ရုပ်သေးကလေးငယ်ထွက်လာသော အပေါက်က သေးသေးလေးပါ။ ကလေးငယ်တစ်ယောက်ကို ကိုယ်တစ်ပိုင်းလောက်ြမြုပ်နိုင်လောက်ရုံသာရှိသည်။
“ဒီအရာက ကျောက်စိမ်းစာလိပ်နဲ့ အလုပ်ဖြစ်ပါ့မလား”
စုရှောင်ရှန် အနည်းငယ် စိုးရွံ့နေမိသေးပြီး ရဲ့ရှောင်ထျန်းပေးလိုက်သော ကျောက်စိမ်းစာလိပ်ကိုထုတ်ယူလိုက်သည်။
ထင်မှတ်မထားစွာ ပထမက တိတ်ဆိတ်နေသော ကျောက်စိမ်းစာလိပ်က အနည်းငယ် စတင်၍ တုန်ခါလာခဲ့၏။ မကြာခင် ထျန်းရွှမ်တံခါးအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင် စုရှောင်ရှန်ထံ ထူထပ်စွာ ရောက်လာ ရစ်ပတ်ကြသည်။
ပြီးနောက် သူ့တစ်ကိုယ်လုံးအတွင်းကို နေရာလွတ်မကျန်အောင် ဖောက်၀င်သည်။ စုရှောင်ရှန်ပြောစရာစကားများပျောက်ရှသွား၏။
သူ့ခန္ဓာကိုယ်က ပြီးခဲ့တဲ့နှစ်ရက်က လှုံ့ဆော်လေ့ကျင့်မှုများမှ အဆက်မပြတ်ကောင်းလိုက် ပျက်လိုက်နှင့် ကုသ ပျောက်ကင်းနေခဲ့ပေသည်။ သို့ဖြင့် ဘယ်အခြေအနေမှာမဆို စိတ်ဝိညာဉ်စွမ်းအင်များကို အမြင့်ဆုံးနှုန်းထားနဲ့ စုပ်ယူတော့၏။
ကျောက်စိမ်းစာလိပ်က ပေါက်ကွဲတော့မလို တုန်ခါလာသည်။ သူ့ကိုယ်ရှိ ချွေးပေါက်များအားလုံးကို ပိတ်လိုက်ပြီးမှ စုပ်ယူနေသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏကို ထိန်းချုပ်လိုက်နိုင်၏။
ထို့နောက် ထိုစိတ်၀ိညာဥ်စွမ်းအင်များက ကျောက်စိမ်းစာလိပ်ကို သွားရောက်ရစ်ပတ်ကြသည်။ တကယ် ထူးခြားသော မြင်ကွင်းပါပေ။
မဟုတ်မှလွဲရော ကျောက်စိမ်းစာလိပ်ကလည်း စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး အသွင်ပြောင်းနိုင်တာများလား။ စုရှောင်ရှန် ထိုသို့ ယုံကြည်ပြီး ကျောက်စိမ်းစာလိပ်ကို အသာအယာ မှုတ်လိုက်သည်။
ခရက်
ချက်ခြင်း အရင်တစ်ခေါက်ထက် အစ (၁၀၀) လောက်ပိုထူထပ်သော စိတ်ဝိညာဉ်စွမ်းအင်များက ကျောက်စိမ်းစာလိပ်ထဲကို အလုံးအရင်း၀င်ရောက်ကြကုန်၏။ အတန်ငယ်ကြာသော အရာအားလူံးပြန်တိတ်ဆိတ်သွားပြီး ကျောက်စိမ်းစာလိပ်လည်း တုန်ခါနေတာ ရပ်တန့်သွားသည်။ ထိုမှ ၎င်းက သတိမပေးဘာမပေး ထပျံသည်။
စုရှောင်ရှန် မှင်တက်သွား၏။
