အဆင့်တက်သွားတာလား။
လူတိုင်းလျှိုလင်းလင်းကို တအံ့တအော ကြည့်လိုက်ကြသည်။ ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာ လျှိုလင်းလင်းကို စစ်မှန်ခြင်းနယ်ပယ်ကနေ အရှင်သခင်နယ်ပယ်သို့ တက်လှမ်းသွားမည်ဟု မထင်ထားကြပါချေ။
သူမက အတွင်းစည်းထိပ်သီး (၃၃) ဦးထဲမှ ထိပ်ဆုံးပိုင်းက (၃)ယောက်လို ခွန်အားမျိုးကိုပြသသွား၏။ ထို့ပြင်အတွင်းစည်းထိပ်သီး (၃၃) ဦးထဲကို မနေ့တစ်နေ့ကမှ ၀င်းထားသည်ကို မေ့လို့မရချေ။
လျှိုလင်းလင်း၏ ဆက်တိုက် မြင့်တက်လာနေသေးသော ကျင့်ကြံမှုနယ်ပယ်ကို အသေအချာလေ့လာပြီး မိုမိုခေါင်းခါရမ်းလိုက်သည်။ “အဆင့်တက်တာမဟုတ်ဘူး ချိတ်စည်းကိုဖျက်လိုက်တာ”
လျှိုလင်းလင်းအပေါ်ကို ဘယ်သူက ချိတ်စည်းတင်လိုက်လဲ သူမ သိချင်သွားသည်။ ၎င်းက ရဲ့ရှောင်ထျန်းနှင့် အခြားသူများ၏ မျက်စိအောက်မှတောင် တိုးလျှို ၀င်လာနိုင်ခဲ့၏။
စုရှောင်ရှန်လည်း ကြက်သေသေသွားသည်။ လျှိုလင်းလင်းတစ်ချိန်လုံးကျင့်ကြံခြင်းနယ်ပယ်ကို ဖိနှိပ်ထားခဲ့တယ်ဆိုတာ မယုံနိုင်ပါလေ။
သူမသာ ထျန်းရွှမ်တံခါးအတွင်း စွမ်းအားအပြည့်ကိုသုံးခဲ့လျှင် မီးခိုးမြူပုံရိပ်နှင့် သူတွေ့နေရမည်တောင်မဟုတ်တော့ချေ။
နပေါဦး…။
သူမသာ ထျန်းရွှမ်တံခါးထဲမှာ မီးခိုးမြူပုံရိပ်လို စွမ်းရည်မရှိဘဲ အရှင်သခင်နယ်ပယ်ကိုတက်လှမ်းခဲ့ရင် တံခါးရဲ့ နိယာမက သူမကို ဖျက်ဆီးဖို့ကြိုးစားပေလိမ့်မည်။
ထိုထင်မှတ်မထားသော ပြောင်းလဲမှုက လျှိုလင်းလင်းကို တိုက်ခိုက်မှုမှာ အသာစီးရသွားစေလိုက်၏။
အရှင်သခင်နယ်ပယ် စည်းကမ်းကြီးကြပ်သူလေးယောက်ရှေ့တက်လိုက်ကြသည်။ လက်ရှိလူများအတွင်း ကျောက်ကျစ်တုံ့ကလည်း မှောက်သွားခဲ့ရာ လျှိုလင်းလင်းကို ရင်ဆိုင်နိုင်တာသူတို့သာရှိကြသည်။
ကျန်စည်းကမ်းကြီးကြပ်သူများလည်း အလန့်တကြားမဖြစ်သွားပါဘဲ အစီအရင်ကိုစနစ်တကျ ပုံဖော်လိုက်ကြသည်။ ဒီစည်းကမ်းကြီးကြပ်သူများက တစ်ယောက်ချင်းဆို အရှင်သခင်နယ်ပယ်ကို ယှဉ်နိုင်မှာ မဟုတ်ပေမယ့် အစုလိုက်ဆိုရင်တော့ နည်းနည်းပါးပါး တစ်ယောက်ကိုတစ်ယောက်ကာကွယ်ရင်း ပြန်တိုက်ခိုက်နိုင်ကြသည်။
