လျှိုလင်းလင်း သွေးတစ်လုတ်အန်ထုတ်မိတော့မတတ်ဖြစ်သွားသည်။
သူမ၏ အကြံကြောင့် စုရှောင်ရှန် ထျန်းစန်းနန်းတော်ကနေ နှင်ထုတ်ခံရမည်ဟု တွက်ထားသည်။ သို့ဆိုလျှင် သူ့ကို သူမနှင့်ခေါ်သွားနိုင်ပေမည်။
ယခုတော့ သူ့ကို ဒီလိုတုန့်ပြန်လိမ့်မည်ဟု မထင်ထားပါချေ။ မသိလျှင် သူမကဘဲ ယောက်ျားတစ်ယောက်အပေါ်ကို အတင်းအကြပ်လုပ်ယူချင်နေသည့် မိန်းမလိုလိုနှင့်။ ဒါ့အပြင်ကို သူ့အကြံအောင်သွားတာကြောင့် ပြုံးဖြဲဖြဲသူမကို လုပ်ပြနေသေး၏။
“ဘာလဲဟ”
လျှိုလင်းလင်း စုရှောင်ရှန်ကိုသွားထိုးပစ်ချင်လိုက်သည်။
ကျိုးကြောင်းဆီလျော်မှုကြောင့်သာ ရပ်တန့်လိုက်ပြီး စုရှောင်ရှန်ကို ဒေါကတကြီး ကျိန်ဆဲတော့၏။
လျှိုလင်းလင်း၏ မကျေနပ်ချက်၊ ဆဲဆိုချက်တွေက စုရှောင်ရှန် အတွက်တော့ ပင်ကိုယ်မှတ်များသာ။
အသိပေးချက်ဖန်သားပြင်ပေါ်၌ပေါ်လာသော အသိပေးချက်များကို စုရှောင်ရှန် နားရွက်တက်ချိတ်မတတ် ပြုံးရင်း ကြည့်လိုက်သည်။
မဟုတ်ဘူး စိတ်ထိန်း စိတ်ထိန်း…။
လူတွေအများကြီးကြည့်နေကြတယ် စိတ်မလွတ်သွားစေနဲ့။
သူ့မျက်နှာထက်၌ နာကျင်နေသော အမူအရာတစ်ခုကိုဖမ်းလိုက်သည်။ သူ့ပုံစံက ခံစားချက်ပေါင်းများစွာကို ခံစားရပြီး ဆုံးဖြတ်ချက်ချလိုက်သော လူတစ်ယောက်လိုမျိုးဖြင့် လျှိုလင်းလင်းကို ပြတ်ပြတ်သားသား ခေါင်းခါရမ်းပြလိုက်သည်။
လျှိုလင်းလင်းစွံအသွားရ၏။
ဘယ်လောက်ဒေါသထွက်စရာကောင်းလိုက်လဲ။
သူမ တစ်ဘက်ကို အကြည့်လွှဲလိုက်တော့သည်။ သူ့ကိုဆက်ကြည့်နေလျှင် တကယ် စိတ်လိုက်မာန်ပါလုပ်မိတော့မည်။
“စုရှောင်ရှန် နင် ဒီအတွက် ပေးဆပ်စေရမယ်”
လျှိုလင်းလင်းကျိန်ဆဲလိုက်ပြီး စုရှောင်ရှန်နှင့် ဘယ်တော့မှ မပတ်သက်တော့ပါဟု ကတိက၀တ်ပြုလိုက်သည်။ သူ့အကြောင်းကို ထျန်ူရွှမ်တံခါးထဲမှာ မသိလိုက်ရတာလဲမဟုတ်။ သူမ အမှတ်သည်းချေမရှိပါပေ။
အခြားတစ်ဘက်မှ ရဲ့ရှောင်ထျန်းသူတို့နှစ်ဦး၏ ငြင်းခုန်မှုကိုကြည့်ပြီး တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။
