“ယွမ်တုရော”
လမ်းကြောင်းလေးကို ထိန်းထားရတာ ကြာပြီဖြစ်သော ရဲ့ရှောင်ထျန်းက သူ့အကန်အသတ်နားကိုရောက်လာသည်။ ဒါတောင် ထိုကမ္ဘာနှစ်ခုကို ချိတ်ဆက်ထားသည့် လမ်းလေးက မတည်မငြိမ်မြစ်သွားပါချေ။
လူတိုင်းသူ့ကိုကြည့်နေရာ စုရှောင်ရှန်သူ့ကို မသိသလို ပုခုံးတွန့်ပြ၏။ “ဘယ်သိမလဲ။ အဲ့ကောင် လမ်းပျောက်နေတာနေမှာပေါ့…”
သူနှင့်ယွမ်တုတို့က အစတကည်းက မတည့်ကြရာ လူတိုင်း စုရှောင်ရှန်ဒီလိုပြောမှာကို မျှော်မှန်းထားကြပြီးဖြစ်သည်။
အကြီးအကဲကျောက် သူ့ကို သင်္ကာမကင်းကြည့်လိုက်သော်လည်း ဘာမှတော့မပြောပါချေ။
ယွမ်တု သေပြီလားဆိုတဲ့ သက်သေလည်းမရှိရပါ။ အတွင်းစည်းဂိုဏ်းသားဟောင်းဖြစ်သော ယွမ်တုက ထျန်းရွှမ်တံခါးအတွင်းက မူမမှန်မှုကို မသိဘဲနေမည်လား။ တံခါးရှေ့၌ စုစည်းစဉ်ကတောင်ပေါ်မလာတာ အဖြေကရှင်းနေပေပြီ။
“ဒီလိုလုပ်ပါလား ငါတို့…”
“ငါတို့ နည်းနည်းထပ်စောင့်မယ်” အကြီးအကဲကျောက်ကို ရဲ့ရှောင်ထျန်း ဖြတ်ပြောလိုက်သည်။ သတ်ဖြတ်ခြင်းကွင်းပြင်ကို ချိတ်ဆက်ထားသည့် ဗလာနယ်လမ်းကြောင်းကိုဖြတ်ပြီး သူ့စွမ်းအင်အကုကို အခြား လမ်းကြောင်းများ၌ အားပိုစိုက်လိုက်တော့၏။
စုရှောင်ရှန် ထိုအကြောင်းအရာကို မမှုသလို ထပ်မံ ပုခုံးတွန့်ပြလိုက်သည်။ သူက ၀န်ခံရမတဲ့လား။
တကောင့်သားကို အခွင့်အရေးတစ်ခါပေးပြီးပြီ သူမှ လက်ဆုပ်လက်ကိုင်မပြုတာ။ ကံဆိုးစွာဖြင့် ရဲ့ရှောင်ထျန်း၏ ကြိုးစားမှုက ဘာရလဒ်မှရရှိလိမ့်မည်မဟုတ်ချေ။
“အမ်… ကျုပ်…”
စုရှောင်ရှန်ကို ကြည့်ရတာ တစ်ခုခုကို ပြောချင်ပေမယ့် တုန့်ဆိုင်းနေပုံရသည်။
ကျိုးထျန်းရှန်၏ ဒဏ်ရာများကိုသူစစ်ကြည့်ချင်ပါသည်။ သို့သော် ထိုကိုရိုးသားကို ယခု အနက်၀တ်လူများ ၀န်းရံထားကြ၏။ ကျိုးထျန်းရှန်က သေမလောက်မဖြစ်သွားသော်လည်း သတိတော့မေ့နေသေးသည်။
ကျဲ၏ တိုက်ခိုက်မှုက အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်မရှိသည့်သူများ ခံနိုင်မည့် အရာမဟုတ်တာထင်ရှားသည်။
ထိုတဲလေးထဲတွင်တော့ ထျန်းရွှမ်တံခါးမှ ထွက်လာကြသူများ စုနေကြ၏။ သူ့အကြားအမြင်မှ ထိုတဲလေးက အနက်၀တ်လူများ၏ အဓိက အာရုံစိုက်ရာ နေရာဖြစ်ကြောင်းကို ပြောနိုင်သည်။
