ရဲ့ရှောင်ထျန်း၏ ပုခုံးကိုပုတ်ပြီး အကြီးအကဲကျောက် ပြောလိုက်သည်။ “ယွမ်တု သေပြီ”
အတွင်းစည်းဂိုဏ်းသားတစ်ယောက်ကို ပျိုးထောင်ရန် ခက်ခဲလေကာ ထိပ်သီး (၃၃) ဦး၀င်ဆိုရင် ပို၍ ပျိုးထောင်ရခက်သည်။ သူတို့အရှေ့၌ တောက်ပသော အနာဂါတ်ရှိနေပါ၏။
ဘယ်သူကမှ မပြည့်စုံလေရာ သူ့အမဲစက်စွန်းထင်းထားတဲ့ အဖြူရောင်စာရွက်ကို လစ်လျူရှူနိုင်သည်။
ဒီကမ္ဘာကြီးမှာ ဘယ်သူကမှ အမှားတိုင်းကို လိုက်ဒေါက်ထောက်ကြည့်နေမည်မဟုတ်ပါချေ။ လူတိုင်းအာရုံစိုက်သည်က မင်းဘယ်လောက်သန်မာသလဲဆိုတာဖြစ်သည်။
“နမျောစရာပဲ…”
ရဲ့ရှောင်ထျန်း သက်ပြင်းချလိုက်ပါသည်။ မဟာလမ်းစဉ်ကို သွားတဲ့လမ်းက အဆူးအနှောက်တွေနဲ့ ကြမ်းတမ်းလွန်းလှသည်။ ထိုအတွင်းမှာ မတော်တဆဖြစ်သွားတာက မရှားပါတော့ချေ။
ထို့နောက် ပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီး ထပ်လောင်းပြောလိုက်သည်။ “နောက်တစ်ရက်ကြ ထျန်းရွှမ်တံခါးကို သာမန်ပြန်ဖွင့်တဲ့အချိန်မှ ကြည့်ကြတာပေါ့”
“အေး” အကြီးအကဲကျောက် တုန့်ဆိုင်းခြင်းအလျင်းမရှိ သဘောတူလိုက်သည်။ ထို့နောက် ကျောက်ကျစ်တုံ့ကိုလှည့်ကြည့်ကာ “အလုပ်စတော့”
“မပြောတော့ဘူးလားလို့ စောင့်နေတာ”
ကျောက်ကျစ်တုံ့၏ ပါးစပ်ထဲ၌ ဘယ်တုန်းကမှန်း ထည့်လိုက်သည်မှန်းမသိ သစ်ရွက်တစ်ရွက်ရောက်နေ၏။ သူ့မျက်လုံးများကလည်း တောက်ပနေသည်။ ထို့နောက် သူ့လက်ထဲက စိတ်ဝိညာဉ်ဘီးနှင့်အတူ ရုတ်တရက် ပျောက်သွားတော့၏။
သူပြန်ပေါ်လာသည့်အချိန်မှာ တဲလေး၏ လက်ရန်းပေါ်၌ ရောက်နေပြီးဖြစ်သည်။
“ဟေး”
လူတိုင်း မတူညီသောခံစားချက်များဖြင့် သူ့ကို လှည့်ကြည့်လိုက်ကြသည်။
လူဟောင်းများအတွက်ကတော့ ကျောက်ကျစ်တုံ့၏ ကြီးကြပ်သူ ပုံစံကိုတွေ့ရတာက ပြစ်ဒဏ်စီရင်ရေးခုံရုံးကိုရောက်တာပဲဖြစ်သည်။ သူတို့အလိုလို ထိတ်ထိတ်ပျာပျာဖြစ်လာကြ၏။
“ကောင်းပြီလေ။ ငါလည်း ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ပါဘူး”
ဘီးကို တွန့်ပို့ပေးကာ ကျောက်ကျစ်တုံ့ပြောသည်။ “ဒီဟာက ‘စိတ်ဝိညာဉ်ပုလဲ(၁၂) လုံးဘီး’ လို့ခေါ်တယ်။ ထျန်းရွှမ်တံခါးထဲက ရတနာတိုင်းရဲ့ အခြေအနေကို ဖော်ပြပေးတယ်။ ကမ္ဘာငယ်လေးကို တည်ငြိမ်အောင်လုပ်ထားပေးတဲ့ ရတနာ(၁၂)ခုထဲက (၄) ခုပျောက်ရင် ကမ္ဘာက ပြိုလဲသွားမယ်”
ဘာဖြစ်နေမှန်းမသိ ဖြစ်နေကြသည့် လူတစ်ချို့ ချက်ခြင်းဇာတ်ရည်လည်သွားကြကာ ထျန်းရွှမ်တံခါး ပြိုလဲရခြင်းက လူလုပ် ကပ်ကြီးဆိုတာ သိလိုက်ရသည်။
