ညီလာခံခန်းမ၌…။
ရဲ့ရှောင်ထျန်းက ချွေးများ အဆက်မပြတ်ကျလာနေပေမယ့် ကမ္ဘာနှစ်ခုကို ချိတ်ဆက်ထားသည့် လမ်းနှစ်သွယ်ကတော့ ကျောက်တုံးလို မြဲမြံနေသည်။
ကမ္ဘာနှစ်ခု ချိတ်ဆက်သွားသောအခါ ဗလာနယ်ပယ် အပေါက်ကြီးမှ ပုံရိပ်တစ်ခုထွက်လာခဲ့သည်။
“တစ်ယောက် ယောက်ထွက်လာနေပြီ” ကျောက်ကျစ်တုံ့ ထအော်လိုက်သည်။ သူအတန်ငယ် အံ့အားသင့်သွား၏။
မကြာခင်မှာ ဒုတိယ ပုံရိပ်၊ တတိယ ပုံရိပ် အစရှိသဖြင့် ကိုယ်စီထွက်လာကြသည်။ ထိုဗလာနယ်ပယ်မှ ထွက်လာရပြီးနောက်မှာ ထိုသူများ ခေါင်းမူးဝေနောက်သွားကြသည်။ ပြန်လည်သက်သာဖို့ အချိန် အနည်းငယ် ယူလိုက်ရ၏။
ဒီလိုနဲ့ သူတို့မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ အနက်၀တ်လူ ရာနှင့်ချီ၍ ရှိနေတာကို မြင်လိုက်ရပြီး လိပ်ပြာလွင့်မတတ်ဖြစ်သွားကြပေသည်။
“ဒါက…”
ဘယ်လို အစီအရင်တုန်းဟ။ ဒီအနက်၀တ်လူတွေက သူတို့ကိုဖမ်းဖို့ရှိနေကြတာလား။ ထိုမှလွဲ၍လည်း သူတို့ တခြားအကြောင်းအရာ မစဉ်းစားနိုင်ပါချေ။
ထျန်းရွှမ်တံခါးအတွင်း၌လည်း အမှားတစ်စုံတစ်ရာမလုပ်ခဲ့မိတာ သေချာပါသည်။ ဘာလို့ သူတို့ကိုဖမ်းဖို့ လူတွေအများကြီးစောင့်နေရတာလဲ။
သူတို့ ပတ်ပတ်လည်ကို ရှူကြည့်လိုက်သောအခါ ရဲ့ရှောင်ထျန်းနှင့် အကြီးအကဲကျောက်တို့၏ စိုးရိမ်နေသော မျက်၀န်းများကို မြင်ရသည်။
“မင်္ဂလာပါ။ ခေါင်းဆောင်”
“မင်္ဂလာပါ အကြီးအကဲကျောက်”
“အာ… မင်္ဂလာပါ ကြီးကြပ်သူကျောက်”
သူတို့ချက်ခြင်း စိုးရိမ်ဟန်ရနေသော အကြီးအကဲများသာမက လှေကားပေါ်မှာ ရှိနေသည့် ကျောက်ကျစ်တုံ့ကိုတောင်နှုတ်ဆက်လိုက်ကြသည်။ ထိုနောက်မှ သက်လတ်ပိုင်းအရွယ်လူကြီးနှင့် မျက်နှာလွှားစနှင့် အမျိုးသမီးလေးတို့ ဘယ်သူဘယ်ဝါ သိပါကလည်း နှုတ်ဆက်ကြမည်သာ။
“ဟားဟား” ထိုသုံးယောက်၏ စိုးရိမ်မှုများအထင်းသားပေါ်လွင်နေသော မျက်နှာများကိုကြည့်ပြီး အမြဲ စည်းကမ်းကိစ္စနှင့်ပတ်သက်လာရင် အကျောမခံတဲ့ ကျောက်ကျစ်တုံ့ ခြောက်ကပ်ကပ်ရယ်လိုက်သည်။