စုရှောင်ရှန်က သူလျှိုမဟုတ်ရသလို လျှိုလင်းလင်းမှ အပ အခြား သူလျှိုတစ်ယောက်က ပုန်းနေပေသည်။ အချိန်နှင့်ဒီရေက လူကိုမစောင့်လေရာ ထိုလူငယ်နှစ်ယောက် ငြင်းခုန်နေကြတာကို ဆက်ကြည့်နေလို့မဖြစ်ပါတော့ပေ။
“သူမကို ဖမ်းကြ”
အသူရာချောက်နက်ပိတ်လှောင်ခြင်းအသက်၀င်လာပြီး လျှိုလင်းလင်းကို လေထဲမှာ လှုပ်မရဖြစ်သွားစေခဲ့တော့သည်။ သို့ဖြင့် အရှင်သခင်နယ်ပယ် ကျင့်ကြံသူလေးဦး လက်သီးလက်ပန်းချီမြှောက်ကာ သူမထံ၀င်လာတာကိုကြည့်နေရတော့သည်။
ထို့နောက်ကူကယ်ရာမဲ့နေသောမျက်၀န်းများဖြင့် လှောင်ပြောင် ထေ့ငေါ့ပြောလိုက်သည်။ “ဟက်။ မယုံနိုင်ဘူး။ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတဲ့။ အရှင်သခင်နယ်ပယ်က ကူကယ်ရာမရှိတဲ့ မိန်းကလေးကို အနိုင်ကျင့်နေတယ်။ ဘယ်လောက်တောင် တော်လိုက်သလဲ၊ တတ်လိုက်သလဲ ရဲ့ခေါင်းဆောင်”
ရဲ့ရှောင်ထျန်း သူမ ပြောတာကို လစ်လျူရှူပြီး သက်ပြင်းချကာ အသာအယာ ဖြေလိုက်သည်။ “ငါနင့် ခေါင်းဆောင်မဟုတ်တော့ဘူး”
လျှိုလင်းလင်း စိတ်ပျက်အားလျော့စွာ မျက်လုံးများကိုပိတ်လိုက်သည်။
၎င်းက သူမအတွက် အဆုံးသတ်ပေလော။
သူမတစ်ယောက်တည်းကိုသာ အသူရာချောက်နက်ပိတ်လှောင်ခြင်းက သက်ရောက်ပြီး ကျန်သည့် အရှင်သခင်စည်းကမ်းကြီးကြပ်သူများကတော့ ဘာမှ မဖြစ်ကြပါချေ။
သူတို့လက်ဝါးများမှ စိတ်ဝိညာဉ်အနှစ်များ လျှံထွက်နေခြင်းက တစ်မျိုးတစ်မည်လှပနေလေရာ အင်မတန် ကြည့်၍ကောင်းပေသည်။
ထိုမှ အရှိန်အဝါက စုရှောင်ရှန်၏ အဆင့်နိမ့်မီးဘောလုံးလောက်ရှိသည်။
လျှိုလင်းလင်းက မိုးကြိုးနတ်ဘုရားပုံစံသာယူထားပြီး ရဲ့ရှောင်ထျန်း၏ အသူရာချောက်နက် ပိတ်လှောင်မှုကြောင့် အကာအကွယ်ဘာကိုမှ သုံး၍မရပါချေ။
ထိုအရှင်သခင်နယ်ပယ်လေးယောက်၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် လက်ဖဝါးများက သူမထံကိုတိုး၀င်လာနေကြကာ လူတိုင်းဘာဖြစ်တော့မည်ကို သိလေသည်။
စုရှောင်ရှန်လည်း လျှိုလင်းလင်းထံ အန္တရာယ်ချဉ်းကပ်သွားတာကိုမြင်လျှင် တစ်မျိုး စိတ်မကောင်းဖြစ်မိသည်။
၎င်းက ကျင့်ကြံခြင်းကမ္ဘာကြီး၏ ရက်စက်သော ဖြစ်ရပ်မှန်ပင်။ ဘယ်သူမဆို သတ်ဖြတ်ခြင်းဆိုတာနှင့် မလွဲမသွေ တစ်နေ့တော့ကြုံရမည်သာ။