စုရှောင်ရှန် အခြားသူများကို လှည့်ကြည့်လိုက်ရာ လျှိုလင်းလင်းနှင့် မိုမိုမှတစ်ပါး လူတိုင်း အနည်းငယ်တော့ ပဟေဠိဖြစ်နေသေးတာတွေ့ရသည်။
‘ဒီကောင်တွေ တကယ် တုံးကြတာပဲ…’ သူစိတ်ထဲမှပြောလိုက်သည်။
ကျောက်ကျစ်တုံ့ကပဲ ဆက်လက်၍ “ဒီလို ပြဿနာမျိုးက အရင်နှစ်တွေတုန်းက မဖြစ်ဘူး။ ဒါပေမယ့် မင်းတို့က ကံကောင်းပြီး ထီပေါက်တာလို့ဆိုရမလားပဲ။ ပြီးတော့ မင်းတို့ထဲက တစ်ယောက်ယောက်က အဲ့ဒီ ရတနာ အကာအကွယ်တွေကို ဖျက်ပစ်လိုက်တယ်။ သာမန်ဆို ဒီလို လုပ်နိုင်တဲ့သူကို အဲ့လိုရတနာတွေ ဆုလဒ်အဖြစ်ပေးမှာပေါ့”
“ဆု” စုရှောင်ရှန်၏ မျက်နှာ၀င်းပသွားသည်။ ‘ဒီလိုဆို ငါ့ရတနာလေးခုက ငါ့အပိုင်ပဲမဟုတ်လား’ စိတ်ထဲကပြောသည်။
ကျောက်ကျစ်တုံ့ သူတို့ကို သေသေချာချာ တစ်ယောက်ချင်းစီစိုက်ကြည့်ကာ “ဒီနှစ်တော့ အဲ့လိုမဟုတ်တော့ဘူး”
“အို”
“ဒီနှစ် ထျန်းရွှမ်တံခါးက နှစ်ရက်ပဲဖွင့်ရသေးတာ။ ရတနာလေးခုကို ယူဖို့ဆိုတာမဖြစ်နိုင်ဘူး။ ပြောရရင်…”
“သူလျှိုရှိနေလို့ပဲ” စုရှောင်ရှန် သူ့စကားကို အဆုံးသတ်ပေးလိုက်သည်။
ကျောက်ကျစ်တုံ့ သူ့ကိုကြည့်ကာ ပြုံးပြလိုက်၏။ ‘မင်းက ငါတို့ဘက်ကလို ပြုမူနေလို့ သံသယကင်းပြီမှတ်နေတာလား’
ထို့နောက် ဆက်ပြီးတော့ “ဟုတ်တယ်။ ပြီးတော့ သူလျှိုက တစ်ယောက်တည်းမဟုတ်ဘူး။ နှစ်ယောက်”
နှစ်ယောက် ဟုတ်လား။
ကျောက်ကျစ်တုံ့ ပြောတာ နားမလည်သဖြင့် မုကျစ်ရှီသူမ၏ မျက်လုံးဝိုင်းကြီးကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။
သူလျှိုတစ်ယောက်တည်းသာဆို ထိုသူကိုသူမသိလောက်သည်။ သူမ၏ အမြင်တွင် ဂိုဏ်းတူအမမိုက တကယ် သံသယဖြစ်စရာကောင်းသည်။ စိတ်ဝိညာဉ်အသက်တံဆိပ်ပြားကို အသည်းအသန်လိုချင်နေကတည်းက တစ်ခုခုတော့ မှားနေပေ၏။
ထို့နောက် စုရှောင်ရှန်ကို နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။
ထိုရလဒ်မှတောင် သူမ၏ ဆရာတူအကိုကြီးက စိတ်ဝိညာဉ်အသက်တံဆိပ်ပြားအပြင် ချိတ်ပိတ်ခြင်းကျောက်တုံးပါ အဆစ် ရရှိထားသည်မဟုတ်ပါလား။
သို့ကြောင့် သူမ ဘာမှမပြောပေ။ စုရှောင်ရှန်လည်း အနားမှာ ရှိရာ သူ့ကိစ္စသူ ကြည့်ရှင်းပေလိမ့်မည်။
တကယ်က စုရှောင်ရှန်လည်း ထင်မှတ်မထားသော ထိုစကားကြောင့် မှင်တက်နေရပါသည်။
