သတ်ဖြတ်ခြင်းကွင်းပြင်…။
စုရှောင်ရှန် လက်ပိုက်ထားပြီး သူ့လို လုပ်နေသော ရုပ်သေးကလေးငယ်ကိုကြည့်လိုက်သည်။ ထို့နောက် သင်္ကာမကင်းဟန်ရသော လေသံဖြင့်မေးလိုက်၏။
“မင်းနာမည်ကဘာလဲ”
“ကျဲ…”
ရှက်ရွံ့သလိုလိုအသံဖြင့် ရုပ်သေးကလေးငယ်က မေမေ မှလွဲ၍ တခြားစကားလုံးကိုပြောပေပြီ။
စုရှောင်ရှန် ထိုရုပ်သေးကလေးငယ်က တခြားစကားလုံးကိုသိတာကြောင့်ပျော်သွားသလို အံ့လည်း အံ့ဩသွားသည်။ ဘာဖြစ်ဖြစ် တိုးတက်မှုမဟုတ်လား။
“ကျဲလေး။ ငါစုရှောင်ရှန် ဒီနေရာကနေ မင်းကို ဖိတ်ခေါ်တယ်။ မေမေနဲ့ လိုက်ချင်လား” စုရှောင်ရှန်က ကျဲကို ကမ်းလှမ်းလိုက်သည်။
ကောင်းကင်သစ်ပင်က နောက်ဆုံး ကြီးထွားမှုရပ်တန့်သွားရာ ထျန်းရွှမ်တံခါးလည်း တည်ငြိမ်သွားခဲ့သည်။
သို့ပေမယ့် စုရှောင်ရှန် ဒီနေရာမှာ မနေရဲတော့ပါချေ။ အတတ်နိုင်ဆုံးမြန်မြန်ထွက်သွားရပေမည်။
သို့သော် ထိုသို့မလုပ်တိုင်ခင် ကျဲရုပ်သေးကလေးငယ်နှင့် ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ရပေမည်။
ထိုရုပ်သေးကလေးငယ်က လိမ္မာရေးချားရှိတယ်ဆိုရင် သူ့အတွက် ကြောက်မက်ဖွယ်ရာအတိ လက်နက်တစ်ခုဖြစ်လာလိမ့်မည်။ ဘယ်လို ကြည့်ကြည့် သို့ဆိုပါက ကောင်းကျိုးက ပိုများ၏။
သို့သော် ကျဲက သူပြောတာနားထောင်ပါ့မလား မသေချာပေ။ မဟုတ်ရင် ထိုအကြံကိုသူစွန့်လွှတ်လိုက်မည်သာ။
သူ့တွင်လည်း လူ့ဘီလူးကြီး၏ ဒေါသရှိနှင့်နေပြီးဖြစ်သည်။ ထိုအရာက ချိန်ကိုက်ဗုံးတစ်လုံးနှင့်တူကာ အချိန်မရွေးထပေါက်ကွဲသွားနိုင်၏။
“မေမေ…”
ကျဲက တုန့်ဆိုင်းနေဟန်ရသည်။
အခေါက်ခေါက်အခါခါ အတည်ပြုပြီးနောက်မှာ အကြားအမြင်ဖြင့် ကျဲ၏ ခံစားချက် အတက်အကျကို နားလည်နိုင်ကြောင်းသိလိုက်ရသည်။ ဒါကြောင့်လည်း ဒီလို အဖျက်စွမ်းအားကြီးသည့် လက်နက်ကို ထိန်းချုပ်ရဲခြင်းဖြစ်သည်။
“မင်းမှာ စဉ်းစားဖို့အချိန်မရှိတော့ဘူး။ ငါက ထွက်သွားတော့မှာ။ ခုငါနဲ့မလိုက်ရင် မင်းတော့ ဒီမှာ ကျန်နေခဲ့မှာပဲ”
ထို့နောက် ကောင်းကင်ကြီးကို မော့ကြည့်ကာ “ဒီကမ္ဘာကြီးကို တွေ့လား။ ဒါကြီးက မင်းကိုပိတ်လှောင်ထားတာနဲ့ မထူးခြားမနားပဲ။ ပိုပြီး နေရာကျယ်သွားတာပဲရှိမယ်။ တကယ့် ကမ္ဘာကြီးက အပြင်ဘက်မှာ…”
