ယွဲ့ကျစ်၀မ်ကလေး၏ ပါးစပ်က အံ့အားသင့်မှုတို့ဖြင့် ပွင့်ဟနေသည်။
သူမ၏ မျက်နှာထက်၌ မျက်နှာလွှားစဖြင့်ကာထားတယ်ဆိုပေမယ့် လူတိုင်း သူမ အံ့အားသင့်နေကြရတာကိုသိသည်။
“အလယ်ပိုင်းကုန်းမြေဟုတ်လား”
“ဟုတ်တယ်”
ကျန်းပင်းယန် ခေါင်းညိတ်ပြကာ ထပ်လောင်း၍ “မဟုတ်ရင် ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်က ဘယ်လောက်မြန်မြန် တိုးတက်လာနိုင်တယ်ထင်လို့လဲ။ သမိုင်းမှာ တည်ရှိတာ ဆယ်စုနှစ်အနည်းငယ်ပဲရှိသေးတယ်။ အခြား စိတ်ဝိညာဉ်နန်းတော် (၁၀) ခုကိုတောင် ကျော်တက်သွားပြီ။ ရဲ့ရှောင်ထျန်းကြောင့်မဟုတ်ရင် ဒီအောင်မြင်မှုတွေ ဘယ်လိုရပါ့မလဲ”
သူရပ်တန့်လိုက်ပြီး အသေအချာတွေးတောလိုက်သည်။ ထို့နောက် မျက်၀န်းများ ၀င်းပသွားပြီး ရေရွတ်လိုက်၏။
“သူသာ နှစ်အနည်းငယ်လောက်စောစောမွေးခဲ့မယ်ဆိုရင် အလယ်ပိုင်းကုန်းမြေရဲ့ တော်၀င် ဆယ်ဦး ထဲက တစ်ယောက်တောင်ဖြစ်လာနိုင်တယ်။ မဟုတ်ရင် ဒီလို အရေးမပါတဲ့ ကမ္ဘာ့ထောင့် တစ်နေရာလေးကိုလာပြီး ဒီလောက်အဆင့်နိမ့်နိမ့်နေရမလဲ”
ထိုသို့ သတင်းအချက်အလက်များဖြင့်တောင် ဒီကိုလာရသည့် ခရီးစဉ်က တန်သည်ဟု ယွဲ့ကျစ်၀မ်တွေးလိုက်သည်။
“တော်၀င်ဆယ်ဦးက ဘယ်သူတွေတုန်း” ယွဲ့ကျစ်၀မ် သိလိုစိတ်ပြင်းပြစွာမေးသည်။
သို့သော် ကျန်းပင်းယန်က သူမ၏ မေးခွန်းအားကို မဖြေကြားတော့ဘဲ ခေါင်းခါရမ်းပြီး ပြောလိုက်သည်။ “သူတို့အဆင့်နဲ့ နင်က အတော်အလှမ်းဝေးနေသေးတယ်။ ဒီအကြောင်းအရာကိုမေ့ထားလိုက်။ ဒီကို ဒါတွေပြောဖို့လဲလာတာမဟုတ်ဘူး။ လိုဏ်ဂူဖြူ ကိစ္စအတွက်ပဲ အဆင်သင့်ပြင်ထားရအောင်”
ယွဲ့ကျစ်၀မ် အသာအယာခေါင်းညိတ်လိုက်သည်။ အပြင်ပန်းမှာ သူမက တည်ငြိမ်နေတယ်ဆိုပေမယ့် စိတ်ထဲမှာတော့ သံသယနှင့် မေးခွန်းများသာ ပို၍ ထင်ကျန်ရစ်လာသည်။
ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအား။ အဲ့တာက အစွမ်းထက်သလား။
အစွမ်းထက်မည့်ပုံပေါ်သည်။ ယွဲ့ကျစ်၀န် ဌာနချုပ်၌တောင် ထိုသို့သော ပင်ကိုယ်ဓာတ်စွမ်းအင်မျိုးကို မမြင်ဖူးပါချေ။
“ဟုတ်တာပဲ မေ့နေတာ”
သူမ တစ်စုံတစ်ခုကို သတိရသွားသလိုမေးလိုက်သည်။ “ကျွန်မ ကြားတာတော့ ထျန်းစန်းနန်းတော်ခုလို တိုးတက်လာတာက အရင်နန်းတော်သခင်ကြောင့်လို့ပြောကြတယ်။ သူ့နာမည်ကဘာကြီး”