စည်းကမ်းကြီးကြပ်သူများ သူတို့ ထူးဆန်းသော အခြေအနေအတွင်းကို ကျသွားတာခံစားလိုက်ရသည်။ မကြာသေးခင်လေးကမှ အရာအားလုံးက အဆင်ပြေနေသေးကို ယခုတော့ ရုတ်ရုတ်သဲသဲဖြစ်လို့။
ဒါပေမယ့် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူသုံးယောက်ရှိတယ်ဆိုတဲ့ အတွေးလေးက သူတို့ စိုးထိတ်မှုများကို ပျောက်သွားစေခဲ့၏။
လျှိုလင်းလင်းက အရှင်သခင်နယ်ပယ်ဆိုတော့ရောဘာဖြစ်လဲ။ ဒီမှာ ခေါင်းဆောင်နဲ့တခြား အကောင်ကြီးတွေရှိနေတာပဲ။ သူမက ဘာပြဿနာမှ မဟုတ်ဘူး။
“နင်က သူတော်စင်အစေအပါးလား”
ရဲ့ရှောင်ထျန်း အလန့်တကြာ အော်လိုက်သည်။
လျှိုလင်းလင်းကို သူတစ်ချက်တည်းဖြင့် အမှောက်သိပ်နိုင်ပါသည်။ ဒါပေမယ့် သူမပြောသလို သူ့ဘေးနား၌ ကျန်းပင်းယန်ကရှိနေသေး၏။ ထိုသူ၏ ဂုဏ်သိက္ခာကို ထည့်တွက်ပေးရမလား ဘာလား တွေဝေသွားတော့သည်။
လျှိုလင်းလင်းသူ့ကိုပြန်မဖြေလိုက်ပါ။
သူမ၏ မိုးကြိုးနတ်ဘုရားပုံစံဖြင့် ခရမ်းရောင်လျှပ်စီးများကို ၀န်းကျင်တစ်လျှောက် ဖြန့်ကျက်လိုက်သည်။ ထို့နောက် သူမ၏ နောက်မှ ခရမ်းရောင်လျှပ်စီး တစ်လက်လက်ထနေသော အတောင်တစ်စုံထွက်လာခဲ့၏။ လျှိုလင်းလင်း ထိုအရှင်သခင်နယ်ပယ် စည်းကမ်းကြီးကြပ်သူများကိုကြည့်လိုက်သည်။
သူတို့လေးဦးလည်း အရှိန်အဝါများကို ကောင်းကောင်းကြီးထုတ်လွှတ်ထားကြပါသည်။ လျှိုလင်းလင်းက သာမန် အရှင်သခင်နယ်ပယ်ကျင့်ကြံသူမဟုတ်ရာ သတိလေးတော့ ချပ်ထားဖို့လိုပေသည်။
ထိုအခိုက်မှာ အခြေအနေက အင်မတန် တင်းမာလာခဲ့၏။
ရှေးဟောင်းသစ်ပင်ကြီးပေါ်က ခြေကျိုး စာကလေးကလည်း အသိုက်ထဲက ခုန်ထွက်ရာမှာ ခြေချော်ကျပြီး ကြမ်းပြင်တွင် ကျောက်ကျစ်တုံ့လို တောင့်တောင့်တင်းတင်းကြီး၀ပ်သွားသည်။
အချိန်မရွေး တိုက်ပွဲက ပေါက်ကွဲထွက်တော့မတတ် လေးနက်လာခဲ့လေသည်။
ကျန်းပင်းယန် ထိုအခိုက်ကို အခွင့်ကောင်းယူကာ စိတ်ချင်းဆက်ပြီး ရဲ့ရှောင်ထျန်းကို စကားပြောလိုက်သည်။ “နန်းတော်သခင်ရဲ့။ ကျုပ်ကိုစိတ်ထဲမထားပါနဲ့။ သူတော်စင်အစေအပါးတိုင်းကိုသတ်ရမယ်လေ။ သူတို့က ကျုပ်တို့ ဒီကိုရောက်လာရတဲ့ အကြောင်းပြချက်ကိုး။ ချုပ်တည်းမထားပါနဲ့။ လုပ်ချင်တာလုပ်ပါ”