စုရှောင်ရှန်ပြောနေရင်း အဖိုးကြီး၏ ပဟေဠိဖြစ်ဖွယ်ရာ ကမ္ဘာကြီးအား တွေးခေါ်ပုံကြောင့် တုံ့ခနဲရပ်သွား၏။ အပြင်ဘက်က ကမ္ဘာကြီးကတောင် တကယ့် အစစ်အမှန် ကမ္ဘာကြီး မဟုတ်လောက်ပါချေ။
“မေမေ…” သူ့ကိုကြည့်နေသော ကျဲ စိတ်လှုပ်ရှားနေသည်။
စုရှောင်ရှန် ထိုကိစ္စကို တွေးမနေတော့ဘဲ တောက်ပသောအပြုံးတစ်ခုဆင်မြန်းကာ ဆိုလိုက်သည်။ “အသက်ရှင်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်က ပိုကြီးတဲ့ ကမ္ဘာပြင်ကြီးကို မြင်ချင်လို့မလား။ ဒီလို နေရာစုတ်လေးမှာ ဘာလို့ နေနေမှာလဲ”
သူ့စီကိုလျှောက်လာသော ကျဲက လက်မပိုက်ထားတော့ပေ။ စုရှောင်ရှန်၏ ပုခုံးပေါ်လက်တင်လိုက်၏။
“မေမေ”
သူ့ပုခုံးမှ နာကျင်မှုကြောင့် စုရှောင်ရှန်၏ မျက်နှာမဲ့ရွဲ့သွားပြီး အလျင်အမြန် ဆိုလိုက်သည်။ “ကောင်းပြီ ကောင်းပြီ မင်း ပြောချင်တာ ငါသိပါတယ်။ ခုလွှတ်ပေးပါတော့”
ကျဲမော့ကြည့်လိုက်သည်။ သူ့အနီရောင်မျက်၀န်းများထဲတွင် သံသယများက အထင်းသား။
“လွှတ်… လွှတ်။ မင်းလက်ကိုလွှတ်ပြီး ငါ့လို လက်ပိုက် လွှတ်”
သူ့လက်ကို မခံစားမိတော့သလိုတောင်ဖြစ်လာတာကြောင့် စုရှောင်ရှန့် နှုတ်ခမ်းထောင့်လှုပ်သွားသည်။
လခွမ်းလိုပဲ။ ဒီကောင့်ကိုသာ ငါအပြင်ခေါ်သွားရင် ငါနဲ့ စလားနောက်လားလုပ်တာအဆင်ပြေပေမယ့် တခြားကလေးတွေနဲ့ဆိုရင်…
“ဘောလုံးကန်ရအောင်”
“ရေးးးးး”
ခေါင်းပြတ်ကြီးလွင့်ထွက်သွား …
“ဝူးးးးး။ ဘာလို့ သူ့ကိုသတ်လိုက်တာလဲ”
“အေးဆေးပါ။ လာဖက်ရအောင်”
ထိုကောင်လေး အရိုးကြေမွသွား…
စုရှောင်ရှန် ထပ်မံ စိတ်ကူးမယဉ်ကြည့်ရဲတော့ပေ။ ခြေထောက်များတောင်တုန်တုန်ရင်ရင်ဖြစ်လာသည်။ ကျဲသာ သူ့ခွန်အားကို မထိန်းချုပ်နိုင်ရင် အပြင်ထွက်တဲ့အခါ ပြဿနာတက်နေပေလိမ့်မည်။
ကျဲကို ဖိတ်ခေါ်သည့် ဆုံးဖြတ်ချက်ကိုတောင် နောင်တရသွား၏။
“ငါနဲ့ အပြင်လိုက်မယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတစ်ချို့ကို လိုက်နာရမယ်”
စုရှောင်ရှန် လက်ပိုက်ထားသည်။ ကျဲလည်း သူ့ကို လိုက်တုထား၏။
“ပထဦးဆုံးအနေနဲ့။ မင်း လူတွေကို လိုက်မတိုက်လိုက်ရဘူး”
