Switch Mode

အခန်း (၁၈၅)

ဘာတွေကြံနေကြတာလဲ

အဲ့တာ အနက်ရောင်ဓားအိမ်လား။

ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့ တစ်ယောက်ကိုတစ်ယောက် ဘာဖြစ်နေမှန်း သိသလို ကြည့်လိုက်ကြသည်။

ကျောက်ကျစ်တုံ့ကဲ့သို့မဟုတ်ဘဲ စုရှောင်ရှန်က အကြီးအကဲစန်းရဲ့ တပြည့်ဆိုတာ သူတို့သိကြသည်။ ပြီးတော့ သူကလည်း သူဘယ်သူဘယ်ဝါဆိုတာ ပြောလိမ့်မည်မဟုတ်ချေ။

တိုက်ခိုက်စွမ်းရည်အတွက်ကတော့ ဒီကလေးက အဖိုးကြီးရဲ့ အာရုံကိုဖမ်းစားလိုက်မှတော့ ထူးခြားပေလို့ဖြစ်ရမည်။ သို့မှ အကြီးအကဲစန်းဘယ်လောက်တောင် အကြံအစည်တွေချထားလဲ အံ့အားသင့်သွားရသည်။

ရဲ့ရှောင်ထျန်း အေးတိအေးစက် နှာမှုတ်လိုက်၏။ “အဲ့ဒီ အဖိုးကြီးက တကယ် အချက်အလက်တွေကိုမပေးဘူးလဲပြောတယ်။ ခုတော့ ကြည့်ပါဦး ဒါကဘာလဲ တိုက်ရိုက်အမိန့်လား”

“ငါတော့အဲ့လိုမထင်ဘူး”

အကြီးအကဲကျောက် အတန်ငယ် စဉ်းစားပြီးနောက် ထပ်လောင်းပြောလိုက်သည်။ “ကလေးတွေ ထျန်းရွှမ်တံခါးထဲကို ၀င်ပြီးမှ အဖိုးကြီးကို ငါ လှိုက်ဂူဖြူကိစ္စပြောလိုက်တာ။ သူတို့ နံပါတ်လေးဓားအကြောင်းကို သိစရာမရှိဘူး”

“ဒါဆို ခံစားချက်အရလား”

အကြီးအကဲကျောက် ခေါင်းဆက်ခါရမ်းလိုက်ကာ “ဒါဆို အဖိုးကြီး ခန့်မှန်းတာက မတိကျလွန်းနေဘူးလား”

“ခန့်မှန်းတယ်ဟုတ်လား။ ဒါဆို သူမင်းကို လှည့်စားသွားပြီ။ လူတိုင်းရဲ့နောက်ကွယ်မှာ သူဘာလုပ်နေသလဲ ပြောရင် ယုံမှာတောင်မဟုတ်ဘူး”

ထိုမှတ်ချက်ကို ကျောက်ကျန်းရှီ ဘယ်လိုတုန့်ပြန်ရမလဲ မသိပါချေ။

“ဆိုးတယ်လို့တော့မထင်ဘူး” ထို့နောက်မှ သူက ထပ်လောင်းကာ “မင်းတို့နှစ်ယောက် လုပ်ထားတဲ့ အလောင်းအစားကရော…”

သူတို့နောက်မှာရပ်နေသော မြင့်မြတ်နတ်ဘုရားနန်းတော်မှ လူနှစ်ယောက်ကိုကြည့်ပြီး ရဲ့ရှောင်ထျန်း ဆိုလိုက်သည်။ “ငါတော့ ကျန်းပင်းယန်က ဒီ လိုဏ်ဂူဖြူကိစ္စနဲ့ပတ်သက်ပြီး ကိုယ်တိုင် လာခဲ့တာဖြစ်ရမယ်ထင်တယ်။ ဒီလူက အကူအညီလည်းမဖြစ်မှတော့ မြန်မြန် ပထုတ်လိုက်တာကောင်းမယ်”

ဟားဟားဟား…

အကြီးအကဲကျောက် တဟားဟား ထရယ်သည်။ “အကူအညီခေါ်ဖို့လွယ်ပေမယ့် သူတို့ကို ပြန်ပို့ဖို့ကတော့ ခက်မယ်။ မင်းလုပ်နိုင်လို့လား”

