ကျောက်ကျစ်တုံ့ ထို ထုတ်ဖော်မှုများကြောင့် ကြက်သေသေသွားခဲ့သည်။
သူကံကောင်းနေတာလား။
ဒီသူလျှိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြိုးစွပ်ဖို့ ကြံနေကြတာလား။
သူတို့နှစ်ယောက်စီမှာ ထျန်းရွှမ်းတံခါးကို တည်ငြိမ်အောင်လုပ်ထားပေးတဲ့ ရတနာနှစ်ခုရှိနေကြသည်။ သူလျှိုများမဟုတ်ကြလျှင် ဘာတွေလဲ။
သူ့နောက်လက်တစ်ဖက်ကိုထပ်ဆန့်ထုတ်လိုက်သည်။ သူ့တို့လက်စွပ်တွေထဲမှာ သင်္ကာစရာတွေ တွေ့မယ်ဆိုရင် သူတို့အပြစ်အတွက်ကို အတည်ပြုနိုင်ပေ၏။
“မင်းတို့လက်စွပ်တွေပေး”
စုရှောင်ရှန်ကို လျှိုလင်းလင်းမျက်စောင်းတစ်ချက်ထိုးလိုက်သည်။ ကျောက်ကျစ်တုံ့ထံကို အသာအယာ ဘာမှ မဖြစ်သလိုလျှောက်သွားတာကြောင့် စုရှောင်ရှန်မှင်တက်သွားရ၏။
သူ့စီမှာရှိတဲ့ ချိတ်ပိတ်ခြင်းကျောက်တုံးက ထျန်းရွှမ်တံခါးကို တည်ငြိမ်အောင်လုပ်ပေးထားတဲ့ တတိယ ရတနာဖြစ်ရမည်။ ဒါဆို လျှိုလင်းလင်းလက်ထဲက စတုတ္တမြောက်ရတနာပေါ့။
ဒါပေမယ့် ဘာလို့လူတိုင်းကိုထုတ်ဖော်ပြသနေတာလဲ။ သူမ လက်စွပ်ထဲမှာ သိုဝှက်ထားစရာဘာမှ မရှိဘူးလား။
သူ၀ဠ်ပြန်လည်တော့မှာလား။
“သူ့လပ်စွပ်ကိုအရင်ရှာကြ။ နောက်ဆုတ်သွားနေတာကိုကြည့်လိုက်ဦး။ တစ်ခုခု ဖွက်ထားတာရှိကိုရှိရမယ်” စုရှောင်ရှန်ကို ဘေးတိုက်ကြည့်ရင်း လျှိုလင်းလင်းပြောလိုက်သည်။
“အမြန်” ကျောက်ကျစ်တုံ့ သူ့ကို ပြန်လောလိုက်သည်။
ဘာရွေးချယ်ချက်မှမရှိတော့ရာ စုရှောင်ရှန်ရှေ့ကိုသာ တက်လိုက်ရ၏။ သူ့လက်က လက်စွပ်ကိုချွတ်ဖို့ကိုင်ထားရင်း တုံ့ဆိုင်းနေလေသည်။
“ခင်ဗျား ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာကို ၀င်စွပ်ဖက်နေတာနော်” နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ပြန်ချေပသည်။
“ဟက်”
ကျောက်ကျစ်တုံ့ ကိုယ်ရေးကိုယ်တာ ဘာညာ ဂရုစိုက်မနေပါ။ သူ့လက်စွပ်ကို ဆွဲယူလိုက်သည်။
စုရှောင်ရှန်၏ မျက်နှာထက်၌ နာကျင်မှုများဖြတ်သန်းသွား၏။
သိုလှောင်လက်စွပ်တစ်ခုက ပိုင်ရှင်သေမှ ကြည့်ရှူနိုင်ပေသည်။ ဒါမှမမဟုတ် ပိုင်ရှင်က အခွင့်ပေးလျှင် ကြည့်နိုင်သည်။