ကျဲ ခေါင်းညိတ်လိုက်သည်။
“ဒုတိယ။ ငါမင်းကိုဘာမှ မပြောမချင်း လက်ကိုပိုက်ထားရမယ်။ ဒါအရေးကြီးတယ်နော်”
ကျဲခေါင်းထပ်ညိတ်သည်။
“နောက်ဆုံးအနေနဲ့”
စုရှောင်ရှန် ရပ်လိုက်သည်။ ကျဲတကယ်ကော သူပြောတာ နားလည်နေတာလား စဉ်းစားခန်းဝင်သွား၏။
ဒါမှမဟုတ် သူပြောတာ ဘာမှ နားမလည်ဘဲ ဒီတိုင်း ခေါင်းပဲညိတ်နေတာများလား။
“မင်းကိုယ်မင်း ကျုံ့အောင်လုပ်လို့ရလား” သူမေးသည်။
ရုပ်သေးရုပ်က ကိုယ်ကိုသေးပြီး ပုန်းကွယ်လို့ ရကောင်းရနိုင်သည်။ ကျဲလည်း လုပ်နိုင်ရင် အပြင်ဘက်ကမ္ဘာကိုခေါ်သွားဖို့ဆိုတာ အေးဆေးဖြစ်ပေပြီ။
ကျဲခေါင်းညိတ်သည်။
စုရှောင်ရှန် ပီတိဖြာသွားပြီး အမိန့်ပေးလိုက်သည်။ “ကျုံ့”
ကျဲ ခေါင်းဆက်ညိတ်နေစဲ…။
“…”
ထိုမှ စုရှောင်ရှန်ခေါင်းအကြီးအကျယ် မူးနောက်သွားရသည်။ တကယ် ဒီကျဲက ထိန်းမနိုင်သိမ်းမရနှင့် ထိန်းချုပ်ရခက်ပေသည်။
ရွှစ်…။
ကလေးတစ်ယောက်အရွယ်အစားရှိတဲ့ ကျဲက ရုတ်တရက်ကြီး သံဘောလုံးလေးလောက်အရွယ်အစားသို့ကျုံ့သွားကာ လေထဲတွင် ပျံဝဲနေပေသည်။
ရုပ်သေးများ တကယ်လုပ်နိုင်ပါလားဟု စုရှောင်ရှန့်မျက်လုံးများတောက်ပသွားသည်။
ကျဲ သူ့ကို ဘယ်လို စိတ်ကျေနပ်အောင်လုပ်ပေးရမလဲသိသည်။ လူတစ်ယောက် သူ့အိပ်ကပ်ထဲ ပုန်းကွယ်နေရင် ဘယ်လိုသိနိုင်မှာလဲ။
ထိုသံဘောလုံးလေးကို လက်ပေါ်ရပ်စေလိုက်ပြီး “မင်းစကားပြောနိုင်လား”
“မေမေ…”
သံဘောလုံးလေး၏ မျက်နှာထက်မှာ အနီရောင်မျက်၀န်းနှစ်စုံဖြစ်ဟန်ရသည့် အစက်နှစ်စက် ရှိသည်။
“ကောင်းပြီ။ ငါမပြောမချင်း ဒီပုံစံအတိုင်းနေရ…”
သူ့စကားကို ပြီးဆုံးအောင်တောင်မပြောရသေးခင်မှာ ကျဲက နဂိုမူလ ပုံစံကို ပြန်ပြောင်းသွားခဲ့သည်။
မင်းက ခုတောင် ငါပြောတာ နားမထောင်တော့ဘူး။
အခြေအနေက သူထင်ထားတာထက် ထိန်းချုပ်ရ ခက်ခဲနေမှာမို့ စုရှောင်ရှန် မှင်တက်သွားရသည်။ စုရှောင်ရှန်က ထိုသို့ စိတ်တစ်ခုတည်း တသမက်တည်းမရှိဘဲ ခြေများသည့် သူမျိုးကို ကြောက်ပါသည်။ ထိုသူများက အရေးအကြောင်းဆို ထဖောက်တတ်ပေသည်။
ထိုအခိုက် မလှမ်းမကမ်းမှ အသံတစ်သံကြားရသည်။
“စုရှောင်ရှန် ထွက်လာခဲ့စမ်း”
၎င်းက ကျိုးထျန်းရှန်၏ အသံဖြစ်သည်။
