ထိုအခိုက်တွင်…
ညီလာခံခန်းမမှ ချန်ရှင်းချုထွက်လာပြီးနောက်မှာ ချက်ခြင်းသွားရောက်အနားမယူလိုက်ဘဲ အတွင်းစည်းကို လျှောက်သွားလိုက်သည်။
“တကယ်ထူးဆန်းတယ်။ ဘာလို့ လူတစ်ယောက်မှ မတွေ့တာလဲဟ။ ထျန်းစန်းနန်းတော် အတွင်းစည်းက အလှပဲဆင်ထားတာများလား”
အခြားတစ်ဘက်က အကူအညီတောင်းထားသည်ကို မြင်ယောင်မိသောအခါ…။
“မဟုတ်မှလွဲရော သူတို့ကို သွားပုန်းခိုင်းထားတာပဲဖြစ်ရမယ်။ ဒီလိုဆိုရင်တော့ ထျန်းစန်း စိတ်ဝိညာဉ်နန်းတော်က အလကားပါကွာ”
ချန်ရှင်းချု၏ မျက်နှာထက်၌ မထီမဲ့မြင်ပြုသော အပြုံးမျိုးပေါ်လာပြီး ထပ်ပြီး လျှောက်မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
အတွင်းစည်းမှာ ဘယ်သူမှ မရှိဘူးဆိုပေမယ့် အပြင်စည်းမှာတော့ လူရှိသည်။ သူရောက်တုန်းက လူအများကြီးကိုတွေ့ခဲ့ရရာ သွားရောက်ပုန်းခိုဖို့ အမိန့်မပေးထားရလောက်သေးချေ။ အပြင်ဘက်မှာ လူအများကြီး ရှိလောက်သေးသည်။
ထိုစတင်ခြင်းနယ်ပယ်တောင်မရောက်သေးသော အမှိုက်များ၏ ပျက်ရယ်ပြုမှုကိုသူမြင်ယောင်လိုက်သည်။ ထိုမှတ်ဉာဏ်က သူ့ကို ဒေါသထွက်စေလေကာ ပုံချဖို့တစ်ခုခုရှာရပေမည်။
သူတို့ သူ့ကို ကဲ့ရဲ့ရသည့် အကြောင်းအရင်းကိုတော့ ချန်ရှင်းချု မေ့ထားပစ်လိုက်၏။
စိတ်ဝိညာဉ်စာကြည့်တိုက်ဘက်ကို လျှောက်သွားနေရင်းနဲ့ မကြာခင် အတွင်းစည်းနှင့် အပြင်စည်း စပ်ကြားလေးကိုရောက်လာသည်။
စိတ်ဝိညာဉ်နန်းတော်က တကယ် ဘဝင်များမြင့်ကြတာလားမသိ။ သူအစောင့်တစ်ယောက်ကိုမှ မတွေ့ရပါချေ။ ညီလာခံခန်းမ၌တောင် အနက်၀တ်လူထိုမျှလောက်လေးကို တွေ့ခဲ့ရသဖြင့် စည်းကမ်းကြီးကြပ်သူများရှားပါး၍လား။
ဘာလို့ အတွင်းစည်း၀င်ပေါက်ကို စောင့်ကြပ်မထားလဲ သူမစဉ်းစားနိုင်ပါချေ။
ဒက် ဒက်
ထောင့်တစ်နေရာမှ တိုးတိတ်သော စည်းချက်ကျကျ ထိရိုက်သံထွက်လာသည်။ ဘာလဲလို့ ချန်ရှင်းချုလှည့်ကြည့်လိုက်တော့ အကြီးအကျယ် လန့်ဖျပ်သွားခဲ့၏။
“ဘုရား ဘုရား ဘယ်လိုတောင်ရုပ်ဆိုးလိုက်တဲ့လူလဲ”
ထိုလူ၏ မျက်နှာက ဆိုးဆိုးရွားရွား အမာရွတ်များဖြင့်ပြည့်နေသည်။ မသိလျှင် ဓားဖြင့် အကြိမ်ကြိမ် ပိုင်းဖြတ်ခံထားရသလိုလိုနှင့် သူ့မျက်နှာကိုကြည့်၍ သူ့အသက်ကိုတောင် မခန့်မှန်းနိုင်ပါပေ။
ထိုသူ၏ မျက်နှာက တကယ် ရုပ်ဆိုးအကျဉ်းတန်လှသည်။