ဤနေရာတွင် ရဲ့ရှောင်ထျန်းလိုလူမျိုးကတော့ ချွင်းချက်အနေနဲ့ဖြစ်၏။
ကျောက်ကျစ်တုံ့ ၀င်ကြည့်ခွင့်ရပြီးသွားသောအခါ သူ့စိတ်ဝိညာဉ်အာရုံကို လက်စွပ်ထဲထည့်လိုက်သည်။ မကြာခင် သူ့မျက်နှာထက်၌ ထူးဆန်းသော အမူအရာပေါ်လာခဲ့၏။
သူလက်စွပ်ထဲမှာ ဘာတွေ့လိုက်တာလဲ။
သွေးများ ပေကျံနေသော အ၀တ်အစားတစ်ချို့နှင့် ရိုးရိုးအ၀တ်အစားများ၊ တောင်လိုပုံနေသော စိတ်ဝိညာဉ်ကျောက်တုံးများ၊ ပျားရည်ပုလင်းအနည်းငယ်နှင့် မယုံနိုင်စရာကောင်းလောက်အောင် များပြားသောဆေးလုံးများ။
လက်စွပ်ထဲက စိတ်ဝိညာဉ်ကျောက်တုံးပမာဏကို သူဂရုမစိုက်ပါချေ။ ဒါပေမယ့် ဘာလို့ မူလနန်းတော် ဆေးလုံးတွေ ဒီလောက်များရတာလဲ။ ပမာဏက အတွင်းစည်းကို ခုမှ ၀င်လာတဲ့ ဂိုဏ်းသားတစ်ယောက်ရှိရမယ့်အရာမျိုးမဟုတ်ဘူး။
ကျောက်ကျစ်တုံ့ ဆေးလုံးများအပေါ် အချိန်ဆွဲမနေဘဲ အခြား ရတနာနှင့်တူသောအရာများကိုရှာဖွေကြည့်လိုက်သည်။ သို့သော် အချည်းနှီးသာ။
ထပ်၍ ထပ်၍ အဖန်ဖန်အခါအခါ ရှာကြည့်သော်လည်း မတွေ့ပါချေ။
ကျောက်ကျစ်တုံ့ နှုတ်ခမ်းထောင့်လှုပ်သွားသည်။ ၎င်းက သူထင်ထားတာနှင့် ကွဲပြားနေ၏။ သူလျှိုနှစ်ယောက်ရှိတာဆိုတော့ တစ်ယောက်ချင်းစီတိုင်းက ရတနာ နှစ်ခုရှိသင့်သည်။ ခုတော့ ဘာလို့ တစ်ခုမှ မတွေ့ရတာလဲ။
စုရှောင်ရှန်မှာ အနက်ရောင်ဓားအိမ်ပဲရှိလျှင် လျှိုလင်းလင်းမှာ ကျန်တဲ့ ရတနာ သုံးခုရှိရပေမည်။ ဒါပေမယ့် နှစ်ရက်အတွင်း ထိုအရာများကို သူမ ဘယ်လိုယူနိုင်လိုက်တာလဲ။ အံ့အားသင့်စရာကောင်းလိုက်ပေစွ။
ဒါဆို စုရှောင်ရှန်က အနက်ရောင်ဓားအိမ်ကို ကံကောင်းပြီးရတယ်ဆိုတာ အမှန်တရားကိုပြောနေခဲ့တာပေါ့။ ကြည့်ရတာ နောက်ထပ် ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်မပြသသေးသည့် သူလျှိုရှိရပေမည်။
မိုမို့ကို ကျောက်ကျစ်တုံ့ မသိမသာလေးကြည့်လိုက်သည်။ သူမက ဖြစ်ပျက်နေသည်များကို ဂရုမစိုက်သလို ရှိနေ၏။
လူတိုင်း ကျောက်ကျစ်တုံ့၏ အမူအရာကိုကြည့်ပြီ စုရှောင်ရှန်က အပြစ်ကင်းတယ်ဆိုတာ သိလိုက်ရသည်။