သို့သော် ထိုသုံးယောက်က ထိုရယ်သံကို သူတို့ကို လက်သည်တရားခံထင်၍လားဟု အဓိပ္ပာယ်လွဲမှားစွာကောက်မိလိုက်ကြ၏။
အကြီးအကဲကျောက် ဒေါသထွက်သွားပြီး မေးသည်။ “မင်းတို့က ဒီမှာ ဘာလုပ်နေကြတာလဲ”
သူ့မျက်လုံးထဲတွင်တော့ ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်တောင် လူငယ်တွေကို အရင်ဦးစားပေးသင့်သည်။ သူ့အတွက်ကတော့ ထိုအရာက အသက်အပိုင်းအခြားဆိုင်ရာ ပြဿနာတစ်ခုပဲမဟုတ်ပါဘဲ စိတ်နေသဘောထား ပြဿနာလဲဖြစ်သည်။
ထိုမေးခွန်းကြောင့် သူတို့ သုံးဉီး ထိတ်ထိတ်ပျာပျာဖြစ်သွားကြသည်။ ခေါင်းဆောင်ဖြစ်ဟန်ရသူက ကျောက်ကျစ်တုံ့ကို မျက်ရည်များ ရွှန်းလဲ့နေသော မျက်၀န်းများဖြင့်ကြည့်ပြီး အသည်းအသန်ရှင်းပြလိုက်၏။ “ကျွန်တော်တို့မဟုတ်ဘူး။ ထျန်းရွှမ်တံခါးကို ဖောက်ခွဲပစ်တာ ကျွန်တော်တို့ မဟုတ်ပါဘူးဗျ”
ကျောက်ကျစ်တုံ့ တဟားဟားထရယ်လုမတတ်ဖြစ်သွားသည်။ ထိုသူရဲဘောကြောင်သည့်သူများက ထျန်းရွှမ်တံခါး ကိစ္စနှင့်ပတ်သက်ပြီး သူတို့ကို အပြစ်တင်မယ် မှတ်နေကြ၏။
ထိုသုံးယောက်က သံသယ၀င်စာရင်းမှာတောင် ပါ၀င်ဖို့ အရည်အချင်းမပြည့်မှီပါချေ။
စွံ့အသွားသော အကြီးအကဲကျောက် နှာခေါင်းရှုံ့လိုက်ပြီး ထိုသုံးယောက်နှင့် စကားမပြောချင်တော့ဘူးဆိုတာ အချက်ပေးလိုက်သည်။
ဗလာနယ်ပယ်လမ်းကြောင်းထပ်မံတောက်ပလာပြီး မိုမိုထွက်လာသည်။ သူများလိုပဲ သူမလည်း နောက်တောက်တောက်ဖြစ်သွားပြီး ပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ အချိန်တစ်ခုယူလိုက်ရ၏။
အခြားသူများ မိုမို့ကို ဘာမှ မဖြစ်သလို ကြည့်လိုက်ကြပေမယ့် ကျောက်ကျစ်တုံ့ကတော့ မျက်မှောင်ကြုတ်နေမိသည်။
“ဒီထူးဆန်းတဲ့ ခံစားချက်။ ဘယ်ပျောက်သွားတာလဲ”
အတိတ်က ရည်းစား ပေါပေါများများ ထားခဲ့ဖူး၍လားမသိ သူ့ဆဌမအာရုံက အခြေအနေ အရပ်အမျိုးမျိုးမှာ တိကျသေချာပေသည်။ သူမှန်းလျှင် လွဲခဲသည်။