ရဲ့ရှောင်ထျန်းခေါင်းညိတ်လိုက်သည်။ ကျန်းပင်းယန် ဘာမှ မပြောလျှင်တောင် လျှိုလင်းလင်းကို တိုက်ခိုက်ဖို့ သူဆုံးဖြတ်ချက်ချလိုက်ပြီးသားဖြစ်သည်။
ချန်ရှင်းချုနှင့် ကိစ္စမှ ရဲ့ရှောင်ထျန်းက အဆင့်နိမ့်တဲ့သူကိုတောင် နာမည်ပျက်မှာကို မကြောက်ဘဲ လုပ်ချင်တာလုပ်တတ်တဲ့သူဖြစ်ကြောင်းသိနိုင်သည်။
“နင့်ရဲ့ တိတ်ဆိတ်မှုကို ၀န်ခံတယ်လို့ မှတ်လိုက်မယ်”
သူမက သူတော်စင်အစေအပါးလားဆိုတာ ရဲ့ရှောင်ထျန်းအတွက် အရေးမကြီးပါချေ။ ထျန်းရွှမ်တံခါးမှ အနက်ရောင်ဓားအိမ်ကို ခိုးဖို့ကြံရွယ်ခဲ့သည်မဟုတ်ပါလား။ အဆုံးမှာ ကျရှုံးခဲ့တယ်ဆိုပေမယ့် ကြိုးစားမှုကိုက ပစ်မှုမြောက်ပေသည်။
ရဲ့ရှောင်ထျန်း လက်မြှောက်လိုက်သောအခါ လေဟာနယ်က တုန်ခါလာခဲ့သည်။
ကောင်းကင်တစ်လျှောက်ကို အံ့မခန်းအရှိန်အဝါများအစားထိုးဝင်ရောက်လာပြီး အရာအားလုံးကို ဆိတ်ငြိမ်ကျသွားစေလိုက်၏။
“အသူရာချောက်နက်လှောင်ပိတ်ခြင်းလား”
လျှိုလင်းလင်းထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ သူမမှာ လျှပ်စီးအလား အမြန်နှုန်းရှိတယ်ဆိုပေမယ့် ယခုလို စွမ်းအားကြီး လှောင်ပိတ်ခြင်းစွမ်းရည်မျိုးနှင့်တွေ့လာလျှင် ဘာမှတတ်နိုင်မည်မဟုတ်ချေ။
ရဲ့ရှောင်ထျန်းကလည်း နာမည်အပျက်ခံပြီးတော့ သူ့ထက်အဆင့်နိမ်သော သူမလို ကျင့်ကြံသူတစ်ယောက်ကိုတိုက်လိုက်မည်ဟု မထင်ထားပါ။ ဘယ်လိုကြည့်ကြည့် သူမ ရှုံးနိမ့်ရမည်သာ။
မိုးကုပ်စက်ဝိုင်းအလွန်ကို လျှိုလင်းလင်း စိုးရွံ့သောမျက်၀န်းများဖြင့် ကြည့်မိသည်။
သူတို့အကြံအစည်အရတော့ သူတော်စင်အစေအပါးက စိတ်ဝိညာဉ်နန်းတော်အတွင်းကို ထိုးဖောက်၀င်ရောက်လောက်ပြီးပေပြီ။ စောနက သူမလွှတ်လိုက်သော လျှပ်စီးလုံးက အချက်ပြခြင်းဖြစ်၏။
သို့သော် ယခုတော့ ဘယ်သူမှ ပေါ်မလာသေးပါချေ။
ဘ၀ကြီးက တကယ် ထင်မှတ်မထားစရာများနှင့်ပြည့်နေ၏။
ထို့နောက် တဲလေးမှ တိတ်တိတ်လေးထွက်ခွာသွားရန် ပြင်နေသော စုရှောင်ရှန်ကို သူမကြည့်လိုက်သည်။ သူဘာလုပ်ချင်နေမှန်းမသိသော်လည်း လျှိုလင်းလင်းအကြံတစ်ခု အတွေးရသွားသည်။