သူ့အနီးလျှောက်လာတော့မှ ချန်ရှင်းချုပို၍ ရွံရှာစက်ဆုပ်သွားပေသည်။ ထိုသူက ရုပ်ဆိုးရုံပဲမဟုတ် အလွန်အကျွံကြောက်စရာကောင်းလှအောင်ဖြစ်၏။
ထိုလူက လမ်းလျှောက်တုတ်တစ်ချောင်းကို အသုံးပြု၍ လမ်းလျှောက်နေသည်။ သူကြားရတာက ထိုအရာမှ လာဟန်ရ၏။
လမ်းလျှောက်ထုတ်က ပါးလွှာပြီး ခရမ်းဖျော့ရောင်ရှိသည်။ လက်ကိုင်တွင်လည်း ကနုတ်ကနားများထွင်းသွားသည်။ ထိုအကျဉ်းတန်သည့် မျက်ကန်း၏ ဖုန်များဖြင့်ဖုံးလွှမ်းနေသောတစ်ကိုယ်လုံးမှာ ထိုတုတ်ချောင်းလေးကသာ ကြည့်၍ကောင်းပေသည်။
“မင်း စိတ်ဝိညာဉ်နန်းတော်ကိုတောင် ဘယ်လို၀င်နိုင်တာလဲ” ချန်ရှင်းချုမေးသည်။
ထျန်းစန်းစိတ်၀ိညာဥ်နန်းတော်က တကယ်ပဲ ဂုဏ်ဒြပ်တွေဘာတွေ မမက်မောလို့ ဒီလိုဂိုဏ်းသားတစ်ယောက်ကိုတောင် လက်ခံနိုင်တယ်လား။
စိတ်ဝိညာဉ်ကျင့်ကြံသူများ ကောင်းနှင့်မြေပြင်ကို ဘယ်လို ပြောင်းလဲနိုင်ပြောင်းလဲနိုင်၊ နေနှင့်လကို ဘယ်လို ခြယ်လှယ်နိုင် ခြယ်လှယ်နိုင် ဒီလို အကျဉ်းတန်တဲ့ရုပ်ကိုတော့ ပြန်မပြင်ပေးနိုင်ပါချေ။
လမ်းလျှောက်တုတ်နှင့် မျက်ကန်းက တစ်စုံတစ်ယောက်က သူ့ကို စကားပြောနေတာကိုမကြားသည့်အလား လမ်းကိုသာ တုတ်ဖြင့်ထောက်ရှာ၍ ဆက်သွားနေလိုက်၏။
သို့သော် အတွင်းစည်း၀င်ပေါက်က ဘယ်လောက်မှ မကျယ်လေရာ ချန်ရှင်းချု လမ်းအလယ်တည့်တည့်တွင်ရပ်ပြီး မျက်ကန်းကိုတားလိုက်သည်။
“ကန်းရုံတင်မဟုတ်ဘူး နားပါလေးနေတာလား” ကဲ့ရဲ့သည်။
ထို့နောက်လမ်းလျှောက်တုတ်ကိုကိုင်ထားသည့် ထိုမျက်ကန်း၏ လက်ကိုမြင်ရာ ချန်ရှင်းချု မျက်ခုံးပင့်လိုက်သည်။
သူ့ပေကျံနေသော ၀တ်ရုံ၏ဟောင်းနှင့်တခြားစီ ထိုမျက်ကန်း၊ နာလေး၏ လက်များက သန့်ရှင်းလှသည်။ သူ့လက်ချောင်းများကလည်း သွယ်လျပြီးတော့ လက်ဆစ်တိုင်းက လှပသည်။ မသိလျှင် ထိုမျက်ကန်းက အလုပ်ကြမ်းတစ်ခါမှ မလုပ်ဖူးသလိုနှင့်။
ထိုသို့ လက်မျိုးကို မိန်းမများသာ ပိုင်ဆိုင်နိုင်ပေသည်။ ဒါတောင် ထိုအခြေအနေအတိုင်းဆက်လက်ထိန်းသိမ်းထားဖို့က အင်မတန်ခဲယဉ်းပေမည်။ ထိုသို့လက်များနှင့် မျက်ကန်း၏ မျက်နှာနှင့် မတန်ပါချေ။
ချန်ရှင်းချုတောင်မနာလိုဖြစ်သွားသည်။
ထိုလက်ကို အသေးစိတ် တိတိကျကျ သူ့လေ့လာဆန်းစစ်ချက်အရရော အတွေ့အကြုံများအရပါ သူ့ရှေ့က မျက်ကန်းက အလွန်အသန့်အရှင်းကြိုက်သောသူဆိုတာ သူပြောရဲသည်။