“ဟက်။ ဘယ်သူနိုင်မယ်ရှုံးမယ်ဆိုတာ ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်ဖြစ် အဲ့တာက အနက်ရောင် ဓားအိမ်ပဲလေ” ရဲ့ရှောင်ထျန်းချေပလိုက်သည်။

ထို့နောက် ထိုကိစ္စကို ခေါင်းထဲမှ ပယ်ထုတ်လိုက်တော့၏။

သူနှင့် အကြီးအကဲစန်းအကြားမှာ အလောင်းအစားမရှိရင်တောင် စုရှောင်ရှန်ကို သူအနက်ရောင်ဓားအိမ်ပေးမိပေဦးမည်။ ဘာဖြစ်ဖြစ် ထိုအရာက ဓားအိမ်တစ်ခုသာဖြစ်လေသည်။ စုရှောင်ကလည်း အကြီးအကဲစန်း၏ တပြည့်ဖြစ်ရာ သူ့တူလိုပဲမို့ စိတ်ထဲမထားပါချေ။

ဒါ့အပြင်ကို ဘ၀ဆိုတာကြီးက ထူးခြားဆန်းကြယ်မှုများဖြင့် ပြည့်နေ၏။ ‌အနာဂါတ်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေရလာဖို့ စွမ်းရည်ရှိတဲ့လူတွေအားလုံးကို သူတို့ ပျိုးထောင်ရမည်။

ရဲ့ရှောင်ထျန်းသူ့ ငွေရောင်ဆံနွယ်များကိုကြည့်လိုက်၏။

သူ့အချိန်က အထွတ်အထိပ်ကို ကျော်လွန်ခဲ့ပြီဖြစ်လေရာ စိတ်ဝိညာဉ်နန်းတော်တွင် အလားအလာ ကောင်းတဲ့ မျိုးဆက်သစ်များကို ပျိုးထောင် စောင့်ရှောက်နေခြင်းဖြင့်သာ ကျေနပ်ပေသည်။

ကျန်တာအားလုံးက လူငယ်တွေ၏ လက်ထဲမှာသာ။

အနက်ရောင်ဓားအိမ်ကို တွေ့ရာမှာ ကျန်းပင်းယန်လည်း အံ့ဩဘနန်းဖြစ်သွားရသည်။

စုရှောင်ရှန်မှာ တခြားရတနာရှိနေတာဆိုရင် မြင့်မြတ်နတ်ဘုရားနန်းတော် ခန်းမခွဲက ခန်းမသခင်တစ်ယောက်ဖြစ်သော သူ့အတွက် ထိုမျှ အရေးပါလိမ့်မည်မဟုတ်ချေ။ သူ့လို အတွေ့အကြုံကြွယ်၀သူအဖို့ ဘယ်ရတနာကမှ ရင်ဖိုစေတော့မည်မဟုတ်။

ဒါပေမယ့် အနက်ရောင်ဓားအိမ်ကတော့ ထူးခြားသည်။ ၎င်း၏ နာမည်ကိုက သူ့တွင်ရှိ အရာအားလုံးပုံအောပေးရလောက်အောင် တန်ဖိုးကြီးသည်။

“ထျန်းစန်းနန်းတော်မှာ ဒီဟာရှ်ိနေမယ်လို့မထင်ထားဘူး။ ဖွက်ထားရမယ့်အစား ဂိုဏ်းသားတစ်ယောက်ကိုတောင် ပေးလိုက်သေးတယ်”

ကျန်းပင်းယန်၏ အမူအရာကိုမြင်သော ယွဲ့ကျစ်၀မ်က သာမန်အတိုင်း မေးခွန်းဆက်မေးသည်။ “ဒီဓားအိမ်က ဘာတွေ အဲ့လောက်ထူးခြားလို့တုန်း”

ကျန်းပင်းယန် ခပ်သဲ့သဲ့ပြုံး၍ ဆိုသည်။ “နင်ဒီကိုလာရတဲ့ရည်ရွယ်ချက်ကိုက ဒီဓားအိမ်ကြောင့်ပဲ”