ယခင်တဲလေထဲမှာတုန်းက အကြီးအကဲစန်း၏ ဘယ်သူ သူလျှိုဖြစ်သလဲဟူသည့် မေးခွန်းကို မိုမိုလို့ဟု သူ့ထက်ရှတဲ့ အာရုံအပေါ် အခြေခံ၍ ဖြေဆိုခဲ့သည်။
ယခုတော့ ထို ထူးထူးဆန်းဆန်းခံစားချက်ကြီးက ဘယ်ပျောက်သွားတာလဲ။
“ငါမှား အတွက်မှားသွားတာလား” သူရေရွတ်လိုက်သည်။
“မဟုတ်သေးပါဘူး။ အကြီးအကဲစန်းပြောစကားအရတော့ သူလျှိုက နှစ်ယောက်ပါ။ လျှိုလင်းလင်းတစ်ယောက်က သေချာနေပြီဆိုမှတော့။ နောက်တစ်ယောက်က စုရှောင်ရှန်မဟုတ်ရင် မိုမိုပဲ”
မိုမို့ကို မျက်စိဒေါက်ထောက် သူလိုက်ကြည့်သည်။ သူမ ပြန်လည် သက်သာလာသောအခါ မျက်စိမှေးပြီး သူမကိုကြည့်နေရာမှာ အကြည့်လွှဲလိုက်၏။
သူ့စိတ်ထဲတွင်တော့ ရောက်ရက်ခက်နေပါသည်။
သူမ ပြန်သက်သာလာတာနဲ့ မိုမို သူ့ကို ကြည့်လိုက်ခြင်းကြောင့်ဖြစ်သည်။
ဘာလို့ ကြည့်နေတာလဲ…။
သူမကို သူမြင်ဖူးတာ တစ်ကြမ်ထဲပါ။ ဒီနေရာမှာ ခေါင်းဆောင်ရဲ့တို့ အကြီးအကဲကျောက်တို့လို အထင်ကရလူတွေအများကြီးပါ။ ဘာလို့ သူမက ထိုအနက်၀တ်လူ ရာပေါင်းများစွာအကြားက သူ့ကို မှ ရွေးကြည့်ရတာလဲ။ သူက ဒီနေရာမှာ အဲ့လောက်ထင်ပေါ်မနေပါဘူး။
အတိတ်ကထိုသို့ အာရုံစိုက်ခံရလျှင် ကျောက်ကျစ်တုံ့ ပျော်မည်သာ။ ယခုတော့ ထိုသို့ အာရုံစိုက်ခြင်းမျိုးမပေးပါနဲ့ဟု စိတ်ထဲမှ တတွတ်တွတ်ပြောနေရတော့၏။
“ချီး။ ယောက်ျားတစ်ယောက်က တကယ် ဘာကိုမှ ဂရုမစိုက်ရမှ၊ အရေးမပေးရမှ ပျော်ရွှင်ရတာဟ…” (လူပျိုကြီးဘ၀က မကျွတ်ချင်ကြတဲ့ အကြောင်းအရင်း)
ကျောက်ကျစ်တုံ့ ထို့သို့အတွေးလေလွင့်နေတာကို ရပ်လိုက်သည်။ ဘာဖြစ်ဖြစ် သူ့နောက်မှာ ခေါင်းဆောင်ရှောင်ရှိပါသည်။ ဖြစ်လာမည့် ပြဿနာများအတွက် ပူစရာမလိုပါချေ။
အလင်းရောင်တစ်ဖန် ပြန်တောက်ပလာသည်။
အချိန်အတန်ကြာသော် မုကျစ်ရှီနှင့် ကျောက်ချင်းထန်တို့ တဖြည်းဖြည်း ကျုံ့လာနေသော လမ်းလေးထဲမှ ထွက်လာကြ၏။ ထို့ နောက်ခရမ်း၀တ်နှင့်အမျိုးသမီးတစ်ယောက်ထပ်ထွက်လာသည်။
သူမက လျှိုလင်းလင်းဖြစ်သည်။
ကမ္ဘာနှစ်ခုဖြတ်ကူးခြင်းမှ ခေါင်းမမူးတာဆိုလို့ သူမ တစ်ယောက်တည်းသာရှိ၏။ အကြောင်းက ပြင်ဆင်ထားသောကြောင့်ပင်။