ထို၀န်က ယခုမှ စတင်သူအတွက်ဆို လေးလံလှပေသည်။ ထိုမှလည်း အကြောင်းတရားတိုက်ဆိုင်၍ လမ်းလွဲသွားနိုင်ကာ နောက်ထပ် ၀န်များကို ထပ်မံ တိုးမိလိုက်နိုင်သည်။ ထိုအရာက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်စုံတစ်ယောက်၏ အနာဂါတ်ကို သတ်မှတ်ပေးသွားမည်ဖြစ်တော့၏။
ရက်စက်သော ကျင့်ကြံမှုကမ္ဘာကြီးက တောတွင်းဥပဒေသအုပ်စိုးရာနေရာဖြစ်ပေသည်။ ကောင်းသည်ဆိုးသည်က တစ်စုံတစ်ယောက်၏ ခံယူချက်အပေါ်မှာသာ မူတည်၏။
လျှိုလင်းလင်း၏ ခံယူချက်မှတော့ သူမ မှားလိမ့်မည်မဟုတ်ချေ။ ကံမကောင်းစွာဖြင့် ထိုမှ အကျိုးဆက်က သူမကို ကံကြမ္မာအားလက်တွေ့ ရင်ဆိုင်ခိုင်းစေလေသည်။
“ကံကြမ္မာဆိုတာ မင်းသန်မာလား မသန်မာလားအပေါ်မှာပဲမူတည်တယ်”
စုရှောင်ရှန်အခြားတစ်ဘက်သို့ ပြတ်ပြတ်သားသား လှည့်လိုက်သည်။ ယခုဖြစ်ပျက်နေသောအရာကို ပြောင်းလဲဖို့ သန်မာမှုမျိုးသူ့မှာ မရှိသလို အကြောင်းလည်း မရှိပါချေ။
ဘုန်းးးး…။
လက်ဖဝါးလေးခု တိုး၀င်သွားကြသည်။ စိတ်ဝိညာဉ်အနှစ်များ အရပ်လေးမျက်နှာကို လွင့်ပျံ့သွားပြီး လေဟာနယ်ကိုတောင် ရှံ့တွသွားစေပေသည်။ ထို့နောက် မိုးခြိမ်းသံအလား အသံကြီးတုန်ဟီးလာခဲ့၏။
ထိုပေါက်ကွဲမှုကြီးကြောင့် လူတိုင်း အံ့ဩဘနန်းဖြစ်သွားကြရသည်။
ဒါက အရှင်သခင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းပကားလား။
စစ်မှန်ခြင်းနယ်ပယ်ကလူတစ်ယောက်က အရှင်သခင်နယ်ပယ်ကိုရောက်လျှင် မဟာလမ်းစဉ်ကို ထိတွေ့နိုင်သည်။ ဧကရာဇ်နယ်ပယ်ကိုရောက်လျှင်တော့ ဒီစွမ်းအင်ကို ကျွမ်းကျင်စွာ ကိုယ်ကျိုးအတွက် အသုံးချနိုင်ပေသည်။ ဒါတောင် အရှင်သခင်နယ်ပယ် ကျင့်ကြံသူများက တောင်တွေကိုရွှေ့ပြီး ပင်လယ်တွေကို ဖြည့်နိုင်ပေ၏။
မဟာလမ်းစဉ်ကြောင့် အဆင့်မြှင့်ထားတဲ့ တိုက်ခိုက်မှုက အင်မတန်အဖျက်စွမ်းအားကြီးတာကို မှတ်သားထားရမည်။
လူတိုင်း၏မျက်နှာထက်မှ အံ့အားသင့်မှုများက မကြာခင်မှာ မယုံကြည်နိုင်ခြင်းအဖြစ်သို့ ပြောင်းလဲသွားပါတော့သည်။
အကြောင်းက လျှိုလင်းလင်း ထိုလက်ဖဝါးလေးချက်အကြား၌ ခြစ်ရာတစ်ချက်လေးတောင်မရသောကြောင့်ပင်။