တော်ပါသေးတယ်။ ကျဲက တစ်ယောက်ယောက်ရှိလို့ ဖြစ်ပြီး သူ့စကားကိုနားမထောင်ရတာမဟုတ်ချေ။… စုရှောင်ရှန် စိတ်သက်သာရာရလို့မှ မပြီးသေး ကျဲကို ဘယ်မှာမှ မတွေ့တော့သောကြောင့် မျက်လုံးမျက်ဆံ ပြူးကျယ်သွားသည်။
ကျဲဘယ်သွားသလဲဆိုတာ ခန့်မှန်းနေစရာတောင်မလိုပါချေ။
“ရပ်လိုက်။ အဲ့တာ ရန်သူမဟုတ်ဘူး။ မတိုက်ခိုက်နဲ့” စုရှောင်ရှန်သံကုန်ဟစ်လိုက်ပြီးကျိုးထျန်းရှန်ဘက်ကို အကြားအမြင်ဖြင့်ကြည့်၍ တဟုန်ထိုး ပြေးသွားတော့၏။
“စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ”
ကျိုးထျန်းရှန်သူ့နောက်မှ လှုပ်ရှားမှုကိုတွေ့လို့နောက်လှည့်ကြည့်လိုက်ချိန် လက်သီးဆုပ်ထားသော ကလေးငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
“ဟမ်။ ဒီကမ္ဘာကြီးမှာ သက်ရှင်ကျန်ရစ်သူတွေရှိသေးတာလား”
သူပျော်နေပြီးမှ စုရှောင်ရှန်၏ စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါဆို မင်းက သူနဲ့ တစ်ဖွဲ့တည်းပေါ့။ မကောင်းတဲ့သူနဲ့ ကမ္ဘာကြီးကို အတူတူ ဖျက်ဆီးချင်တယ်ပေါ့။ လူတိုင်းကိုယ်စား မင်းကို ငါရှင်း… အာ ကလေးတစ်ယောက်ကို ငါက ဘယ်လိုသတ်ရက်မှာ …”
ကိုရိုးသား ဆေဘာကြီးကိုပိုက်ပြီး တွေဝေသွားသည်။ ကလေးတစ်ယောက်ကို သူမသတ်ရက်ပါချေ။
စုရှောင်ရှန်ရောက်လာတာကိုမြင်သောအခါ ကျိုးထျန်းရှန်၏ မျက်၀န်းများထဲ၌ ဒေါသတို့ဖြင့်ပြည့်သွားသည်။ ကလေးကိုမသတ်ရက်မှတော့ နောက်ကွယ်က ကြိုးကိုင်သူကို သတ်ရပေမည်။
“စုရှောင်ရှန် မင်း ဒီနေ့သေရမယ်ကွ”
သူ့သတ်ဖြတ်ချင်စိတ်က ထိုသံမဏိရုပ်သေးများဖြင့် တစ်ထေရာတည်းဖြစ်သည်။ သူ့နောက်မှ ကျဲ၏မျက်၀န်းထဲမှအကြည့်များပြောင်းလဲသွားတာကိုမြင်လျှင်မြင်ချင်း “နေဦး။ စိတ်လိုက်မာန်ပါမလုပ်နဲ့”
“ဘာကို စိတ်လိုက်မာန်ပါလဲ။ ငါ ကျိုးထျန်းရှန်မင်းကို သတ်တာက စိတ်လိုက်မာန်ပါလုပ်နေတာမဟုတ်ဘူးကွ”
ဒီကိုရိုးသား စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ နစ်နေသေးတာကြောင့် စုရှောင်ရှန် ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိသည်။ အခုက ဟာသလုပ်ရမယ့်အချိန်မဟုတ်တော့ဘူးဟ။