အဖြေကတော့ရှင်းသည်။ လျှိုလင်းလင်းကြောင့်ဖြစ်၏။
သူမအပြင်ကို နောက်ထပ် သူလျှိုများလည်း ရှိနိုင်သည်မဟုတ်ပါလား။
‘ကြည့်ရတာ စိတ်ဝိညာဉ်နန်းတော်က အဖိုးကြီးတွေက ကန်းနေကြတာတော့မဟုတ်ဘူးပဲ။ သူလျှိုတွေကို ထျန်းရွှမ်တံခါးထဲမှာ ကြိုက်သလို နေစေခွင့်မပြုဘူးပေါ့လေ။ အင်း သူတို့ဒီတစ်နေရာတည်းမှာ ပြင်ဆင်မှုတွေ လုပ်ထားတာ မဖြစ်နိုင်လောက်ဘူး’
စုရှောင်ရှန် ထိုကြမ္မာငင်သည့် ထိုညက လုပ်ကြံသတ်ဖြတ်မှုကို ပြန်မြင်ယောင်သွားသည်။
ထိုစဉ်က ဖုန်းကုန်းနှင့် ရှောင်းယီတို့ကို ဘယ်သူမှ မသိဘဲနှင့် သတ်နိုင်လောက်အောင် သူ့ကိုယ်သူတော်နေတယ်ပေါ့။ မြောက်ကြွ မြောက်ကြွဖြစ်လို့ မ၀သေးခင် ကြီးကြပ်သူရာနှင့်ချီ၍ လူလုံးထပြကြသည်။
‘လခွီးလိုပဲ။ ပြန်စဉ်းစားကြည့်ရင် တကယ် ကသိကအောက်နိုင်တာပဲ။ ဒီအဖိုးကြီးတွေ ဘယ်သူ့ကိုမှ သတိမပေးဘဲ ဘယ်လို အကြံအစည်ချကြရမလဲသိတယ်’ စိတ်ထဲမှပြောသည်။
“ဘာမှ မရှိတော့ဘူးဆိုရင်လည်း ကျုပ်အိမ်ပြန်ပြီး ကျင့်ကြံခွင့်ပြုပါဦး” စုရှောင်ရှန် ဝေ့ဝိုက်ပြီးပြောလိုက်သည်။
အကြီးအကဲကျောက်ခေါင်းခါရမ်းကာ “တဲလေးထဲကိုသွားပြီး စောင့်နေဦး”
အကြီးအကဲစန်းရဲ့ တပြည့်ဖြစ်ပေမယ့် စည်းမျဉ်းများကို ချိုးဖျက်လို့ရသည်လို့ မဆိုလိုပါ။ ဘာဖြစ်ဖြစ် ထျန်းရွှမ်တံခါးအတွင်း အဖြစ်အပျက်များတွင် စုရှောင်ရှန်လည်း ပါလေသည်။
သူလျှိုဟု သံသယဖြစ်ခံရသူမှန်သမျှ ထွက်သွားခွင့်မရှ်ိပါချေ။
စုရှောင်ရှန် သူ့ရင်ဘက်ထဲက သံဘောလုံးလေးကိုထိလိုက်သည်။ သူက ဆက်လက်၍ မနေရဲပါချေ။ ကျဲ စကားမပြောသင့်သည့်အချိန် ထပြောမှာကိုကြောက်မိပါသည်။
တစ်စုံတစ်ယောက်က သူ့ကိုရှာရင်လည်း ခန္ဓာကိုယ်မှာ ကမ္ဘာငယ်လေးကို တည်ငြိမ်အောင်လုပ်တဲ့ ရတနာလေးပါးကိုတွေ့ရမည်။ တကယ် ထိုသို့ဖြစ်လာပါက သူတော့ သေပြီဆရာအော်ရလောက်သည်။
ထိုအခါ ထျန်းရွှမ်တံခါးကို ပြိုလဲအောင်လုပ်သည့် လက်သည်တရားခံဖြစ်လာပေမည်။ ၎င်းက သူ့ရည်ရွယ်ချက်မဟုတ်သော်လည်း နာမည်ကတော့ ပြန်ပျောက်အောင်ဖျက်ရခက်ပေတော့မည်။