“မင်းရဲ့ ကျန်တဲ့လက်စွပ်တွေရော” ကျောက်ကျစ်တုံ့ ခဏစဉ်းစားပြီးမေးသည်။
စုရှောင်ရှန် မဲ့ရွဲ့သွားကာဖြေ၏။ “ဘယ်ကလက်စွပ်တုန်း။ ကျုပ်ကိုချမ်းသာတယ်ထင်နေတာလား။ ဘာလို့ သိုလှောင်လက်ကောက်၊ သိုလှောင်ဆွဲကြိုးရှိလား မမေးရတာလဲ”
သိုလှောင်ဆွဲကြိုး။ ကျောက်ကျစ်တုံ့မှာတောင် ထိုအရာမရှိချေ။
စုရှောင်ရှန်ကို ခြောက်ကပ်ကပ်ရယ်ပြ၍ သူ့လက်စွပ်ပြန်ပေးလိုက်ပြီး”တကယ်က မင်းလည်း ချမ်းသာပါတယ်” ဆိုသည်။
“လျှောက်လျှောက်မပြောနဲ့” စုရှောင်ရှန် လက်နှစ်ဖက်ကို အပြင်းအထန်ဝေ့ရမ်းပြီး “ကျုပ်တို့ကို လူတွေကြည့်နေကြတာ ဒီကိစ္စပြောတာ သေစေချင်လို့လား။ ကျုပ်က အပြင်စည်းဂိုဏ်းသားပဲရှိသေးတာနော်” သူတတ်နိုင်သလောက် အပြစ်ကင်းစင်သည့်ပုံဖမ်းပြီး စုရှောင်ရှန်ပြောသည်။
ထိုမှတ်ချက်ကြောင့် ကျောက်ကျစ်တုံ့ စွံ့အသွားသည်။ အခြားသူများလည်း ပြောစရာစကားပျောက်သွားကြ၏။
သို့မှ လူတိုင်း စုရှောင်ရှန်က အပြင်စည်းဂိုဏ်းသား သာသာ ရှိသေးတာကို သတိရလိုက်ကြသည်။ သူသာ သတိမပေးခဲ့ရင် သူ့ကို အတွင်းစည်းဂိုဏ်းသားလို ဆက်လက်၍ ထင်နေကြမည်သာ။
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁၄၂]
: [အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၆၆]
: [အငြိုးထားခြင်းခံရပါသည်။ အင်ကိုယ်မှတ် +၁၄]
ဟင်…
“ဟီးဟီး ဟီဟီး…” မထင်မှတ်ဘဲ ရလိုက်တဲ့ ပင်ကိုယ်မှတ်များကြောင့် စုရှောင်ရှန်စပ်ဖြီးဖြီးရယ်လိုက်သည်။ ထို့နောက် သူ့လက်စွပ်ကိုပြန်ယူကာဘေးတစ်ဘက်သို့ တိတ်တိတ်လေးသွားရပ်လိုက်၏။
“မင်းက သံသယတော့မကင်းသေးဘူးနော်။ လျှောက်သွားမနေနဲ့။ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနရဲ့ လုပ်ထုံးလုပ်နည်းအရ နောက်တစ်ထပ်တစ်ကြိမ် စစ်ဆေးခံရဦးမယ်”
“ကောင်းပါပြီ နားလည်ပါတယ်”
စုရှောင်ရှန်လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျောက်ကျစ်တုံ့၏ စူးစူးရှရှ အကြည့်များအောက်၌ အင်္ကျီဖုန်ခါပြီး ပြန်ထိုင်လိုက်လေသည်။
“နင့်လက်စွပ်” လျှိုလင်းလင်းဘက်လှည့်ပြီး ကျောက်ကျစ်တုံ့ ပြောသည်။