ဒါပေမယ့် ဒီလိုလူများက ဘယ်လိုလုပ် ဖုန်ပေနေတဲ့ အင်္ကျီနှင့် အကျဉ်းတန်သော မျက်နှာတို့ကို ချုပ်တည်းနိုင်တာလဲ။
“ဘေးဖယ်ပေးပါဦး”
မျက်ကန်းကပြောသည်။ ထူးဆန်းစွာ သူ့အသံက နာ၀င်ချိုလှပြီး ခပ်အောအောရှိသည်။ သူ့စိတ်အသိက ချက်ခြင်းထွက်သွားဖို့ ပြောနေရာ ချန်ရှင်းချု မျက်မှောင်ကြုတ်လိုက်မိသည်။ သူဆက်လက်၍ ခေါင်းမာစွာ နေလိုက်၏။
ထိုလူက ကျင့်ကြံခြင်းတောင်မရှိရာ အမြင်ဘက်က အမှိုက်များနှင့် တစ်ဖွဲ့တည်းဖြစ်ရမည်။ ယခုမှ စိတ်ဝိညာဉ်နန်းတော်ကို ၀င်ခွင့်ရထားသူတောင်ဖြစ်နိုင်၏။
ဘေးဖယ်ပေးပါတဲ့။ သူက အတွင်းစည်းကို ၀င်ချင်တိုင်း၀င်လို့ရတယ်ထင်နေတာလား။ ဒီကမ္ဘာကြီးရဲ့ နိယာမကိုတောင် သိရဲ့လား။
ပို၍ အရေးကြီးတာက သူ့လို အရှင်သခင်နယ်ပယ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူကို ဂရုမထားတာလား။
ချန်ရှင်းချု အဆုံးမရှိအောင် ဒေါသထွက်သွားရသည်။ ရဲ့ရှောင်ထျန်း သူ့ကို နောက်ခံနှင့် အနိုင်ကျင့်တာကိုပြန်မြင်ယောင်မိပြီး ဘောင်းဘီထဲ သေးထွက်ကျတဲ့အထိ အဖြစ်ကိုပါ တွေးမိလိုက်သည်။
ဒီသာမန်လူက သူ့ရှေ့မှာ ဒီလို ခပ်တည်တည်နေနိုင်တယ်လို့ ဘယ်သူပြောတာလဲ။ အပြင်စည်းကသူ့ကို ကဲ့ရဲ့ခဲ့သည့် ဂိုဏ်းသားများကိုရှာမလို့ဖြစ်သည်။ သို့သော် ၎င်းက ပင်ပန်းခက်ခဲမည်ဖြစ်ကာ ဒီမျက်ကန်းက အချိန်ကိုက်ရောက်လာခဲ့၏။
ဟိုး ဟိုး။ ချန်ရှင်းချု ဒေါသပုံချချင်နေသည့်အချိန်မှ မျက်ကန်းနှင့်တွေ့တာ ကြက်ကန်းဆန်အိုးတိုးသလိုပင်။
“မဖယ်ပေးဘူးဆိုရင်ရော” ချန်ရှင်းချု ခက်ထန်စွာပြောသည်။
မျက်ကန်းနောက်ဆုံးတော့ လျှောက်လာတာရပ်လိုက်ရ၏။ မဟုတ်လျှင် သူတို့ အချင်းချင်းတိုက်မိလိမ့်မည်ဖြစ်သည်။
“ဖယ်ပေးပါ”
မျက်ကန်း ခေါင်းအနည်းငယ်စောင်းပြီး ပြောသည်။ ထိုရာတွင် လေတိုက်ခတ်သွားပြီး သူ့မျက်နှာကို တစ်ခြမ်းဖုံးထားသော ရှည်လျားသော ဆံနွယ်က အခြားတစ်ဘက်သို့ လွင့်သွား၏။ မည်သည့်ခံစားချက်မှမပါသည့် အသံမျိုးနှင့် ထိုမျက်ကန်းဆက်ပြောသည်။
၎င်းက ချန်ရှင်းချုကို ပိုလို့ စိတ်ဆိုးဒေါသထွက်သွားစေခဲ့၏။
တကယ် ခွန်အားမရှိ၊ ပါရမီမရှိဘဲ ကြွားလုံးသာထုတ်သည့် လူများကို သူအထင်အမြင်သေးသည်။ ထိုသူများက သူ့မုန်းဆီးခြင်းစာရင်းမှာ အဆင့်တစ်နေရာချိတ်သည်။
“မဖယ်ဘူးဆိုရင်ရော” ချန်ရှင်းချု ခပ်တန်တန်ပြောသည်။