ထိုအရှင်သခင်နယ်ပယ်လေးဦး၏ အလယ်၍ လျှိုလင်းလင်း ဂုဏ်ယူ၀င့်ကြွားစွာရပ်နေသေးသည်။ မိုးကြိုးနတ်ဘုရားပုံစံမှ လျှပ်စီးများက တစ်ဂျစ်ဂျစ် တောက်ပနေကြသေး၏။
အရှင်စခင်နယ်ပယ်လေးဦး၏ လက်ဖဝါးချက်များက သူမကို ထိခိုက်အောင်မလုပ်နိုင်ကြပါချေ။ မသိလျှင် စကြာ၀ဠာကြီးထဲက မဖြိုခွဲနိုင်သည့် အရာ၀တ္ထုအလား။
လူတိုင်း မှင်တက်နေသော မျက်နှာများဖြင့် ဘာကိုမှ မပြောနိုင်ဖြစ်နေကြသည်။
“အဲ့တာက ခေါင်းဆောင်ရဲ့ အသူရာချောက်နက်ပိတ်လှောင်ခြင်းကြောင့်များလား။ အင်း… သူတို့ လက်ဖဝါးတွေက အသူရာချောက်နက်အကာအကွယ်ပေါ်ကျသွားကြတာမျိုးလေ”
“မဟုတ်ဘူး သေချာကြည့်။ လျှိုလင်းလင်းအပေါ်ကို စည်းကမ်းကြီးကြပ်သူတွေရဲ့ တိုက်ခိုက်မှုက ကျကိုမကျသွားတာ”
ပိုပြီးအမြင်ထက်မြက်တဲ့လူတွေက ရုပ်ချည်းဘာဖြစ်နေသလဲနားလည်သွားကြသည်။ လူတိုင်း သူတို့ စိတ်ဝိညာဉ်အာရုံများဖြင့်ကြည့်လိုက်တော့မှ လျှိုလင်းလင်းနှင့် အရှင်သခင်နယ်ပယ်စည်းကမ်းကြီးကြပ်သူ လေးဦးအကြားမှာ အလွန်ပါးလွှာသော ကွာခြားမှုလေးကိုတွေ့လိုက်ရသည်။
ကြည့်ရတာ စောနက ပေါက်ကွဲမှုက အရှင်သခင်နယ်ပယ်လေးဦးက စိတ်ဝိညာဉ်အနှစ်များကို ရုပ်ချည်းအဆက်ဖြတ်လိုက်သောကြောင့်ဖြစ်ရမည်။
ထိုထုတ်ဖော်ချက်ကလူတိုင်းကို အံ့ဩဘနန်းဖြစ်သွားစေ၏။
ဘာလို့ သူတို့ တိုက်ပွဲအလယ်မှာရပ်လိုက်တာလဲ။
ထို့နောက်သေချာကြည့်မှ အရှင်သခင်နယ်ပယ်စည်းကမ်းကြီးကြပ်သူလေးဦးတို့၏ ခန္ဓာကိုယ်များက ထိန်းချုပ်ခံထားရသလို တောင့်တောင့်ကြီးဖြစ်နေတာ တွေ့လိုက်ရပေသည်။
စုရှောင်ရှန်ထက်ပို၍ အံ့အားသင့်မိသည့်သူမရှိပါချေ။
အခြားသူများလိုမဟုတ်ဘဲ သူကတော့ အင်မတန်ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားစွမ်းအင်တစ်ခုထွက်လာပြီး ထိုစည်းကမ်းကြီးကြပ်သူလေးဦးကို လာရစ်ပတ်တာကို တွေ့လိုက်ရသည်။
ထို့နောက် ထိုဓားစွမ်းအင်များက သူတို့လေးဦးကို ချက်ခြင်း သဏ္ဌာန်ယူပြီး တိုက်ခိုက်လိုက်ကြ၏။ သို့ဖြင့် စည်းကမ်းကြီးကြပ်သူလေးဦး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပြုလုပ်လိုက်ရတော့လေသည်။
ဒါပေမယ့် သူတို့ တဖြည်းဖြည်း အရေးနိမ့်လာတာကို စုရှောင်ရှန်တွေ့ရသည်။