မယုံကြည်နိုင်မှု၊ သံသယတို့ဖြင့် စုရှောင်ရှန်ကိုကြည့်နေသော လျှိုလင်းလင်းအကြည့်လွှဲလိုက်၏။
ထျန်းရွှမ်တံခါးမှာတုန်းက စုရှောင်ရှန်ကိုသူမမေးစဉ် တခြားရတနာများသူ့စီမှာရှိကြောင်းကို သူဖြေကြားခဲ့သည်မဟုတ်ပါလား။ ကျောက်ကျစ်တုံ့ဘာလို့ မတွေ့ရတာလဲ။
“လက်စွပ်” ကျောက်ကျစ်တုံ့ လောလိုက်သည်။
လျှိုလင်းလင်း သူမ၏ လက်ချောင်းအပေါ်က သိုလှောင်လက်စွပ်ထံ အကြည့်ရောက်သွား၏။ အသေအချာ စစ်ဆေးကြည့်လျှင် လက်စွပ်ပေါ်က ကနုတ်လေးများ ထွင်းထားမှုက ထူးခြားကွဲပြားနေတာကိုတွေ့ရမည်။
ထိုကနုတ်က ကိုယ်လုံးတီးမိန်းမပျိုတစ်ဦး ဒူးကိုပိုက်၍ မျက်နှာအပ်ကာ ထိုင်နေသည့်ပုံဖြစ်၏။ သူမ၏ ခြေလက်များက သံကြိုးများဖြင့် ချုပ်နှောင်ထားခံရသည့် အစေခံလို တိတ်တဆိတ်ငိုကြွေးနေပုံရသည်။
လျှိုလင်းလင်း သူမ လက်ချောင်းမှ လက်စွပ်ကိုချွတ်လိုက်သည်။ ထို့နောက် ရေခဲနဂါးဥကို လက်စွပ်ထဲပြန်ထည့်ပြီး ကျောက်ကျစ်တုံ့ကိုပေးလိုက်၏။
“ရော့”
ထိုရိုးသားသလိုပြုမူ မှုကြောင့် ကျောက်ကျစ်တုံ့ မျက်ခုံးပင့်လိုက်သည်။ ဘာလို့ လူတိုင်း ရိုးသားနေကြရတာလဲ။
သူလက်စွပ်ကိုယူဖို့ လက်လှမ်းလိုက်ပြီး ၎င်းကို လက်ချောင်းနှင့် ထိလိုက်တာနဲ့ ချက်ခြင်း အေးခဲသွားသလို ရပ်တန့်သွား၏။ သူ့မျက်လုံးလေးတောင် ရွေ့လို့မရပါချေ။
၎င်းက သူ့အနားရှိလူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ”
ကျောက်ကျစ်တုံ့ အကြာကြီးမလှုပ်မယှက်ရှိနေသည်။ သို့မှ အတန်ကြာသော် အသားလောင်ကျွမ်းသလို အနံ့ရမှ တစ်ခုခု မူမမှန်တာကို လူတိုင်းသိလိုက်ကြရ၏။
ဂျစ်…။
ကျောက်ကျစ်တုံ့၏ ခန္ဓာထက်၌ လျှပ်စီးများပေါ်လာသည်။ ထို့နောက် သူအပြင်းအထန် တုန်ခါသွားတော့၏။
ဂျွတ် ဂျွတ်
သွားများအချင်းချင်းပွတ်ကြိတ်နေကြပြီ သူ့ကြွက်သားများ တောင့်တင်းသွားကြသည်။ သူ့ဆံနွယ်များလည်း ထိုးထိုးထောင်ထောင် ဖြစ်သွားပေသည်။ လျှိုလင်းလင်း၏ လျှပ်စီးရိုက်တာခံလိုက်ရပြီး ကျောက်ကျစ်တုံ့၏ အသားအရေက သူ၀တ်ထားသော အနက်ရောင် ၀တ်စုံအတိုင်းကို အနက်ရောင်ချိတ်တူးသွား၏။