လျှိုလင်းလင်းက “သူတော်စင်အစေအပါး” ဆိုတာ မတော်တဆ သူသိနေပြီးဖြစ်ရာ နောက်ထပ် သူလျှိုက ဘယ်သူဖြစ်မတုန်း။
မိုမို့ကို သူထည့်တွက်လိုက်ပါသည်။ ထို မီးခိုးမြူပုံရိပ်က သူလျှိုလို့ပြောလို့ရတယ်မလား။ အစကတည်းက ထိုအရာက ရတနာတွေကို တစ်ခုပြီးတစ်ခု အမဲလိုက်ချင်နေတော့သည်။
သို့သော် ရတနာ အရေအတွက်ကိုပြောပါဆိုလျှင် သူက အများဆုံးရှိသည့်သူဖြစ်သည်။ ဒါကြောင့် သံသယဖြစ်စရာအကောင်းဆုံးလည်းဖြစ်မည်။ စုရှောင်ရှန် စွံ့အသွားတော့၏။
…
ကျောက်ကျစ်တုံ့ သူတို့၏ အမူ့ရာများကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့ပါသည်။ တစ်ချို့က ပဟေဠိဖြစ်ကြသည်။ တစ်ချို့က တည်ငြိမ်သည်။ တစ်ချို့ကတော့ တိတ််ဆိတ်နေကြ၏။
ကျောက်ကျစ်တုံ့ သံသယအရှိဆုံးလူများစာရင်းသွင်းထားသော စုရှောင်ရှန်က တကယ် အသိသာဆုံး အမူအရာနှင့် သူဖြစ်သည်။
‘စုရှောင်ရှန် ရတနာတွေနဲ့ ပတ်သက်ပြီး အတွင်းပိုင်း အချက်အလက်တွေနဲ့ တကယ် ရင်းနှီးရမယ်။ သူက တကယ် သူလျှိုဖြစ်နေမလား။ ဒါပေမယ့်…’
စုရှောင်ရှန်က သူလျှိုမဟုတ်ပါဟု ရှောင်ချိစွေ အသေအချာကို ပြောပြီးလေပြီ။ ဘာလို့ များဒီလောက် သေချာနေရသဲ မသိသလို ၎င်းကြောင့်လည်း ပြဿနာတက်နေရသည်။
အကြီးအကဲစန်းရဲ့ ခန်းမှန်းချက်က ပို၍ အဓိပ္ပာယ်ရှိသည်။ ကောင်းကင်အမြင်မှ သူလျှိုတစ်ယောက်က လျှိုလင်းဆိုတာ သိပြီးပြီဖြစ်ပြီး နောက်ထပ် တစ်ယောက်သာ ဆန်းကြယ်စွာ ကျန်တော့၏။
သူ့ခံစားချက်နဲ့သွားပါဆို စုရှောင်ရှန်၊ မိုမိုနှင့် လျှိုလင်းလင်းတို့က သူသံသယရှိသူများဖြစ်ကြသည်။
သို့ပေမယ့် စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေး ဌာနက ခံစားချက်တစ်ခုတည်းဖြင့် အလုပ်လုပ်တာမဟုတ်ရပါချေ။ သက်သေအထောက်အထား လက်ဆုပ်လက်ကိုင်လည်း ရှိဖို့ လိုသည်။
လက်ရှိမှာ သံသယရှိဖွယ်ရာအကောင်းဆုံးလျှိုလင်းလင်းတောင်မှ အနက်ရောင်ချောက်ကမ်းပါးထိပ်ကို မတော်တဆရောက်သွားပြီးတော့ ဓားအိမ်ကို ဆွဲထုတ်ကြည့်ရန်ကြိုးစားမိတာပါလို့ ပြောလျှင် သူတို့ ဘာမှ တတ်နိုင်မည်မဟုတ်ချေ။
သို့ဖြင့်…
“ပြောရမှာတော့ အားနာတယ်။ မင်းတို့တစ်ယောက်မှ သင်္ကာမကင်းဘူး။ သိုလှောင်လက်စွပ်တွေအကုန်ချွတ်ပေး” ကျောက်ကျစ်တုံ့ လက်နှစ်ဖက် ဆန့်ထုတ်လိုက်သည်။
လူတိုင်း၏ အမူအရာများ အကြီးအကျယ်ပြောင်းလဲသွားခဲ့၏။ ထို့ပြင် သိုလှောင်လက်စွပ်ဆိုတာ လူတစ်ယောက်ရဲ့ အရေးကြီးဆုံး လူသိမခံနိုင်သည့် ပစ္စည်းများထားရှိရာ ဖြစ်၏။ ဒီလိုတော့ သိုလှောင်လက်စွပ်များကို မပေးလိုက်နိုင်ပါချေ။