သူမ၏ အဓိက ရည်ရွယ်ချက်။ ယွဲ့ကျစ်၀မ် ‌မျက်မှောင်ကြုတ်လိုက်ပြီး သူပြောတာနားလည်သွားသည်။ သူမ၏ မျက်၀န်းထဲ၌ လိုချင်တပ်မက်မှုများဖြင့် “ဒါက နံပါတ်လေးဓားရဲ့ ဓားအိမ်လာ”

“ဟုတ်တယ်”

ကျန်းပင်းယန်၏ အတည်ပြုချက်ကြောင့် ယွဲ့ကျစ်၀မ် ပိုလို့တောင် ရူးရူးမူးမူးဖြစ်သွားရသည်။

ဒီဓားအိမ်က နံပါတ်လေးဓားရဲ့ နားခိုရာတဲ့။

နံပါတ်လေးဓားက ကုန်းမြေကြီး၏ နတ်ဘုရားလက်နက်ငါးပါးထဲမှ ကပ်ပျက်ခြင်းဓားလို့ လူသိများသည်။

သူမသာ ထိုဓားအိမ်ကို လိုဏ်ဂူဖြူမ၀င်ခင်ရမယ်ဆိုရင် နံပါတ်လေးဓားအတွက် အခွင့်အရေးမများသွားပေဘူးလော။

မျက်နှာလွှားစနှင့် မိန်းမငယ်လေး၏ မျက်၀န်းထဲ၌ လိုချင်တပ်မက်မှု၊ စိတ်လှုပ်ရှားမှုတို့ တဖန် ပြန်လက်လာသည်။ ၎င်းက ရှစ်ယောက်မြောက် ဓားနတ်ဘုရားဟုတွင်စေခဲ့သည့်နာမည်ကြီးဓားဖြစ်ပြီး ဓားသမားတိုင်း၏ အိပ်မက်ဓားဖြစ်သည်။

နတ်ဘုရားလက်နက်ကို လိုချင်သည့် စိတ်ဆန္ဒဖြင့် စိတ်ဗလာကျင်းသွားကာ စုရှောင်ရှန်ကိုကြည့်ပြီး ရှေ့ခြေတစ်လှမ်းတက်မိသည်။

ကျန်းပင်းယန်သူမ၏ လက်ကောက်၀တ်ကို စိတ်ဝိညာဉ်အနှစ်ဖြင့် ဆွဲထားလိုက်သည်။

“စိတ်ကိုလျှော့” တီးတိုးသူပြောသည်။

“အခုက အချိန်ကောင်းအခါကောင်းမဟုတ်သေးဘူး။ ငါတို့ ထျန်းစန်းနန်းတော်ရဲ့ အတွင်းရေးကို ဘေးကနေ နားထောင်နိုင်တာကိုက ကံကောင်းနေပြီ”

ကျန်းပင်းယန်သက်ပြင်းချပြီး ခေါင်းခါရမ်းလိုက်သည်။ ထိုဆန္ဒကို အတင်းဖိနှိပ်ချုပ်တည်းထားရသော ယွဲ့ကျစ်၀မ်ကို စိတ်ပျက်အားလျော့စွာကြည့်လိုက်သည်။

ရှစ်ယောက်မြောက်ဓားနတ်ဘုရား။

ပျက်သုဉ်းပြီးနောက် နှစ်ပေါင်းများစွာကြာတာတောင် သူ့မှတ်တမ်း၊ သူ့ခြေရာ၊ သူ့တိုက်ခိုက်စွမ်းရည်တို့က အသက်ရှင်ကျန်နေသလို ရှိနေကြသေး၏။

တဲလေးအတွင်းဖြစ်သည်…။

ကျောက်ကျစ်တုံ့ စုရှောင်ရှန်၏ အနက်ရောင်ဓားအိမ်ကိုကြည့်ပြီး တုန့်ဆိုင်းသွားသည်။ ဘာလို့ အစကတည်းက ဒီလို ထုတ်လာရတာလဲ။ ဒီလိုကိစ္စတွေက ဒီလို ဖြေးရှင်းရတာမဟုတ်ဘူးလေ။