စုရှောင်ရှန့် ကျောရိုးတစ်လျှောက်စိမ့်တက်သွားသည်။ တကယ် ဒီလျှိုလင်းလင်းနှင့် သွားမရှုပ်သင့်ပါချေ။ ကျောက်ကျစ်တုံ့ကိုကြည့်ပါဦး။ မိုးကြိုးပစ်ထားခံရတဲ့အတိုင်းပဲ။
“သူလျှို”
“သူမက သူလျှို”
အခြေအနေကို သဘောပေါက်သွားကြပြီး ဒေါသတကြီးအော်သံတစ်ချို့လွင့်ပြန့်လာတော့သည်။ ချက်ခြင်း အနက်၀တ်လူများ တဲလေးအတွင်းကို ခုန်၀င်လိုက်ကြ၏။
ဂျစ်…။
ရုတ်တရက် ခရမ်းရောင်လျှပ်စီးလုံးကြီးတစ်ခု တဲအထက်အမိုးကိုဖောက်ထွက်ပြီး ပျံတက်သွား၏။
ထိုမှ လျှပ်စီးများက တဲလေးတစ်လျှောက်ကိုပြန့်နှံ့သွားပြီး လူတိုင်းကို မြေပြင်ပေါ် ၀ပ်သွားစေလိုက်၏။
လျှိုလင်းလင်း သူမ၏ လက်စွပ်ကို ပြန်ယူပြီး ကျောက်ကျစ်တုံ့ကို အသာအယာ တွန်းလိုက်သည်။ ထိုလူဘာမှ မလုပ်နိုင်ဘဲ မြေပြင်ပေါ်မှာ တောင့်တောင့်ကြီး ကျသွား၏။
“တောင်းပန်ပါတယ်။ တကယ်က ကျွန်မမှာ ရေခဲနဂါးဥပဲရှိတာ။ ဒါပေမယ့် လက်စွပ်ထဲကဟာတွေတော့ပြလို့မရဘူး”
သူမ တီးတိုးပြောလိုက်ပြီး စုရှောင်ရှန်ကိုကြည့်လိုက်သည်။ သူဓာတ်လိုက်ချင်ဟန်ဆောင်နေမှန်းကို သူမသိပါသည်။
ထို့နောက် ရဲ့ရှောင်ထျန်းဘက်လှည့်ကာ သူမ၏ အနီရောင်နှုတ်ခမ်းသားများကို လှစ်ဟလိုက်၏။
“ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတွေကတော့ ကျွန်မလို အဆင့်နိမ့် စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်မှာ မဟုတ်လောက်ပါဘူးနော်”
ရဲ့ရှောင်ထျန်း၏ အကြည့်က ပို၍ စူးရှသွားခဲ့ရကာ “နင်က မတူဘူး”
လျှိုလင်းလင်း အသာအယာရယ်ကာမေးလိုက်သည်။ “ကျွန်မက ဘယ်လို ကွဲပြားရတာလဲ။ ဒါ့အပြင်ကို ခန်းမသခင်ကျန်းလေး လေးမှာရှိနေသေးတာ ဒါကို ဂရုမစိုက်တော့ဘူးလား”
ကျန်းပင်းယန် မျက်မှောင်ကြုတ်လိုက်သည်။
သူမပြောတာမှန်သည်။ မြင့်မြတ်နတ်ဘုရားနန်းတော်က ခွန်အားကြီး ကျင့်ကြံသူများအတွက်ကို စည်းမျဉ်းစည်းကမ်းတစ်ခု သက်သက်ထုတ်ထားသည်။