ငါအမှားလုပ်မိလိုက်တာလား။
ကျောက်စိမ်းစာလိပ်က ပြီးနောက် ပေါက်ကွဲသွားတော့ သူပို၍ ထိတ်ထိတ်ပျာပျာ ဖြစ်ရသည်။ အချိန်တစ်ခုကြာမှ ကျောက်စိမ်းစာလိပ်က ဘာမှ မကျန်သည်အထိ ပေါက်ကွဲသွားတာမဟုတ်ဘဲ အစေ့နဲ့တူနဲ့ အရာတစ်ခုကို ချန်ထားပေးခဲ့တာ တွေ့လိုက်ရ၏။
ကောင်းကင်ပေါ်မှ အစေ့က ထိုရုပ်သေးကလေးငယ်ကို ချုပ်နှောင်ထားတဲ့ တွင်းပေါက်ထဲ အမြစ်တွယ်လိုသည့်အလား တည့်တည့်ကျသွားသည်။ စုရှောင်ရှန် လက်ဆန့်ထုတ်ပြီး ၎င်းကို ကြားဖြတ် ယူလိုက်သည်။
“အစေ့တစ်စေ့တဲ့”
မှန်ကွဲသလို ကောင်းကင်က ဖြည်းဖြည်းချင်း အက်ကွဲလာတာကိုမြင်သောအခါ စုရှောင်ရှန်မနေနိုင်ဘဲ တွေးလိုက်မိသည်။
ဒီအစေ့က ဒဏ္ဌာရီလာ ရတနာတစ်ပါးများဖြစ်နေမလား။ ဒီပျက်ဆီးနေတဲ့ ကမ္ဘာကြီးကိုပြန်လည် ပြုပြင်ပေးမှာလား။
တကယ့်ကို ဒဏ္ဌာရီလာ ရတနာတစ်ပါးပါပေ။
စုရှောင်ရှန် ရုတ်တရက် ထိုအစေ့ကို လိုချင်လာပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ အစေ့တစ်စေ့က အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်၏ လက်ထဲကနေတော့ မလွတ်နိုင်ပါချေ။
“အခြား ရတနာတွေကို မယူနိုင်တော့ပေမယ့် ဒီအစေ့လေးဆိုရင်လည်း … မဆိုးပါဘူး။ တကယ် ယူလိုက်ရမလား”
စုရှောင်ရှန် တကယ်လိုချင်သွားသည်။ သူ့စိတ်ထဲ စိတ်ကောင်းနှင့် စိတ်ယုတ်တို့လွန်ဆွဲလာကြ၏။
စိတ်ကောင်း : လောဘကြီးတာမကောင်းဘူးနော်။ အသက်ကိုတောင် သေစေနိုင်တယ်။ သေးသေးလေးပါဆိုပြိးလည်း ဘယ်ရာဇ၀တ်မှုကိုမှ မကျူးလွန်မိစေနဲ့။
စိတ်ယုတ် : ဒီကမ္ဘာကြီးမှာ မင့်ကိုယ်မင်းကလွဲပြီး ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး။
စိတ်ကောင်း : မင်းနဲ့ မဆိုင်ရင် မပိုင်ချင်ပါနဲ့။ နည်းနည်းလေးတောင်မကောင်းပါဘူး။
စိတ်ယုတ် : ချီးလား။ ချမလား။
စိတ်ကောင်း : ငါဘာမှ မပြောခဲ့ဘူးလို့ မှတ်လိုက်ပါ။
စုရှောင်ရှန်အတွက် ဆုံးဖြတ်ချက်ချဖို့ စက္ကန့်ပိုင်းလောက်သာကြာလိုက်သည်။ ထိုအစေ့ကို သူသိမ်းလိုက်တော့မယ့်အချိန် အနောက်မှ စိုးရွံ့နေသော အသံ တစ်သံထွက်လာ၏။
“မေမေ”