သို့ဖြင့် ဒီနေရာကနေ ထွက်သွားဖို့ နည်းလမ်းတစ်ခုတော့ရှာကိုရှာရပေမည်။ သူ့မျက်နှာက ရှံ့မဲ့သွားပြီး “ဗိုက်အောင့်လို့ သွားခွင့်ပြုပါ…”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၇၂]
ပင်ကိုယ်မှတ်များ အနည်းငယ် ထပ်မံ ရိတ်သိမ်းပြီးနောက်မှာ စုရှောင်ရှန် တဲလေးအထဲကို ပစ်ထည့်ခံလိုက်ရ၏။
…
တဲလေးထဲမှာ ခုံတန်းလျား လေးခု မျက်နှာချင်းဆိုင်ထားထားပြီး တန်းလျားတစ်ခုကို ကျိုးထျန်းရှန်တစ်ယောက်တည်း နေရာယူထားသည်။
ကျန်သည့်နေရာများကတော့ လူတိုင်း ကိုယ်စီ ကိုယ်စီဖြစ်ကြသည်။ မုကျစ်ရှီနှင့်မိုမိုတို့က တစ်ခုံ၊ နာမည်မဖော်ပြထားသော သုံးယောက်က တစ်ခုံ၊ လျှိုလင်းလင်းက အခြားတစ်ဘက်၌ အေးဆေးထိုင်နေပြီး ကျောက်ချင်းထန်က မီးပူပေါ်မှာထိုင်နေရသည့်အလား ထိုင်မရ ထမရ သူမ၏ညာဘက်၌ ရှိနေ၏။
“စုရှောင်ရှန် ဒီကိုလာ” မုကျစ်ရှီသူမ၏ ဘေးနားက နေရာကို ပုတ်ပြသည်။
စုရှောင်ရှန် ဂရုမစိုက်ဘဲ လျှိုလင်းလင်းနှင့် ကျောက်ချင်းထန်တို့ နှစ်ယောက် အကြားကို သွားထိုင်၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
ဟမ့်။ မုကျစ်ရှီ တစ်ဘက်သို့ ဆတ်ကတည်း ခေါင်းလွှဲသွားရာ သူမ၏ နှစ်မွှာကျစ်ဆံမြှီးက လှုပ်ရမ်းသွားသည်။
ထိုအချင်းအရာကြောင့် စုရှောင်ရှန် ရယ်ချင်သွား၏။ ‘ပြောလို့ပြောတာတော့မဟုတ်ဘူး။ ထိုင်ဖို့နေရာလေးနဲ့ သ၀န်တိုရလား’
ထို့နောက် တည်တည်ငြိမ်ငြိမ် ထိုင်နေသော လျှိုလင်းလင်းကို သူကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်၌ ဘာမှ မဖြစ်သည့်အလား ရှိနေပေမယ့် သူမ၏ အင်္ကျီစများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာကိုကြည့်ပြီး သူမ ဘယ်လောက် တင်းမာနေလဲ သိနိုင်၏။
စုရှောင်ရှန် သူမနား တစ်လက်မ ပိုတိုးသွားလိုက်သည်။
“ဘာလဲ” လျှိုလင်းလင်း သူ့ကို ခေါင်းလေးအသာစောင့်ပြီး မျက်စောင်းလှလှလေးထိုးကာကြည့်သည်။
“နင့်ပုံက အရမ်းသိသာနေတယ်…” စုရှောင်ရှန်ပြုံးပြလိုက်သည်။
လျှိုလင်းလင်းထိုမှ သူမ၏ လက်ကို ကြည့်မိပြီး ဆုပ်ထားတာ လျော့လိုက်၏။
စိတ်ချင်းဆက်သွယ်မှုကိုပြောင်းကာ “အနက်ရောင်ဓားအိမ်က ငါ့စီမှာမဟုတ်ဘူးနော်။ နင့်စိတ်မပူဘူးလား”