ဓားစွမ်းအင်။ စည်းကမ်းကြီးကြပ်သူလေးဦး။
သို့မှ ထိုအရာက “အရာအားလုံးကဓား : ငါကဓား” ဖြစ်တယ်ဆိုတာ စုရှောင်ရှန်သိလိုက်ရပြီး ပါးစပ်ဟောင်းလောင်းဖြစ်သွားတော့၏။
နပေါဦး။
ထို ငါကဓားက မျက်နှာဖုံးတပ်နှင့်လူ၏ နည်းစနစ်လို့ဆိုရပါမည်။ အခြားသူများအသုံးပြုတာ တစ်ခါမှ မကြားဖူးပါချေ။
ဆိုလိုတာက…
“သူဒီမှာလား” စုရှောင်ရှန်ရေရွတ်လိုက်သည်။
ပြီးနောက် ချက်ခြင်း ကြက်သီးတဖျင်းဖျင်းထသွားခဲ့၏။ ထိုမျက်နှာဖုံးတပ်နှင့်လူက သူ့ကို မှတ်ထားရာ ချက်ခြင်းနောက်လှည့်ပြီး တစ်ဟုန်ထိုးထွက်ပြေးသွားချင်စိတ်များ သူ့ကို ကြီးစိုးသွားသည်။
သို့ပေမယ့် ဒီလိုအချိန်ကြီးမှာ ထပြေးခြင်းကြောင့် သူက ပစ်မှတ်ဖြစ်လာနိုင်၏။ မဖြစ်သေးဘူး။ စုရှောင်ရှန် တည်တည်ငြိမ်ငြိမ်နှင့် လူအုပ်အကြား၀င်ရောလိုက်သည်။
ထို့နောက်တဖြည်းဖြည်း ကျောက်တိုင်တစ်ခုအနောက်သွား၍ ရဲ့ရှောင်ထျန်းကို စိုးတထိတ်ထိတ်ကြည့်လိုက်သည်။
ထိုလူက ရဲ့ရှောင်ထျန်း၏ လက်ကိုတောင် အသာဖြတ်ပြလိုက်ရာ သူဒီမှာ လုံခြုံမလားကို မသိရပါချေ။
လေထဲမှ အရှင်သခင်နယ်ပယ်စည်းကမ်းကြီးကြပ်သူလေးဦး ရှုံးနိမ့်တော့မည့် အရိပ်အယောင်များပြလာကြသည်။ သူတို့၏ကိုယ်များတောင့်တင်းသွားကြပြီး ဒွါရ ခြောက်ပါးစလုံးမှလည်း သွေးများ ဒလသော ထွက်လာတော့၏။
ထို့နောက် စွမ်းအင်တစ်ခုက အရပ်လေးမျက်နှာကိုပြန့်သွားသည်။
သူတို့ကိုယ်မှ ဓားစွမ်းအင်များပေါ်လာပြီး ခေါင်းအစခြေအဆုံး ရစ်ပတ်လိုက်ကြကာ မရေမတွက်နိုင်အောင် အကြမ်းပတမ်း ပိုင်းဖြတ်လိုက်ကြပါသည်။ ခဏလေးအတွင်းမှာ စည်းကမ်းကြီးကြပ်သူလေးဦး သွေးသံတရဲရဲဖြစ်သွားကြ၏။
စုရှောင်ရှန်မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာအားလုံးကဓားက အထင်ကြီးစရာကောင်းပေမယ့် ကြမ္မာငင်သည့် ထိုညက မဟာအကြီးအကဲကြီး ကိုးဦးကို ထိန်းချုပ်လိုက်သော မျက်နှာဖုံးတပ်နှင့်လူသုံးလိုက်တာထက်အားနည်းသည်။
ထိုအချိန်က အကြီးအကဲကြီးကိုးဦးကို ချက်ခြင်းထိန်းချုပ်လိုက်နိုင်တာဖြစ်ပြီး ယခုလို တိုက်ခိုက်နေစရာကိုမလိုချေ။