စုရှောင်ရှန် လန့်ဖျပ်သွားပြီးမှ ရုပ်သေးကလေးငယ်ဆိုတာ သိသွားပြီး စိတ်အေးသွားရသည်။ သူ့ခေါင်းကို ရှက်းကိုးရှက်ကန်းကုတ်ရင်း ဆိုသည်။ “ဘာလို့ စိတ်မရှည်ဖြစ်နေတာလဲ။ ငါလည်း စိုက်တော့မလို့ပါ”
ရုပ်သေးကလေးကလဲ အစေ့၏ အရေးပါပုံကို နားလည်ပုံရသည်။ မဟုတ်လည်း သူ့ကို တစ်ဘ၀လုံးပိတ်လှောင်ခဲ့သည့် အနက်ရောင်အပေါက်ကြီးကိုသာ ပိတ်ချင်ရုံရ၏။
ရုပ်သေးကလေးငယ်၏ ခေါ်သံကြောင့် စုရှောင်ရှန်၏ စိတ်နေစိတ်ထားပြန်၍ ကြည်လင်သွားခဲ့သည်။ သူ့စိတ်ထဲတွင် ဘာတွေဝေနေမှုမှမရှိတော့ချေ။
မတရားသည့်နည်းဖြင့်ရသည်များကို သိမ်းမထားသင့်ပါလား။
စုရှောင်ရှန်သက်ပြင်းရှည်ကြီးချလိုက်ပြီး အစေ့ကို တုန့်ဆိုင်းခြင်းမရှိ အပေါက်ထဲပစ်ထည့်လိုက်သည်။
အစေ့က မြေပြင်ကိုထိသောအခါ ပေါက်ကွဲမှုအကြီးအကျယ် တန်းဖြစ်သွားတော့၏။ မြွေကြီးတစ်ကောင်လို ဧရာမ အမြစ်များ မြေကြီးထဲမှ ထိုးဖောက်ထွက်လာပြီး တခုနှင့် တစ်ခု ရစ်ပတ်ကြသည်။
သူ့အောက်မှတုန်ခါမှုကိုခံစားလိုက်ရသောမခါ စုရှောင်ရှန် ချက်ခြင်း ထိုတွင်းထဲမှ အပြင်သို့ ပြန်ထွက်လိုက်သည်။
ထိုမျှနှင့်မပြီးသေး ၎င်းက ဆက်လက်၍ ပျက်ဆီးနေသည့် ကောင်းကင်ကြီးကိုထောက်ပံ့ပေးချင်သလို တိမ်တိုက်တိမ်ဆိုင်များကို ထိုးဖောက်သွားတော့၏။
စိတ်ဝိညာဉ်စွမ်းအင်များ ဘက်ပေါင်းဆုံမှ စီးဆင်းလာကြသည်။ သူ့ချွေးပေါက်များအားလုံးကို ဖွင့်ထားတာတောင် ထိုစိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို စုရှောင်ရှန်မစုပ်ယူနိုင်ပါချေ။ ဒီလို သိပ်သည်းဆနဲ့ ပမာဏကို သူတစ်ခါမှ မမြင်ဖူးပါပေ။
သူ့ဒန်ထျန်ကြီးတစ်ခုလုံးပြည့်သွားဖို့တောင် ထိုစိတ်ဝိညာဉ်စွမ်းအင်ပမာဏ၏ ၀.၀၀၁ ရာခိုင်နှုန်းကိုသာ စုပ်ယူလိုက်ရသလိုလိုနှင့်။
စုရှောင်ရှန် ကြက်သေသေသွားခဲ့၏။
ဘယ်လို အံ့ဩဘနန်းဖြစ်ဖွယ်ရာ ဧရာမ သစ်ပင်ကြီးလဲ။
ကောင်းကင်နှင့်မြေပြင်တို့၏ အဆီအနှစ်များကို စုပ်ယူပြီးနောက်မှာ သစ်စေ့လေးက ကောင်းကင်ကိုထိုးဖောက်သည့် ကမ္ဘာ့သစ်ပင်ကြီးအဖြစ်ကိုပြောင်းသွား၏။ ထိုသစ်ပင်ကြီးက တကယ် ကောင်းကင်ကိုဖောက်ထွက်သွားခဲ့သည်။