ယွဲ့ကျစ်၀မ် ထိုနာမည်ကို ပြန်ဖော်မရဖြစ်နေကာ မျက်မှောက်ကြုတ်နေမိ၏။
ကျန်းပင်းယန် ပြုံး၍ အသာအယာ ဖြေလိုက်သည်။
“အကြီးအကဲစန်း”
“အဖိုးကြီးက အနားယူသွားတာ နှစ်ပေါင်းများစွာရှိပြီ။ အခုတော့ အတွင်းစည်း ဒုခေါင်းဆောင်ဆိုတဲ့ တာ၀န်ကိုယူထားတယ်။ ဒါပေမယ့် နန်းတော်မှာ မနေတတ်ဘဲ နယ်မြေငါးခုကို ခရီးသွားနေတာများတယ်။ မကြာသေးခင်က ပြန်လာတယ်ပြောကြပေမယ့် သူ့ကိုဘယ်သူမှ မသိကြဘူး”
“အကြီးအကဲစန်းဟုတ်လား” ယွဲ့ကျစ်၀မ် သိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။ “သူနဲ့ ရဲ့ရှောင်ထျန်းကြားမှာဆို ဘယ်သူ ပိုသန်မာလဲ”
ထိုအမေးကြောင့် ကျန်းပင်းယန် ရယ်ချင်သွားသည်။ တကယ်လည်း ရယ်သံသဲ့သဲ့ပေးလိုက်ပြီးနောက် ဖြေလိုက်၏။ “ကလေးမလေး မှတ်ထား။ ဒီလိုကိစ္စမျိုးမှာ ဘယ်သူက ပိုသန်မာတယ်ဆိုပြီးမရှိဘူး”
“ဟင်…”
“ဒီလိုလေ ရဲ့ရှောင်ထျန်းက သူမတူအောင်သန်မာတယ်လို့ထင်တယ်မလား” ကျန်းပင်းယန် မေးခွန်းတစ်ခုပြန်မေးလိုက်သည်။
ယွဲ့ကျစ်၀မ် ကမ္ဘာနှစ်ခုကို လက်ဗလာဖြင့် လမ်းဖောက်ရန် လုပ်နေသော ထိုဆံဖြူကလေးငယ်ကိုကြည့်ပြီးနောက် ချက်ခြင်း ခေါင်းညိတ်ဖြေလိုက်၏။
“ဟုတ်တယ် သန်မာတယ်”
သူက ကမ္ဘာခြားသလို စွမ်းအားမျိုးရှိသည်။ မသန်မာဘဲ ဘယ်နေလိမ့်မလဲ။
“အေး အကြီးအကဲစန်းနဲ့ ရင်ဆိုင်ရရင် ရဲ့ရှောင်ထျန်းတောင် သူသင်ပို့တာ ထိုင်နားထောင်ရုံပဲတတ်နိုင်တယ်” ကျန်းပင်းယန်၏ စကားက သူမကို အံ့အားသင့်သွားစေခဲ့သည်။
ဟူးးး…။
ယွဲ့ကျစ်၀မ် အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်မိတာ မျက်နှာလွှားစတောင် ပါးစပ်ထဲ၀င်သွားသည်။ သူမ မယုံကြည်နိုင်စွာ မေးလိုက်၏။ “အကြီးအကဲစန်းက ဧကရာဇ်နယ်ပယ်အထက်မှာလား”
“မဟုတ်ဘူး မဟုတ်ဘူး။ ဒါက အချိန်အကြာကြီး စုစည်းလာတဲ့ အတွေ့အကြုံတွေကြားကွာခြားမှုကြောင့်ပဲ။ လူကြီးကိုရိုသေတယ်လို့ ပြောနိုင်တာပေါ့”
ကျန်းပင်းယန် ရုတ်တရက် ထရယ်လိုက်တော့ လူတိုင်းသူ့ကို ဝိုင်းကြည့်လိုက်ကြသည်။ ထိုအနက်၀တ်လူရာများ၏နှင့်ချီသော မျက်၀န်းများက တစ်ကယ် ကြောက်ဖို့ကောင်းပါသည်။ သို့ဖြင့် ကျန်းပင်းယန် စကားဆက်မပြောတော့ပေ။