“အဲ့ဒီနေ့နောက်ပိုင်း နင်ဘာဆက်လုပ်မယ်ဘယ်သူ ပြောနိုင်မှာလဲ။ နင်လည်း စိုးရိမ်သင့်တယ်” စုရှောင်ရှန် စပ်ဖြဲဖြဲ ပြန် ချေပလိုက်သည်။
လျှိုလင်းလင်း ဘေးပတ်၀န်းကျင်ကိုမျက်စိကစားလိုက်ပြီး ဒေါသထွက်နေသော ဖိနှိပ်ထားသည့် လေသံဖြင့်ပြောသည်။ “နင် စိတ်ချင်းဘယ်လိုဆက်သွယ်ရမလဲမသိဘူးလား။ ဘာလို့ အော်ကျယ်ကျယ်ပြောနေတာလဲ။ သေချင်နေတာလား”
“ငါ စိတ်ချင်းဘယ်လို ဆက်ရမလဲ မသိဘူး”
လျှိုလင်းလင်း စွံ့အသွား၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူမ သူ့ကို ကျောက်စိမ်းစာလိပ်တစ်လိပ်ပစ်ပေးလိုက်သည်။ ထိုစာလိပ်ကို ကြည့်ရှုလိုက်ပြီးနောက် ခေါင်းကိုက်သွားရကာ အသာပြန်တွန်းပေးလိုက်၏။
“ခက်လွန်းတယ်”
“…”
လျှိုလင်းလင်း သူမများ နားကြားမှားတာလား မယုံကြည်နိုင်ပေ။
သူမရှေ့ကလူက စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒကို ကျွမ်းကျင်နားလည်ထားသူဖြစ်သည်။ ဘယ်လိုလုပ် လူတိုင်းသိတဲ့ စိတ်ချင်းဆက်သွယ်တာလေးကို “ခက်လွန်းတယ်” လို့ပြောရတာလဲ။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
သူမ တိတ်ဆိတ်သွားသည်။
စုရှောင်ရှန်က စိတ်ချင်းမဆက်သွယ်နိုင်ရာ ပတ်၀န်းကျင်က နားထောင်နေသည့် နားတွေအကြား စကားဆက်ပြောရန် မသင့်တော်ပါတော့ချေ။
သူတို့စကားပြောတာရပ်သွားပြီးနောက်မှာ တဲလေးက တိတ်ဆိတ်သွားခဲ့သည်။
အပြင်ဘက်ကလူများလည်း ကိုယ့်အသက်ရှူသံကိုယ်ကြားရ လောက်အောင် တိတ်ဆိတ်နေကြသည်။ လူတိုင်း ရဲ့ရှောင်ထျန်း၏ ချွေးစေးများဖြင့်ပြည့်နေသော မျက်နှာကို စိုက်ကြည့်နေကြသည်။
ဆယ်ယောက်မြောက် ယွမ်တု ထွက်လာမလားကို သူတို့စောင့်စားနေကြ၏။
စုရှောင်ရှန် ထိုစိတ်ချင်းဆက်သွယ်နည်းကို ထပ်ကြည့်လိုက်သော်လည်း မသင်ယူနိုင်သေးပါချေ။ သို့ဖြင့် အဝေးတစ်နေရာကို အကြည့်ရောက်သွား၏။
ညီလာခံခန်းမရှေ့က ရှေးဟောင်းသစ်ပင်ကြီးက ရာသီအားလုံးကို စိမ်းလန်းဆိုပြေ နေတော့သည်။
ထို့နောက် ထိုအပင်ကြီးမှ စာကလေးအသိုက်ကိုကြည့်လိုက်သည်။ ထိုမှ ခြေကျိုးနေသော စာကလေးတစ်ကောင်ကနားနေ၏။ အခြားတစ်ကောင်က ပျံထွက်သွားသည်။ ထိုခြေကျိုးငှက်က ပျံချင်သော်လည်း ထိုသို့အခြေအနေတွင် လှုပ်မရဖြစ်နေ၏။