မြေပြင်ပေါ်ကို ရောက်လာတာနဲ့ အနက်၀တ်လူ ရာကျော်ကို မြင်လိုက်ရပြီး စိတ်နှလုံးကျဉ်းကြပ်သွားတော့သည်။
ဘယ်သူမှ ဘာမှ မပြောကြသော်လည်း အခြေအနေက ချက်ခြင်းတင်းမာသွားခဲ့၏။ မသိလျှင် အရာအားလုံးက်ို ဖျက်ဆီးဖို့ပဲ ကောင်းကင်၌ မိုးကြိုးပစ်ဖို့ အနက်ရောင်တိမ်တိုက်တိမ်ဆိုင်များ စုစည်းလာကြသလိုလိုနှင့်။
“အဲ့တာ သူမလား”
ယွဲ့ကျစ်၀မ် ထမေးသည်။ “ဒီမိန်းမက သန်မာလွန်းတယ်”
ကျန်းပင်းယန် ခေါင်းကိုအသာရမ်းလိုက်ကာ “မဟုတ်ဘူး။ သူမက အကြီးအကဲစန်းရဲ့ တပြည့်မဟုတ်ဘူး။ ငါထင်တာ မမှားရင် …”
သူ့အကြည့်များက နှစ်မွှာကျစ်ဆံမြှီးဖြင့် အစိမ်းဖျော့၀တ် အမျိုးသမီးထံရောက်သွားသည်။ သူမက စူးစမ်းချင်စိတ်ဖြင့် ပတ်ပတ်လည်ကို လျှောက်ကြည့်နေ၏။
ဒါက တကယ်ပဲ သူမလား။ ကျန်းပင်းယန် အနည်းငယ် သံသယ၀င်သွားသည်။
သူမက ထွက်လာတဲ့ ခေါင်းမမူးတဲ့ လူနှစ်ယောက်တည်းမှ တစ်ယောက်ဖြစ်၏။
အခြားအတူထွက်လာတဲ့တစ်ယောက်က ကျောက်ချင်းထန်ဖြစ်သည်။
သူမ ယှဉ်ပြိုင်ချင်စိတ်ထကြွလွန်းတာ စောလွန်းနေတာ သတိထားမိသွားပြီး ယွဲ့ကျစ်၀မ်၏ မျက်နှာလွှားစနောက်မှ မျက်နှာလေးပြောင်းသွားရသည်။
မူလနန်းတော် အထွတ်အထပ်နယ်ပယ်တည်းလား။
အကြီးအကဲစန်းရဲ့ တပြည့်မဆိုတာ သူလား။
အင်း… သူမမှာ ထူးခြားတဲ့ ဝှက်ဖဲရှိလို့နေမှာပါ။
လေထဲမှ လမ်းကြောင်းကို ဆက်တည်မြဲအောင်လုပ်နေသည့် ရဲ့ရှောင်ထျန်းနှင့် ကျောက်ကျန်းရှီတို့မျက်လုံးများ လျှိုလင်းလင်း အပေါ်ကျသွားကြသည်။ သူမ၏ စိတ်အခြေအနေကို အတိုက်အခိုက်ပြုလိုက်ပြီးနောက်မှာ အကြီးအကဲကျောက်ပြုံးလိုက်သည်။
“လင်းလင်း ကလေးမ အခြားသူတွေရော”
လျှိုလင်းလင်း သေသည်အထိ တိုက်ခိုက်ဖိုကြံထားရာ ဤအမေးကို မမျှော်လင့်ထားပါပေ။
အကြီးအကဲကျောက်၏ မျက်၀န်းများ၌ အေးစက်မှုကို တစ်စွန်းတစ်စမှ မမြင်ရတဲ့အတွက် အံ့အားသင့်သွားသည်။ ထိုအစား ထင်မှတ်မထားလောက်သည့် နွေးထူးမှုကိုမြင်လိုက်ရ၏။