သိမ်းထားရမှမဟုတ်ဘူးလား။ သူလျှိုဆိုတဲ့ ဂုဏ်ပုဒ်လေးဘယ်မှာလဲ။

ကျောက်ကျစ်တုံ့ပါးစပ်ဟလိုက်ချိန် စုရှောင်ရှန်က ကြားထပ်ဖြတ်လိုက်သည်။ “ကျုပ်ထျန်းရွှမ်တံခါးထဲကိုရောက်တော့ ‌အရှေ့ဘက်အရပ်ကိုသွားတယ်။ အနက်ရောင်ချောက်ကမ်းပါးတွေတယ်။ နေ့တစ်ဝက်လောက်ရေတံခွန်အောက်မှာ လေ့ကျင့်ပြီးတော့ အပေါ်က ဓားစွမ်းအင်တွေ ဘယ်လိုကျလာလဲသိချင်သွားတယ်။ ဒါနဲ့ အဆင့်တက်သွားတော့ တက်ကြည့်တော့ အနက်ရောင်ဓားအိမ်ကိုတွေ့တာပဲ။ ဒီလောက်ဆို ရပြီလား”

သူ့ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြနေတဲ့ စုရှောင်ရှန်က ရိုးသားပြီး အမှန်အကန် ဘယ်လို စတင်ပုံ၊ ဘယ်လို အဆုံးသတ်ပုံပြောပြသည်။ သူ့ကို ဒီလောက်ဆို သံသယ၀င်စရာမရှိတော့ဘူးမလား။

လက်စွပ်ကိုထပ်ရှာဦးမယ်ဆိုရင်တော့ ဒါလွန်သွားပြီ။ ကျောက်ကျစ်တုံ့ အခြေအနေကို သုံးသပ်ကြည့်လေလေ မသင်္ကာစရာကောင်းတာ တွေ့လေလေဖြစ်သည်။ စုရှောင်ရှန်က သူမဖမ်းနိုင်သည့် လူလိုလိုလည်း ခံစားနေရ၏။ ကျောက်ရှူကိုသတ်ပြီးတုန်းကတောင် ရှောင်ထွက်သွားနိုင်သေးသည် မဟုတ်ပါလား။

ခုကြမှ ဘာလို့ ဒီလောက် ပူးပေါင်းဆောင်ရွက်မှုကောင်းနေရတာလဲ။

မဖြစ်နိုင်ဘူး။

ကျောက်ကျစ်တုံ့ အပြုံးတစ်ခုကိုဆင်မြန်းပြီး လက်ဆန့်ထုတ်ပြောလိုက်သည်။ “တော်တော့ စုရှောင်ရှန် မင်းဘာလုပ်ချင်နေတယ်ဆိုတာ ငါမသိဘူးများ အောက်မေ့နေသလား”

စုရှောင်ရှန် ငိုချင်သွားသည်။

ဒီကျောက်ကျစ်တုံ့က တကယ် ကိုင်တွယ်ရခက်ပေသည်။ သို့ပေမယ့် စုရှောင်ရှန် သူ့သိုလှောင်လက်စွပ်ကိုတော့ မကမ်းပေးလိုက်နိုင်ပါ။ အထဲတွင် အခြား ရတနာနှစ်ခုရှိသေးသည်။ သူသာကမ်းပေးလိုက်ရင် ဆုံးရှုံးသွားရမှာပေါ့။ ပြီးရင်တော့ သူက သူလျှိုဖြစ်ပြီပဲ။

သူက သူလျှိုလည်းမဟုတ်ရာ မတော်မတရားခံစားနေရသည်။

ဒီအခြေအနေက ရုန်းထွက်ဖို့ အခွင့်အရေးက ထိုမျှလောက်မရှိတော့ စုရှောင်ရှန် ကြံရဖန်ရတော့သည်။

“ဘာပြောချင်တာလဲ” ကျောက်ကျစ်တုံ့၏ ဆန့်ထုတ်ထားသောလက်ကိုကြည့်ပြီး စုရှောင်ရှန်မေးသည်။