“လှောင်ပိတ်ထားခံရတဲ့ ငှက်က ပျံဖို့မဖြစ်နိုင်တော့ဘူး”
ထိုစာကလေး ရုန်းကန်နေတာကို ငူငူကြီးကြည့်နေရင်း စုရှောင်ရှန် ပြောလိုက်သည်။
လျှိုလင်းလင်း သိချင်သွားပြီး သူကြည့်နေသည့် ရုန်းကန်နေသောငှက်ကလေးကို လိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်၌ အပြုံးလေးတစ်ခုပေါ်လာ၏။
ဒီကောင်လေးက စိတ်ချင်းလည်း မဆက်သွယ်နိုင်မှတော့ သူစကားပြောတာကိုလည်း တားလို့ရတော့မည်မဟုတ်ပေ။
“လှောင်ပိတ်ထားခံရတယ်ဆိုတာ ဘာပြောချင်တာလဲ” သူမက မေးသည်။
“ဒီလို အကိုင်းအခတ်များတဲ့ သစ်ပင်က အဲ့ဒီငှက်အတွက်တော့ ငရဲပဲ”
လျှိုလင်းလင်းသူ့ကို မျက်စောင်းကလေးထိုးလိုက်သည်။ သူဘာကိုဆိုလိုချင်မှန်းသူမသိပါသည်။
“ငှက်သာ ထွက်သွားချင်ရင် အတောင်ဖြန့်လိုက်ရုံပဲ။ သူ့အခြေအနေကြီးနဲ့ မဖြစ်နိုင်ဘူးဆိုရင်တောင် ခြေတစ်ချောင်းနဲ့ ခုန်ထွက်လို့ရနေတာပဲ”
ထို့နောက် ခဏရပ်တန့်သွားပြီးမှ ဆက်လိုက်သည်။ “ဓားခုတ်ကောင်က သူ့နောက်က စာကလေးကိုသတိမထားမိဘဲ ပုစဉ်းရင်ကွဲကို ချောင်းနေတယ်။ စာကလေးက ခြေတစ်ဖက်ကျိုးနေတယ်ဆိုပေမယ့် ဒါကိုကြည့်ပြီး သွားရေနေတယ်”
လျှိုလင်းလင်း ရှူးရှူးရှဲရှဲဖြစ်သွားသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူမ ထိုထက်ပို၍ ဒေါသမထွက်နိုင်တော့ပါချေ။ စုရှောင်ရှန်က သူမကို စကားဖြင့် ရန်စနေသလားမသိ သူ့ကို စကားပြန်မပြောရန် ဆုံးဖြတ်လိုက်သည်။
ထျန်းရွှမ်တံခါးအတွင်းမှာကတည်းက စုရှောင်ရှန် ဘယ်လို စကားပေါသလဲ သူမ သိပါသည်။ သူ့ကိုဆက်ပြောနေရင် ဒေါသထွက်ရုံမှ တစ်ပါး ဘာမှ ရလိမ့်မည်မဟုတ်ချေ။
သို့ဖြင့် တဲလေး တိတ်ဆိတ်သွားပြန်သည်။ သူမဘေးနားမှ စုရှောင်ရှန် ထိုသစ်ပင်လေးထံမှ သူမထံ အကြည့်လွှဲပြီးနောက် ခေါင်းပြန်ငိုက်စိုက်ကျသွားကာ သက်ပြင်းချတာတွေ့လိုက်ရ၏။
တဲလေးက တကယ် ဟောင်းနွမ်းပေသည်။ ကြမ်းပြင်၌လည်း အက်ကြောင်းများထနေကာ ပုရွက်ဆိတ်များက သူတို့ထက် အဆမတန်ကြီးသော ခြင်အသေကောင်ကြီးကို သယ်သွားနေတာ တွေ့ရသည်။
“မနက်ဖြန်တော့ မိုးရွာမယ်ထင်တယ်…”