သူမ၏ မျက်၀န်းများထဲ ဉာဏ်နီဉာဏ်နက်များသော အလင်းတစ်ချက်လက်သွားပြီး လျှိုလင်းလင်း စိတ်ပျက်အားလျော့သော အမူအရာ ဖမ်းလိုက်သည်။ ထို့နောက် စုရှောင်ရှန်ကို စိုးရိမ်တကြီးအော်ပြောလိုက်၏။
“စုရှောင်ရှန် ပြေး”
လူတိုင်း တအံ့တအော တဲလေးကို ချက်ခြင်း ဝိုင်းကြည့်လိုက်ကြ၏။
ထိုတွင် ရင်ဘက်ပေါ်လက်တင်၍ ပက်လက်လှန် လဲနေသော စုရှောင်ရှန်ကိုတွေ့ရသည်။ သူ့ခြေတစ်ဖက်က တဲလေးထဲမှ မသင်္ကာဖွယ်ရာကောင်းစွာ ထွက်နေ၏။
လူတိုင်း မှင်တက်သွားကြပါသည်။
“ဆိုတော့ လျှိုလင်းလင်းနှင့် စုရှောင်ရှန်တို့က တစ်ဖွဲ့တည်းလား”
…
အချိန်ကို အနည်းငယ် နောက်ပြန်ရစ်ကြည့်ရလျှင်…။
အချိန်မရွေးတိုက်ခိုက်မှုကဖြစ်ပွားတော့မည်။ အရှင်သခင်နယ်ပယ် စည်းကမ်းကြီးကြပ်သူလေးဦးက လျှိုလင်းလင်းကို ဝိုင်းထားကြ၏။
လူတိုင်း၏ အာရုံက ကောင်းကင်ပေါ်က လျှိုလင်းလင်းထံရောက်နေချိန်မှာ စုရှောင်ရှန် သူ့ရင်ဘက်အင်္ကျီကြားထဲမှ သံလေးလေးကို ကိုင်ပြီး ဖြေးဖြေးချင်း တရွတ်တိုက် ရွေ့သွားနေသည်။
ကျဲက စကားပြောချင်တာ တစ်ပိုင်းသေနေပြီ။ ကံကောင်းတာက စုရှောင်ရှန်က ကျဲနှင့် စိတ်ဝိညာဉ်အာရုံကိုအသုံးပြု၍ ဆက်သွယ်နိုင်ဟန်ရသွား၏။ ဒါကြောင့် ကျဲ ထမပေါက်ကွဲခြင်းဖြစ်သည်။
သို့ပေမယ့် လေထုထဲက တင်းမာလာသော သတ်ဖြတ်ချင်စိတ်ကြောင့် ကျဲတဖန် ထကြွလာတာကိုခံစားလိုက်ရသည်။
အဆုံးမှာ ကျဲက သတ်ဖြတ်ခြင်းကွင်းပြင်က ရုပ်သေးဖြစ်တာကြောင့် အလွန်အမင်းရုန်းရင်းကြမ်းတမ်းပေသည်။ စုရှောင်ရှန်သာ သတိတစ်ချက်လွတ်သွားပါက ဒီနေရာတစ်ခုလုံးကို လူသတ်ကွင်းအဖြစ် ကျဲပြောင်းနိုင်လောက်၏။
ဒါပေမယ့် ကျဲဘယ်လောက်ကြမ်းကြမ်း ဧကရာဇ်နယ်ပယ်ကျင့်ကြံသူသုံးဦး၏ မျက်စိအောက်မှာ ထိုင်ရာဆိုင်းနိုင်ပါ့မလား။ သူကြိုးစားလျှင်တောင် ထိုသုံးယောက်ကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။
စုရှောင်ရှန်လည်း အလောင်းအစားမလုပ်ရဲပါချေ။ သူက သူလျှိုလည်းမဟုတ်သလို သစ္စာဖောက်လည်း မဟုတ်ရပါ။ သူ့ဘက်လူတွေနှင့် ဘာလို့ တိုက်လိုက်နေရမည်နည်း။
ဒီလိုတိုက်ပွဲထဲက တိတ်တိတ်လေး ထွက်သွားတာက မကောင်းဘူးလား။ ပြီးမှ ထျန်းရွှမ်တံခါးအတွင်းရခဲ့သည်များကို ပြန်လည်ဆန်းစစ်ကြည့်နိုင်ပေမည်။