“နိုးထလိုက်တော့။ ဒါက ထျန်းရွှမ်တံခါး။ ငါမင်းကိုလျှောက်ပြောခဲ့တာဟုတ်ပြီလား။ ဘာနှစ်တစ်သောင်းမှ မကုန်လွန်သွားဘူး…။ စကားမစပ် မင်းပြန်သက်သာလာတာ မြန်လိုက်တာ။ ထတောင်ရပ်နေနိုင်ပြီ”
သူ့ ပျားရည်ပုံစံ ရွှေနီဆေးရည်က တကယ်အကျိုးသက်ရောက်မှု ကြမ်းတာလား တွေးလိုက်သည်။
“ဟမ့် နံရံလေးတစ်ခုက ငါ့ကို တားနိုင်မယ်ထင်နေတာလား” ကျိုးထျန်းရှန် အထင်အမြင်သေးစွာ နှာရှုံ့လိုက်သည်။ ထို့နောက် စုရှောင်ရှန် ပြောတဲ့စကားက တစ်ခုခု မှားနေတယ် ခံစားလိုက်ရပြီး “လျှောက်ပြောခဲ့တာဟုတ်လား။ ငါ့ကို လာလှည့်စားချင်နေတာလား”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် သတိလစ်မေ့မျောတော့မတတ်ဖြစ်နေသည်။ ဒီလူက မယုံသင့်တဲ့အခါယုံပြီး ယုံသင့်တဲ့အခါကြတော့ မယုံပေ။
ကျိုးထျန်းရှန်သူ့ဆေဘာဓားကိုဆွဲထုတ်လိုက်သည်။ ကမ္ဘာကိုဖျက်ဆီးမည့်သူနှင့် စကားမပြောချင်တော့သည့်ဟန်ပေါ်သည်။
သူတကယ် လူရွေးမှားခဲ့သည်။ လွန်ခဲ့သော နှစ်တစ်သောင်းက ဒီလူ့စီကလမ်းတောင်းတာကို ခုလို တခြား အကြံတွေရှိနေခဲ့မယ်လို့ ဘယ်သူထင်မှာလဲ။
“လာ။ မင်းနဲ့ငါ တစ်ယောက်ယောက်တော့သေရမယ်”
ရွှစ်…။
ရုပ်သေးကလေးငယ် စုရှောင်ရှန်၏ အရှေ့၌ တဖန်ပြန်ပေါ်လာပြီး သူတို့နှစ်ဦးအကြား ၀င်ရပ်လိုက်သည်။
ကျိုးထျန်းရှန် ဒေါသ တထောင်းထောင်းထသွားပြီး “မင်းက ကလေးတစ်ယောက်ဖြစ်နေလို့ ငါမသတ်ရဲဘူးမထင်နဲ့။ ဖယ်”
ကျိုးထျန်းရှန်၏ ထိုလေသံက စုရှောင်ရှန်ကိုတောင် နှခုံးခုန်နှုန်းမြင်းဒုန်းဆိုင်းသွားစေသည်။ တကယ် သူ့ဘ၀ရဲ့ အကောင်းဆုံး အခိုက်အတန့်ပါ။ ဆရာကျိုး၊ သူ စုရှောင်ရှန်တောင် ကျဲကို ထိုသို့လေသံဖြင့်မပြောရဲပါချေ။
ဘုန်းးးး…။
ထင်ထားသည့်အတိုင်း ကျိုးထျန်းရှန်၏ ဓားကို ကျဲဖမ်းလိုက်သည်။ ထို့နောက် လူရော ဓားပါ လွှင့်ပစ်လိုက်တာ ကောင်းကင်မှာ ကြယ်အစက်အပြောက်အနေနဲ့ တစ်ချက်လက်ပြီး ပျောက်သွားတော့သည်။
အားးးး…။
ကျိုးထျန်းရှန်ပျောက်သွားပြီးမှ အော်သံကြီးကို အဝေးမှ ကြားရသည်။
ထိုကိုရိုးသား လွင့်ထွက်သွားသည့် နေရာ တိုက်တိုက်ဆိုက်ဆိုင်မှာပဲ ဗလာန
ယ်လမ်းကြောင်းလေးပေါ်လာခဲ့ပြီး အထဲကို၀င်သွား၏။
စုရှောင်ရှန်စွံ့အသွားသည်။