လျှိုလင်းလင်းသူ့အပြောစကားကြောင့် ထပ်စပ်စုချင်သွားပြီး သူ့အကြည့်နောက်ကို ထပ်လိုက်ကြည့်ပြန်သည်။
“ဘာလို့လဲ”
“ပုရွက်ဆိတ်တွေ အသိုက်စီမြန်မြန်ပြန်သွားနေတယ်ဆိုရင် မနက်ဖြန်မိုးရွယ်မယ်ဆိုတဲ့ အဆိုကိုမကြားဖူးဘူးလား”
လျှိုလင်းလင်း ကြောင်အသွားကာ “လျှောက်ပြော”
ဟူးးး…
စုရှောင်ရှန် သက်ပြင်းချကာ ခေါင်းဆက်ခါရမ်း၍ အက်ကြောင်းလေးထဲ ပုရွက်ဆိတ်များ တဖြည်းဖြည်း၀င်သွားကြတာကို ကြည့်နေလိုက်၏။
“သနားစရာပဲ။ ပုရွက်ဆိတ်တွေက ဘယ်လောက် သန်မာသန်မာ သူတို့က မပျံနိုင်ကြဘူး။ အဆုံးတော့လည်း အမှောင်ထုထဲကို ၀င်ကြရတာပဲ”
‘ဒီကောင်ဘာလား…’ လျှိုလင်းလင်း စုရှောင်ရှန်၏ အဓိပ္ပာယ်မရှိသော ပညာရှိစကားများကြောင့် စိတ်အနှောက်အယှက်ဖြစ်လာသည်။ သူမကိုစောင်းမြောင်းပြီးများ ပြောနေသလား တဖြည်းဖြည်း ဒေါသထွက်လာခဲ့ပြီး ပေါက်ကွဲတော့မတတ်ဖြစ်လာ၏။
“စုရှောင်ရှန် နင်ပါးစပ်ပိတ်ထားလို့မရဘူးလား” သူမ အော်သည်။
[တောင်းဆိုခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ထို့နောက် သူတောင် ပါးစပ်မဟရသေးခင် ထို လျှိုလင်းလင်းက ချက်ခြင်းထပြီး မုကျစ်ရှီနားသွားထိုင်လိုက်၏။
“အာ…”
“ပါးစပ်ပိတ်ထား”
လျှိုလင်းလင် သူ့ကို ဖောက်ထွင်းတော့မတတ် စူးစူးရှကှ စိုက်ကြည့်လိုက်သည်။
စုရှောင်ရှန် မကျေမချမ်းဖြစ်သွားသည်။
‘ဘာလဲဟ။ စကားလေးဘာလေးပြောလို့မရဘူးလား။ နင်က အသက်ကြာကြာလည်းရှည်တော့မှာမဟုတ်ဘူး။ အထီးကျန်မှာလည်းစိုးရိမ်ပေးရသေးတယ်။ အော် မိန်းမတွေ မိန်းမတွေ ကောင်းပေးပြန်တော့လည်း တစ်မျိုး…’
ခရက်…။
ရဲ့ရှောင်ထျန်း သူ့အကန့်အသတ်ကိုရောက်သွားပေပြီ။ ဗလာနယ်လမ်းကြောင်းလည်း တဖြည်းဖြည်း အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွား၏။
စုရှောင်ရှန် ပြုံးလိုက်သည်။ ယွမ်တုပျောက်ဆုံးခြင်း အကြံအစည် အောင်မြင်လေပြီ။
လူတိုင်း၏ မျက်၀န်းများအတွင်း စိတ်အားပျက်လက်မှုတို့ပေါ်လာကြသည်။ ထို့နောက် အားလုံး တစ်ပြိုင်တည်း လိုလို တဲကလေးကို လှည့်ကြည့်လိုက်ကြ၏။
စုရှောင်ရှန် ခေါင်းကိုအသာခါရမ်းကာ ပြုံးလိုက်သည်။
“ပြဇာတ်က ကတော့မယ်”