“ဒီလိုလုပ်တာမလွန်ဘူးလား။ သံသယရှိတယ်ဆိုတာနဲ့ လုပ်ချင်တာလုပ်လို့မရဘူးလေ” အတွင်းစည်းထဲမှာ နေတာကြာလေ လူသိမခံနိုင်သည့် လျှို့ဝှက်ချက်များ ပိုရှိလေဖြစ်သည်။ ဒါကြောင့် မကျေမနပ်ဖြစ် ဆူဆူပူပူ ဖြစ်မှာက မလွဲမသေဖြစ်၏။
“အို” ထိုပြောလိုက်သည့်သူကို ကျောက်ကျစ်တုံ့ ခြိမ်းခြောက်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။ “မင်းတို့ ပြစ်ဒဏ်စီရင်ရေးခုံရုံးကိုရောက်ရင် အတွင်း၀တ်တောင်ကျန်မှာမဟုတ်ဘူး။ ငါတို့ ဘာမှတောင် လွန်လွန်ကျွံကျွံ မတောင်းဆိုရသေးဘူး။ ဘာဖြစ်ချင်နေတာလဲ”
“ကျွန်တော်…”
“ရတယ်လေ မင်းငါနဲ့ ခုလိုက်ခဲ့” ကျောက်ကျစ်တုံ့ မေးငေါ့ပြလိုက်သည်။
ထိုစကားပြောလိုက်သည့်လူ ပျာယာခတ်သွားသည်။
ထိုစဉ် စုရှောင်ရှန်က လက်မြှောက်လိုက်ကာ “ကျုပ်မှာ မေးခွန်းတစ်ခုရှိတယ်”
“ပြော”
“သူလျှိုနှစ်ယောက်ရှိတယ်ပဲထား။ တစ်ယောက်ယောက်က သူတို့ထဲက မဟုတ်ဘဲ ရတနာတွေကို ရသွားရင်ရော။ ဘယ်လိုလုပ်မတုန်း”
ထိုသို့သော ဖြစ်နိုင်ချေကို ထည့်တွေးစဉ်းစား တွက်ချက်ခြင်းမပြုထားရာ ကျောက်ကျစ်တုံ့ ထိုအမေးကို ဘယ်လိုဖြေရမှန်းမသိဖြစ်သွားသည်။
‘ဒီမှာ မင်းတို့ဆယ်ယောက်ပဲရှိတာ။ နှစ်ယောက်က သူလျှို။ ဒါတောင် တစ်ယောက်ယောက်က ကံကောင်းပြီး ရတနာတစ်ခုကို ရမယ်ထင်နေတာလား။ ဒီကမ္ဘာကြီးမှာ အဲ့လောက်တိုက်ဆိုင်မှုဆိုတာ မရှိဘူး’ စိတ်ထဲကပြောသည်။
“မဖြစ်နိုင်ဘူးထင်တယ်။ မင်းပြောတာက တော်တော်အဓိပ္ပာယ်မဲ့တယ်။ မဟုတ်ရင် ဒီရတနာတွေက ကောင်းကင်ပေါ်က ကျလာတယ်ထင်နေတာလား” ကျောက်ကျစ်တုံ့ ပြန်ဖြေသည်။
“ဟုတ်တယ်။ တကယ် ကောင်းကင်ပေါ်ကကျလာတတ်တယ်” စုရှောင်ရှန်က အလေးအနက် သူ့နောက်က ဆက်သည်။
“ဟုတ်လား။ ကဲပြောပါဦး။ မင်းက အဲ့လို ရတနာတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင်ရထားတယ်။ ဒါပေမယ့် သူလျှိုမဟုတ်ဘူးပေါ့” ပြုံးရင်းဆိုသည်။
စုရှောင်ရှန် ဘာမှ ပြောမနေဘဲ တိတ်တခိုးနာကျင်ခြင်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်၏။
“ဟုတ်တယ် ကျုပ်က တကယ် အဲ့လို တိုက်တိုက်ဆိုင်ဆိုင်ကံကောင်းတဲ့လူ”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၇၂]