“မဖယ်ဘူးဆိုရင် သေလိုက်”
မကြာခဏတိုက်ခတ်သည့် ညလေညှင်းက မျက်ကန်း၏ မချည်နှောင်ထားသော ဆံနွယ်များကို ယိမ်းယိုင်နေစေသည်။ သို့ဖြင့် တစ်မျိုးကြည့်ကောင်းနေတော့၏။ သူ့မျက်နှာသာ အကျဉ်းတန်မနေဘူးဆိုရင် တပယ် ချောမောခန့်ညားနေမှာ အမှန်ပင်။
ချန်ရှင်းချု ဟာသတစ်ခုကိုကြားလိုက်ရတဲ့အလား ထရယ်သည်။ “သေရမယ်ဟုတ်လား။ ငါ့ကို ဒီလိုပြောဖို့ ဘယ်က သတ္တိရလာတာလဲ”
သူ့မျက်လုံးများ ရဲ့ရှောင်ထျန်း၏ အရှက်ခွဲမှုတို့ကို ပြန်သတိရလိုက်သည့်အလားပင်။ ထိုမျက်ကန်းကို ကြီးမားသော ခွန်အားနှင့် ဖိနှိပ်ပစ်လိုက်ရန် ကြံထားသည်။
ထိုအခိုက်မှာ မျက်ကန်းကို ဒူးထောက်ကျသွားအောင်လုပ်ပြီး အပိုင်းပိုင်းစုတ်ဖြဲပစ်လိုက်ချင်စိတ်များသာ ရှိနေသည်။
ဘုန်း…။
သို့သော် အားပြင်းပြင်းနှင့် ထိုးချက်တစ်ချက်ပေးလိုက်ပြီးနောက်တောင် ထိုမျက်ကန်းက နေရာမှ တစ်ချက်မှမရွေ့သွားပါပေ။ ချန်ရှင်းချုက လေကိုသာထိုးလိုက်ရသလို ဘာမှ သက်ရောက်မှုမရှိသွားသလိုပင်။
ချန်ရှင်းချု မှင်တက်သွားသည်။ အာရုံပြန်စိုက်ပြီး မျက်ကန်းကို နောက်တစ်ချက်ထပ်ထိုးလိုက်၏။
ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာလို့ ဘာတုန့်ပြန်ချက်မှ မရှိတာလဲ။ နောက်ထပ် အာရုံထပ်စိုက်ရန်ပြင်လ်ိုက်သည်။ သို့သော် သူ့မျက်လုံးများမှေး နေပြီး ထို့ထက်ဆက်သွားရလျှင် မျက်လုံးများပိတ်သွားဖို့သာ ရှိတော့သည်။
အခြေအနေက ကသိကအောက်နှင့် တို့လို့တန်းလန်းကြီး ဆိတ်ငြိမ်ကျသွားခဲ့သည်။ ချန်ရှင်းချု ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိဖြစ်နေ၏။
တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့သည်။
မျက်ကန်းလည်း အချိန်အကြားကြီးစောင့်နေပြီးနောက်မှာ သူ့ရှေ့က လူငယ်လေးက စက္ကူကျားသာဖြစ်ကြောင်းသိလိုက်ရပြီး တုတ်ဖြင့် မြေပြင်ကို ထောက်လိုက်သည်။
ဒက် ဒက်…။
၎င်းက တိုက်ခိုက်ရန်မဟုတ်ပါပေ။ မျက်ကန်းက ရှောင်ကွင်းရန် လမ်းရှာခြင်းသာဖြစ်သည်။
သူလည်းဘာမှမပြောသလို သူ့ရှေ့က လူငယ်လေးကလည်း ဆက်လက်မတိုက်လိုက်ရာ မမြင်သလို ဘေးမှ ရှောင်ကွင်း၍ တိတ်တဆိတ် ဖြတ်သွားလိုက်သည်။
“ချီးပဲ” ချန်ရှင်းချု ကျိန်ဆဲမိလိုက်သည်။
သူ့ခေါင်း တစ်ခုလုံးက ဒေါသတို့ဖြင့်တောက်လောင်နေပြီး ပေါက်ကွဲထွက်တော့မတတ်ဖြစ်နေသည်။