ထိုသို့ လုပ်ရန် အကောင်အထည်ဖော်လိုက်စဉ်မှာပဲ လျှိုလင်းလင်း၏ အော်သံကို သူကြားလိုက်ရသည်။
…
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၇၁]
စုရှောင်ရှန် နေရာတွင်ပင် ကြက်သေသေသွားခဲ့၏။
သူအလန့်တကြား ထထိုင်ကြည့်လိုက်သည်။ လျှိုလင်းလင်းလည်း ဒီလို ဉာဏ်နီဉာဏ်နက်များတတ်မယ်လို့မထင်ထားပါချေ။ ထိုမိန်းမ သူ့အရှုပ်တော်ပုံထဲ ဘာလို့ သူ့ကိုဆွဲထည့်ချင်နေတာလဲ။
အဲ့လို မဖြစ်ရဘူးလေ။
သူမ၏ အရှုပ်တော်ပုံထဲ ရိုးရိုးရှင်းရှင်း ဆွဲထည့်တာမဟုတ်ဘဲ သူ့ကိုသေတွင်းထဲပို့နေတာဖြစ်ပေသည်။
ဘာလို့ ဒီလိုအကြံတောင် ရသွားရတာလဲ။
အဲ့နောက် သူ့ကို ထျန်းရွှမ်တံခါးအတွင်းမှာအကြိမ်ကြိမ်သူမ၏ အဖွဲ့အစည်းထဲ၀င်ဖို့ ကမ်းလှမ်းတာကို သတိရသွားသည်။ ယခုလည်း ထိုသို့ စကားအရာဖြင့်ပြောလို့မရတော့လို့ ခုလို အကြမ်းပတမ်းနည်းလည်းကိုသုံးရတာလား။
သူ့ကိုအံ့အားတကြီးကြည့်နေကြသော မျက်၀န်းများအတွင်း ရဲ့ရှောင်ထျန်း၏ မျက်နှာကိုတောင်တွေ့လိုက်ရသည်။ စုရှောင်ရှန်တော့ အခြေအနေက မီးဆွဲပြီဆိုတာ သိလိုက်ရ၏။
သူဘယ်လိုရှင်းပြရမှာလဲ။ ရှင်းပြတော့ရော ဘယ်သူယုံမှာလဲ။
သူ့နေရာမှာ အခြားသူသာဆို ကြံရာမရ ဒူးထောက် တောင်းပန်နေကြလောက်ပြီ။ ဒါပေမယ့် သူက စုရှောင်ရှန်ပါ။ သူ့ဦးနှောက်ဆဲလ်တစ်ခုချင်းစီတိုင်းက အပြင်းအထန် လှုပ်ရှားသွားကြသည်။ ထိုစဉ်သူ့အသက်က ချိန်ခွင်လျား၏ အလယ်တည့်တည့်၌ ရှိနေပေ၏။
ထိုမှ အတွေးတစ်ခုရသွားကာ မဲ့ရွဲ့သွားနေသာ မျက်နှာဖြင့် ပြန်အော်သည်။ “လျှိုလင်းလင်း ငါနင့်ကို ဘယ်နှစ်ခါပြောရမလဲ။ ငါနင့်ကို စိတ်မ၀င်စားဘူးလို့။ ပျော်ရွှင်မှုဆိုတာ အတင်းလုပ်ယူလို့မရဘူး။ သူတော်စင်အစေအပါးထဲကို ငါ၀င်မှာမဟုတ်ဘူး”
အယ်…။
စုရှောင်ရှန်၏ စကားကြောင့် ၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ယခုတော့ လျှိုလင်းလင်း အံ့အားသင့်ရမည့်အချိန်ဖြစ်ပြီး သူမကို လူတိုင်း ပြန်၍စိုက်ကြည့်လိုက်ကြရာ မျက်နှာလေးရဲရဲနီပြီး ရှက်သွေးဖြန်းသွားရသည်။
“စုရှောင် နင်ဘာတွေလျှောက်ပြောနေတာလဲ”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[အငြိုးထားခံရပါသည်။ ပင်ကိုယ်မှတ် +၁၀၂]