ရဲ့ရှောင်ထျန်း နောက်မလှည့်လာဘူးဆိုတာ သေချာမှ လေသံနိမ့်နိမ့်လေးဖြင့် တီးတိုးပြောလိုက်သည်။ “ငါကြားတာတော့ အကြီးအကဲစန်းက တပြည့်တစ်ယောက်လက်ခံလိုက်တယ်တဲ့။ အကြီးအကဲမှာ ထူးခြားတဲ့ပါရမီတွေကို မြင်နိုင်လောက်အောင် အတွေ့အကြုံကြွယ်၀တယ်။ ကြည့်ရတာ ဒီမှာ နင့် ပြိုင်ဘက်ကို တွေ့ရင်တွေ့မှာ”
“တကယ်လား”
ထိုတပြည့်ဘယ်သူလဲဆိုတာ စိတ်၀င်စားသွားပြီး ယွဲ့ကျစ်၀မ်မေးသည်။ “ဘယ်သူလဲ”
“ငါလည်းသေချာမသိဘူး။ အတော်တော့ငယ်တယ်တဲ့ ဂိုဏ်းသူအသစ်ဖြစ်ပုံရမယ်။ လိုဏ်ဂူဖြူမှာ နင်တို့ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရနိုင်တယ်”
မိန်းမငယ်လေး…။
ယွဲ့ကျစ်၀မ်၏ တည်ငြိမ်နေသော စိတ်အခြေအနေလေး ရောက်ရက်ခက်သွားရသည်။ တကယ်လို့ ကျန်းပင်းယန်နှင့် စကားမပြောခဲ့ဘူးဆိုလျှင် ဒီခရီးစဉ်တစ်ယောက်မှာ ဘာတွန်းအားကိုမှ ရလိမ့်မည်မဟုတ်ချေ။
ယခုတော့ အကြီးအကဲစန်းမှာ တပြည့်တစ်ယောက်ရှိတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတော့ အားဖြစ်သွားသည်။
စိတ်လှုပ်ရှားစရာ ကောင်းလိုက်ပေစွ။
“ထျန်းစန်းနန်းတော်က တကယ် ပါရမီရှင်တွေနဲ့ ပြည့်နေတာပဲ” ယွဲ့ကျစ်၀မ် တွန်းအားတစ်ခုကို ခံစားလိုက်ရသကဲ့သို့ စိတ်မာန်တက်ကြွသွားပြီး အော်လိုက်သည်။
“ဟုတ်တယ်”
ကျန်းပင်းယန် စကားမဆက်တော့ပေ။ ယွဲ့ကျစ်၀မ်ကို သူပြောပြချင်လျှင်အများကြီးကျန်သေးသည်။ ဥပမာ လူတိုင်းနှင့် ခြေလှမ်းတစ်၀က်စာလောက်မှာ အေးဆေး နေနေသည့် ထိုအူကြောင်ကြောင်အပြုံးကြီးနှင့် အကြီးအကဲကျောက် လိုမျိုးဖြစ်သည်။
အကြီးအကဲကျောက်က ယခု အစီအရင်ကိုစတင်ခင်းကျင်းနေ၏။ ထိုသူ၏ ကျင့်ကြံခြင်းနယ်ပယ်က နိမ့်သလိုလိုထင်ရပေမယ့် တကယ်က ခွန်အားအစစ်အမှန်ကို ဖုန်းကွယ်ထားသည့်သူဆိုတာ သူသိသည်။
စိတ်ဝိညာဉ်အစီအရင်ဆရာသခင်တစ်ယောက်လည်းဖြစ်နိုင်ကာ မဟာဆရာတစ်ခင်အဆင့်မှာတောင်ရှိလောက်သည်။ သူထင်တာမှန်ရင် အကြီးအကဲကျောက်က လုံး၀ ကျောက်မက်ဖွယ်ရာအတိဖြစ်၏။
အစီအရင် မဟာ ဆရာသခင်ဆိုတာ ရေမြေအနေအထား ကောင်းလျှင် ရန်သူ (၁၀) ယောက်ကိုတောင် အေးဆေး အနိုင်ယူနိုင်သူဖြစ်သည်။ သူတို့ထက် အဆင့်ပိုမြင့်သောသူများကိုတောင် တိုက်ခိုက်နိုင်ကြသူများဖြစ်ရာ အထင်ကြီးစရာကောင်းလွန်းလှ၏။
ရုတ်တရက်ကြီး ကျန်းပင်းယန်၏ နှလုံးသားအနက်ရှိုင်းဆုံးထဲမှ ကြောက်ရွံ့ထိတ်လန့်မှုတို့ကို ခံစားလိုက်ရသည်။
