်းကမ်းကြီးကြပ်သူများအကြား၀င်သွားသည်။
ထိုမျက်ကန်းကို စုရှောင်ရှန်တကယ်လေးစားမိသည်။ သူတော်စင်အစေအပါးများက တကယ် အကြောက်တရားဆိုတာဘာလဲမသိကြပါလား။
သူက အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်ဆိုရင်တောင် ထိုမျှတော့ မရဲတင်းသင့်ပါချေ။ သူ့လုပ်ရပ်များက မိုက်ရုးရဲဆန်လွန်း၏။
အရှင်သခင်နယ်ပယ်ဓားသမားတစ်ယောက်က ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ ပြိုင်ဘက်ဘယ်လိုမှ ဖြစ်နိုင်မည်မဟုတ်။
ရဲ့ရှောင်ထျန်း ဒေါသထွက်နေသည်။ သူ့လက်ကိုဆန့်ထုတ်ပြီး ထိုမျက်ကန်း လျှိုရွှမ်ရှင်းကို အသူရောက်ချောက်နက်ပိတ်လှောင်ခြင်းနှင့် ပိတ်လှောင်ရန်လုပ်လိုက်သည်။ ဒါပေမယ့် လျှိုရွှမ်ရှင်းကပို၍ မြန်နေခဲ့ပြီး အင်္ကျီထဲမှ ကျောက်တုံးတစ်တုံးကိုထုတ်ယူလိုက်၏။
ဘယ်လို တိုက်ခိုက်မှုမျိုးလဲ။ ရဲ့ရှောင်ထျန်းကို ခဲနဲ့ပေါက်ချင်နေတာလား။
လူတိုင်းနားမလည်နိုင်ဖြစ်နေကြသည့်မျက်စိများအောက်မှာပဲ လျှိုရွှမ်ရှင်း လက်ထဲက ကျောက်တုံးကို ခြေမွလိုက်လေသည်။ ထိုမှ ရုပ်ချည်း ဓားစွမ်းအင်တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားပြီး လေဟာနယ်ကိုတောင်စုတ်ဖြဲကာ ရဲ့ရှောင်ထျန်းထံ ၀င်သွား၏။
ထိုတိုက်ခိုက်မှုက ရင်းရင်းနှီးနှီးမြင်ဖူးသလိုရှိသည်။
မျက်နှာဖုံးတပ်နှင့်လူကို ပြေးမြင်ယောင်မိပြီး ရဲ့ရှောင်ထျန်း စိတ်အေနှာက်မယှက်ထပ်ဖြစ်ရ၏။ ၎င်းက ထိုသူ၏ ဓားစွမ်းအင်မဟုတ်ပါလား။
ထိုမျက်ကန်း လျှိုရွှမ်ရှင်းထုတ်လွှတ်လိုက်သော ဓားစွမ်းအင်က ကြောက်မယ်ဖွယ်ရာအတိဆိုပေမယ့် မျက်နှာဖုန်းတပ်နှင့်လူ ကိုယ်တိုက်ထုတ်လွှတ်တာနှင့်တော့ ယှဉ်၍မရပါချေ။ ဘေးတစ်ဘက်ကို အသာအယာတိမ်းစောင်းပြီး ထိုကွေးကောက်၍လာနေသော ဓားစွမ်းအင်ကို ရဲ့ရှောင်ထျန်းရှောင်လိုက်သည်။
အဖြူရောင်ဓားစွမ်းအင်က ဆက်လက်၍ ကောင်းကင်မှ တိမ်များကိုထိုးဖောက်ပြီးတက်သွား၏။ ထိုမှ စိတ်ဝိညာဉ်နန်းတော်၏ အစီအရင်ထက်တွင် ဂယက်များထလာသည်ကိုတွေ့လိုက်ရသည်။
လူတိုင်း ဝါးလုံးကွဲရယ်မောလိုက်ကြ၏။
သူက တကယ်ကန်းနေတာပဲ။ တိုက်ခိုက်မှုတောင်လွဲချော်သွားတယ်။
သို့ပေမယ့် သိပ်မကြာခင် ရှေးဟောင်းခေါင်းလောင်းသံကြီးကိုကြားလိုက်ရပြီး အရယ်ရပ်သွားကြရသည်။
ဒေါင် ဒေါင် ဒေါင်…။
ထိုခေါင်းလောင်းသံက ခုနှစ်ကြိမ်တိတိ မြည်ဟီးပြီးမှ ပျောက်သွားပြီး လူတိုင်း ရင်ဖိုသွားကြရသည်။
ခေါင်းလောင်းသံခုနှစ်ချက်က စွမ်းအားကြီးရန်သူရောက်လာတာကို ကိုယ်စားပြုသည်။
မျက်ကန်း လျှိုရွှမ်ရှင်းက ရဲ့ရှောင်ထျန်းကို ဓားစွမ်းအင်ဖြင့် တိုက်ခိုက်ရန်ရည်ရွယ်ထားသည်မဟုတ်။ သူ့ကိုပေးထားသော တာ၀န်ကိုသာ ကျေပွန်အောင်ထမ်းဆောင်လိုက်ခြင်းဖြစ်၏။
အချက်ပြခြင်း။
ရဲ့ရှောင်ထျန်း၏ မျက်ခုံးများလှုပ်သွားသည်။
ထိုခေါင်းလောင်းသံက ရှောင်ချိစွေ အကူအညီတောင်းနေခြင်းကိုဆိုလိုသည်။
သူ့ရှေ့မှ မျက်ကန်းက တစ်ယောက်တည်းလာသည်မဟုတ်ဘဲ သူတော်စင်အစေအပါးမှ အကောင်ကြီးများကိုလည်းခေါ်လာဟန်ရ၏။
“မင်းဘာလိုချင်တာလဲ”
ရဲ့ရှောင်ထျန်း ကျိန်ဆဲပစ်ချင်နေ၏။ စိတ်ဝိညာဉ်နန်းတော်က ဂိုဏ်းသေးသေးလေးပါ။ ဘာလို့ သူတော်စင်အစေအပါးလို အကြမ်းဖက်အဖွဲ့တွေက ဆက်တိုက်လာတိုက်ခိုက်နေကြရတာလဲ။ သူစိတ်မချမ်းသာနိုင်ပေ။
လျှိုရွှမ်ရှင်း သူ့ကိုယ်သူ လမ်းလျှောက်တုတ်ဖြင့်တည်ငြိမ်အောင်လုပ်ပြီး ရှေ့သို့ ဆက်တက်လိုက်သည်။ စည်းကမ်းကြီးကြပ်သူများ ဒေါသ၊ အကြောက်တရားတို့ကို မျိုသိပ်၍ နောက်ဆုတ်သွားကြရ၏။
ရဲ့ရှောင်ထျန်း၏အမေးကို လျှိုရွှမ်ရှင်းက လောကကြီးမှာ ဘယ်အရာမှ သူ့ကို အနှောက်အယှက်မပေးနိုင်သည့်အလား တည်ငြိမ်သောလေသံဖြင့်ဆိုလိုက်သည်။
“ဘာမှ မလိုချင်ဘူး။ လူလာခေါ်တာ”