“ဘာထင်လဲ”

ကျောက်ကျစ်တုံ့ ပြန်ချေပသည်။ စုရှောင်ရှန်၏ လက်စွပ်ကို စစ်ကြည့်ဖို့ သူ့ကို ဒီနေ့ဘယ်သူမှ တားနိုင်လိမ့်မည်မဟုတ်ချေ။

စုရှောင်ရှန် တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ကျောက်ကျစ်တုံ့၏ လက်ကိုဆုပ်ကိုင်ပြီး နှစ်ချက် လှုပ်ခါလိုက်သည်။

“အင်း။ ကောင်းသောနေ့လေးပါ” လက်ကိုခါရမ်းနေရင်းမှ စုရှောင်ရှန်ပြောသည်။

စုရှောင်ရှန်၏ သန်မာသော လက်ဖမ်းဆုပ်မှုကို ကျောက်ကျစ်တုံ့ ခံစားလိုက်ရ၏။

၎င်းက သူ့ကို ဒေါကန်သွားစေလိုက်သည်။

“လက်စွပ်ပေး” မာန်မဲသည်။

“ယောက်ျားတွေကို လက်စွပ်ပေးတဲ့ အကျင့်ကျုပ်မှာ မရှိဘူး” စုရှောင်ရှန် တုန့်ပြန်လိုက်သည်။

“စုရှောင်ရှန် မင်းက အမိန့်ကို ဖီဆန်ရဲတာလား”

စုရှောင်ရှန်လက်ကို ခါထုတ်မရတာကြောင့် ကျောက်ကျစ်တုံ့၏ မျက်နှာ ဒေါသတို့ဖြင့် ရှုံ့မဲ့သွားသည်။ ဒီကောင်ကဘာလဲ။ ဘာလို့ဒီလောက် သန်မာနေရတာလဲ။

တဲလေးကိုဝိုင်းထားတဲ့ စည်းကမ်းကြီးကြပ်သူများလည်း ‌ချက်ခြင်း လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ ထိုသူနှစ်ဦး၏ အနေအထားအရတော့ တိုက်ခိုက်မှုက အချိန်မရွေးဖြစ်ပွားတော့မည့်ဟန်ရ၏။

“ကျုပ်က လူကောင်းတစ်ယောက်ပါ” စုရှောင်ရှန် ရိုးသားသော မျက်နှာအမူအရာဖြင့်ပြောသည်။

“မင်းက လူကောင်းဆို လက်စွပ်ကမ်းပေးလိုက်” စုရှောင်ရှန်၏ လက်ကို ငုံ့ကြည့်ရင်း ထပ်လောင်း၍ အော်လိုက်သည်။ “ငါ့ကိုလွှတ်”

သူထိုလက်ကို စိတ်ဝိညာဉ်အနှစ်သုံး၍ ခါထုတ်လို့ရပါသည်။ သို့သော် ၎င်းက ပြစ်မှုကျူးလွန်တာ ဖြစ်သွားပေလိမ့်မည်။

“သူလျှိုက ဘယ်သူလဲ ကျုပ်သိတယ်”

ထိုစကားကိုကြားပြီးနောက် လူတိုင်းတိတ်ဆိတ်သွားကြသည်။

ထို့နောက် စုရှောင်ရှန်ကိုကြည့်ပြီး လူတိုင်း တောင့်တင်းသွားကြ၏။

စုရှောင်ရှန်က သူ့ကို ထိတ်ထိတ်ပျာပျာကြည့်နေသော လျှိုလင်းလင်းကို လှည့်ကြည့်လိုက်သည်။

ထိုသို့လုပ်ရတာစိတ်မကောင်းပေမယ့် သူ့လက်စွပ်ကိုတော့ မပေးလိုက်ချင်ပါ။ ဒီအခြေအနေကနေထွက်လို့ရအောင် လျှိုလင်းလင်းကိုသာ စတေးရန်ရှိတော့သည်။