စုရှောင်ရှန် ထိုအရာကိုမကြားသည့်အလား အတွေးနက်နေပုံရသည်။ ထို့သို့ မိုးခြိမ်းမတတ်တုန်ဟီးသွားသောအော်သံကြီးပြီးနောက်မှာ လေညှင်းလေးလို တိုးတိုးတိတ်တိတ်ရေရွတ်လိုက်၏။ သို့ပေမယ့် သူပြောတာကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားကြနိုင်ပေသည်။
“တောင်းပန်ပါတယ်။ ငါနင်နဲ့ မလိုက်နိုင်ဘူး။ နင်က လူကောင်းတစ်ယောက်ပါ…။ စိတ်ဝိညာဉ်နန်းတော်မှာက ငါ့အကောင်းဆုံး အမှတ်တရတွေရှိနေတာ။ ငါ့ဆရာ၊ ငါ့ညီငယ် ညီမငယ်တွေလည်း ဒီမှာရှိတယ်။ ငါသတ်ချင်တဲ့လူ… အဲ ငါချစ်တဲ့လူကလည်း ဒီမှာပဲရှိတယ်”
ထို့နောက် လေထဲမှ လျှိုလင်းလင်းကို မျက်လုံးချင်းတည့်တိုးကြည့်လိုက်ပြီး ပြတ်သားသောလေသံဖြင့် “ငါနင်နဲ့မလိုက်နိုင်ဘူး”
သူ့စကားလုံးတွေက အသိစိတ်လွတ်သွားသလို ရေရွတ်နေတာနဲ့တူပေမယ့် တကယ်က စကားလုံးတစ်လုံးကိုသာ အဓိက အဓိပ္ပာယ်ထောက်ပြသည်။
ငါ့ဆရာ…။
သူ့ဆရာဘယ်သူလဲဆိုတာ စုရှောင်ရှန်မပြောပေမယ့် အကြားအမြင်မှ သူ့စကားကြောင့် ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့၏ မျက်နှာပေါ်မှ အမူအရာ ပြေလျော့သွားတာကို တွေ့လိုက်ရသည်။
သူထင်တာမှန်သည်။ ဒီလူတွေက သူက အကြီးအကဲစန်း၏ တပြည့်ဆိုတာ သိကြ၏။
အကြီးအကဲစန်းနှင့် ဆက်နွယ်ချက်ကို မထုတ်ဖော်ပါဘူးလို့ ကတိပေးထားပေမယ့် ဒီအဖိုးကြီးတွေ ၎င်းကို သိလောက်ပြီးဟု ခန့်မှန်းထားလေသည်။
မဟုတ်လျှင် ထျန်းရွှမ်တံခါး၀င်ခွင့်ကို ဘယ်လိုရမည်နည်း။ ရဲ့ရှောင်ထျန်းက ကမ္ဘာငယ်လေးကိုကယ်တင်သည့်ကိစ္စကို စိတ်ချယုံကြည်စွာ ပေးအပ်မည်နည်း။ သူ့ကို “မင်းကိုအယုံကြည်ရဆုံးပဲ” လို့ ဘာလို့ပြောမည်နည်း။
စုရှောင်ရှန်၏ စကားပြီးနောက် လူတိုင်း သူ့ထံမှ လျှိုလင်းလင်းထံ နောက်တစ်ကြိမ် အကြည့်လွှဲလိုက်ကြသည်။
လေထဲတွင် ပျံဝဲနေသော မိန်းမငယ်လေးက ကြက်သေသေသွားသလို အလွန်အမင်းလည်း တုန်လှုပ်သွားခဲ့ပေသည်။ ထို့နောက် စုရှောင်ရှန်၏ စပ်ဖြီးဖြီး အမူအရာကို ကြည့်လိုက်၏။
ဟေး။ သူမက သူ့ကို နောက်ကျောဓားနဲ့ ထိုးမလို့လေ။ ဘာလို့ မျှားဦးက သူမဘက်ကို ပြန်လှည့်လာတာလဲ။