ထျန်းစန်းနန်းတော်၏ ခွန်အားက မေးခွန်းထုတ်စရာမလိုလောက်အောင် သန်မာနေ၏။ ဒါတောင် ဘာလို့ သူတို့က အကူအညီတောင်းရတာလဲ။ တကယ်ပဲ သူတော်စင်အစေအပါးက သေမျိုးကမ္ဘာကိုဆင်းသက်လာမှာ မလို့လား။
မဖြစ်နိုင်လောက်ပါပေ။
ထို ကျော်ကြားမှုနှင့် စွမ်းအင် ပျားရည်နောက်ကိုလိုက်နေသည့် ယင်ကောင်များက ဘယ်တော့မှ နေ့ခင်းကြောင်တောင်ကြီး လူလုံးပြမည်ဟု မထင်ပါချေ။ သူတို့ထွက်ပြရဲရင်တော့ မြင့်မြတ်နတ်ဘုရားနန်းတော်က မြင့်မြတ်အလင်းတန်းကြီးက သူတို့ကို တစ်ချက်တည်း အမှုန့်ကြိတ်လိုက်မည်သာ။
ဂျစ် ဂျစ်
ထိုအသံဖျော့ဖျော့လေးနှစ်ခုက ကျန်းပင်းယန်ကို အတွေးရေယဉ်ကြောထဲမှာ ဆွဲထုတ်လိုက်သည်။ ရဲ့ရှောင်ထျန်း၏ ကမ္ဘာနှစ်ခုကို ချိတ်ဆက်မှုကြီးက ပြီးမြောက်သွားပြီဖြစ်၏။
ထိုကမ္ဘာနှစ်ခုကို ချိတ်ဆက်ရန် (၁၅) မိနစ်လေးတောင်မကြာလိုက်ရာ ကျန်းပင်းယန်တို့နှစ်ဦးကို ထပ်မံ တုန်လှုပ်သွားစေပြန်၏။
“ချီး” ကျန်းပင်းယန်၏ မျက်နှာရှုံ့မဲ့သွားသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။
ယွဲ့ကျစ်၀မ်လည်း မေးခွန်းများဆက်လက်မေးမြန်းခြင်းကို ရပ်တန့်လိုက်ပြီး ၀န်းကျင်ကို အာရုံခံကြည့်လိုက်သည်။
ရာနှင့်ချီသော အနက်၀တ်လူများလည်း ထို့အတူပင်။ စိတ်ဝိညာဉ်ပုလဲ(၁၂)လုံးဘီးကို ကိုင်ထားသည့် ကျောက်ကျစ်တုံ့လည်း အလန့်တကြား ဘီးကို ဂရုတစိုက်ကြည့်လိုက်သည်။
“မဟာလမ်းစဉ်နှင့် စည်းမျဉ်း စွမ်းအင်” ဖျော့တော့တော့က ဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့သည်။ ပို၍ ထူးခြားသည်က အင်မတန်သိပ်သည်းသော ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအင်ဖြစ်၏။
ပထမ တစ်ခုက လမ်းစဉ်ကိုယ်တိုင်ဖြစ်ကာ ဒုတိယ ပင်ကိုယ်ဓာတ်စွမ်းအင်က လမ်းစဉ်ကို ပုံဖော်ခြင်းဖြစ်သည်။
ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများသာ မဟာလမ်းစဉ်နှင့် စည်းမျဉ်းများ၏ စွမ်းအားကို အာရုံခံနိုင်သည်။ ကျင့်ကြံသူများအကြားတွင် လူအနည်းအကျဉ်းသာထိုနယ်ပယ်ကိုရောက်နေကြ၏။ သို့ဖြင့် ဤနေရာရှိလူတိုင်းအတွက်တော့ ၎င်းက အဆင့်တက်ဖို့ အခွင့်အရေးကြီးဖြစ်ပေသည်။
တစ်ချက်ကြည့်လိုက်ရုံနဲ့ အလင်းပေါက်သွားပေမည်။ ဈာန်၀င်စားသွားပေမည်။