သူသိကော သိရဲ့လား။
ဘာလို့ သူမကို အဲ့လို အကြည့်မျိုးနဲ့ ကြည့်နေတာလဲ။
အပြစ်ရှိသလိုလို ခံစားချက်ကြောင့် လျှိုလင်းလင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိလိုက်သည်။ အပြင်စည်းမှာ ဆော့ကစားခဲ့တဲ့ အချိန်များ အတွေးထဲ ဝင်လာကြ၏။
သူမ ပါးစပ်ကို ဖွင့်ပြီး တစ်ခုခုပြောလိုက်ချင်သော်လည်း ဘာမှ ထွက်မလာပါ။
ထိုအကြီးအကဲကျောက်က သူမ ကျင့်ကြံခြင်းလမ်းစဉ်မှာ ဖြတ်လမ်း သေးသေးလေးလိုက်မိတာတောင် နေ့တစ်၀က်လောက်ကြာအောင် ဆူပူကြိမ်းမောင်းနေတတ်သည့် သူဖြစ်သည်။
သူမ၏ လက်သည်းများက လက်ဖဝါးထဲဖောက်ဝင်သွားကြ၏။ လျှိုလင်းလင်း စကားမပြောခင် ခက်ခက်ခဲခဲ ရုန်းကန်လိုက်ရ၏။ “စုရှောင်ရှန်က အခြားတစ်ဘက်ကို သွားနေပြီး ပြန်မလာသေးဘူး။ ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်သွားပြီ”
“ကျန်တဲ့နှစ်ယောက်ဟုတ်လား” အကြီးအကဲကျောက် သက်ပြင်းချပြီး မေးလိုက်သည်။ “ယွမ်တုနဲ့ ကျိုးထျန်းရှန်လား”
ယွမ်တုဘာဖြစ်သွားလဲမသိပေမယ့် ကျိုးထျန်းရှန် ဘာဖြစ်နေတာလဲဆိုတာကိုတော့ ခပ်ရေးရေးလေး သိနေသည်။
ကောင်းကင်အမြင်မှ ပုံရိပ်အရတော့ ကျိုးထျန်းရှန်က သတ်ဖြတ်ခြင်းကွင်းပြင်မှာ အချိန်ကြာကြာ နေမိတဲ့အတွက် စိတ်လွတ်နေပုံရ၏။ ထျန်းရွှမ်တံခါးထဲမှာ သုံးရက်ကြာရင် သူအလိုလို သတိပြန်ရလာမည်သာ။ အဲ့တော့ ဘာမှ မဖြစ်…။
ဟင်…။
သတ်ဖြတ်ခြင်းကွင်းပြင်။
တစ်ခုခု မှားနေတာကို ခံစားနေရပေမယ့် ဘယ်အရာလည်း တိတိကျကျ မပြောနိုင်ပါချေ။
သူ့အတွေးများကို အသေအချာ ပြန်စီစဉ်ပြီး စဉ်းစားကြည့်သည်။
စုရှောင်ရှန်က ကျိုးထျန်းရှန်နှင့် ခင်မင်ရင်းနှီးသော ဆက်ဆံမှုမျိုးရှိသည်။ ရဲ့ရှောင်ထျန်း၏ တာ၀န်ကို လုပ်ဖို့ သတ်ဖြတ်ခြင်း ကွင်းပြင်ကို သွားလောက်မှာပဲ။
ထိုမှ စုရှောင်ရှန်သာ ကောင်းပင်သစ်ပင် အစေ့ကို စိုက်ချင်တယ်ဆိုရင် ချုပ်နှောင်ထားတဲ့ လျှို့၀ှက် ရတနာကို ချိုးဖျက်ယူရမှာ။
“ဟုတ်သား။ လျှို့ဝှက်ရတနာ”