သူမ ထိုအခြေအနေမှ ထွက်သွားနိုင်ဖို့က သူမ ဘယ်လောက်တော်တယ် ကောင်းတယ်‌ဆိုတာ အပေါ်ပဲ မူတည်နေတော့မည်။ စုရှောင်ရှန် သူမတွင်လည်း ထိုသို့စွမ်းရည်ရှိတာ သိပါသည်။

“လျှိုလင်းလင်းပဲ”

ထိုခရမ်း၀တ်မိန်းမပျိုလေးကို သူလက်ညိုးထိုးပြသည်။ မုကျစ်ရှီ မယုံနိုင်စရာကောင်းလှသည့် အခြေအနေကြောင့် သူတို့နှစ်ဦးအကြား မျက်စိကစားသွားတော့သည်။

သူမ အလွန်စိတ်လှုပ်ရှားနေရသည်။ သူမ၏ ကျစ်‌ဆံမြှီးနှစ်ဖက်ကို စိုးထိတ်စွာ ဆုပ်ကိုင်ထားရင်းမှ ထရပ်ချင်လိုက်ပါသည်။ သို့သော် လူတိုင်း၏ စိုက်ကြည့်ခြင်းခံရမည်ဖြစ်တာကြောင့် ထိုစိတ်ကို ဖိနှိပ်လိုက်၏။

အခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်ပြီးသော် ဆက်လက်၍ ထိုင်နေရန်သာ ဆုံးဖြတ်လိုက်သည်။ သို့သော် ခံစားနေရတာက အပ်များပေါ်ထိုင်နေရသည့်အလား။

“စုရှောင်ရှန် နင်…” သူမကို ဒီအတိုင်းရောင်းစားလိုက်တာကြောင့် လျှိုလင်းလင်း မှင်တက်သွားရသည်။

သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် စုရှောင်ရှန် နှင့် သူမနှင့် ဘာမှ မပတ်သက်ပါချေ။ ထျန်းရွှမ်တံခါးအတွင်းက အနက်ရောင်ချောက်ကမ်းပါးမှာတွေ့ဖူးသည်။ ဒါပဲဖြစ်၏။

ထို့နောက် စုရှောင်ရှန်အနက်ရောင်ဓားအိမ်ကိုလုယူသွားပြီးနောက်မှာ သူ့ကို သူတော်စင်အစေအပါးထဲ ‌၀င်ဖို့ကမ်းလှမ်းတာကို သူက ငြင်းလိုက်သည်။ ဒါကြောင့် သူမကသာ သူ့ကို တစ်ချိန်လုံး သူမဘက် ခေါ်ချင်နေသည့် သူသာဖြစ်၏။

ထိုတွင် သူမကို သစ္စာမဖောက်ရန် အကြောင်းအရင်းရှိပါသလော။ မရှ်ိချေ။ သူက ဒီတိုင်း စွပ်စွဲနေခြင်းသာဖြစ်သည်။

လျှိုလင်းလင်းထရပ်ပြီး ခါးသက်စွာရယ်လိုက်သည်။ ထို့နောက်သူမ၏ သိုလှောင်လက်စွပ်ထဲမှ အပြာရောင်ရေခဲနဂါးဥကြီးကို အသာအယာထုတ်ယူလိုက်၏။

“တိုက်ဆိုင်လိုက်တာ ကျွန်မလည်း အဲ့လို ကံကောင်းတဲ့သူပဲ”

စုရှောင်ရှန်ကို ကျီစယ်သလို မျက်၀န်းများဖြင့်ကြည့်လိုက်သည်။

သူမနဲ့ လာပြီး ကစားချင်တယ်ပေါ့။ ရတယ်လေ။ သူမဘာလဲဆိုတာ သိစေရမယ်။

စုရှောင်ရှန် မှင်တက်သွားရသည်။

သူတစ်ချိန်လုံးဘူးခံငြင်းခဲ့တာများကို တွေးမိရင်း နောင်တရသွားသည်။ ထိုအချိန်များ၌ သူဘယ်လောက် ပျော်ခဲ့ရသလဲ။

ချီး ခုတော့ ဘူးတောင်မဟုတ်ဘူး ခရမ်းသီးပါ ခံလို့မရတော့ဘူး။

Comment

Leave a Reply

Options

not work with dark mode
Reset