သူ့အကန့်အသတ်ထိ တွန်းအားပေးထားရတာမို့ ရဲ့ရှောင်ထျန်းချွေးစေးများတောင်ထွက်နေသည်။ ဒါကြောင့် ဒီအခွင့်အရေးက အမှန်ရှားပါးပေ၏။
ဤနေရာရှိလူတိုင်း၊ စိတ်ဝိညာဉ်နန်းတော်အတွင်းပိုင်းက လူတွေတောင် ရဲ့ရှောင်ထျန်း ဗလာနယ်ပယ်ဓာတ်စွမ်းအင်ကို ဒီလောက် အခြေအနေထိ အသုံးပြုတာ မမြင်ဖူးပါချေ။
ထိုမဟာလမ်းစဉ်နှင့်စည်းမျဉ်းစွမ်းအင်ကိုကြည့်ပြီး ကျန်းပင်းယန် တိုတိုတိတ်တိတ် သက်ပြင်းချမိလိုက်သည်။ (ဒါက လမ်းစဉ်ဆိုတော့ တာအို ဖြစ်မယ်ထင်တယ်)
သူလည်း ဧကရာဇ်နယ်ပယ်ကိုရောက်ပြီး ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့ထားသူဖြစ်သည်။ မဟုတ်ပါက သူ့ရှေ့မှ လမ်းစဉ်နှင့်စည်းမျဉ် စွမ်းအင်က သူ့ကျင့်ကြံခြင်းကို အကြီးအကျယ်တိုးတက်သွားစေပေလိမ့်မည်။
သို့ပေမယ့် ယခုတော့ မဖြစ်နိုင်တော့ပါပေ။
ဧကရာဇ်တိုင်းမှာ ထူးခြားတဲ့ လမ်းစဉ်ရှိကြသည်။ ထိုမဟာလမ်းစဉ်အတွက် တိုက်ခိုက်ရခြင်းက ရက်စက်လှသည်။ ရဲ့ရှောင်ထျန်း၏ လမ်းစဉ်ကို ကျန်းပင်းယန် သွားလေ့လာလိုက်လျှင် သူရွေးချယ်ထားသောလမ်းစဉ်က အဓိပ္ပာယ်ကင်းမဲ့သွားပေမည်။
ဒါကြောင့် လမ်းစဉ်နှစ်ခု ထိပ်တိုက်မဖြစ်ရအောင် အခြားတစ်ဘက်သို့ ဘာမှ မမြင်သလို ကြည့်နေလိုက်၏။
သို့သော် ကျောက်ကျန်းရှီကတော့ ထိုဗလာနယ်ပယ်စွမ်းအင်ကို အနီးကပ်လေ့လာနေသည်။ သူ့လို စိတ်ဝိညာဉ်အစီအရင် မဟာ ဆရာသခင်တစ်ယောက်အတွက်ကတော့ ထိုအရာက နည်းအမျိုးမျိုး အသုံးချနိုင်သည့်အတွက် တန်ဖိုးကြီးလှသည်။
ရေငတ်နေသော လူလိုမျိုး အကြီးအကဲကျောက် သိနိုင်သမျှ၊ သိလိုသမျှကို နားလည်သဘောပေါက်အောင်လုပ်တော့၏။
လူတိုင်းအလင်းပေါက်နေလို့ တကယ်အရေးကြီးတဲ့ ကိစ္စကို ရဲ့ရှောင်ထျန်း မေ့ထားလို့မဖြစ်ပါချေ။ သူ့အတွက်ကတော့ ထျန်းရွှမ်တံခါးထဲက လူကယ်ရန်သာအရေးကြီးပေသည်။
မိနစ်တိုင်းစက္ကန့်တိုင်းက အထဲကလူများအတွက် အန္တရာယ်ဖြစ်လာစေပေမည်။
ကမ္ဘာနှစ်ခုကိုချိတ်ဆက်ထားပေးသည့်လမ်းက တည်ငြိမ်သွားခဲ့၏။ ရဲ့ရှောင်ထျန်း သူ့အသံကို တံခါးထဲထုတ်လွှတ်လိုက်သည်။ အမိန့်ကရိုးရှင်းသည်။ “ထွက်လာကြတော့”
“ဗလာနယ်လမ်း”
မြေကြီးနှင့် မျက်နှာမိတ်ဆက်ထားသော သုံးဦးသား လူအုပ်ကြီးနောက်မှ ထျန်းရွှမ်တံခါးအစီအရင်ကို လက်ညှိုးထိုးပြီး အလန့်တကြားပြောလိုက်ကြသည်။