လစ်လျူရှူခံရတာက ရဲ့ရှောင်ထျန်း ဟာသလုပ်တာခံရတာထက် ပို၍ ဆိုးသည်။ ဒါ့အပြင်ကို သူ့ရှေ့မှ မျက်ကန်းက ဘာကျင့်ကြံခြင်းမှ မရှ်ိတဲ့ သာမန်လူတစ်ယောက်သာဖြစ်၏။
“မင်းတော့ သေချင်နေတာပဲ” အံကိုတင်းတင်းကြိတ်ထားသော သွားကြားမှ ထွက်လာသောလေသံဖြင့်ဆိုလိုက်သည်။ ဒေါသတကြီးနှင့် ချန်ရှင်းချု စိတ်ဝိညာဉ်စွမ်းအင်များပေါင်းထည့်ထားသော လက်သီးဖြင့် ထိုမျက်ကန်း၏ နောက်ကျောကိုထိုးလိုက်၏။
ရွှစ်…။
မျက်ကန်းက နောက်လှည့်မကြည့်လိုက်သော်လည်း ဆတ်ကတည်း ထိုင်ချလိုက်သည်။ ချန်ရှင်းချု၏ လက်သီးက မျက်ကန်း၏ ပုခုံးနားကပ်၍ လွဲချော်သွားသည်။
ချန်ရှင်းချုတစ်ခုခုမှားနေကြောင်းခံစားမိလိုက်တဲ့အချိန်မှာ မျက်ကန်းက သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်၍ ရှေ့သို့ ကိုင်ပေါက်ချလိုက်၏။
“ဟင်။ သူက သာမန်လူမဟုတ်ဘူး”
ထိုမျက်ကန်း၏ တန်ပြန်တိုက်ခိုက်ချက်က ချောမွေ့လွန်းလှတာကြောင့် ချန်ရှင်းချု၏ မျက်၀န်းများပြူးကျယ်သွား၏။ ထိုလူက အစွမ်းထက်မယ်ဆို ပေမယ့် လက်တွေ့ခံစားကြည့်ရတဲ့အခါ အံ့အားသင့်ရသေးသည်။
ဒီမျက်ကန်းသူ့ မြင့်မြတ်နတ်ဘုရားနန်းတော်၏ လျှို့၀ှက် နည်းစနစ်တစ်ခုဖြစ်သော စိတ်ဝိညာဉ်စစ်ဆေးခြင်းနည်းစနစ်ကို ဘယ်လိုများ ရှောင်နိုင်လိုက်တာလဲ။
စောနက စစ်ဆေးကြည့်တုန်းက ဘာကျင့်ကြံခြင်းအရှိန်အဝါကိုမှ မခံစားရတာကို ဒါကဘာသဘောလဲ။
ချန်ရှင်းချု ဆက်လက်တွေးတောနေဖို့ အချိန်မရှိပါတော့ချေ။ ရန်သူ့ကို ကျောပေးထားတာက ဆိုးနေလေပြီ။ သို့ဖြင့် ကိုယ်ကို ပြန်လည်တည်ငြိမ်အောင်လုပ်ပြီးသောအခါ ချက်ခြင်းနောက်လှည့်လိုက်သည်။
ဒက်…။
ထိုခရမ်းဖျော့လမ်းလျှောက်တုတ်က သူ့ နှလုံးကို ထောက်ထားသည်။
ထိုသာမန်တုတ်က သူ့မြင်ကွင်းထဲ၌ အန္တရာယ်ရှိသော ဓားတစ်ချောင်းအလား ဖြစ်လာခဲ့တာကြောင့် ချန်ရှင်းချု တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။
သူသာ အားနည်းနည်းထပ်စိုက်ခဲ့ရင်များ…
“အ”
သူတောင်းပန်ဖို့ ပါးစပ်တောင်မဟရသေးခင်မှာ ထိုမျက်ကန်းက တုတ်ကိုပြန်ဆွဲယူလိုက်ပြီး နောက်လှည့်ကာ အသာထွက်သွားလိုက်တော့၏။
၎င်းက ချန်ရှင်းချုကို အံ့အားသင့်သွားစေသည်။
“ဘာဖြစ်နေတာလဲ။ ဘာလို့ ငါ့ကို မသတ်လိုက်တာလဲ။ ထွီး နိမိတ်မရှိ နမာမရှိ”