၎င်း၏ ကြီးမားသောပင်စည်ကြီးက ဘယ်လိုဖြစ်ပေါ်လာသလဲမသိ အနက်ရောင်ကွင်းပြင်တစ်ခုလုံးနီးပါး ပြည့်နေသည်။
ထိုအပင်၏ အမြင့်က စုရှောင်ရှန်၏ အကြားအမြင် ထောက်လှမ်းနိုင်သည့် အကွာအဝေးကိုကျော်လွန်သွားပေပြီ။
ယခုမှ သူ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နောင်တရတော့၏။
ထိုအရာက တကယ့်ကို ဒဏ္ဌာရီလာ ရတနာတစ်ပါးဖြစ်သည်။ ဒီအတိုင်းလွယ်လွယ်လေး လက်လွှတ်လိုက်တာကို မယုံနိုင်သေးချေ။ သူသာသိပါက အခြား သူပိုင်ဆိုင်ထားသည့် ရတနာ အချို့ကိုသာ ထိုရုပ်သေးကလေးငယ်ကို ချုပ်နှောင်ထားခဲ့သော တွင်းထဲ ပစ်မိပေမည်။
ပြောလို့မရ၊ ကမ္ဘာကြီးကို ကယ်တင်ကောင်းကယ်တင်နိုင်လောက်ပြီး ထိုအစေ့ပါ အဆစ်ရမည်ဖြစ်၏။
ထိုအခိုက်၌ ကောင်းကင်ကို ထိုးဖောက်သွားနေသည့် အပင်ကြီးက ကြီးထွားနေတာ နှေးကွေးသွားခဲ့သည်။ သို့ပေမယ့် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးမှ မြင်ရ၏။ အပင်ကြီး ကြီးထွားလာခြင်းနှင့်အတူ ကောင်းကင်လည်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာတာကို တွေ့ရသည်။
“အလုပ်ဖြစ်သွားတာပေါ့”
ဘာဖြစ်ဖြစ် စုရှောင်ရှန် စိတ်လှုပ်ရှားနေပါသည်။ အစေ့ကို စိုက်ပြီး မျက်စိရှေ့မှာတင် ထိုသို့ ကြီးထွားသွားတာကို မြင်လိုက်ရသူအနေဖြင့် အောင်မြင်မှုကြီးတစ်ခုကို ခံစားလိုက်ရသည်။
“မေမေ…”
သူ့နောက်က ရုပ်သေးကလေးငယ်လဲ ကောင်းကင်ကြီးကိုကြည့်ကာ ရေရွတ်နေတော့သည်။
…
အစီအရင်တံခါးရှေ့၌…။
ထိုနေရာတွင် စောင့်နေသည့် လူများအားလုံးလည်း ကောင်းကင်ကို ထိုးဖောက်တက်သွားသော ဧရာမ သစ်ပင်ကြီးကိုတွေ့ရသည်။ မြေပြင်တွင် သေချင်ယောင်ဆောင်နေသည့် သုံးယောက်တောင် အံ့အားသင့်သွားခဲ့၏။
“အောင်မြင်သွားပြီလား”
“စုရှောင်ရှောင် အောင်မြင်သွားပြီ။ ငါတို့မသေတော့ဘူး”
မုကျစ်ရှီ ထိုရှေးဟောင်းဆန်သည့် ဧရာမ သစ်ပင်ကြီးကိုကြည့်ရင်း သွားရေများကျလာခဲ့သည်။
အမှားကြီးပဲ။ သူမ စုရှောင်ရှန်နောက်လိုက်သွားခဲ့သင့်တာ။ ထိုဧရာမ အသက်စွမ်းအင်ကြီးနဲ့ဆိုရင် နည်းနည်းလေးပဲ ရလိုက်ရင်တောင်မှ သူမအတွက် အကျိုးအမြတ်က ဧရာမလောက်ကြီးဖြစ်မည်။