ကျောက်ကျစ်တုံ့ ဝါးလုံးကွဲထရယ်ပြီး ထပ်လောင်း၍ “မင်းငါ့ကို ကန်းနေတယ်ထင်နေတာလား။ အဲ့မင်းရဲ့ တန်ဖိုးမရှိတဲ့ ဓားနဲ့…”
ပြောနေရင်းနှင့် သူ့အသံ တစ်စထက်တစ်စ တိုးတိတ်သွားပြီး အဆုံး ပါးစပ်ပါပိတ်သွားသည်။
ထိုဓားက မိုးတိမ်လေပြိုင်ပွဲတုန်းက အများ၏ အာရုံကိုဖမ်းစားခဲ့သည့် ရုတ်ရုတ်သဲသဲဖြစ်သွားစေသောဓားမဟုတ်ပါလား။
ဒါပေမယ့် တကယ့် ပြဿနာက ထိုဓား၏ ဓားအိမ်ဖြစ်သည်။
“အနက်ရောင်ဓားအိမ်” ကျောက်ကျစ်တုံ့ ၎င်းက ဘာဖြစ်တယ်သိသွားပြီး ထအော်သည်။
ကောင်းကင်အမြင်မှ လျှိုလင်းလင်းထိုဓားကို ဆွဲထုတ်နေချိန် ဘေးမှ စုရှောင်ရှန် ရပ်ကြည့်နေတာကို မြင်ဖူးပါသည်။ ဆိုလိုတာက ထိုနှစ်ဦးအကြား ပဠိပက္ခဖြစ်ခဲ့သည်။
သို့ပေမယ့် ထိပ်သီး (၃၃) ဦး၀င် အသစ်ရဲ့ အသန်မာဆုံးလက်ထဲမှာ ထိုဓားအိမ်ရှိမနေဘဲ ဘာလို့ စုရှောင်ရှန်၏လက်ထဲရောက်နေရတာလဲ။
“မဖြစ်နိုင်တာ”
ချက်ခြင်း လျှိုလင်းလင်းကို သူလှည့်ကြည့်လိုက်သည်။ သူမက ရှက်ရွံ့နေသော မျက်နှာထားဖြင့် “ဘာကြည့်တာလဲ”
“မင်းတကယ် သူ့လက်ထဲက လုနိုင်လိုက်တာပေါ့” ကျောက်ကျစ်တုံ့ အရိုးထဲ အသားထဲကနေ အံ့ဩတုန်လှုပ်သွားရပါသည်။
ထို့နောက် စုရှောင်ရှန် စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့် (၉) လေးတည်းဖြင့် ကျောက်ရှူကို မီးပန်းလုပ်ဖောက်ပစ်လိုက်သော ညကိုပြန်မြင်ယောင်မိသည်။ ဒါကြောင့် မူလနန်းတော်နယ်ပယ်ကိုရောက်သွားသော စုရှောင်ရှန်က လျှိုလင်းလင်း လက်ထဲက ဓားအိမ်ကိုလုယူနိုင်တာ ကျိုးကြောင်းဆီလျော်ပါသည်။
ဒါပေမယ့် အတော်လေးကို အံ့ဩဘနန်းဖြစ်ဖွယ်ရာ ကိစ္စမလို့ ကျောက်ကျစ်တုံ့၏ ကမ္ဘာကြီးအပေါ် အမြင်ပြောင်းလဲသွားရသေးသည်။
မူလနန်းတော်နယ်ပယ် အစောပိုင်းက အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်နှောင်းပိုင်းကို အနိုင်ယူခြင်း။
မရှိခဲ့ဖူးတာတော့မဟုတ်ပေမယ့် သေလောက်အောင်ရှားသည်။ ကျောက်ရှူက သူ့စီ အတွက်အချက်မှား၍ ရှုံးနိမ့်သွားတယ်ဆိုနိုင်ပေမယ့် လျှိုလင်းလင်းကြတော့မတူပေ။ ကျောက်ရှူက သူမ၏ ခြေဖျားတောင်မမှီ။
ဒါ့အပြင်ကို စုရှောင်ရှန်က လျှိုလင်းလင်းလက်ထဲက ဓားအိမ်ကို လုယူလိုက်တော့ သူတို့ အပြစ်များကို ဘယ်လို လျှိုလင်းလင်းအပေါ် ဘယ်လို ဖို့ရတော့မှာလဲ။
ကျောက်ကျစ်တုံ့ ဘာမှ မပြောနိုင်ဖြစ်နေသည်။
သွားပါပြီ သိထားတဲ့သူလျှိုလေး။ ခုတော့ နှစ်ယောက်တောင် မသိဖြစ်သွားလေပြီ။