ယခုစုရှောင်ရှန်မြင်နေရတာက ထိုစဉ်ကထက် နိမ့်ကျပေသည်။
ချက်ခြင်း ညီလာခံခန်းမစီကိုလာသည့် လမ်းကျဉ်းလေးဘက်ကို စုရှောင်ရှန် အလိုလိုနေရင်းကြည့်လိုက်မိ၏။ ၎င်းက တောအုပ်၏အပြင်ဘက်မှ ပေါက်သော တစ်ခုတည်းသောလမ်းဖြစ်သည်။
“ကျူးကျော်သူတစ်ယောက်လား”
စိတ်ဝိညာဉ်နန်းတော်ထဲသို့ ကျူးကျော်လာနိုင်သူများက အချဉ်မဟုတ်ကြပါပေ။ လူတိုင်းလည်း တစ်ခုခုမူမမှန်တာ သိသွားကြပြီး စုရှောင်ရှန်လို လမ်းကျဉ်းလေးကို လှည့်ကြည့်လိုက်ကြသည်။
ထိုမှ တစ်စုံတစ်ယောက်က ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေသံကိုကြားရ၏။
“ဒေါက် ဒေါက်”
ထိုအသံပြီးနောက်မှာ လေထဲမှ အရှင်သခင်နယ်ပယ် စည်းကမ်းကြီးကြပ်သူလေးဦး မြေပြင်ပေါ်ကို စွန်ကြိုးပြတ်ကျသွားကြသည်။ သို့သော် ပါးလွှာသော ဓားစွမ်းအင်တစ်ခုက သူတို့ ခန္ဓာကိုယ်ကို ဓားမြှောင်အလား ပိုင်းဖြတ်နေသေး၏။
လျှိုလင်းလင်း၏ မျက်၀န်းများ ပီတိများဖြင့် တောက်ပသွားသည်။
အကိုရွှမ်ရှင်းရောက်လာပြီ။
“ဒေါက် ဒေါက်”
လူတိုင်းမြေပြင်ပေါ်မှ အရှင်သခင်နယ်ပယ် ကြီးကြပ်သူလေးဦးကို အလန့်တကြားကြည့်နေကြစဉ် ထိုအသံက သူတို့ရင်ထဲတွင် မိုးခြိမ်းသံအလား ကျယ်လောင်တုန်ဟီးသွားသည်။
ဒီလူတွေက အရှင်သခင်နယ်ပယ်ကျင့်ကြံသူတွေပါ။ အလကား တစ်ခါသုံးကျင့်ကြံသူတွေမဟုတ်ပါဘူး။ ဘာလို့ ဒီလောက်လွယ်လွယ်လေး ကျရှုံးသွားကြရတာလဲ။
ကျူးကျော်လာတဲ့သူက ဧကရာဇ်နယ်ပယ်ကျင့်ကြံသူလား။
လူတိုင်း ရဲ့ရှောင်ထျန်းကိုလှည့်ကြည့်လိုက်ရာ သူလည်း ထိုလမ်းကျဉ်းလေးကို လေးနက်နေသော မျက်နှာထားဖြင့်ကြည့်နေတာတွေ့ရသည်။
နောက်ဆုံးတော့ ထိုလမ်းကျဉ်းလေး၌ တစ်စုံတစ်ယောက်၏ ပုံရိပ်ကို ခပ်ရေးရေးလေးမြင်လိုက်ရ၏။
ထိုလူက ဟောင်းနွမ်းနေသော ၀တ်စုံကို၀တ်ဆင်ထားပြီး ခရီးဝေးမှလာခဲ့ရသည့်အလား ဖုန်များပေကျံနေ၏။ သူ့နှင်းလိုဖြူဖွေးသော လက်ချောင်းများက ခရမ်းရောင်လမ်းလျှောက်တုတ်တစ်ချောင်းကိုကိုင်ထား၏။
“ဒေါက် ဒေါက်”
ထိုလူနီးကပ်လာသောအခါ ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၍ လူတိုင်း ကြက်သေသေသွားကြသည်။
မျက်ကန်းတစ်ယောက်လား။