ချန်ရှင်းချု အင်မတန် ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။ ထိုမျက်ကန်းက တကယ် လူထူးဆန်းဖြစ်၏။ မသိလျှင် သူ့အသက်ကို နှုတ်ယူဖို့ စိတ်၀င်စားဟန်တောင်မရသော သေမင်းနှင့် အလားတူသည်။
သူက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်လား။
ဒါပေမယ့် ထိုလူက ဘာနည်းစနစ်မှမသုံးလိုက်ဘဲ သူတိုက်ခိုက်ချက်ကို ဘယ်လိုရှောင်ပြီး ဘယ်လို ချောချောမွေ့မွေ့ကာကွယ်လိုက်တာလဲ။ သူ့အသက်ကို ဘာလို့ချမ်းသာပေးလိုက်တာလဲ။
ထိုမျက်ကန်း၏ နောက်ကျောကိုကြည့်နေရင်း ချန်ရှင်းချု တုန်လှုပ်လာရတော့သည်။ ချက်ခြင်းနောက်ကပြေးလိုက်သွားပြီး သူ့မျက်ကို ဘယ်အဖက်ဆယ်လိုက်ချင်ပါရဲ့။
ဒါပေမယ့် သူ့ခြေထောက်များက အင်မတန်လေးလံနေခဲ့သည်။ ထိုရပ်နေသော နေရာ၌ အမြစ်ဆွဲထားသလို ရွေ့၍တောင်မရချေ။
ဘန်း…။
ရုတ်တရက် မီတာ (၃၀) အကွာက သစ်ပင်ကြီးပေါက်ကွဲထွက်သွားသည်။ ရုတ်တရက်ဆိုတော့ ချန်ရှင်းချု လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားခဲ့၏။ သူ့ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားတာ ခံစားလိုက်ရသည်။
ထိုသစ်ပင်က မျက်ကန်းတုတ်ဖြင့် ထိုးလိုက်သော နေရာနှင့် တည့်တည့်မှဖြစ်သည်။
ငါ့ကိုသတိပေးဖို့ကြိုးစားနေတာလား။
ခရက်။
သူ့ခါးနားမှ အက်ကွဲသံတစ်ခုကြားလိုက်ရတာကြောင့် ချန်ရှင်းချု အလန့်တကြား ငုံ့ကြည့်လိုက်ရာ သူ့အကာအကွယ်ကျောက်စိမ်းပြား ကွဲကြေသွားတာကို တွေ့လိုက်ရသည်။
ထိုတံဆိပ်ပြားက အရှင်သခင်နယ်ပယ်ကျွမ်းကျင်သူ၏ ထိုးချက်ကို အပြည့်အဝခံယူနိုင်၏။
“ငါ….”
ချန်ရှင်းချု ဖင်ထိုင်ကျသွားပြီး အဝေးမှ မျက်ကန်းကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။
သူက တုံးအသူမဟုတ်ရာ ချက်ခြင်း ထိုမျက်ကန်းက အရှင်သခင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရ၏။
သို့ပေမယ့် ထိုလူက အသက် (၂၇)၊ (၂၈) လောက်သာရှိသေးချေသည်။
“ထျန်းစန်းနန်းတော်က လူတိုင်း ဒီလောက်ကြမ်းကြတာလား”
ချန်ရှင်းချု တုန်တုန်ရင်ရင် ရေရွတ်လိုက်သည်။ ထို့နောက် သူ့ ကြေမွသွားသော အကာအကွယ် ကျောက်စိမ်းပြားကို နှလုံးကွဲကြေစွာ နာကျင်ခံစားရရင်း ကောက်ယူလိုက်၏။
ထိုအရာလေးကြောင့်သာ မဟုတ်ရင် သူဒီနေ့ သေသွားလောက်ပေပြီ။