လျှိုလင်းလင်းလှည့်ကြည့်လိုက်ရာ တံခါး၏ အခြားတစ်ဖက်မှာ ကမ္ဘာတစ်ခုကိုတွေ့လိုက်ရ၏။ တကယ် ဗလာနယ်လမ်းကြောင်းက ပွင့်သွားခဲ့ပေပြီ။
“ဘာဖြစ်နေတာလဲ။ စုရှောင်ရှန်လည်း ပြန်မလာသေးပါဘူး။ ခေါင်းဆောင်ကို ဘယ်လို သတင်းပေးလိုက်တာလဲ”
မုကျစ်ရှီ ကောင်းကင်ကိုထိုးဖောက်သွားသည့် ဧရာမ သစ်ပင်ကြကိုကြည့်ပြီး ကောက်ချက်ချလိုက်သည်။ “စုရှောင်ရှန်အောင်မြင်သွားတော့ ကမ္ဘာငယ်လေးက သူ့အလိုလို ပြန်ကောင်းလာတာဖြစ်ရမယ်။ ဒါကြောင့် ခေါင်းဆောင် ပြန်ပြီး ၀င်စွပ်ဖက်လို့ရသွားတာနေမှာ”
“မင်းတို့ဘာစောင့်နေတာလဲ။ အခုမပြေးရင် ဘယ်တော့ပြေးမှာလဲ”
သူတို့ သုံးဦးသား ပြေးထွက်သွားကြသည်။ လျှိုလင်းလင်းတောင် သူတို့ကို အချိန်မှီ မတားဆီးနိုင်လိုက်ပါချေ။ သူမရှေ့ရှိ ဗလာနယ်လမ်းကြောင်းအတွင်း၌ ပျောက်ကွယ်သွားကြ၏။
“ငါတို့လည်းသွားရအောင် စုရှောင်ရှန်အချိန်မှီ ပြန်လာနိုင်မှာပါ”
မိုမို ကြေးမီးဖိုအိုးကိုကိုင်ထားရင်းမှ သူမလက်မှ လက်ကောက်၀တ်ကို စစ်ကြည့်လိုက်သည်။ တစ်ချက် တုန့်ဆိုင်းသွားပြီးနောက်ပြောလိုက်၏။ “ငါတို့ထပ်စောင့်နေလို့မဖြစ်တော့ဘူး”
သူတို့တကယ်လဲ စောင့်နေလို့မဖြစ်တော့ပါချေ။
သူတို့တစ်ယောက်မှ တုံးအသူ၊ ကျိုးထျန်းရှန်လို ရိုးသားသူများမဟုတ်ကြပါ။ လမ်းကြောင်းဖွင့်လာပြီး နောက်မှာ မတည်မငြိမ်ဖြစ်လာကြမယ်ဆိုတာ သူတို့သိကြသည်။
ဒီတိုင်းထပ်စောင့်နေကြလျှင် အန္တရာယ်ကင်းတဲ့ အိမ်အပြန်လမ်း ဖြစ်တော့မည်မဟုတ်ချေ။
မိုမို ထိုလမ်းထဲကို ဦးစွာ၀င်သွားသည်။ မုကျစ်ရှီလည်း တစ်ချက်တွေဝေနေပြီးခဏ နောက်မှ လိုက်သွားလိုက်၏။
ကျောက်ချင်းထန် ရှေ့သို့တက်လှမ်းလိုက်ပြီးနောက် တုံ့ခနဲရပ်သွားပြီး လည်ပြန်ကြည့်ကာ လက်ဆန့်ထုတ်လိုက်သည်။ “အတူတူသွားရအောင်”
“ထွက်သွားစမ်း”
ကျောက်ချင်းထန်စွံ့အသွားရပြီး နောက်လှည့်ကာထွက်သွားရ၏။
လျှိုလင်းလင်း ထိုဗလာနယ်ပယ်လမ်းကိုသွားသည့် ခြေလှမ်းတိုင်းက လေးလံသလိုခံစားနေရသည်။
စုရှောင်ရှန်ကို စောင့်ချင်လို့တော့မဟုတ်ရပါ။ အပြင်ဘက်ကမ္ဘာကြီးကို ကြောက်ရွံ့၍ဖြစ်သည်။
သူမ ခန့်မှန်းတာမှန်မယ်ဆိုရင် အနက်၀တ်လူအုပ်ကြီးက အပြင်မှာ သူမကို စောင့်နှင့်နေပြီးလောက်ပြီ။
ဘာပဲဖြစ်ဖြစ် အံ့ကိုတင်းတင်းကြိတ်ပြီး ယုံကြည်မှုကို ကိုးစားပြီး ခုန်လိုက်၏။
“အကိုရွမ်ရှင်း မြန်မြန်လာပါ”