ကျောက်ကျန်းရှီ၏ မျက်လုံးများပြူးကျယ်သွားပြီး စိုးထိတ်မှုများအထင်းသားပေါ်လာကြ၏။
ချက်ခြင်း ရဲ့ရှောင်ထျန်းဘက်လှည့်လိုက်ကာ “တကယ်လို့ စုရှောင်ရှန်သာ သတ်ဖြတ်ခြင်းကွင်းပြင်ကို သွားခဲ့ရင် … ကျဲ”
သူ့အရှေ့အနောက်ဆက်စပ်မှုမရှိသော စကားကြောင့် ရဲ့ရှောင်ထျန်း အလန့်တကြား သတိလွတ်သွားခဲ့သည်။ ချက်ခြင်း ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသော လမ်းက စတင်တုန်ခါလာပြီး ပေါက်ကွဲတော့မတတ်ဖြစ်လာ၏။
လူတိုင်း လန့်ဖျပ်သွားကြသည်။
“ချီးပဲ။ ဘာတွေ သွေးလန့်နေတာတုန်း အေးဆေးလုပ်ဟ”
ရဲ့ရှောင်ထျန်းကို ကျောက်ကျန်းရှီ လှုပ်ရမ်းလိုက်သည်။ သို့မှ ကမ္ဘာနှစ်ခုကြားက လမ်းလေးက ပြန်လည်တည်ငြိမ်လာတော့သည်။ သို့သော် အကြီးအကဲကျောက် မပျော်နိုင်ပါ။
ထိုအခိုက်၌ လမ်းကို လျှောက်လာနေသည့်သူ မရှိပါချေ။
လူတိုင်း ရဲ့ရှောင်ထျန်းကို တအံ့တအောကြည့်လိုက်ကြ၏။
သူတို့ ခေါင်းဆောင်က မျက်လုံးထဲ ချွေးစက်၀င်တာတောင် မတုန်လှုပ်တာ၊ တောင်ကြီးပြိုတော့မယ်ဆိုတာတောင် မတုန်လှုပ်တာ အခုတော့ အကြီးအကဲကျောက်၏ စကားလေးတစ်ခွန်းကြောင့် ကမ္ဘာနှစ်ခုအကြားက လမ်းလေးကို ဖျက်ဆီးမိတော့မတတ်ဖြစ်သွားတယ်ပေါ့။
“ကျဲ…. ဆိုတာ။ဘာကြီးလဲ”
လူတိုင်း ထိုထူးဆန်းသော စကားလုံးကို မှတ်ထားလိုက်ကြသည်။
ကျန်းပင်းယန် ထိုစကားလုံးကိုများ သိသလား စဉ်းစားကြည့်လိုက်ပေမယ့် ဘာမှ ထွက်မလာရာ လက်လျော့ အရှုံးပေးလိုက်သည်။
ရဲ့ရှောင်ထျန်း လမ်းကြောင်းကို နောက်တစ်ကြိမ် တည်ငြိမ်အောင်လုပ်ပြီးတဲ့နောက်မှာ အသက်ကို ခပ်ပြင်းပြင်းရှိုက်ကာ ရေရွတ်လိုက်၏။ “စုရှောင်ရှန်… မဖြစ်နိုင်ပါဘူး။ အခြေအနေက ဒီလောက်ကြီး မဆိုးလောက်ပါဘူး”
ထို ကြိုးစားကျင့်ကြံသည့် စုရှောင်ရှန်ကို ယုံကြည်သည့် အကြီးအကဲကျောက်တောင် ယခု မသေချာပါတော့ချေ။
အပြာရောင် ကောင်းကင်ကြီးကို မသေချာ မရေရာမှုများဖြင့် မော့ကြည့်လိုက်၏။
“မျှော်လင့်ရတာပေါ့”