မဟာလမ်းစဉ်နှင့်ထိတွေ့ထားသည့် ကျင့်ကြံသူများက တိုက်ခိုက်ခြင်းအရာမှာ တကယ် အဖျက်စွမ်းအားကြီးလှပါသည်။ သို့ဖြင့် အဆင့်နိမ့်ကျင့်ကြံသူများနှင့် တိုက်ခိုက်ခွင့်ကိုပိတ်ပင်ထားလေသည်။
ကျန်းပင်းယန် ဘာမှပြန်မပြောရသေးခင်မှာ ပြန်လည်လှုပ်ရှားလာနိုင်သော ကြီးကြပ်သူတစ်ချို့ လျှိုလင်းလင်းထံ ဓားများကိုကိုင်မြှောက်ကာ ပြေး၀င်သွားလိုက်ကြသည်။
“သေစမ်း စုန်းမ”
“နင့်ကျင့်ကြံမှုနယ်ပယ်က နိမ့်လွန်းသေးတယ်။ ခေါင်းဆောင်နဲ့ တိုက်ခိုက်ဖို့မတန်ဘူး”
လျှိုလင်းလင်း၏ မျက်၀န်းထဲ လျှပ်စီးများဖြတ်ပြေးသွားသည်။ သို့မှ ခက်ထန်သော အလင်းတစ်ချက်လက်သွားပြီး သူမဘယ်လောက်တောင် စိုးရိမ်နေရသလဲဆိုတာ မြင်နိုင်သည်။
စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက စည်းကမ်းကြီးကြပ်သူအများစုက စစ်မှန်ခြင်းနယ်ပယ်၌သာရှိသေးတယ်ဆိုပေမယ့် အနည်းစုက အရှင်သခင်နယ်ပယ်ကို ရောက်နှင့်နေပြီးဖြစ်၏။ သူတို့က ဘယ်လိုဖြစ်ဖြစ် ထိုက်တန်တဲ့ ပြိုင်ဘက်များပင်။
လူတိုင်းကို သူမ လှုပ်လို့မရအောင်လုပ်လိုက်နိုင်တယ်ဆိုတာလည်း ရုတ်တရက်ဆိုတော့ အငိုက်မိသွားကြခြင်းကြောင့်ဖြစ်သည်။
မဟုတ်လျှင် ကျောက်ကျစ်တုံ့တစ်ယောက်တည်းကိုက တကယ် ခေါင်းရှုပ်စရာကောင်းနေလောက်မည်။
ကံကောင်းစွာဖြင့် ထိုလူက သူမ၏ ခြေထောက်အနား၌ စောနက လျှော့ရိုက်ခတ်မှုကြောင့် ပြားပြား၀ပ်နေ၏။ အခြားသူများကို သူမ ကိုင်တွယ်နိုင်ပေလိမ့်မည်။
ဒါပေမယ့် ထိုအရာက ဧကရာဇ် ကျင့်ကြံသူသုံးဦး လက်ရှောင်ပေးနေမှဖြစ်သည်။
သူမ၏ လက်မကို ကိုက်ဖောက်လိုက်ရာ အနီရောင်သွေးစက်များ စုစည်းလာတော့သည်။ လျှိုလင်းလင်း ထိုသွေးစပ်များကို သူမ၏ ရင်ဘက်အောက်သို့တစ်လျှောက်ဖိကပ်ပြီး ဆွဲချလိုက်၏။
“ဆင်းသက်လာစမ်း”
ခရမ်းရောင်လျှပ်စစ်များ ထိုးထွက်လာပြီး သူမလည်း ကောင်းကင်အထက်ကို ပျံတက်သွားတော့သည်။ သူမ၏ ဒန်ထျန်အတွင်း၌ သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များ အလုံးအရင်းနှင့် ၀င်ရောက်လာခဲ့သည်။
ထို့နောက် အရှင်သခင်နယ်ပယ် အရှိန်အဝါဖျော့ဖျော့က တဲလေးအထက်လေထုထဲမှာ တဖြည်းဖြည်း ပြန့်ကျက်လာခဲ့တော့၏။