“စုရှောင်ရှန်…”
သို့မှ စိတ်ဝိညာဉ်စာကြည့်တိုက်၌ ကျိုးထျန်းရှန် တစ်ခါကပြောဖူးတာကို ပြန်မြင်ယောင်မိသွားသည်။ စုရှောင်ရှန်နောက်လိုက်ရင် တစ်ခုမဟုတ် တစ်ခုတော့ ကောင်းတာရမည်ဟူ၍။
အစကမယုံခဲ့ပေမယ့် ခုတော့ယုံပြီ။ ကျိုးထျန်းရှန်က အသက်ရှင်နေထိုင်ရေးနည်းလမ်းများ၌ ဆရာကျပေစွ။
အတွင်းစည်း၊ ညီလာခံခန်းမတွင်…။
စိုးရိမ်နေသော မျက်လုံးများက ကျောက်ကျစ်တုံ့လက်ထဲမှ တုန်ခါမှုရပ်တန့်သွားသော စိတ်ဝိညာဉ်ပုလဲ (၁၂) လုံးစီကို အသျှိုသျှို ရောက်သွားကြသည်။
အစက အက်ကြောင်းများဖြင့် ပြည့်နေသော ဘီးကြီးက အခုတော့ အစိမ်းရောင်အလင်းတန်းတစ်ခုနှင့်အတူ အလိုလို ပြန်ကောင်းလာနေခဲ့သည်။
“ထျန်းရွှမ်တံခါးက ပြန်ကောင်းသွားပြီ” ကျောက်ကျစ်တုံ့ စိတ်လှုပ်တရှား ကြေငြာလိုက်သည်။
အကြီးအကဲကျောက်လည်း ပီတိများဝေဖြာနေ၏။ သူ့စိတ်ဝိညာဉ်ဘီးကြီးက အလုပ်ပြန်လုပ်ပြီဆိုမှတော့ ကိုယ်တိုင်ကိုယ်ကျ ထျန်းရွှမ်တံခါးကို ပြန်ပြင်စရာလိုတော့မည်မဟုတ်ချေ။ ထို့ကြောင့် ပြဿနာမရ ခေါင်းမခြောက်တော့ပေ။
ရဲ့ရှောင်ထျန်းကိုကြည့်ပြီး သူပြောလိုက်သည်။ “ထျန်းရွှမ်တံခါးက ပြန်ကောင်းသွားပြီဆိုမှတော့ သူတို့ကို နောက်တစ်ရက်နေခိုင်းလိုက်ရဦးမလား”
ထျန်းရွှမ်တံခါးကို ပြန်ဖွင့်တာက အင်မတန် ခဲယဉ်းသောအလုပ်ဖြစ်သည်။ ဒါကြောင့် ကလေးများ ထိုတံခါးအတွင်းတစ်ရက်ပိုနေတာက ပို၍ အကျိုးရှိပေမည်။
ဒီကလေးများအပြင်စည်းကတည်းက တိုးတက်လာမှုကို သူကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ရပေသည်။ သူတို့ထဲမှာ သူလျှိုရှိတယ်ဆိုရင်တောင် အားလုံးကို ဒီအခွင့်အရေးမှ အကျိုးကျေးဇူးများရသွားစေချင်မိ၏။
သို့သော် ရဲ့ရှောင်ထျန်းက ခေါင်းခါရမ်းလိုက်သည်။
“မင်းပြောချင်တာ ငါနားလည်ပါတယ်။ဲ ဒါပေမယ့် ထျန်းရွှမ်တံခါးအတွင်းက ကမ္ဘာငယ်လေးက ခုမှ ပျက်ဆီးခြင်းကနေ လွတ်မြောက်လာတာ။ ပြန်ကောင်းနေပြီဆိုပေမယ့် မတည်ငြိမ်ဘူး။ အထဲမှာ ဆက်နေ နေတာက အန္တရာယ်များတယ်။ အားလုံးကို ခုထွက်ခိုင်းလိုက်မှ သင့်တော်မယ်”
အကြီးအကဲကျောက် သက်ပြင်းရှည်ကြီးချလိုက်သည်။ ထျန်းရွှမ်တံခါးထဲက ကမ္ဘာငယ်လေး မတည်ငြိမ်တာသူသိသည်။ ရဲ့ရှောင်ထျန်းကိုယ်တိုင်တောင် တည်ငြိမ်အောင်မလုပ်နိုင်လေရာ ကလေးများကို အတွင်းမှာ ဆက်ထား၍ မသင့်တော်တော့ပါချေ။
အစီအရင်တံဆိပ်ပြားကိုထုတ်ယူပြီး ထျန်းရွှမ်တံခါးကို ဖွင့်ရန်ပြင်လိုက်သည်။
သို့သော် ရဲ့ရှောင်ထျန်းသူ့ကိုတားလိုက်၏။
“ငါလုပ်မယ်။ အထဲက ဗလာနယ်ပယ်က မတည်ငြိမ်ဘူး။ ကမ္ဘာကြီးက ပြန်ကောင်းမွန်လာနေတယ်ဆိုပေမယ့် ဒီအချိန်မှာ တံခါးကိုဖွင့်တာက အန္တရာယ်များလိမ့်မယ်။ ငါက ကမ္ဘာနှစ်ခုကြားက ဗလာနယ်ပယ်ကိုချိတ်ဆက်ပြီး ကလေးတွေကို ခေါ်ထုတ်လိုက်မယ်”
အကြီးအကဲကျောက်ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ မင်းလုပ်မှတော့ မတော်တဆ ဖြစ်နိုင်တဲ့ အခြေအနေတွေ မရှိတော့ဘူးပေါ့”
သူတို့က ကျယ်ကျယ်လောင်လောင်မပြောသလို တီးတိုးလည်းမပြောပါချေ။ ယွဲ့ကျစ်၀မ်သူတို့က ထိုအချင်းအရာကို သာမန်ကာလျှံအလားပြောနေကြတာကို ကြားသောအခါ အံ့အားသင့်သွားခဲ့ရသည်။
“ကမ္ဘာနှစ်ခုကို သူတစ်ယောက်တည်းဆက်မှာလား” ယွဲ့ကျစ်၀မ် မှင်တက်စွာ မှတ်ချက်ပေးလိုက်သည်။
ကျန်းပင်းယန် အလေးအနက်ခေါင်းညိတ်ကာ ဆိုသည်။ “အဲ့လူက ရဲ့ရှောင်ထျန်းဆိုရင်တော့ဖြစ်နိုင်တယ်။ သူက ကုန်းမြေတစ်ခုလုံးမှာတောင်ရှားတဲ့ ဗလာနယ်ပယ် ပင်ကိုယ်ဓာတ်စွမ်းအင်ကို ပိုင်ထားတာကိုး”
ထို့နောက် ထိုဆံဖြူကလေးငယ်က ဗလာနယ်ထဲကို လက်ထည့်ပြီး သူ့အစွမ်းများသုံးကာ လမ်းနှစ်ဖက်ဖောက်သည်ကိုတွေ့လိုက်ရသည်။
“အထင်ကြီးစရာပဲ…”
သူ့ဘေးနားက ပါးစပ်အဟောင်းသားဖြစ်နေရသော ပဝါမျက်နှာလွှားစနှင့် ယွဲ့ကျစ်၀မ်ကို ကြည့်လိုက်ကာ “ဗလာနယ်ပယ်ပင်ကိုယ်ဓာတ်စွမ်းအင်က ကျွမ်းကျင်ဖို့ခက်တယ်။ နင်မမြင်ဖူးတာမဆန်းပါဘူး”
“ခုတော့ ကမ္ဘာကြီးရဲ့ စွမ်းအင်ကို အနီးကပ်လေ့လာလို့ရပြီ။ သေချာဂရုတစိုက်ကြည့်ထား။ ဘာလို့ဆို သူကလည်းနင့်လိုမျိုး အလယ်ပိုင်း ကုန်းမြေကြီးကလာခဲ့တာကိုး…”